Wednesday, August 3, 2011

သတိ မထင်မှတ်တာတွေ ဖြစ်တတ်သည်။

အော်............။ လောကကြီးကလည်း မထင်မှတ်တာတွေ၊ထင်မှတ်မထားတာတွေ ဖြစ်တတ်တာပါလား။ ဒါကြောင့်မို့လားမသိ ရဖူးတဲ့ ပါဠိလေးကတော့ "အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ ၀ိနဿတိ၊လင်္ကာအနေနဲ့ဆိုရင် လောကီထုံးစံ လောကဓံကား မကြံလည်းဖြစ်၊ ကြံလည်းနစ်၏တဲ့။ ဟော.........ကြည့်လေ။အခုလည်း လွန်ခဲ့တဲ့ သုံးလလောက်တုန်းက အင်္ဂလိပ်သင်တန်းမှာ အတူတူစာသင်ကြရင်း ရယ်ကြမောကြ ပြောကြဆိုကြနဲ့ နေလာခဲ့ပြီး ရင်းနှီးသိကျွမ်းခဲ့ရတဲ့ လူတစ်ယောက် သင်တန်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်က နယ်ပယ်ခြင်းလည်းမတူ၊နေရပ်ခြင်းလည်း မတူကြတော့ ပြန်လည်ဆုံတွေ့ကြဖို့တော့ တော်တော်ကို မလွယ်ကူတော့ဘူးလို့ထင်မှတ်ထားခဲ့တာလေ။ ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့လေ..........။ သင်တန်းသုံးခု ရှိတဲ့သင်တန်းမှာ သူက သုံးခုစလုံးပြီးသွားပြီ ။ကိုယ်ကပြတ်တောင်းပြတ်တောင်းနဲ့ အထက်နှစ်တန်းပြီးသွားပေမယ့် အစဆုံးအတန်းက မတက်ပဲ ကျန်နေခဲ့သေးတာရယ်။ သင်နည်းစနစ်ရချင်တာရယ်ကြောင့် အခက်အခဲတွေ ကြားကနေ ပြန်လည်တက်ဖြစ်ပါတယ်။အခု သင်တန်းက တစ်လတောင် ပြည့်ရော့မယ်လေ။ သင်တန်းရောက်ရင် ကိုယ့်စာသင်ခန်းကိုပဲ တန်းတန်းမတ်မတ်သွား စာသင်ပြီးတော့လည်း ချက်ချင်းပြန်ဆိုတော့ ကျန်တဲ့သူတွေကို ဂရုစိုက်အား မရပါဘူး။ ဒီကနေ့ အပြန်လိုင်းကားစောင့်နေတုန်း တစ်ဖက်မှာလည်း ကားစောင့်နေသူကိုလည်း မျက်နှာချင်းးဆိုင်ဖြစ်နေလေတော့ အမြင်ကနေ ချက်ချင်းပဲ စိတ်ထဲမှာ ဒီလူဟာ အရင်ငါနဲ့သိကျွမ်းသူနဲ့တော်တော်တူတာပဲ လို့ချက်ချင်း ဦးနှောက်ကို မက်ဆေ့ပို့ပါတယ်။ အင်း တူတဲ့သူလည်း ဖြစ်နိုင်တာပဲလေလို့ သေသေချာချာ မဆုံးဖြတ်နိုင်ဖြစ်တုန်း အဲဒီလူက သူ့ဘက်က လိုင်းကားမစောင့်ပဲ ဒီဘက်ကို ကူးလာပါတယ်။ ဟော.......အခုတော့ ခုနက ချီတုံချတုံနဲ့ ဘယ်သူဘယ်ဝါ မသဲကွဲဖြစ်နေတာ ရှင်းရှင်းလင်းလင်းသိရပါပြီ။ ကိုယ်ကလည်း အံ့သြ၊သူကလည်း အံ့အားတသင့်ဖြစ်ရင်းကနေ မင်းအခု ဘယ်အတန်းမှာတက်နေလဲလို့မေးပါတယ်။ ငါအခု အင်လမင်ထရီ တက်နေတာလေ။ဘာဖြစ်လို့တုန်း အင်တာ ကို နှစ်ခါတက်ပါလားလို့သူကပြောတော့ ။ငါက အင်လမင်ထရီ မတက်ပဲ ကျန်နေခဲ့တာ သင်နည်းစနစ်လိုချင်လို့ပါ။လို့ ဖြေလိုက်ပါတယ်။အဲဒီလို ပြောနေရင်းက ဘတ်စကားက ကိုယ့်နားကို ဆိုက်လာတော့ သူက နောက်နေ့ကျ ပြောကျသေးတာပေါ့။ ငါလည်း ဟိုဘက်ဆိုင်ကို ၀ယ်စရာသွားဝယ်လိုက်အုံးမယ် ပြောပြီး နှုတ်ဆက်သွားလေရဲ့။
အဖြစ်အပျက်ကလေးကတော့ ဒါပါပဲ။ ဒါပေမယ့်လည်း အစက ပြောခဲ့သလိုပါပဲ။ လောကကြီးမှာ မထင်မှတ်တာ တွေ ဖြစ်တတ်တာ မိတ်ဆွေတို့လည်း ခဏခဏ ကြုံဘူးကြမှာပါ။ တစ်ခါက ဆရာတော် ဦးဥာဏိဿရရဲ့ အတ္ထုပ္ပတ္တိကို ဖတ်မိတော့ သူငယ်စဉ် စာသင်သားဘ၀တုန်းက ရန်ကုန်စာသင်တိုက်တစ်ခုမှာ အတူနေဖူးတဲ့ ဦးစန္ဒာသီရိဆိုတဲ့ ကိုယ်တော်ဟာ အလွန်ဘုဉ်းကံနည်းပြီး ဆွမ်းခံရင် ဆွမ်း ဆွမ်းဟင်းတွေ လောက်လောက်ငငမရပဲ ချို့တဲ့စွာနေနေရတာကြောင့် ဘုန်းကံကြီးမားတဲ့ သူကနေ ဆွမ်း ဆွမ်းဟင်းတွေကို အဲဒီကိုယ်တော်ကို မျှပေးခဲ့ရတဲ့ အကြောင်း ။ဒီလိုနေလာရင်း ကာလတွေ ရွေ့ပြီး အသက်တွေကြီး တစ်ယောက် တစ်နေရာစီရောက်ကြကုန်ပါတယ်တဲ့။ တစ်နေ့သောအခါမှာ ဆရာတော် ဦးဥာဏိဿရ နိုင်ငံခြားကို ကြွဖို့ သံဃမဟာနာယက ဆရာတော်တွေဆီက လက်မှတ်ပါရမယ်ဆိုလို့ ကမ္ဘာအေးက သံဃမဟာနာယက တွေဆီလက်မှတ်ထိုးသွားတော့ တိုက်တိုက်ဆိုင်ဆိုင် သူ ဆွမ်းခံကျွေးခဲ့ဘူးတဲ့ ဦးစန္ဒာသီရိဆိုသူက သံဃမဟာနာယက တစ်ပါးဖြစ်နေပြီး ကျန်တဲ့သံဃာတော်တွေ လက်မှတ်ပါရအောင် သူကကူညီပေးရှာပါသတဲ့။ ဆရာတော်က မထင်မှတ်ပဲ တစ်ချိန်ကဆင်းရဲ နွမ်းပါးစွာနေခဲ့ရပြီး အခု သံဃာ့ အဖွဲ့အစည်းမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲဝင်ဖြစ်နေတော့ အံ့သြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်တွေတောင် လည်ရပါတယ်တဲ့။ ဒီအခြင်းအရာကို ဆရာတော်က "ဘ၀ဆိုတာ မဟာလျှို့ဝှက်ချက်ကြီး"လို့ ခိုင်းနှိုင်းတော်မူပါတယ်။
ဒါကြောင့် ကိုယ့်နဲ့အတူနေသူတွေဟာ အကောင်းအဆိုးထဲကနေ တစ်နေ့ဘာကြီးဖြစ်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်သေချာစွာ မပြောနိုင်ကြပါ။အဲဒီလို မပြောနိုင်ကြတာကြောင့် ကိုယ့်ပတ်ဝန်းကျင်က သူတွေကို အလွယ်တကူအထင်သေးခြင်း၊ အထင်ကြီးခြင်းတွေ။ကြိုတင် ဟောကိန်းထုတ်ခြင်း။ နှိမ့်ချ ဆက်ဆံခြင်း။ အထင်လွဲခြင်းတွေ မလုပ်ကြပါနဲ့လို့............။

No comments:

Post a Comment