Tuesday, August 2, 2011

ဒါမျိုးတွေကြောင့် ငါတို့တစ်တွေ မကြီးပွားတာ ဆန်းသလား။

သီရိလင်္ကာမြန်မာကျောင်းမှာ နေနေကြတဲ့ သံဃာတော်တွေ အထူးအားဖြင့် အင်္ဂလိပ်စာသင်ချင်နေကြတဲ့ သံဃာတော်တွေ ကံကောင်းတယ်လို့ ပြောရမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်နာမည်ကြီး ဈေးကြီးတဲ့ ဗြိတိသျှကောင်စယ် အင်္ဂလိပ်စာသင်ကျောင်းမှာ သင်နေတဲ့ ဆရာမ ပက်ထရေရှာ ဟာ ငွေကြေးတတ်နိုင်လို့ ဗြိတိသျှကောင်စယ်တက်နေတဲ့ မြန်မာသံဃာတ်ေတွေနဲ့ ဆက်စပ်မိပြီး မြန်မာကျောင်းကို ရောက်လာပါတယ်။အပတ်စဉ် စနေနေ့တိုင်း နေ့ခင်း ၂ နာရီကနေ ၆ နာရီကျော်အထိ မမောနိုင် မပန်းနိုင် နဲ့ မနားပဲ အင်္ဂလိပ်စာ လိုချင်ကြတဲ့ သံဃာတော်တွေသူသင်နေတဲ့ဗြိတိသျှကောင်စယ် နည်းစနစ်အတိုင်းပဲ သင်ပေးပါတယ်။ ဗြိတိသျှကောင်စယ်မှာ သင်နေတဲ့ စာရွက်စာတမ်းတွေကိုလည်း ဖိုင်ကြီးလေးဖိုင်နဲ့ မကုဋစာကြည့်တိုက်မှာ ထားပေးထားပါသေးတယ်။ လိုချင်တဲ့သူ မိတ္တူကူးပြီး ကြည့်ရုံပါပဲ။ အဲဒါတွေ ပိုင်နိုင်ထားရင် ဗြိတိသျှကောင်စယ်ဝင်ခွင့် ဖြေတဲ့အခါ အမှတ်ကောင်းတယ်ဆိုပဲ။ အစပိုင်းတုန်းကတော့ အခြေခံအတန်းနဲ့ အဆင့်မြင့်တန်းဆိုပြီး နှစ်တန်းခွဲထားပါတယ်။တက်လိုက်ကြတဲ့ သံဃာတွေကလည်း များမှများ တစ်ချို့သင်ခန်းစာတွေမှာ အပြန်အလှန်ပြောခြင်း တစ်တန်းလုံးကသူတွေကို ပြောနိုင်အောင် တန်းစီပြီး မေးကြ ဖြေကြလုပ်တဲ့ဟာတွေပါပါတယ်။အဲဒီအခါ တန်းစီလိုက်တော့ စာသင်ရာဆွမ်းစားကျောင်းက မဆန့်တော့လို့ကျောင်းပြင်ကွက်လပ်ထဲမှာ တစ်ဖက်တစ်ချက် တန်းစီပြီးလေ့ကျင့်တာတောင် လုပ်ကြရပါသေးတယ်။ ဒီလိုနဲ့သင်လာရင်းကနေ ဆရာမကြီးက သူလာရမယ့် စနေနေ့ နေ့လည်ခင်းမှာ မပျက်မကွက်လာပေမယ့်။ ဒါတောင်ဆရာမကြီးက ဗြိတိသျှကောင်စယ်ကနေ စာသင်ပြီး ဆရာတွေနဲ့စည်းဝေးပွဲ ထိုင်ပြီး ကမျောကသော လာရတာလို့ ပြောပါတယ်။ စာသင်ကြားရမယ့် ရွှေကိုယ်တော်တွေက အကြောင်းအမျိုးမျိုးပြကာ ကျောင်းပြည့်ခမန်းနဲ့စခဲ့တဲ့ သင်တန်းဟာ တဖြည်းဖြည်းနဲ့ ထန်းလျက်လုံးခွေးလျက်သလို တဖြည်းဖြည်း လုံးပါး ပါးလာခဲ့ပါတယ်။ နောက်ဆရာမကြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံကို အလည်သွားတော့လဲ သင်တန်းပျက်တယ်ရယ် မရှိရအောင် သူ့သူငယ်ချင်း သြစတေးလျသူ ဆရာမ ဖီယိုနာကို သင်ခိုင်းခဲ့ပါတယ်။ ဆရာမ ဖီယိုနာကလည်း တစ်မျိုးကောင်းခဲ့ပါတယ်။ အရင် အက်ဆေးတို့ ဘာတို့ရေးရင် ဘယ်ကစလို့ ဘယ်လို ရေးရမယ်မှန်းမသိတာတွေဟာ သူနဲ့တွေ့တော့မှ ရှင်းခနဲ လင်းခနဲ ဖြစ်သွားရတာပါ။ သူက အက်ဆေးရေးနည်းသင်တော့ အစဆုံးခေါင်းစဉ်၊ နောက် ခေါင်းစဉ်အောက်မှာ ပါဝင်နိုင်မယ့် အကြောင်း အချက်အလက်တွေ ရှာ၊ပြီးရင် ၀ါကျဖွဲ့ အဲဒီဝါကျတွေကို ခေါင်းနေရာဖြစ်ရင် ခေါင်း ကိုယ်နေရာကိုယ် နောက်ဆုံးထားမယ့်ေ နရာနောက်ဆုံး စသဖြင့် စိတ်ရှည်လက်ရှည် သင်ကြားပေးပါတယ်။ ခေါင်းစဉ်ရွေးရာမှာလည်း ကိုယ့်ခေါင်းထဲ မှာ ရှိထားပြီးလည်းဖြစ် ကွက်ကွက်ကွင်းကွင်းလည်း မြင်ပြီးဖြစ်တဲ့ မကုဋာရာမ မြန်မာကျောင်း။ ကျွန်တော့်နေထိုင်ရာရွာ စသဖြင့် ရေးနည်းသင်ပြပါတယ်။ မကုဋ ကျောင်းအက်ဆေးဆိုရင် ပါဝင်ရမဲ့ခေါင်းစဉ်လေးတွေက သီရိလင်္ကာမှာ မြန်မာကျောင်းငါးကျောင်းရှိ၊မကုဋကျောင်းသမိုင်း၊တည်ရှိရာနေရာ။ မြန်မာနိုင်ငံက အထင်ကရသူများ ရောက်ရှိလည်ပတ်မှု၊နေ့စဉ်လည်ပတ်မှု၊ အုပ်ချုပ်ပုံ အနေအထား စသဖြင့် စီတန်းကာ ရေးရပါတယ်။ သူလည်း နှစ်ချိန်လုံး မပျင်းမရိ သင်ကြားပေးပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ လက်ရှိတက်နေတဲ့ သံဃာတွေက သင်တန်းသားအတော်နည်းလာပြီ တစ်တန်းထဲ ပေါင်းကြစို့၊အချိန်ကို တစ်ချို့က ၃ နာရီမှ ၅ နာရီ၊ တစ်ချို့က ၂ ခွဲမှ ၄ ခွဲ စသဖြင့် ဆရာမကြီးစာသင်နေတာတောင် အားမနာပဲ ကိုယ်ထင်ရာတွေဆွဲပြီး ပြောနေကြပါတယ်။နောက်ပြီးတော့လဲ တစ်ပါးက ၁ နာရီလောက် အလွန်ဆုံး နှစ်နာရီလောက်ပဲ သင်တာကောင်းတယ် ကြာရင် ဦးနှောက်တွေ ထူလာတယ် စသဖြင့် ပြောပါတယ်။စာသင်သားတွေက ဒီလိုရှိတယ်။ဆရာမကြီး သဘောထားကို ပြောပါအုံးဆိုတော့ ဆရာမကြီးက ငါကတော့ ၂ နာရီ ၄နာရီ ၅ နာရီ ၁၀ နာရီ သင်ရလဲ ကိစ္စမရှိဘူး သင်ပေးမယ်။သင်နိုင်တယ်လို့ ပြောပါတယ်။ တကယ်လဲ ဘာကိုမှ ဂရုမစိုက်ပဲ စာကိုပဲ အလေးထားကာ ဂရုတစိုက်နဲ့ သင်ပေးတာပါ။ သူ့ကြည့်ရတာ ချွေးတပြန်ပြန်နဲ့ မောလို့မောရကောင်းမှန်းတောင်မသိပါဘူး။ ဒါကို တစ်ပတ်မှ တစ်ခါ လိုက်ရတဲ့ သံဃာတွေက စာသင်နာရီများသလေး ဘာလေးနဲ့ ။ အင်း............ဒို့ရွှေတွေ အောက်ကျ နောက်ကျပြီး သူတို့လူမျိုးတွေနဲ့အများကြီး ပြတ်ကျန်နေခဲ့တာ မဆန်းပါဘူး နော် ။ သူတို့က နည်းပညာ တို့ နည်းစနစ်တို့လဲ ကောင်းမှကောင်း မြန်ဆန်ပြီး တကယ် ပင်ပန်းရကျိုးနပ်ပါတယ်။ ကိုယ်တို့လည်း မြန်မာပြည်က အင်္ဂလိပ်သင်တန်းတော်တော်များ ပိုက်ဆံပေးပြီး တက်ခဲ့ဘူးပါတယ်။ ဘာမှ မဟုတ်ဘူး ။ စာအုပ်ကြည့်ချပေးတာများတယ်။ အခုဟာက ဟန်းဒေါက်တွေပေး ရေးသင့်တာရေး ။ ဂိမ်းအနေနဲ့ ဆော့သင့်တာဆော့ မိမိပါတနာနဲ့ ဆွေးနွေးသင့်တာ ဆွေးနွေးနဲ့ တော်တော်ထိရောက်ပါတယ်။မြန်မာပြည်ကသင်တာ မြင်းကောင်ရေ ၁၀ အားဆိုရင်။ သူတို့သင်တာ မြင်းကောင်ရေ အကောင်၁၀၀ အားရှိပါတယ်။ ဒါကို စိတ်ပါဝင်စားစွာ တက်တဲ့သူတိုင်း သဘောပေါက်ပါတယ်။ အခုဟာက ကိုယ်က တစ်ပြားမှလည်း မကုန်၊ သူတို့ဆီလည်း တကူးတက သွားနေစရာမလိုပဲ ကိုယ့်နေရာ ကိုယ့်ဋ္ဌာနေမှာ လွတ်လွတ်လပ်လပ် သင်ရတာပါ။ ဒါကိုများ ဘာကြောင့် ပျင်းကြ၊ ဆင်ခြေတွေပေးကြ၊ ပျက်ကွက်ကြတာလဲ .............။ ဒီမိုး ဒီလေ ဒီလူတွေနဲ့သာ ရှေ့ဆက်စခန်းသွားရရင်ဖြင့်..........................................။

No comments:

Post a Comment