အဆင်မပြေမှုလေးတွေနဲ့ ခလုတ်တိုက်မိနေတုန်း၊ လောကကြီးအပေါ် အစာမကြေဖြစ်နေတုန်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်ပတ္တမြားခင်ရဲ့အဖြစ်ကို ဖတ်ပြီးဖြေသိမ့်စရာဖြစ်ခဲ့ရပါတယ်။ သူရေးထားတာက ဒီလို........။ ဂွတ်ဘိုင် ခင်တဲ့။ ကျောခိုင်းထွက်ခွါသွားသူရဲ့ နောက်ကျောကိုကြည့်ရင်း လူသားတွေရဲ့ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ စိတ်ရဲ့ ခံစားချက်မှန်သမျှတွေဟာ အခါအားလျော်စွာ ပျက်ပြယ်သွားနိုင်ပါလားဆိုတဲ့ အသိတရားတခု ရလိုက်ပါရဲ့။
ဘ၀မှာ သင်ခန်းစာတွေက ကျက်မှတ်လို့ မကုန်နိုင်အောင် များပြားလှပါလားနော်...။ကိုယ့်ဘ၀အဓိပ္ပါယ်အတွက် ကိုယ့်သင်ခန်းစာနဲ့ကိုယ် ပါလာပြီးသားပေလား မသိ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်သင်မှတ်ရမယ့် သင်ခန်းစာကိုတော့ ကြေညက်အောင် ရှိရမယ်ပေါ့။ သင်ခန်းစာရဲ့ အခြေခံဥပဒေကတော့ အမြင်မကျဉ်းဖို့နဲ့ မျှတစွာ ရှု့မြင်တတ်ဖို့ပါပဲ။
အပြန်မှာ ကားမောင်းလာရင်း ကိုယ့်အဖြစ်ကို ပြန်လည်သုံးသပ်ကြည့်နေမိပါတယ်။ ရေမြေခြားပြီး ကမ္ဘာတစ်ခြမ်း ရောက်နေကြတဲ့ သားသမီးတွေနဲ့ရော၊ တစ်စုစီကွဲနေတဲ့ သားသမီးတွေနဲ့ပါ တစည်းတလုံး ကိုယ့်ရင်ခွင်ထဲ အားလုံးပြန်ရောက်လာပြီမို့ ကံကောင်းလေစွလို့ဝမ်းသာကြည်ရွှင်နေရာက ဘာမှမကြာလိုက်ဘူး။မထင်မှတ်ပဲ တစ်သက်တာလုံး မကွဲမကွာ အတူနေလာခဲ့တဲ့ မိခင်ကွယ်ပျောက်ဆုံးပါးသွားပြန်တော့ ယူကြုံးမရ ရင်မှာနာကျင်မှုတွေ ခံစားရပြန်လေရော ။ အဲလို စိတ်ဆင်းရဲရာက မိသားစုတွေ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ အခြေတကျဖြစ်တည်လာတော့လည်း အေးချမ်းသာယာတဲ့ဘ၀လေး ရပြီလို့ အားတွေတက်၊ စိတ်လက်ကြည်လင် ဘ၀င်ကျမယ် ကြံခါရှိသေး၊ ဗြုန်းခနဲ ဘ၀အဖော်က ရုတ်တရက် လက်တွဲဖြုတ်သွားပြန်တော့ တာဝန်တွေနဲ့ တစ်ကိုယ်ရေ လျှောက်ရမယ့် ခရီးကြမ်းအတွက် စိတ်မောစရာဖြစ်ပြန်တယ်ပေါ့။
ကိုယ့်အဖြစ်ကို စဉ်းစားရင်း ဖတ်ဖူးထားတဲ့ ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်...................................။
တောရွာတစ်ခုမှာ ပညာရှိကြီးတစ်ဦး ရှီတယ်တဲ့။ တစ်ခုခုဆို ရွာသားတွေက သူ့ဆီမှာ သွားပြီး အကြံဥာဏ် တောင်းကြရပါတယ်။ တစ်နေ့ကျတော့ လယ်သမားတစ်ယောက်က ပြေးလာပြီး ပညာရှိကြီး ခင်ဗျား၊ ကျွန်တော် အကြီးအကျယ် ဒုက္ခရောက်နေပါတယ်။ လယ်မှာခိုင်းနွားသေလို့ လယ်လုပ်စရာ နွားမရှိတော့ပါဘူး။ ဘယ်လိုကြောင့် ဒီလောက်ကံဆိုးရတာလဲ လို့ မေးတော့......။
မောင်ရင် ဒါဟာ ကံဆိုးတယ်ဆိုပေမယ့် ကံကောင်းတာလည်း ဖြစ်နိုင်တာပဲ။ လို့ ပညာရှိကြီးက ဖြေတယ်။
ဒီအဖြေကို လယ်သမားက မကျေနပ်လေဘူး။ ရွာပြန်သွားပြီး တို့ပညာရှိကြီးတော့ ရူးသွားပြီထင်တယ်။ ကြည့်ပါဦး။ကျုပ်နွားသေတဲ့ အကြောင်းသွားပြောတာ ဒါ ကံကောင်းတာလည်း ဖြစ်နိုင်တာပဲတဲ့။ ဟုတ်နိုင်စရာ ရှိသေးရဲ့လားဗျာ လို့ လူတကာကို လည်ပြောနေလေရဲ့။
နောက်နေ့ကျ သူ့လယ်တောအနားမှာ ပိုင်ရှင်မဲ့ မြင်းတစ်ကောင် ရောက်နေတာ တွေ့ရပါတယ်။ ဟန်ကျတာပဲ၊ ဒီမြင်းကို ဖမ်းပြီး လယ်ထွန်ရရင် ကောင်းမယ်ဆိုတဲ့ အကြံနဲ့ မြင်းကိုဖမ်းပြီး လယ်ထွန်ကြည့်တော့ နွားနဲ့ထွန်တာထက် အရာရောက်ပြီး မြန်မြန်အလုပ်ပြီးတာကြောင့် ၀မ်းသာအားရနဲ့ ပညာရှိကြီးဆီ ပြေးပြောပြန်လေရော။
ကျွန်တော် အထင်မှားသွားတာပါ။ ပညာရှိကြီးပြောစကား မှန်လိုက်တာ။ ကံကောင်းတာဖြစ်နိုင်တယ်ဆိုတဲ့အတိုင်း ခု မြင်းတစ်ကောင်ရတော့ လယ်ထွန်ရတာ ခရီးရောက်လို့ ဟန်ကျလိုက်တာ လို့ အားရပါးရ ပြောနေလေရဲ့။
အေးကွယ်..။မောင်ရင် စောင့်ကြည့်ပါဦး။ သိပ်လည်း ၀မ်းသာမနေနဲ့အုံး။ ကံဆိုးစရာလည်း ကြုံလာနိုင်တယ်နော် လို့ ပြောလိုက်တော့ လယ်သမားကြီးလည်း ဘ၀င်မကျတကျနဲပေါ့။ နှစ်ရက်လောက် ကြာတဲ့အခါ လယ်သမားရဲ့သားက အဲဒီမြင်းကြီးကို တက်စီးလိုက်တာ လိမ့်ကျပြီး ခြေကျိုးပါလေရော။
ဟာ ...ပညာရှိကြီးပြောတာ မှန်လိုက်လေခြင်း။ ကျွန်တော် တကယ်ကံဆိုးတာပါလား၊ဆိုပြီး လာပြောပြန်တယ်။
အခု ကံဆိုးနေပေမယ့် ကံကောင်းစရာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ လို့ ပြောတော့...........။
ဘယ်လိုလုပ်ကံကောင်းတာ ဖြစ်လာနိုင်ပါ့မလဲ ပညာရှိကြီးရယ်။ ဒီသားလေးကို အားကိုးနေရတာ အခုခြေကျိုးတော့ ကျွန်တော့အလုပ်ကိုလည်း မကူညီနိုင်တော့ဘူး။ကျွန်တော် တကယ်ကံဆိုးသူပါပဲ။ နဲ့ ညည်းညူပြီး ပြန်သွားပါတယ်။
သိပ်မကြာဘူး။ဘုရင့်နန်းတော်က မောင်းတဒူဒူ ထုပြီး စာချွန်တော်ပြန်ကြားတဲ့အဖွဲ့ ရောက်လာလေရဲ့။ ရွာရှိလူငယ်လူရွယ် ယောက်ကျားလေးမှန်သမျှ စစ်ထွက်ဖို့ လိုက်ကြရမယ် အမိန့်တော်ပြန်တော့ တစ်ရွာလုံး က လူငယ်လူရွယ် လိုက်သွားကြရပြီး ခြေကျိုးနေတဲ့ လယ်သမားရဲ့ သားတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်တဲ့။
ဒီပုံပြင်လေးမှာ သင်ခန်းစာ ယူစရာတွေ အများကြီးပါပါတယ်။ ဘယ်တော့ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ကောင်းတာတွေ ဖြစ်လာနိုင်သလို ဆိုးတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ကတော့ အရာရာချောမွေ့နေရင် ကောင်းတော့မယ်ထင်တာပဲနော်။ အဆိုးနဲ့ကြုံရရင်လည်း ငါ့ဘ၀တော့ သွားပြီလို့ တွက်တော့တာပဲ။ အများအားဖြင့် အထင်နဲ့အမြင် လက်တွေ့မှာ လွဲတတ်တာတွေ အများကြီးရှိပါတယ်။
သေချာတာ တစ်ခုက ဘယ်အရာမှ မမြဲဘူး ဆိုတာပါပဲ။
ကံဆိုးလှချည်ရဲ့ဆိုရင်လည်း ခဏ။ ကံကောင်းလှချည်ရဲ့ ဆိုရင်လည်း တဒင်္ဂ။
ပျော်စရာတွေ ၊ နာကြည်း ၀မ်းနည်းစရာတွေ၊မခံရပ်နိုင်စရာတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေ၊ ထင်ပေါ်ကျော်ကြားခြင်းနဲ့ ကဲ့ရဲ့ပြစ်တင် ရှုံ့ချခြင်းဆိုတာတွေ အားလုံးဟာလည်း မီးပန်းလွှတ်သလို လင်းလက်ပြီး ပျောက်ကွယ်သွားတာကြတာချည်းပဲ။
အစရှိပြီးရင် အဆုံးဆိုတာ ရောက်ရစမြဲပါ။
တကယ်တော့ ပြဿနာ တစ်ခုရင်ဆိုင်ရတဲ့အခါ အဆုံးစွန် အထိတ်တလန့် မဖြစ်စေပဲ ဖြစ်လာသမျှကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပါပဲ။ အခြေအနေ အရပ်ရပ်က အကောင်းအဆိုးတွေဟာ ကိုယ်ပြုပြင်ဖန်တီးလို့ မရတဲ့ သူသဘောသူဆောင်ပြီး ဖြစ်နေတာပဲလေ။ ဖြစ်တာက ကိုယ်နဲ့မဆိုင်ပဲ ဘယ်လို အကောင်းဆုံးပုံစံနဲ့ ကြိုးစားရင်ဆိုင်မလဲဆိုတာက ကိုယ့်တာဝန်လို့ နှလုံးသွင်းဆင်ခြင်ရင်း လျှောက်လှမ်းရမယ့် ခရီးအတွက် အားမာန်တင်းကာ ပြင်ဆင်ရမှာပဲလေ............။
ကဲ ........စာဖတ်သူရော။ ဘယ်လို ပြင်ဆင်မလဲ? ဆက်တွေးပြိး စဉ်းစားပေးပါအုံး။

No comments:
Post a Comment