Wednesday, August 17, 2011

ကိုယ်ဟာ မာနမင်းသားပါ။

ငယ်ငယ်တုန်းက နှစ်တန်းကျောင်းသားဘ၀ကစပြီး လေးတန်းကျောင်းသားအထိ ဆရာမတွေနဲ့ လက်ပွန်းတတီးနေပြီး စာသင်ခဲ့ရဘူးပါတယ်။ နှစ်တန်းကျောင်းသားဘ၀က သင်တဲ့ဆရာမကတော့ အလှအပပဲဦးစားပေးပြီး စာသင်တာသိပ်မဟုတ်သလို ကိုယ်ကိုလဲ အရေးမလုပ်ပါ။နောက်ပြီး တောင်ကျောင်းနဲ့ ကိုယ်နေတဲ့ အနောက်ကျောင်းဆိုပြီး နှစ်ကျောင်းရှိတဲ့အထဲ ဆရာမက တောင်ဘက်ကျောင်းကိုပဲ အသွားများ တောင်ဘက်ကျောင်းကလည်း ကျွေးမွေးလေတော့ ကိုယ်တို့ကျောင်းကောင်းကြောင်းကို တစ်ခါမှ မပြောရုံမက အနောက်ကျောင်းက စောက်သုံးမကျဘူးလို့လဲ ပြောပါသေးတယ်။ သုံးတန်းရောက်တော့ အသစ်ထပ်ရောက်လာတဲ့ ဆရာမခင်မျိုးအေးကနေ ကိုယ်တက်နေတဲ့ သုံးတန်းကို သင်ပါတယ်။စာသင်တာလဲကောင်း နောက် ကိုယ့်ကိုလဲ ကျန်တဲ့ကျောင်းသားတွေထက် အရေးပေးလေတော့ စာသင်ရတာ သိပ်ပျော်ဖို့ကောင်းပါတယ်။လေးတန်းရောက်ပြန်တော့လဲ နောက်ထပ် အသစ်ဆရာမတစ်ယောက်တိုးပြီး၊ ဆရာကြီး သင်ရမယ့်အတန်းဖြစ်ပေမယ့် သူက စီပွားရေးတပိုင်းဖြစ်နေလို့ ကျောင်းသိပ်မလာတော့ ဆရာမခင်မျိုးအေးကပဲ လာသင်ပေးပြန်ပါတယ်။ဆရာမသုံးယောက်ဖြစ်သွားပြီး သူတို့က လေးတန်းစာသင်ခန်းထဲလာပြီး ကျောင်းသားတွေနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် စာသင်ပြပေးတော့ သိပ်ပျော်ဖို့ကောင်းတာပဲ။ အဲဒီတုန်းကပေါ့လေ။ အခုလဲ..........။ ကိုယ်တက်နေတဲ့ အင်္ဂလိပ်သင်တန်းမှာ ဆရာမ သင်ပြပေးတာပါ။ ဆရာမက စာသင်တော်သလို စိတ်လဲရှည်ပါတယ်။ငယ်ငယ်တုန်းက ကိုယ့်ထက် အသက်များစွာကြီးတဲ့ ဆရာမတွေလိုမဟုတ်တော့ပဲ အသက် ၂၈ နှစ်သာရှိသေးတော့ ကိုယ့်ညီမအရွယ်ပါ။ အဲဒီဆရာမက စာတွေမေးတဲ့အခါ ၊ သင်ပြတဲ့ အကြောင်းအရာထဲက နမူနာကို ဆိုခိုင်းတဲ့အခါမှာ ကိုယ်မှ တစ်ပါး ကျန်တဲ့သူတွေ အကုန်နီးပါးလိုလိုက ဆိုဖူးကြပါတယ်။ ဒါပေမယ့် ကိုယ်တစ်ပါးတည်းပဲ ကွက်ပြီးကျန်နေခဲ့တာပါ။တမင်ကလာများ လုပ်လေရော့သလား အောက်မေ့ရပါတယ်။ ကိုယ်ကလည်း အတန်းတွေထဲမှာ ဘာမှသာမဟုတ်တာ လူစွာလုပ်တတ်တဲ့ အကျင့်က ပါနေလေတော့ အခုလို ဘာမှ မပြောမဆိုနဲ့ နေနေရတော့ တော်တော်အောင့်တာပေါ့လေ။မနေ့ကပဲ မှတ်မှတ်ရရ ၁၆-၈-၂၀၁၁ ညနေသင်တန်းမှာ အတိတ်ဝါကျတွေ အကြောင်းပြောတော့ အကုန်ထခိုင်းပြီးအတိတ်ဝါကျ မေးခွန်းမေးမယ် ဖြေနိုင်တဲ့သူထိုင် မဖြေနိုင်တဲ့သူ ရပ်နေဆိုပြီးလုပ်ပါတယ်။ အဲဒီအခါမှာ သုံးပုံးတစ်ပုံလောက်မေးပြီး ကိုယ့်အလှည့်ကိုရောက်လို့ ကိုယ့်နာမည်ကိုခေါ်တော့ ကိုယ်က ခပ်တည်တည်နဲ့ ဆရာမကိုလည်းမကြည့် ကျန်တဲ့သူတွေကိုလဲ မကြည့်ပဲ ကိုယ့်ကို မခေါ်တာလိုလိုနဲ့ ခပ်တည်တည်ပဲနေနေပါတယ်။ အဲဒီအခါ ဆရာမက အရိယ အတန်းထဲပါတယ်မလားဆိုပြီး သင်တန်းသားစာရင်းစာရွက်ကို သွားကြည့်ပါတယ်။ ပါပါတယ်။ အရိယလို့ နောက်တစ်ခါခေါ်တော့မှပဲ ထူးလိုက်မိပါတယ်။ ကိုယ်က သိသိကြီးနဲ့ နေနေတာပါ။တစ်နည်းအားဖြင့် အရွဲ့တိုက်တဲ့ သဘောပါ။အရင်အခါတွေတုန်းက ကိုယ့်နာမည်ကို မခေါ်ရကောင်းလားဆိုပြီး တမင်မှတ်မိအောင် လုပ်ပစ်လိုက်တာပါ။တော်ပါသေးရဲ့ ကလေးဘ၀တုန်းကလိုသာဆိုရင်တော့ စာချဘုန်းကြီး လက်စာ ဒုတ်စာမိမှာသေချာတယ်။ အခုတော့ ဆရာမက သူ့အမှားလိုတောင် ထင်သွားသေးတယ်။ စာရင်းစာရွက်ကို တစ်ခါပြန်ကြည့်ရတာလေ။အဲဒီအခါကိုယ်လည်း အမျိုးအမည်မသိတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်မိလေရဲ့။ နောက်နေ့ ဖြစ်တဲ့ ဒီနေ့ကျတော့ နှိုင်းယှဉ်ဝါကျအကြောင်းသင်တဲ့အခါ အဲဒီစာကို ပထမဦးဆုံးဆိုခိုင်းခံရတဲ့သူဟာ ကိုယ်ဖြစ်သွားပါတော့တယ်။
တစ်ခါတလေကျတော့လဲ ဆရာ Nကြယ်မင်း စာသားလို နားမလည်တတ်တဲ့ နှလုံးသားကို ဂရုမစိုက်ခြင်း လက်သီးတွေနဲ့ ထိုးပစ်ရတယ် တဲ့။

No comments:

Post a Comment