မလေးရှား ခရီးစဉ်
ဇင်မာဦးရေ......ဘာရယ်လို့တော့ မဟုတ်ဘူးပေါ့လေ။သီရိလင်္ကာမှာနေနေကြတဲ့ ကိုယ်တော်တွေဟာ တစ်နှစ်ကျောင်းတက်ပြီးတာနဲ့ မလေးရှား စင်္ကာပူဘက်ကို ခြေဆန့်ကြတာ သူများအပြောမဟုတ်ပဲ ကိုယ်တိုင်တွေ့မြင်နေရတာပါ။အဲဒီနိုင်ငံတွေက ဒို့နိုင်ငံနဲ့ သီရိလင်္ကာတို့ထက် အစစ တိုးတက်နေတာဆိုတော့ ငါလည်း ရောက်ဖူးချင်နေခဲ့ပါတယ်။အကြောင်းဆက်မိတာက ။သီရိလင်္ကာရောက်လို့ တစ်နှစ်မပြည့်ခင် စာမေးပွဲမဖြေခင်မှာတင်ပဲ ဒီကိုလာဖို့တာစူနေတဲ့ရွာနီးနားချင်းလည်းဖြစ်နေတဲ့ ဦးဥတ္တမနဲ့အပေါင်းအပါတို့က သီရိလင်္ကာကို တိုက်ရိုက်မလာပဲ မလေးမှာ နှစ်လ နေပြီး သီရိလင်္ကာမှာနေတဲ့ကိုယ်နဲ့ ဆက်သွယ်ပြီး သီရိလင်္ကာမှာ နေရတဲ့ အခြေအနေ၊ပညာသင်တဲ့နေစဉ် လုပ်ရမယ့် လိုအပ်ရာရာတွေကို မေးမြန်းပါတယ်။နောက် မလေးရှားမှာ အစားအသောက်ပေါကြောင်း ဆွမ်စားကွမ်းစားလိုက်ရင် ပညာသင်စရိတ်အတွက် ထိုက်သင့်သလောက် အဆင်ပြေကြောင်းပြောပြပါတယ်။ဒါနဲ့ မလေးရှားကို ရောက်ဖို့ ပထမဆုံးလုပ်ဖြစ်တာက စင်္ကာပူ မလေး စတဲ့နိုင်ငံတွေကို အခေါက်ပေါင်းများစွာ သွားလာဘူးတဲ့ ဦးခိရီလို့အများကခေါ်နေတဲ့ ကိုယ်တော်ရယ် ဦးဥတ္တမရယ် ကိုယ်ရယ် လေယဉ်လက်မှတ်ဖြတ်ဖို့ အဲယားအေးရှ ရုံးချုပ်ကို သွားပြီး လက်မှတ်ဖြတ်ရတယ်လေ။မလေး သီဟိုဠ် အသွားအပြန်အတွက် သီိရိလင်္ကာရူပီး ၂၃၅၀၀ နှစ်သောင်းသုံးထောင်ငါးရာပေးရပါတယ်။လက်မှတ်ရောင်းတဲ့ စာရေးမက လေယဉ်ပေါ်မှာ ထမင်းကျွေးမယ့် အကြောင်း၊ကီလိုလည်း ၁၅ ကီလို သယ်ခွင့်ရတဲ့ အကြောင်းပြောပါတယ်။ဒီလိုနဲ့ လေယဉ်စီးမယ့်ရက် ဧပြီ သုံးရက်နေ့ကို ရောက်ရှိလာခဲ့ပါတယ်။အရင်ကတော့ ကိုယ်တစ်ပါးတည်း သွားရမှာထင်နေတာ ကိုယ့်တို့ထောင့်ခန်း အဖွဲ့ဝင်ဖြစ်တဲ့ ဇိနနဲ့သူ့သူငယ်ချင်း သောမတို့ကလည်း နောက်တောက်တောက်နဲ့ အရင်က သူတို့လည်း နောက်နေ့မှ သွားမယ်ပြောထားပြိးကာမှ ကိုယ်နဲ့ အတူတူ ဖြစ်နေပါရောလား။သီရိလင်္ကာကနေ မလေးရှားကိုထွက်ခွါဖို့အတွက် ဧပြီ ၂ ရက်နေ့မှာ လုံခြုံမှုမရှိတဲ့ ကိုယ်နေထိုင်တဲ့ ကုလားကျောင်း အခန်းကျဉ်းကျဉ်းလေးထဲကနေ ဦးဥတ္တမနေထိုင်ရာ အာလိဒေးန ပံစာလ လို့ခေါ်တဲ့ ကုလားကျောင်းမှာ ပစ္စည်းတွေအကုန်ပြောင်းရွှေ့ပြီး မနက်ဖြန်ခရီးစဉ်အတွက် ပြင်စရာရှိတာပြင်၊ ထည့်စရာရှိတာထည့်၊ညအိပ်ပြီးနောက်ရက်မနက်လေးနာရီအိပ်ယာထ မြန်မာကျောင်းသွား၊အတူသွားမည့်သူ၊ လိုက်ပို့မည့်သူတွေကို သွားနှိုးပြီးတော့ ခေါ်ထားတဲ့ကားစောင့်ပြီး လေယဉ်က ၈ နရာရီ ၁၅ ထွက်မှာမို့ ၂ နာ၇ီကြိုရောက်အောင် နံနက် ၅ နာ၇ီမှာတော့ ကျောင်းက စထွက်ရပါတယ်။ နည်းနည်း စိတ်ထင့်စရာက လေယဉ်ကွင်းနားရောက်ခါနီးမှ ရိုဟန်ကားက ဘီးပေါက်သွားလို့ နောက်ကျပီ ထင်နေတာ တော်ပါသေးရဲ့ ခဏလေးမလို့ ။ကံကောင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ လေဆိပ်ထဲမှာ သူတို့နောက်ကို လိုက်ပြီး လုပ်ရမယ့် ဟာတွေကို လုပ်ဖြစ်တော့ ယောင်လည်လည်ကြီး မဖြစ်တော့ပါဘူး။ဒီတစ်ခါ လေယဉ်စီးတာ မနက် ၈ နာရီ စစီးတာဆိုတော့ အောက်က မြင်ကွင်းတွေကို ကောင်းကောင်းကြီး မြင်ခွင့်ရခဲ့ပါတယ်။ ရခဲ့တယ်ဆိုသော်ငြားလည်း သီရိလင်္ကာ နိုင်ငံပေါ် ဖြတ်ပျံနေစဉ်တုန်းကတော့ တောတောင်တွေ လမ်းတွေ တိုက်တာ အဆောက်အဦး လမ်းတွေ မြင်ရပြီး လွန်သွားတာနဲ့ တစ်ပြိုင်နက်အောက်နဲ့ လေယဉ်ပြတင်းအပြင်ဘက်ကို အပြင်းပြေ လှမ်းကြည့်မိတော့ တိမ်အထပ်ထပ်နဲ့ ပြာပြာလဲ့လဲ့ ရေပြင်ကျယ်ကြီးကိုသာ လှမ်းမြင်နေရပါတယ်။ ကုန်းပြင်ပေါ် ဖြတ်ပျံနေစဉ်ကာလက ကြောက်ကြောက်တောက်တောက် ရှိခဲ့ပြီး အခု ရေပြင်ကျယ်ကြီးကို မြင်နေရချိန်မှာတော့ ခုနကလောက် သိပ်မကြောက်တော့ပါဘူး။ပြီးတော့ ကင်မရာလည်း ပါလာလေတော့ ကိုယ့်ဘေးက လူတွေကို ရိုက်လိုက်၊ရှေ့နောက် ကို ရိုက်လိုက်နဲ့ နည်းနည်း စိတ်သက်သာရာ ရခဲ့ပါတယ်။မြန်မာဆိုလို့ သံဃာသုံးရယ် လေဆိပ် ခရီးသည်တွေ နားနေဆောင်ထဲမှာမှ စတင်တွေ့ရတဲ့ မြန်မာသီလရှင်ရယ် ပဲ ရှိပါတယ်။ အပြင်ရှုခင်းတွေငေးရင်း ခဏမှေးရင်းနဲ့ပဲ ရေပြင်ကျယ်ကြီးကို မြင်နေရာကနေ ကုန်းမြေပြင်ကို စတင်မြင်ချိန်မှာတော့ မလေးရှားကို မကြာခင်လေးတင် ရောက်တော့မှာပဲဆိုတဲ့ အသိက ၀င်လာပါပြီ။ ရောက်တော့မယ် ထင်ထားတုန်း အဲဒီကုန်းမြေပြင်ကြီးကို ကျော်လွန်ဖြတ်သန်းပြီး ရေပြင်ပေါ်တစ်ခါ ပြန်ရောက်သွားပြန်ပါတယ်။ ခဏမှတ်နေတာ တော်တော်ကြာနေပြန်ပါကောလား ။အောက်မှာလည်း ကုန်တင်သင်္ဘောတွေ ခုတ်မောင်းနေတာကို မြင်နေရသည်။ တစ်စင်း နှစ်စင်းမဟုတ် အများကြီး ဖြစ်သည်။ ကမ္ဘာကျော် မလက္ကာ ရေလက်ကြားမို့လားမသိ။အဲဒီ ရေလက်ကြားကို ကျော်ဖြတ်ပြီးမှ မလေးရှားရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ဆီအုန်းပင်တွေကို အစီအရီ မြင်ရပါတော့တယ်။ နောက် လေယဉ်ကွင်းရောက်တော့ ဆင်း ကိုယ်က အခုမှ ပထမ အကြိမ် စရောက်ခါစဆိုတော့ ဘာဆိုဘာမှ မသိ။ ဒါပေမယ့် ပူစရာမလိုပါ။ အရင်ရောက်ဖူးတဲ့ ဇိန ပါနေတာပဲလေ။ ဇိနသွားရာနောက်ကိုပဲ လိုက်ရတော့မှာပေါ့။လူက လေးယောက် အဖွဲ့က သုံးဖွဲ့ ။နှစ်ဖွဲ့က လာကြိုကြသည်။ ဒါပေမယ့် ကိုယ့်ကိုကျတော့ ကြိုမည့်သူမရှိပါ။ တစ်ပါးတည်း ပရီပေးတက္ကစီငှားပြီး ကိုယ်တည်းမယ့် လိပ်စာပြောပြီး တည်းမယ် စိတ်ကူးထားသည်။ ကံကောင်းတယ်လို့ပဲ ပြောရမလားမသိ။ဆရာလေးက တပည့်တော်ကို လာကြိုမှာ အဲဒီကားနဲ့သာလိုက်ခဲ့ပါလို့ အတန်တန်ခေါ်နေတာကြောင့် ဆရာလေးနဲ့အတူ နှစ်ယောက်သား လာကြိုမယ့် တက္ကစီစောင့်ရင်း လူတွေရဲ့အကြည့်ကို ခံခဲ့ရပါတယ်။ ခဏနေတော့ လာကြိုတဲ့သူကိုတွေ့ပြီး အဲဒီကားသမားနဲ့ ဘာသာရေး အကြောင်းအရာတွေပြောလိုက် ဆရာလေးရဲ့ နေရာကျောင်း အကြောင်းပြောလိုက်နဲ့ ခရီးက ကြာလို့ကြာတယ်တောင် မထင်ရတော့ပါဘူး။ဒီလိုနဲ့ ဆရာလေးတည်းမယ့် ညောင်ကန်အေးကျောင်းကို ရောက်တော့ ကားသမားက ဦးဇင်းလဲရောက်ဖူးအောင်ကျောင်းပေါ်ကို ကြွပါဆိုလို့ ကျောင်းပေါ်ထိ ရောက်သွားပါတယ်။ ဘုန်းကြီးကလည်း သဘောကောင်းပါတယ်။ ကိုယ်ရယ် ဆရားလေးရယ်ကို အအေးတွေတိုက် စကားတွေပြောနဲ့ နောက်ပြီး ဘယ်မှာတည်းမှာလဲ တည်းစရာမရှိရင် သူ့ကျောင်းမှာတည်းလို့ရတဲ့ အကြောင်းပြောတော့ တော်တော်ကို စိတ်ချမ်းသာ သွားတာပဲ။ ဘာပြုလို့လဲဆိုတော့ မန်းလေးမှာတောင် မသိဘူးဆိုရင် အခုလိုတည်းခိုဖို့ဆိုတာမလွယ်တာလေ။ နောက် ကပုန်းကျောင်းကို ခရီးဆက်ရပါတယ်။ ရောက်ရောက်ချင်း ဘုန်းကြီး ဦးအိန်ဒက ကို ၀တ်ချ စကားလေး ဘာလေးပြော၊နောက် ဧည့်သည် အာဂန္တုတွေ တည်းဖို့ဆောက်ထားတဲ့ ကျောင်းက သိမ်ခန်းထဲမှာ နေရာပေးပါတယ်။ အဲဒီသိမ်ခန်းထဲမှာလည်း ကိုယ့်အရင် သီဟိုဠ်ကနေ ရောက်နှင့်နေကြတဲ့ ဦးနန္ဒာစာရ၊ဥိးကေသရ၊ဦးသောဘနတို့နဲ့အတူနေရပါတယ်။ နောက် ဒုလ္လဘ၀တ်နေတဲ့ ကိုဖုန်းနဲ့လည်းတွေ့ပါတယ်။ဦးကေသရတို့က မလေးရှားအရင်ရောက်နှင့်သူတွေဆိုတော့ အပြင်ထွက်ရာမှာ သူတို့နဲ့အတူလိုက်ပြီး လမ်းကြောသိအောင် စပြီးလုပ်ရပါတော့တယ်။ ကျောင်းနဲ့ မနီးမဝေးဖြစ်တဲ့ ကပုန်းစင်ထရယ် ဘူတာကို ကျောင်းကနေ လမ်းလျောက်သွားပြီး ရထားလက်မှတ်ဖြတ်။ ရထားစီး ပြီး ကေအယ်စင်ထရယ်မှာဆင်း ။ အဲဒီကနေမှ တစ်ဆင့် ဈေးဝယ်ဝယ် လေယဉ်လက်မှတ် ဖြတ်ဖြတ် လက်မှတ် ချိန်းချင်လည်း ချိန်း အဓိက နေရာဖြစ်နေပါတယ်။ ပြီးကျောင်းပြန်လာ ဒါလောက်ပါပဲ။ ဒါပေမယ့် နေရာ အနေအထား တွေ သိပ်မသိသေး။ ဆွမ်းစားကွမ်းစား မလိုက်ခင် အသုဘ အရင်လိုက်၇တယ်ထင်တာပဲ။ မြန်မာတစ်ယောက် ည အိပ်နေတုန်း မနက်သွားနှိုးတော့ အသက်မရှိတော့ဘူးတဲ့။ သိတဲ့သူတွေကတော့ အရက်သောက်ပြီး အိပ်တာနေမှာတဲ့။ သင်္ချိုင်းကတော်တော်ဝေးဝေး သွားလိုက်ရတယ်။ ဦးထေရိန်ရယ် ဦးစန္ဒာသီရိရယ် ကိုယ်ရယ် သုံးပါး ။ နေ့လည် နေကပူပူနဲ့လေ။နောက် ဆွမ်းစားတွေ ပရိတ်ရွတ်ပွဲတွေ ဟာ တနင်္ဂနွေ နေ့တိုင်းလိုလိုမှာ ရှိနေတာပါပဲ။ ဒါပေမယ့်လည်း လှူတဲ့သူတွေ ရှိသလို ယူတဲ့သူ ရဟန်းတော်တွေကလည်း နေရာအနှံ့အပြားက နေ လာကြလို့ များတဲ့အတွက်ကြောင့် တစ်ခါပင့် သုံးပါး အလွန်ဆုံး ဖြစ်တာကြောင့် အလှည့်စောင့်ရတာတွေလည်း ရှိပါရဲ့။ စရိတ်စကစသည်ဘာညာကတော့ သီဟိုဠ်က ဆွမ်းစားတစ်ဆယ်ခါ လိုက်တာနဲ့ ဒီက ဆွမ်းစားတစ်ခါလိုက် ညီမျှလောက်ပါပေတယ်။ နောက် အတူပါလာပြီး ဦးသြဘာကျောင်းမှာ တည်းနေတဲ့ သောမကနေ ဖုန်းဆက်ပြီး မလေးရှားမှာ နာမည်လည်းကြီး လူသွားလည်းများ လိုက်ပို့နေတဲ့သူလည်း ရှိတဲ့ ဂန်တင်း ဟိုက်လန်းကို လိုက်မလားဆိုပြီး ပြောတာကြောင့် ကိုယ်နေထိုင်ရာ ကပုန်းကျောင်းကနေ သူတို့နေထိုင်တဲ့ ဦးသြဘာကျောင်းကို သွား ။ ပြီး ကြိုပို့လုပ်ပေးနေတဲ့ ကိုတိုနီကားနဲ့ နေ့လည် ၂ နာရီလောက်မှာ ထွက်။ တော တောင်တွေက သာယာသလို ခင်းထားတဲ့ လမ်းကလည်း ဖြူးလို့ တောင်ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အအုံတွေကလည်း သပ်ရပ်ခန့်ညား ချီးမွမ်းဖွယ်ရာ မြင့်မြင့် ကြီးကျယ်ပါပေ့။ ဒကာကြီး ကိုတိုနီကနေ တောင်ပေါ်မှာနေတဲ့ သူ့တပည့်တစ်ယောကို ဖုန်းဆက်ပြီး ကောင်းကင်ကြိုးရထားလုံးဖြင့် တက်လို့ရမရ ကြိုမေးထားတာကြောင့် ရလို့မို့ ကောင်းကင်ရထားလုံးနဲ့ မြင့်မားရှည်လျားတဲ့ တောင်ကြီးပေါ်သို့ ရထားလုံးနဲ့ ကိုတိုနီရယ် သောမ၊ဦးအာလောတို့နဲ့အတူ တက်။ ဟိုရောက်တော့ ဒကာကြီးကနေ သူ့တပည့်ကို အကုန်လိုအပ်ရာရာတွေ လုပ်ပေးဖို့ အပ်ထားခဲ့ပြီး ပြန်သွားပါတယ်။ ရှုခင်းတွေ ဆိုင်တန်းတွေကို ကြည့် ပြီး တည်းမယ့် ဟော်တည်ရဲ့ အခန်းကိုသွား။ နောက် ၉ နာရီလောက်ကျတော့ မျက်လှည့်ပွဲ သွားကြည့်ဖြစ်ပါတယ်။နောက်ရက် မနက်မှာတော့ ကိုတိုနီတပည့် ဒကာကြီးကပဲ ကိုယ်တို့ဘေး အခန်းက မြန်မာစုံတွဲကိုပါခေါ်ပြီး ထမင်းဆိုင်မှာ ထမင်းစား။နောက် လိုက်ပို့စရာတွေကို လိုက်ပို့ပါတယ်။ မနက်ခင်းမို့လား မသိ တောင်ပေါ်ရာသီ ဥတုက မြူနှင်းတွေနဲ့ အုံ့ဝေနေပြီး အေးစိမ့်နေပါတယ်။ အအေးကြောက်လှတဲ့ ဦးအာလောကတော့ အင်္ကျီ အထပ်ထပ်နဲ့ ကိုယ်ကတော့ ခြေဖျားတွေ အေးတတ်လို့ ခြေအိတ်ဝတ်ထားရပါတယ်။ ဒကာကြီးမှလည်း သူသိတာတွေကို အကုန်ရှင်းပြပါတယ်။ အကုန်လှည့်ပြပီးလို့ ကုန်တော့ အပြန်ကိုလည်း လိုင်းကားဂိတ်ကို လိုက်ပို့ပါတယ်။ လိုင်းကား စီးပြီး ဂိတ်ရောက်တော့ ကိုတိုနီက သူ့ကားနဲ့ လာကြိုပါတယ်။ သူကလည်း အလုပ်များသူဆိုတော့ စောင့်လိုက်ရတာ နှစ်နာရီလောက်တောင် ကြာသွားသလားပဲ။ ဘယ်သူမှ ကိုယ်တို့ဘုန်းကြီးတွေကို အရေးတယူမလုပ်ကြပါဘူး။ ရေဆာလို့ ရေ၀ယ်တာတောင်မှ မျက်နှာငယ်ငယ်နဲ့ရယ်ပါ။ ဒါကြောင့် ဦးအာလောကြီးက စိတ်တွေ တတိုတို ဖြစ်နေတော့တာပါ။ အဲဒါကတော့ မလေးရောက်တဲ့ ဘုန်းကြီးတိုင်း ရောက်ကြမယ့် ခရီးပါပဲ။နောက် သင်္ကြန်နားနီးပြီး သင်္ကြန်ကျပါတယ်။ လူတွေကတနင်္ဂနွေနေ့မှာပဲ အားတာဆိုတော့ ကျောင်းလာကြ၊ တရားနာ ဒုလ္လဘ၀တ်ကြပေါ့လေ။ နှစ်ဆန်းတစ်ရက်နေ့ကျမှပဲ ရေကောင်းကောင်းလောင်းနိုင်ကြပါတယ်။ ဒါတောင် ရဲတွေက လမ်းကနေစောင့်ပြီး ဖမ်းနေတယ်ဆိုတော့ လာချင်ပေမယ့် မလာနိုင်သူတွေလည်း ရှိပါသေးတယ်။ အဲဒီနေ့ မနက်မှာပဲ ကျောင်းမှာရှိတဲ့သံဃာအားလုံးဒုလ္လဘတွေပါ ဆွမ်းစားတွေလိုက်ကြရပါတယ်။ ရလဲရကြပါတယ်။ ကိုယ်ကတော့ ဂျင်းဂျမ်းဆိုတဲ့ အရပ်ရယ်။နောက် တစ်နေရာရယ်ကို သွားပြီး သီလပေး တရားဟော ပရိတ်ရွတ်ဖတ်ပေးခဲ့ပါတယ်။
သင်္ကြန်ပြီးတော့ ပီနန်မှာ ရွာသားတွေ ရှိတာကတစ်ကြောင်း ရောက်ဖူးချင်တာက တစ်ကြောင်းကြောင့် ဦးထေရိန် ဦးစန္ဒာသီရိတို့နဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ပီနန်မှာတော့တရုတ်တွေများပါတယ်။ကွမ်ရင်မယ်တော်ကျောင်းသွား။နောက်ဒကာ မကြီးရှာလင်တန်ကားနဲ့ ပီနန်ကမ်းခြေရယ်၊ တရုတ်ဘုံကျောင်းကို အရာတော် စန္ဒိမာ၊ စိန္တိတ တို့နဲ့အတူ လျှောက်လည်ဖြစ်ပါတယ်။ ရွာသားတွေနဲ့တော့ တနင်္ဂနွေနေ့မှာ အလုပ်အားရက်ဖြစ်တာကြောင့် ကျောင်းလာကြမယ်ဆိုလို့ အေးအေးဆေးဆေး ပြောမယ်စိတ်ကးထားတာ မနက်ပိုင်းမှာ ဆွမ်းစားခေါ်လို့ သွားလိုက်တာရယ်။ နေ့လည် အသုဘခေါ်လို့ သွားလိုက်တာရယ်ကြောင့် ကြာကြာတောင် စကားမပြောလိုက်ရတော့ပါဘူး။ ဗိုလ်မင်းကတော့ ရင်းဂစ်သုံးရာ လှူသွားပါတယ်။ နောက်ရက်မှာတော့ စန္ဒိမာ၊စိန္တိတို့နဲ့အတူ ကွာလာလမ်ပူကို ပြန်ခဲ့ပါတော့တယ်။ကျာင်းမှာ အတူနေနေကြတဲ့ ဦးကေသရ (စလင်း) ဦးသောဘန၊ဦးနန္ဒာစာရတို့ကလည်း စင်္ကာပူဘက်ကို ခရီးဆက်ကြသလို မြန်မာပြည်ကနေ လာကြတဲ့ ကိုယ်တော်တွေလည်း ပြန်တဲ့သူ ပြန်ကုန်ကြပါပြီ။ နောက် ကိုယ်ကလည်း ညောင်ကန်အေးမှာ တည်းနေတဲ့ သောမကနေ မလေးရှားနိုင်ငံမှာ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ လင်္ကာဝီကျွန်းကို ဒကာတစ်ယောက်ကနေ အခမဲ့ လိုက်ပို့ပေးမှာ လိုက်မလား ခေါ်ထားတာကြောင့် အဲဒီကို သွားဖို့စိတ်ကူးနေတုန်း ခဏမှာပဲ ခရီးကလည်း ကန်ဆယ်ဖြစ်၊သောမကလည်း စင်္ကာပူကို လစ်သွားတာကြောင့်ဝေလေလေဖြစ်နေစဉ်မှာပဲ စင်္ကာပူရောက်နေတဲ့သောမကနေ ညောင်ကန်အေး အဖွဲ့သားတွေ မလေးရှားရဲ့ အရှေ့ပိုင်း မြို့ဖြစ်တဲ့ ကွမ်တန်းမြို့ကို ဘုရားဖူးသွားကြမှာ လိုက်ချင်ရင် ကိုတိုနီအမေရဲ့ဖုန်းနံပါတ်ပေးမယ် ဆက်သွယ်လိုက်ဆိုတာနဲ့ ဆက်သွယ်ပြီးတော့ မသွားခင် တစ်ညမှာ ညောင်ကန်အေးကျောင်းကို သွားအိပ်ရပါတယ်။ဆွန်ဂိုင်းဘေစီက ညောင်ကန်အေးကျောင်းမှာ တည်းနေတဲ့ မလေးက ထိုင်းကျောင်းမှာ သီတင်းသုံးနေတာ ကြာနေပြီဖြစ်တဲ့ ဦးဇောတိက ဆိုတဲ့ ဘုန်းကြီးရယ် အတူတူ ကူချိုင်းလားမားက ညောင်ကန်အေးကျောင်းမှာ တည်းခို ညအိပ်ကြရပါတယ်။ တစ်ချို့ အဝေးကလူတွလည်း ကျောင်းကို လာအိပ်ကြပါတယ်။
မနက်စောစောထပြီး လေးနာရီလောက်ကြတော့ ခရီးစထွက်ပါတယ်။ လမ်းခရီးအတွက် စားစရာ သောက်စရာ အပြည့်အစုံနဲ့ပေါ့လေ။ နောက် လမ်းကနေ ကြိုစောင့်ပြီး လိုက်တဲ့သူတွေ လိုက်ကြနဲ့ မလေးရောက်နေတဲ့ ကိုယ်တို့ ရွှေမြန်မာတော်တော်များများ မြင်ခွင့်နဲ့ တစ်ခရီးထဲ အတူတူ သွားခွင့်ရလိုက်ပါတော့တယ်။အဲဒီအထဲစာတန်းက ဘုန်းကြီးနှစ်ပါးလဲပါပါသေးတယ်။ဒါကြောင့် ဘုရားဖူးသွားတဲ့ လိုင်းကားကြီးပေါ်မှာ အားလုံးပေါင်း လူက၄၀ လောက်နဲ့ ဘုန်းကြီးငါးပါးအားလုံးပေါင်း ၄၅ယောက်လောက်ပါပါတယ်။ တစ်ပျော်တစ်ပါးကြီးလို့လဲပြောလို့ရနိုင်သလို၊ တစ်ယောက်နဲ့တစ်ယောက်က သိပ်မသိကြတော့ ခပ်တည်တည်ကြီးတွေ နေနေကြတော့ သိပ်ကြီးလဲ ပျော်စရာမကောင်းပါဘူး။ သိတဲ့အတိုင်း လမ်းတွေကတော်တော်ကောင်းကြပါတယ်။ဒါပေမယ့် လမ်းခရီးတစ် လျောက်က ရှုခင်းတွေကြည့်မယ်စိတ်ကူးထားပေမယ့်ညက ဘောလုံးပွဲကြည့် ထားတာကြောင့်ရယ်၊ ကြော်ကြလှော်ကြနဲ့ ဆူပွက်နေတာကြောင့်ရယ်ကြောင့် အိပ်ရေးပျက်ခဲ့လို့ကားပေါ်မှာအိပ်ငိုက်နေခဲ့ပါတယ်။
No comments:
Post a Comment