Thursday, August 25, 2011

ဘာဘာညာညာ

19/08/2011 ရက်နေ့က မတိုင်မီ ရက်တွေက ရေချိုးခန်းတော်တော်ညစ်ပတ်နေလို့ တစ်ကိုယ်တော်သန့်ရှင်းရေးလုပ်တော့ သတ္တ၀ါငယ်လေးတွေလဲ ပူလို့ထင်ပါရဲ့ အအေးဓာတ်ရှိတဲ့ ရေချိုးခန်းထဲမှာ ပြုံနေကြလေရဲ့။ ထို့အတူ တီကောင်တွေလဲ တတွဲတွဲနဲ့ ပေါများနေလေရဲ့။ကြွေတိုက်တဲ့ ဆေးနဲ့အတူ သန့်ရှင်းလိုက်လို့ အများသုံးတဲ့ ရေချိုးခန်းလေး တောက်တောက်ပြောင်ပြောင် ဖြစ်လာမှာ သေချာပေမယ့် ရေချိုးခန်းကို တကယ့် ပျော်စရာ အိုအေစစ်တစ်ခုအဖြစ် ထင်မှတ်ထားခဲ့ကြတဲ့ သတ္တ၀ါလေးတွေကတော့ ဘုံပျက်ရုံတင်မက ဘ၀တွေပါ ပျက်ကြရတာပါ။ အဲဒါတွေကို သန့်ရှင်းတဲ့ကိုယ်တော်ဖြစ်တဲ့ ကိုယ်က မသိမဟုတ်သိပါတယ်။ ဒါပေမယ့် အရင်က ရှင်ကိုလဲ ကိုယ့်ကိုကိုက်နေတာတောင် မရိုက်ရက် ။ကြမ်းပိုးကိုလည်း မသတ်ရက်ခဲ့တဲ့ တစ်ချိန်က ကိုယ်ဟာ သူများတကာ အလွယ်တကူသတ်နေတာကို ကိုယ်တိုင်မြင်တွေ့ရတာကြောင့်ရော။မလွဲမရှောင်သာ ဖြစ်လာတာတစ်ကြောင်းတို့ကြောင့် သတ္တ၀ါလေးတွေ သတ်မိနေမိပါပြီ။ အဲဒါရဲ့ အကျိုးဆက်တွေကြောင့်ပဲ ထင်ပါရဲ့လေ ငယ်ငယ်က အဖျားအနာ သိပ်မရှိလှတဲ့ကိုယ်ဟာ အခုတော့ ဖျားနာခြင်းတွေလဲ အခါမလပ်ဖြစ်ပေါ်နေခဲ့ပါပြီ။ အဲဒီနေ့ သန့်ရှင်းရေးလုပ်တော့ အင်း ငါတော့ ဒီသတ္တ၀ါတွေ သတ်လိုက်ရတဲ့အတွက် ငါတော့ အကျိုးဆက်အနေနဲ့ ဖျားတော့မှာ သေချာတယ်လို့ကိုယ့်ကိုယ်ကိုယ် ကြိုသိနေလေရဲ့။ဟော အခုတော့ တကယ်ဖျားနေပါပြီ အရင်လို ရိုးရိုးဖျားတာ မဟုတ်သလိုပဲ။ ဒီတစ်ခါဖျားတာ ခေါင်းတွေ မမူးဖူးပါဘဲနဲ့ ဘာမှလည်း မသောက်ပါဘဲနဲ့ မူးမူးဝေေ၀ ဖြစ်နေခဲ့လေတော့ ဘာကြောင့်များလဲ အတွေးတွေ ပွားမိပါတယ်။

ဖျားနာနေစဉ်ကာလမှာ သင်တန်းတော့ တက်ဖြစ်ပါသေးတယ်။ဒါပေမယ့် ဖျားနာနေသူတစ်ယောက်ရဲ့အဖြစ်ဟာ ပကတိလူကောင်းလိုတော့ လန်းဆန်းမနေနိုင်ဘူးဆိုတာ သေချာပါတယ်။အဲဒီလို မလန်းမဆန်းနဲ့ မှုန်တေတေ ဖြစ်နေလို့မို့ ဆရာမကနေ မေးလိုက်ရင် မကောင်းပါဘူးလေ မမေးပါစေနဲ့ ဆုတောင်းမိကာမှ အရင်ကနဲ့မတူ ဆရာမကလည်း ကိုယ့်ကိုမေးနေလေရဲ့။ ကိုယ့်အိပ်ယာမှာသာ ခွေခွေယိုင်ယိုင် နွမ်းနွမ်းလျလျ ဖြစ်နေခဲ့ရပေမယ့်လည်း သင်တန်းမှာ မေးလိုက်ဖြေလိုက် ပြောင်လိုက်နောက်လိုက်နဲ့ဆိုတော့ ဘယ်ကနေ လာမှန်းမသိတဲ့ ခွန်အားတွေနဲ့ တက်ကြွနေလေရဲ့။ အတန်းထဲ ဆရာမကမေးရင် ဖြေတဲ့သူတွေထဲ ကိုယ်က အများဆုံးဖြေသလို ရှိပေမယ့် အမှတ်များတဲ့သူ စာရင်းထဲမှာတော့ ကိုယ်မပါတော့ပါဘူး။

ဖျားနာနေစဉ်အတောအတွင်းမှာပဲ နောက်ထပ်မှတ်မှတ်ရရ အနေနဲ့ လုပ်ဖြစ်တာက အိမ်ကို ဖုန်းဆက်တာပါ။အရင်ဆုံး ညီမဆီဖုန်းဆက်မယ် စိတ်ကူးပေါ်နေတာ သုံးရက်လောက်ရှိပြီ။ ဒါပေမယ့် နေ့ရွှေ့ ညရွှေ့ ရွှေ့နေတာကြောင့်ရယ်။ ဖျားနေတာရယ်ကြောင့် မဆက်ဖြစ်ဘူး။ မနေ့က ၂၂-၈-၂၀၁၁ နေ့ ညနေပိုင်းမှာတော့ ဆက်ဖြစ်သွားပါတယ်။ ဒါပေမယ့် ညီမက အဖေနေမကောင်းလို့ ရွာပြန်သွားတဲ့အကြောင်း အကြောင်းပြန်တာကြောင့် ချက်ချင်းပဲ ရွာကို ဖုန်းဆက်ရပါတယ်။ညီမဖြစ်သူကို ခေါ်ခိုင်းတော့ သူက ပြန်သွားပြီဖြစ်တဲ့အကြောင်း အခုဖုန်းလာကိုင်တာ အမဖြစ်တဲ့အကြောင်းပြောပါတယ်။ သူပြောတာက ချွေးငုပ်ပြီးဖျားနေတာ သုံးလေးရက်လောက် ရှိပြီ ဖြစ်တဲ့အကြောင်း အခုတော့ သက်သာနေပြီ ဖြစ်တဲ့အကြောင်း အမဖြစ်သူနဲ့ ပြောဖြစ်ပါတယ်။

နောက်နေ့ဖြစ်တဲ့ ဒီနေ့23-08-2011 မှာတော့ အမထက် လည်လည်ဝယ်ဝယ်ရှိတဲ့ ညီမဆီကို ဖုန်းဆက်ကြည့်တော့ တုတ်ကြီးတို့ ဆွမ်းကျွေးက အပြန် ရေချိုးမှားတာ အခုဆရာမင်းမင်းနဲ့ ကုတာ သက်သက်သာသာဖြစ်နေပြီ ဖြစ်တဲ့အကြောင်း ၊လေးခင်တုတ်တို့ အိမ်နားမှာ အိမ်ဝိုင်းလည်း တစ်သိန်းခွဲနဲ့ ၀ယ်ထားတဲ့အကြောင်း ပြန်လာရင် လာကြိုမလို့ ကြိုပြောအုံး စသဖြင့် ညီမက ဖြစ်ကြောင်းစုံလင်ကို ပြောပြပါတယ်။

ဖျားနာခြင်းနဲ့အတူ နောက်တစ်ခု ဖျားသွားတာကတော့ ပိုက်ဆံပါ။ဖျားနေတော့ ဘာမှ မစားချင်။တနင်္ဂနွေနေ့က ဆေးခန်းသွားထားတော့ ဆေးသောက်ရဦးမည်။ အစာရှိမှ ဖြစ်မယ်။ဒါနဲ့ အသင့်ဖျော်စား ခေါက်ဆွဲထုတ် နှစ်ထုတ် ၀ယ်။ အဲဒါတွေစားရတာ နည်းနည်း စိတ်မပါတော့လို့ ကိုယ်ကိုယ်တိုင်ပဲ သရီးဝှီးနဲ့ Food city သွား စွတ်ပြုတ်ထုတ် နှစ်ထုတ်ဝယ်၊ ရေနွေးနဲ့ဖျော်ရတဲ့ ခေါက်ဆွဲပုံစံအထုတ်မျိုး တစ်ထုတ်ရယ် ၀ယ်ရပါတယ်။ဒီနေ့လည်း စွတ်ပြုတ်ထုတ် နှစ်ထုတ် ၊အသင့်ဖျော် ခေါက်ဆွဲ တစ်ထုတ် ကိတ်မုန့်တစ်ထုတ်၊၀ယ်ရပါသေးတယ်။ နောက်သင်တန်းသွားတော့ အရင်လို လမ်းလျောက်ချင်စိတ်မရှိတာနဲ့ ကားဂိတ်ဆီ သရီးဝှိးငှားခ အပြန်သရီးဝှီးခ စသဖြင့် လူဖျားလိုက်တာနဲ့ ပိုက်ဆံတွေပါ လိုက်ဖျားကုန်တော့သည်။ကူကယ်ရာ မရှိတဲ့ နေရာဒေသမှာ ကိုယ်ထူကိုယ်ထ ဘ၀တွေထဲက အစိတ်အပိုင်းလေး တစ်ခုပါ။

မနေ့က ဆရာမက အတန်ထဲမှာ Guess game လုပ်တော့ ရှေ့ကနေ အမူအရာအမျိုးမျိုးလုပ်ပြသည်။ ငိုလိုက်ရယ်လိုက်အော်လိုက်နဲ့ နောက်တော့ တူမယောင်ရှိတဲ့ စကားလုံးတစ်တွဲစီ အသံထွက်တွေ လိုက်ဆိုခိုင်းတော့ကိုယ်က ဆရာမက ရှေ့ကနေ အော အာ အော အာ ဆိုပြီး ထပ်ကာဆိုနေတော့ ကိုယ်ကလည်း နောက်ကနေ အော အာ အော အာ နဲ့ လိုက်ဆိုမိပါတယ်။ ဒါပေမယ့် ဒီအသံတွေက ကြားရသူအဖို့ တစ်မျိုးကြီးဆိုတာ သိပါတယ်။ ဒါပေမယ့် ဆရာမက အဓိပ္ပါယ် တစ်မျိုးပေါက်သွားပြီး ကိုယ့်ကို ဘာတွေလျောက်ဆိုနေတာလဲ ဆိုတဲ့အကြည့်နဲ့ ကြည့်ပါလေရော….. အားနာလိုက်တာ ဆရာမရယ်။ ဒါပေမယ့် ဒီနေ့အဖို့မှာ ဆရမကို အမူအရာများစွာနဲ့ မြင်ရတဲ့ နေ့လို့ သတ်မှတ်လိုက်ပါတော့မယ်။

25-8-2011 နေ့ဆွမ်းစားပြီးတော့ ဘာဘာသရီးဝှီးနဲ့ အတူ ဘောရဲလားက Lady ရှော့ပင်းမောကြီးသို့ အနွေးထည် အ၀တ်အစားများ သွားဝယ်ရသည်။ အခုမှ အဖျားပျောက်တော့မလိုလိုရှိသေးတယ်။ မနေ့ညက အိပ်မပျော်ပဲ အေးသလိုလို ဖြစ်နေတာနဲ့ အရင်ဝတ်နေကျ အင်္ကျီတွေကလည်း စိုနေလို့ အံသကိုက်လေးနဲ့အိပ်တာ တော်တော်အေးနေသည်။ ဒါကြောင့် ခေါင်းရင်းမှာထားတဲ့ သူများအင်္ကျီကို ကောက်ဝတ်မိသည်။ ဒါပေမယ့် အခုတလေ ဘယ်လိုဖြစ်နေတယ်မသိ။ သူများဥစ္စာဆိုရင် ဘယ်လိုနည်းနဲ့ယူဖို့ သုံးစွဲဖို့ စိတ်ကူးမရှိတော့။ဒါကြောင့်လည်း ကိုယ်ကွန်ပြူတာတင်နေကျ ဖန်လေးဟာ မရှိတော့ ပိုင်ရှင်ပြန်ယူသွားတော့ အရင်ကိုယ်တော်ခဏပေးထားတာ ယူသုံးရင်ကောင်းလေမလား။ ဒီအတိုင်းမှေးသုံးရင် ကောင်းမလား စဉ်းစားနေစဉ်မှာပဲ သူများဥစ္စာကို ဘယ်လိုနည်းနဲ့မှ သုံးချင်စိတ်မရှိတော့တာနဲ့ ဒီကနေ့ ဘယ်သူ့ကိုမှ အဖော်ညှိမနေတော့ပဲ ဘာဘာသရီးဝှီးနဲ့ ငွေသောက်သောက်လဲ အကုန်ခံကာ သွားဖြစ်တာပါ။ဘောင်းဘီနဲ့ အင်္ကျီကတင် ရူပီး နှစ်ထောင်ကျော်ကုန်သည်။ဖန်က ရူပီး ခြောက်ရာ။ သရီးဝှီးခကလဲ ခြောက်ရာ။ ကျန်တာက ဆေးရောင်ခြယ် ဟိုက်လိုက်ဘောပင်နဲ့ တစ်ရှုးထုတ်။

မတတ်နိုင် ကျန်းမာရေးအတွက် ဒီလောက်တော့ ကုန်ကျရမှာပေါ့လေ။ ဖျားမှ နာမှဆိုရင် ပိုဆိုးနေလိမ့်မယ်။

No comments:

Post a Comment