Sunday, December 26, 2010

အငွေ့ပျံ အိပ်မက်

သန်းဇော် တစ်ယောက် ဒီနေ့မနက်တော့ မိုးအေးအေးနဲ့မို့ ခါတိုင်းသွားနေကြ ရေမဆေးကျောက် အရှာမသွားတော့ဘဲ သူ့တဲအိမ် စုတ်ထဲမှာ ဘိန်းလေးရှူပြီး အကောင်းဆုံး စည်းစိမ်ကို အပြည့်အဝ ခံစားနေတော့သည်။ မူးယစ်ဆေးကို မသုံစွဲရလျှင် မနေနိုင်တော့လောက်အောင် သူ၏ အသွေးအသားတို့ကလည်း အချိန်ရောက်လျှင် ဆာလောင် တောင့်တလို့ နေတတ်သည်။ ဒါကိုမသုံးရလျှင် သူ၏ စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်ကာ ချွေးစေးများ ပြန်လာပြီး ဒေါသသကြီးဖြင့် အရာရာကို ဝုန်းဒိုင်ကျဲ ပေါက်ကွဲချင်လာတော့သည်။ ဘာအလုပ်ကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ် မရှိတော့သလို ဘယ်အရာကိုမှလည်း စိတ်မဝင်စားနိုင်တော့လောက်အောင် ထိုင်းမှိုင်း လေးလံပြီး ခန္ဓာကိုယ်မှာလည်း အလွန် ညောင်းညာ ကိုက်ခဲလာတော့သည်။ ဒီလက္ခဏာဆိုသည်က မူးယစ်ဆေးဝါးသုံးစွဲသူတိုင်း ကြုံတွေ့ရတတ်သည့် အရာများသာ ဖြစ်သည်။ မကောင်းပါဘူးဟု လူတိုင်းပြောနေကြသော မူးယစ်ဆေးဝါးသည် တကယ်တမ်းတော့ အာရုံတွင် ခံစားမှုအား ကောင်းလွန်းသောကြောင့် သုံးစွဲဖူးသူတိုင်း ဖြတ်မရနိုင်လောက်အောင် စွဲလန်းမိကြလေသည်။

မူးယစ်ဆေးဝါးကို စွဲလန်းမိလျှင် အချိန်တန်လို့မှ မသုံးစွဲရလျှင် မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်ခြင်းများ၊ စိတ်မငြိမ်မသက်မှုများ ဖြစ်လာရတော့သည်။ ထိုခံစားမှုတွေကို ဘယ်လိုမှ မခံစားနိုင်တော့သည့် အဆုံးတော့ မူးယစ်ဆေးကို အသည်းအသန် လိုက်လံရှာဖွေရခြင်း၊ မူးယစ်ဆေးရနိုင်ဖို့ နည်းလမ်းများကို ကြံမိကြံရာ ကြံစည်ခြင်းတို့ဖြင့် နောက်ဆုံးတော့ အိမ်ရှိလူများထံ ဓားပြတိုက်သကဲ့သို့တောင်း၊ မပေးလျှင် အိမ်မှပစ္စည်းခိုးဝှက်ရောင်း၊ အိမ်ကပစ္စည်း မရှိလျှင် သူတစ်ပါးလှမ်းထား ပြုထားသော ထမိန်စုတ်လေးပင် မချန်အောင် ခိုးဝှက်ကာ မူးယစ်ဆေးနှင့် လှဲလှယ်ရသည့်အဖြစ်ကို ရောက်ရတော့သည်။ ယခုလည်း သန်းဇော် တစ်ယောက် မူးယစ်ဆေး သုံးစွဲနေကျအချိန်တွေဆိုလျှင် မည်သို့မျှ နေလို့ထိုင်လို့ မရတော့ဘဲ သူ့ရဲ့ ခြေလှမ်းတွေက ဆေး ရောင်းသည့် နေရာကိုသာ ခြေဦးလှည့်နေမိတော့သည်။ မူးယစ်ဆေး သုံးပြီးချိန်တွင်တော့ လေဟာနယ်ထဲမှာ သူ့စိတ်တွေက လွင်မျောချင်တိုင်း လွင့်မျောနေလေတော့သည်။ တစ်ခါတစ်ရံ ကောင်းကင်ဘုံ ရောက်သွားလိုက်၊ နတ်သမီးတွေနှင့်တွေ့လိုက် စိတ်အာရုံတစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး ဘယ်အလုပ်မဆို တက်တက်ကြွကြွ လုပ်ချင်စိတ်တွေဖြင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း ပေါ့ပါး လန်းဆန်းလို့ ရွှင်လန်း နေလေတော့သည်။

သန်းဇော်သည် တကယ်တမ်းတော့ ဒီမှော်နယ်မြေမှာ မွေးဖွားကြီးပြင်းသူ တစ်ယောက်မဟုတ်ပါ။ (၁၀)တန်း အောင်ပြီးချိန်တွင် တက္ကသိုလ် ဆက်တက်ရန်အတွက် ကိုယ်တိုင် ပိုက်ဆံရှာချင်သဖြင့် ငွေရှာလို့ အင်မတန်လွယ်ကူပြီး ကံကောင်းပါက နေ့ချင်းညချင်း သူဌေးဖြစ်သွားနိုင်သော ကမ္ဘာကျော် ကျောက်စိမ်း ထွက်ရှိရာ ဖားကန့်မှော်နယ်မြေသို့ အသိတစ်ယောက်နှင့်အတူ လိုက်လာခဲ့ပြီး မျော်လင့်ချက်တွေနှင့် သူဌေး ဖြစ်မည့် အခြေအနေကို စောင့်နေသူသာ ဖြစ်လေသည်။ မှော်ထဲရောက်တာ အချိန်တွေကြာလာတော့ သန်းဇော် တစ်ယောက် ဒီမှော်နယ်မြေ မှာ အတတ်ပေါင်းစုံတတ်ပြီး ပျော်ပိုက်နေခဲ့ပြီ။ ငွေ ကလည်း ကျောက်ရှာနိုင်လျှင် ရှာနိုင်သလောက် ရနေလေတော့ အသုံးအဖြုန်းကလည်း ကြီးလာသလို အပေါင်းအသင်းတွေကလည်း စုံလာပါတော့သည်။ ကျောက်ကောင်းလေး ရလိုက်၍ သူ၏လက်ထဲတွင် ငွေစလေးများ ရွှင်နေချိန်များတွင်တော့ အပေါင်းအသင်းများနှင့် ကာရာအိုကေ၊ အနှိပ်ခန်း ၊ အရက်ဆိုင်၊ ဘိန်းခန်းများကို တပျော်တပါး သွားကြတော့သည်။ မူလရည်ရွယ်ချက်ဖြစ်သော တက္ကသိုလ် ဆက်တက်ဖို့ကိုလည်း စိတ်မ၀င်စားတော့သလို လက်ထဲ ငွေရလာလျှင်လည်း အိမ်ကိုလည်း ပိုက်ဆံ မပို့ပေးနိုင်ချေ။ ဒီနေ့ ကျောက်ရှာလို့ရပြီး ရောင်းရလို့ လက်ထဲငွေရှိနေသော်လည်း တစ်ချိန်တည်းကုန်အောင် သုံးဖြုန်းပစ်သောကြောင့် နောက်နေ့တွင် လက်ထဲ ငွေတစ်ပြားမှ မကျန်တော့အောင်လည်း ဖြစ်သွားတတ်သည်။ ပြီးလျှင်လည်း ကျောက်ရှာ၍ မရသော နေ့တွင် ငွေလည်း မ၀င်သောကြောင့် ထိုနေ့အဖို့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေရသည်။

တကယ်တော့ ဒီငွေ ရဖို့ အတွက် ရေမဆေးကျောက် ရှာရသော သူတို့၏ ဘ၀သည် အသက်နဲ့ရင်းပြီး ရှာဖွေနေရကြောင်း သန်းဇော် တစ်ယောက် သိပေမဲ့ အသိခေါက်ခက် အဝင်နက်နေတာသာ ဖြစ်လေသည်။ မှော်နယ်မြေတွင် ကျောက်တူးတာ မဟုတ်ဘဲ စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွေကြခြင်းကို “ရေမဆေး သွားကောက်သည်။ ရေမဆေးကျောက် သွားရှာသည်” ဟု ပြောဆိုကြပြီး ကျောက်ရှာသူတွေကိုတော့ “ရေမဆေးသမား” ဟု ခေါ်ဆိုကြလေသည်။ ကုမ္ပဏီ လုပ်ကွက်များမှ စိတ်ကြိုက်ရှာဖွေ စစ်ဆေးပြီး၍ ကျောက်မရှိလောက်တော့ ယူဆကာ စွန့်ပစ်သော မြေစာ (သဲကျောက်မြေ) များကို မြေသယ်ကားများ ဘက်ဖိုးများဖြင့် သယ်ယူသွားကြပြီး မြေကြီးများစွန့်ပစ်ရန် သတ်မှတ်ထားသော တောင်ပေါ်အမြင့်မှ နေ၍ ၄င်းမြေစာများကို တောင်အောက်သို့ ကားတစ်စီးလိုက် သွန်ချလိုက်ကြခြင်းပဲ ဖြစ်လေသည်။ ယင်းမြေကြီးများ တစ်ဖြေးဖြေး အပုံကြီး ဖြစ်လာသည်ကို မြေစာပုံဟု ခေါ်ဆိုကြလေသည်။ ရေမဆေးသမား (ကျောက်ရှာတဲ့သူ) များမှာ တောင်အောက်တွင်ရော တောင်ခါးပန်းနေရာတို့တွင်ပါ စွန့်ပြစ်လိုက်သော မြေစာပုံထဲမှ ကျောက်ဟုထင်ရသော အရာများကို အလုအယက် တိုးဝှေ့ကာ စိန်တူဖြင့် ခေါက်ကြည့်ပြီး ကျောက်စိမ်း ဟုတ်လောက်သည်ဟု ထင်ရသော ကျောက်များကို သူတို့၏ လွယ်အိတ်လေးထဲသို့ ကောက်ထည့်ထားလိုက်ကြသည်။

မှော်ထဲတွင် အနေကြာပြီး ကျောက်ရှာနေကြသော လူများစုကတော့ သာမာန်ကျောက်ခဲနှင့် ကျောက်စိမ်းတို့ ကွဲပြားမှုကို ခွဲခြားသိနေနိုင်ကြပါပြီ။ ကျောက်စိမ်းမှာ အပေါ်ယံလွှာတွင် ချော်တွေဖုံးလွမ်းနေတတ်ပြီး ကျောက်ခဲတစ်လုံးတွင် ချော်များဖုံးလွှမ်းနေလေ့ မရှိပေ။ မြေစာပုံတွင် အလုအယက် ကျောက်စိမ်းများ ရှာဖွေနေစဉ် အခြားမြေသယ်ကားများ ရောက်လာကာ သဲကျောက်မြေ များကို တောင်တောင်အောက်သို့ သွန်ချ စွန့်ပစ်လိုက်ပြန်လျှင် ဇောဖြင့် ရှာဖွေနေကြသော လူအုပ်ကြီးမှာ တောင်အောက်သို့ လိမ့်ဆင်းလာတတ်သော ကျောက်ခဲကြီးများ၏ အန္တရာယ်မှ ကင်းလွတ်အောင် အလု အယက် တိုးဝှေ့ထွက်ပြေးကြပြန်ပါသည်။ အချို့မှာ လူအုပ်ကြီးက များလှပြီး တောင်စောင်းတွင် ရှာဖွေနေခြင်းဖြစ်သောကြောင့် ရုတ်တရက် ပြေးမလွတ်နိုင်တော့ဘဲ ကျောက်စိမ်း မရသည့်အပြင် ကျောက်ခဲထိမှန်ခြင်းကြောင့် ခေါင်းပေါက် ၊လက်ကျိုး၊ ခြေကျိုး၊ ခါးကျိုးပြီး ဆေးရုံသို့ ရောက်သွားကြရသည်။ ထို့ထက် ကံဆိုးသူတစ်ချို့မှာတော့ ပြုတ်ကျလာသော ကျောက်တုံးများကို မရှောင်နိုင်ကြတော့ဘဲ ကျောက်တုံး ပိမိခြင်း၊ ကျောက်တုံး ထိမှန်ခြင်း၊ ပြိုကျလာသော မြေစာပုံကြီး ဖိမိခြင်း တို့ကြောင့် အသက်ပါ ဆုံးရှုံးကြရသော အဖြစ်မှာလည်း ရေမဆေးသမားတို့ မကြာခန ကြားနေမြင်နေတွေ့နေရသော အခြေအနေသာ ဖြစ်လေသည်။ ထို့ကြောင့်လည်း ရေမဆေးရှာခြင်းမှာ အသက်အန္တရာယ် အလွန်နီးပြီး အသက်နှင့်ရင်းထားရသော အလုပ်လည်း ဖြစ်လေသည်။

မြေဇာပုံ နှင့် ခပ်လှမ်းလှမ် မှာတော့ ဈေးဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ကာရာအိုကေခန်းများ၊ ကျောက်ရှာသူ ကျောက်ဝယ်သူ ရောင်းသူများဖြင့် နေ့ရောညပါ စည်ကားလို့ နေပါတော့သည်။ ကျောက်ဝယ်သည့် လောပန်းများကလည်း ရေမဆေးကျောက် ဝယ်ရအောင် ဆိုင်ခန်းများတွင် ထိုင်စောင့်နေလေ့ ရှိတတ်ကြသည်။ ရေမဆေးကျောက်ဆိုသည်မှာ မြေစာပုံမှ ရလာသောကျောက်ကို ရေမဆေးရသေးဘဲ ဒီအတိုင်း ရောင်းကြတာဖြစ်လေသည်။ အထဲတွင် ဘာကိုမှ မမြင်တွေ့ရသောကြောင့် ကျောက်တစ်လုံးကို အပေါ်ယံကြည့်ယုံဖြင့် အောင်မည် မအောင်ဘူးဟု အတတ်ပြော၍ မရနိုင်ပါ။ ထို့ကြောင့်လည်း ကျောက်ကို ရေဆေးလိုက်လျှင် အခြေအနေ ကောင်းသွားလျှင်တော့ တော်ပါသေးသည်။ မကောင်းခဲ့ဘဲ ခပ်ညံ့ညံ့ ကျောက်တစ်လုံး ဖြစ်နေခဲ့ပါက အသက်နှင့်ရင်းကာ ရှာရသော ကျောက်လေးကို နှမြောလှသဖြင့် တစ်ချို့သော သူများက ကျောက်ကို ရေမဆေးတော့ဘဲ ဒီအတိုင်းမြေကြီးပေါ်က ရသည့် သဘာဝပုံအတိုင်းသာ ရသလောက်နှင့်သာ ရောင်းလိုက်ကြခြင်း ဖြစ်ပါသည်။

တစ်ချို့ လောပန်းများသည် ကျောက်ရှာသူ လူငယ်လေးများကို ထမင်းကျွေး၊ အသုံးစရိတ် ပေးကာ တဲ လေးဆောက်ပြီး ခေါ်ထားတတ်ကြသည်။ ကျောက်ရခဲ့လျှင် ဝေစားမျှစားပြုကြပြီး ရေမဆေး ကျောက်ကောင်းလေးများ ရလာခဲ့လျှင် ဝယ်သူများကလည်း သူ့ထက်ငါ ဈေး ပြိုင်ပေးပြီး ဝယ်တတ်ကြပါသည်။ ကျောက်ပိုင်ရှင်ဖြစ်သူက ကျောက်ကို အပြတ်မရောင်ချင်လျှင်တောင် ရှယ်ယာတစ်ဝက်ပဲ ရောင်းပြီး ဝေစုကို ပြန်ခွဲယူတတ်ကြပါသည်။ ဥပမာ သိန်း ၃၀ တန်ကျောက်ဆိုပါက ၁၅သိန်းသာ ငွေကိုယူလိုက်ပြီး သူက ၁၅သိန်းကို ကျောက်ထဲ ရှယ်ယာပါသည့်သဘော ဖြစ်လေသည်။ ၄င်းကျောက်အား သိန်း ၆၀ ရောင်းထွက်သွားလျှင် ကျောက်ပိုင်ရှင်က သိန်း ၃၀ ရမည် ဖြစ်လေသည်။ ငွေသား ၁၅သိန်းထည့်သူက သိန်း၃၀ ရမည် ဖြစ်သည်။

ရေမဆေး ရှာသူ သန်းဇော် တစ်ယောက်ကတော့ အတတ်စုံလာသော သူ့ဘ၀တွင် ကျောက်ရှာ၍ ရသောငွေများကို အငွေ့အဖြစ် ပြောင်းလဲလိုက်၊ အရည်အဖြစ်ပြောင်းလဲလိုက်နှင့် သူ့စိတ်ကို ကြည်လင်ရွှင်ပျစေသော မူးယစ်ဆေးဝါးများသာ သူ့အတွက် အဓိက အဖော် ဖြစ်နေပါတော့သည်။ စားစရာသာ မရှိလျှင်သာ နေရမည်။ မူးယစ်ဆေးဝါး အတွက်တော့ သူ မရ ရအောင်ကြံဖန်တတ်ပါသည်။ ည ရောက်ချိန်တွင် သန်းဇော်သည် သူ့တဲအိမ်လေးထဲတွင် ချိတ်ဆွဲထားသော ကျောက်ရှာဓါတ်မီးနှင့် စိန်တူကို ဆွဲယူလိုက်ပြီး လွယ်အိတ်ကိုလွယ်ကာ ကျောက်ရှာဖို့ ရေမဆေးကုန်းသို့ ထွက်လာတော့သည်။ သူရောက်သွားတော့ ရေမဆေးကျောက်ရှာသူ တော်တော်များများ ရောက်ရှိနေကြပြီး ရှာဖွေနေကြလေပြီ။ ဟိုး အဝေးက ကြည့်လိုက်မည်ဆိုလျှင် ည အမှောင်ထု အောက်တွင် ဓါတ်မီး တလက်လက်ဖြင့် ကျောက်ရှာနေကြသော မြင်ကွင်းသည် မဲမှောင်နေသော ကောင်းကင်ယံမှာ လင်းလက်တောက်ပ နေသော ကြယ်တာရာများအတိုင်း လှပစွာ ဆွဲဆောင်မှုရှိစွာဖြင့် အင်မတန် ကြည့်လို့ ကောင်းတဲ့မြင်ကွင်းလေး အဖြစ်တည်ရှိနေသည်။ တကယ်တမ်း သူတို့ရဲ့ ဘဝတွေကတော့ ဒီလို လင်းလက် တောက်ပနိုင်ဖို့ အသက် ကိုရင်းပြီး နေ့ ရော ညပါ အားကျိုးမာန်တက် ရှာဖွေနေကြရသည်။ ကံကောင်း၍ ကျောက် ကောင်းလေးရပြီး လင်းလက်တောက်ပ သွားကြတဲ့ သူများရှိသလို ကံဆိုးစွာနှင့် ကျောက်ခဲမှန်၊ တောင်ပေါ်မှ လိမ့်ကျ၊ မြေပြိုကျပြီး ကြွေကြသွားကြရရှာတဲ့ ကြယ်ပွင့်လေးတွေလည်း ဒုနဲ့ဒေးသာ ဖြစ်လေသည်။

သန်းဇော် ဓါတ်မီးလေးထွန်း၊ စိန်တူလေးထုတ်ကာ လူအုပ်ထဲသို့ အလုအယက် တိုးဝှေ့ပြီး ကျောက်စိမ်းတွေ့ရဖို့ ရှာဖွေပါတော့သည်။ သူတို့ တောင်အောက်က မြေစာပေါ်တွင် ကျောက်ရှာနေစဉ် အပေါ်မှသွန်ချလာသော မြေစာများမှ ကျောက်ခဲကြီးများ ပြုတ်ကျလာသဖြင့် လွတ်အောင် အမြန်ဆုံး ထွက်ပြေးရသေးသည်။ ပြုတ်ကျလာသော မြေစာများ၊ ကျောက်ခဲများ ငြိမ်သွားတော့မှ ထိုမြေစာများထဲမှ ကျောက်ခဲများကို စိန်တူ ဖြင့် ခေါက်ခေါက်ပြီး ကျောက်စိမ်း ဟုတ်လောက်သည်ဟု ထင်ရသော ကျောက်များကို လွယ်အိတ် ထဲသို့ ကောက်ထည့်ထားလိုက်တော့သည်။ ကျောက်ရှာရသည်မှာ လွယ်သည်တော့မဟုတ် လက်တစ်ဖက်က ဓါတ်မီးကိုကိုင်၊ ကျန်လက်တဘက်က စိန်တူကို ကိုင်ပြီး ခါးကိုကုန်း၍ ကျောက်ခဲများကို လိုက်လိုက်ခေါက်သည်ဲ့ အတွက် သူ၏ ခါးမှာလည်း ညောင်းညာကိုက်ခဲ လာပါတော့သည်။ သည်တွင် တွေးလိုက်မိသည့်အတွေးက ကျောက်ကောင်းလေး တစ်လုံးရလိုက်လို့ လောပန်း များဖြစ်သွားခဲ့လျှင်တော့ အနှိပ်ခန်းမှာ ဇိမ်နှင့် နှပ်ပြီး ဘိန်းကို အားရပါရ အဝရှူ ပြစ်လိုက်ဦးမည်ဟူ၍ ဖြစ်ပါတော့သည်။

ည အတော်လေးနက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ လေးလံထိုင်းမှိုင်းစပြုလာပြီး မကြာခဏ အာ ကလည်း သန်းလာသည်။ စိတ်ကလည်းပုံမှန် မဟုတ်တော့ဘဲ ခြောက်ခြားစပြုလာလေပြီ။ သူ သိလိုက်ပြီ ။ ဒီဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ ဆေးဝါးကောင်းလေးတော့ သူ လိုအပ်နေပြီ… တိမ်တွေထဲမှာ၊ စိတ်ကူးတွေထဲမှာ လွင့်မျောပြီး ဖြစ်ချင်တာမှန်သမျှ ဖြစ်ခွင့်ရအောင် ပုံရိပ်ရောင်တွေ ဖန်ဆင်းပေးနိုင်သော “မူးယစ်ဆေး” ။ ဒါကို သူလုပ်မှ ဖြစ်တော့မည်။ ဒါမှ မဟုတ်ရင်တော့ သူ ဒီဝေဒနာ တွေကို ဘယ်လိုမှ ခုခံနိုင်စွမ်းမရှိ။ ကျောက်ခဲ မှန်၍ ခေါင်းပေါက်သွားလျင်တောင်မှ ခံနိုင်ရည် ရှိချင်ရှိဦးမည်။ သူ့အသွေးအသားများက မူးယစ်ဆေးကို တောင့်တလျှင်တော့ ခံနိုင်ရည် မရှိတော့ပါ။ ထို့ကြောင့် ကျောက်ရှာနေရာမှ ရပ်တန့်လိုက်ပြီး သူ့ရဲ့ ခြေလှမ်းများက သွားနေကြ သူ့ရဲ့ ဘုံဗိမ္မာန် လေးဆီသို့ ဦးတည်လိုက်တော့သည်။ သူ့ ရဲ့  ဘုံဗိမာန်လေး ဆိုတာက မူးယစ်ဆေးဝါး မျိုးစုံကို တိတ်တိတ်ပုန်း ရောင်းချနေသော တောအုပ်လေးထဲက ဘိန်းခန်းတဲလေးပဲ ဖြစ်ပါတော့သည်။

အင်္ကျီ အိတ်ကပ်ထဲသို့ လက်နိုက်ပြီး ကြည့်လိုက်တော့ ပိုက်ဆံက အနည်းငယ်သာ ကျန်တော့သည်။ သူ တစ်ချက် တွေဝေသွားမိသည်။ ဘိန်းခန်း သွားလိုက်ပါက သူ့မှာ ရှိသမျှ ပိုက်ဆံ အားလုံးကုန်တော့မည် ဆိုတာသူ သိနေသည်လေ။ မနက် ဗိုက်ဆာလျှင် ဘယ်လိုလုပ်မလဲဟု တစ်ချက်တွေးလိုက်တော့ ကောက်ညှင်းပေါင်းနှင့် အကြော် ရောင်းသည့် ဒေါ်စိန်၏မျက်နှာကို ကွက်ကနဲ မြင်ယောင်လိုက်မိသည်။ “ ဟုတ်သားဘဲ… ဒေါ်စိန် ရှိနေသည်ပဲ ဘာပူစရာလိုလို့လဲ…. ” ဟု သူတဆက်တည်း တွေးမိလိုက်သည်။ ဒေါ်စိန် ဆိုတာက အသက် ၅၀ ကျော်လောက်ရှိပြီး ရေမဆေးကုန်းနားလေးမှာ ၁၂ နှစ်အရွယ်သူ့ တူမလေးနှင့် အတူတူနေကာ ကောက်ညှင်းပေါင်းနှင့်အကြော် ရောင်းသူဖြစ်ပါသည်။ သူ့ ယောက်ကျား ရှိစဉ်အခါကတော့ ကိုယ်ပိုင် ရွှေကျင်းလေးထောင်ပြီး အဆင်ပြေပြေ နေလာနိုင်ခဲ့သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် သူတို့၏ ရွှေကျင်းပြိုချိန်တွင် ဒေါ်စိန်၏ ယောက်ျားနှင့်အတူ သားတစ်ယောက်အပါအ၀င် လုပ်သားတစ်ချို့ ကျင်ပြိုသည့်အထဲ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရလေသည်။ ကျင်းပြိုပြီး အမှုတွေ ဘာတွေ ဖြစ်တော့ ရှိသမျှ ပစ္စည်းတွေလည်း လျှော်ကြေးပေးရသည်နှင့် အားလုံး ကုန်သွားပြီး ဆင်းရဲချို့တဲ့စွာ ရှာဖွေ စားသောက်ရလေတော့သည်။ သို့သော်လည်း ဒေါ်စိန်သည် လောကဓံ မုန်တိုင်းတွေကို ကြံကြံခံပြီး သီလ ကို လုံအောင်ထိန်းသလို၊ ဘုရား တရား သံဃာကိုလည်း ယုံကြည်ကိုးကွယ်ကာ လူတိုင်းအပေါ် မေတ္တာ ထားတတ်သူ ဖြစ်လေသည်။

သူ့ကိုလည်း သားတစ်ယောက်လို သဘောထားပြီး အမြဲဆုံးမနေတတ်ကာ စေတနာထားတတ်သူ ဖြစ်သည်။ သူကတော့ ပိုက်ဆံပြတ်၍ စားစရာမရှိ ငတ်နေချိန်တွင်သာ သတိရပြီး ဒေါ်စိန်ဆီသို့ ရောက်သွားတတ်ပါသည်။ ဒေါ်စိန်ကတော့ သူ ရောက်သွားလျှင် သဘောပေါက်ပြီးသား ဖြစ်သည်။ ရှိတာချကျွေးပြီး ဆုံးမစကားလည်း ပြောတတ်ပါသည်။ တခါတလေတော့လည်း သူ့စိတ်ထဲ အားတော့နာမိပါသည်။ ကျောက်ရခဲ့လို့ ပိုက်ဆံ အဆင်ပြေလျှင် ဒေါ်စိန်ကို မေ့နေတတ်ပြီး ငတ်သည့်အခါမှသာ သတိရတတ်သောကြောင့်ပါ။ သို့သော်လည်း လက်ထဲ ပိုက်ဆံရောက်လာသည်နှင့် အရာရာကိုမေ့ပြီး သူ့အတွက် အကောင်းဆုံး နေရာတွေကိုသာ သူသတိရတော့သည်မှာလည်း အမြဲပင်ဖြစ်သည်။ ဒီမနက် ဒေါ်စိန်ဆီ သွားဖြစ်ခဲ့လျှင်တော့ သူ ဒီည ရှာလို့ရထားသော ရေမဆေးကျောက်တွေထဲက ကောင်းမည်ဟု ထင်ရသော ကျောက်တစ်လုံးကို ဒေါ်စိန်ကို ပေးလိုက်မည်ဟု စဉ်းစားမိလိုက်တော့ သူ့စိတ်ထဲ ကျေနပ်သွားမိရလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘိန်းခန်းတဲအိမ်လေးကို ရောက်သွားတော့ ထုံးစံအတိုင်း ညစ်ပတ် စုတ်ပြတ် နံစော်နေသော ခေါင်းအုံးတွေ ကိုယ်စီအုံးလို့ လောကစည်းစိမ်ကို အပြည့်အ၀ ခံစားကာ ဇိမ်ကျနေကြသော လူတွေကို စိတ်ပျက်စဖွယ် တွေ့မြင်နေရသည်။ အသက်ကြီးနေပြီဖြစ်သော ဆေးသမား လူကြီးတွေ ရှိနေသလို လူလားမြောက်တာပင် မကြာသေးသည့် အသက့် ၁၆ ၊ ၁ရ နှစ်အရွယ် ချာတိတ်တွေကိုလည်း နှမြောစရာ တွေ့နေရသည်။ တစ်ချို့ကျတော့လည်း မူးယစ်ဆေးဝါ လုပ်တတ်မဲ့ပုံတောင် မပေါ်သေးသည့် သနားကမား ရုပ်ရည်ပိုင်ရှင်တွေက ဆေးပြားလေးတွေကို ရေသန့်ဘူးများဖြင့် အလုပ်ရှုပ်နေကြသည်။ ထို့ပြင် နောက်ဆုံးအဆင့် ထိအောင် ရောက်နေကြသော စုတ်ပြတ် ရွဲပြဲပြီး လူရုပ်ပင် ကောင်းကောင်း မပေါ်ချင်တော့ ဘဲ ပုံသဏ္ဍာန်တွေက မြင်ရသူ အော့နှလုံးနာစရာ၊ စိတ်ပျက်ရွံ့ရှာဖွယ်ရာ ဖြစ်နေကြသည့် သူများ။ ထိုသူများကတော့ နောက်ဆုံးအဆင့် ဆိုသည့်အတိုင်း ဆေးထိုးအပ် (စလင်း) ထဲကို နံပါတ်ဖိုးခေါ် ဘိန်းဖြူ (အဖြူရောင်အမှုန့်) ကိုထည့်ပြီး အပ်ကို လက်မောင် သွေးကြောထဲ ထိုးထည့်ကာ သွေး ကို စုတ်ယူလိုက်ပြီး ပါလောသော သွေးနှင့် နံပါတ်ဖိုး အမှုန့်ကို သမအောင် လှုပ်ခါကာ အကြောထဲသို့ ဖြေးဖြေးချင်း ပြန်သွင်းပြီး စိတ်ကြိုက် မျောလွင့်ကြလေပြီ။

သူတို့ အတွက်က နံပါတ်ဖိုး နှင့် ရေ ရောပြီးထိုးရင်တောင် ပျော့လို့တဲ့ ခန္ဒာကိုယ်က သွေးနဲ့ဘဲလှုပ်ရှားနေကြတော့သည်။ မူးယစ်လောကမှာ ကျင်လည်တာ ကြာလှပြီဖြစ်၍ သူတို့ခန္ဓာကိုယ်ကလည်း တော်ရုံ အဖြူမှုန့်နှင့် ရေကို ရောစပ်ပြီး အကြောထဲ ထိုးသွင်းလျှင်တောင် ဆေးအာနိသင်က သိပ်မထက်နိုင်ဘဲ ပျော့သည်ဟု ဆိုကြကာ ခန္ဓာကိုယ်က သွေး နှင့်သာ နံပါတ်ဖိုးကို ရောစပ်ပြီး သွင်းယူရသည့် အဆင့်သို့ရောက်သွားလေပြီ။ ထိုသူများ၏ ကိုယ်ခန္ဓာထဲတွင် မူးယစ်ဆေးဝါးများက ဘယ်လောက်တောင် လှိုက်စားနေပြီး အသွေးအသားများကို ၀ါးမြိုနေခဲ့ပြီ မသိနိုင်တော့။ သေချာသည်က ပိန်ညောင်ချိနဲ့ကာ ခြေလှမ်းပင် မလှမ်းနိုင်၊ ယိမ်းယိုင်ယိုင်နှင့် လောကကြီးရဲ့ အကျဉ်ခံ လူသားများ ဖြစ်လို့ သွားကြလေပြီ။ တစ်ကိုယ်လုံးတွင်လည်း အနာတွေ ဗရဗွ၊ ၀ဲစွဲ၊ ယားနာစွဲ၊ အေအိုင်ဒီအက်စ်ခေါ် ကိုယ်ခံအားနည်း ရောဂါစွဲသူစွဲနှင့် လူလုံး မလှ ဖြစ်နေပေတော့သည်။ှ

သူကတော့ အဲ့ဒီ အဆင့်လောက်ထိအောင် မရောက်သေးပါ။ အသိတရားလေး ၀င်လာချိန်တွင် ဘိန်းခန်းမှ လူများ၊ လမ်းဘေးမှ ဆေးသမားများကိုကြည့်ကာ သူတို့လို ဘ၀သို့ မရောက်အောင်လည်း တစ်နေ့နေ့တော့ ဒီ ဆေးတွေကို ဖြတ်မည်ဟုလည်း ဆုံးဖြတ်ထားပါသည်။ သို့သော် မဖြတ်နိုင်ခင်မှာတော့ ပုံမှန်လေး မှီဝဲနိုင်ဖို့ ကြိုးစားရပါဦးမည်.. တစ်နေ့နေ့တော့ သူဖြတ်နိုင်မှာပါ… ဘယ်နေ့ဆိုတာသာ သူမသိနိုင်သေး။ ခုလည်း သူ သုံးနေကြ ဘိန်း (ခပ်ပုံ) ကို လက်ကျန်ငွေလေးဖြင့် ဝယ်လိုက်ပြီး “တော်ပါ” ဟုခေါ်သော ဘိန်းရှူသည့် ဝါးလုံးပြောင်းတံ ကို ကောက်ယူလိုက်ကာ တဲလေး၏ အစွန်ဆုံး လွတ်နေသော ထောင့်နေရာလေးသို့ သွား၍ ထိုင်ပြီး အသင့်ချက်ပြီးသား ဘိန်းကို ၀ါးလုံးပြောင်းတွင် အပေါက်ဖောက်ကာ နှုတ်သီးသဏ္ဍာန် ရှိနေသော နေရာတွင် တင်လိုက်ပြီး မီးလေးရှို့လိုက်ကာ အားပါးတရ ရှူရှိုက်လိုက်ပါတော့သည်။ မီးခိုးငွေ့များက၀ါးလုံးခေါင်းထဲရှိ ရေကို ဖြတ်သန်းစေလျှက် အဆုပ်တွင်းသို့ ၀င်ရောက်သွားတော့သည်။ သန်းဇော်သည် ၄င်းဘိန်းလေးနှင့် တော်ပါပြောင်း လေးကို လက်ကကိုင်ရင်း အသံထွက်အောင် ရှုရှိုက်ပြီး စိတ်ကြိုက် လွင့်မျောကာ မိန်းနေလိုက်တော့သည်။ သူ့တကိုယ်လုံး ပေါ့ပါးလတ်ဆတ်လာကာ အာရုံထဲတွင် အလွန်ချောမောလှပသော နတ်သမီးလေးတွေက သူ့ကို ညှို့ငင် ကြည်စယ်နေကြလေသည်။ ၀တ်ထားသည့် အရောင်တွေမှာလည်း စုံလင်လွန်းလှသည်။ အားလုံးဟာလည်း လှပချောမွေ့လို့… ဘယ်နေရာကြည့်ကြည့် အရောင်တွေလည်း လင်းဖြာနေလိုက်သည်မှာ တကယ့်ကို နတ်ပြည်တစ်ခု အလားပင်။



(ဘိန်းရှူပြောင်းတံ ခေါ် တော်ပါ)



အချိန်တွေက ဘယ်လိုကုန်သွားမှန်း မသိလိုက်… သူသတိရ၍ တဲ အပြင်ဘက်ကို ကြည့်လိုက်ချိန်တွင်တော့ အလင်းရောင် ရေးရေးကို တွေ့မြင်နေရပြီ။ မကြာခင် မိုးလင်းပေတော့မည်။ သူ့အသွေး အသားတို့ကလည်း ဆန္ဒပြည့် သွားကြပြီမို့ ငြိမ်းချမ်းသွားကြပြီး စိတ်ဓါတ်များလည်း တက်ကြွလာတော့သည်။ အိပ်ချင်စိတ်လည်း မရှိတော့သည့်အတွက် သူ ရေမဆေးကုန်းသို့ ပြန်လာခဲ့ပြီး ကျောက် ပြန်ရှာနေလိုက်တော့သည်။ မိုးလင်းချိန်တွင် ဒေါ်စိန်၏ ကောက်ညှင်းပေါင်း ဆိုင်လေးဖွင်တာ တွေ့ရတော့ သူ ပျော်ရွှင်ဝမ်းသာသွားမိသည်။ မနေ့ညကတည်းက ဘာမှမစားထားရတဲ့ ဗိုက်က ဆန္ဒပြလွန်းလှပြီ။ သူ့အဖြစ်က အစားထက် အငွေ့ ရှုဖို့ကို အဓိကဦးစားပေးခဲ့ရသည် မဟုတ်လား။ ကျောက်ရှာသည့် အလုပ်ကို ရပ်လိုက်ပြီး ခါးကိုဆန့်ကာ ဒေါ်စိန်၏ ကောက်ညှင်းပေါင်း ဆိုင်လေးသို့ ခြေလှမ်းတွေကို ခပ်သွက်သွက်လေး လှမ်းသွားမိတော့သည်။

သူ့ ကိုတွေ့တော့ ဒေါ်စိန်က “ သား ရေ ခဏ လေးစောင့်ဦး ဒေါ်စိန် ဘုရားဆွမ်းတော်လေးကပ်လိုက်ဦးမယ်” ဟု ဆိုကာ ဆွမ်းတော်ကပ်နေသည်။ သူလည်း ဒေါ်စိန် ဆွမ်းတော် ကပ်နေချိန့် မနေ့ညက ရွေးထားသော ကောင်းမည်ထင်ရသည့် ကျွဲကောသီး အရွယ်သာသာ ကျောက်ကို လွယ်အိပ်ထဲ ကထုပ်ထားလိုက်သည်။ ဆွမ်း ကပ်ပြီးသွားသော ဒေါ်စိန်က “သားရေ ကောက်ညှင်းပေါင်းနဲ့ အကြော်ပူပူလေးစားနော် ကော်ဖီသောက်ချင်ရင်လည်း ကော်ဖီမစ် ထုပ်တွေရှိတယ်” ဟု ဆိုကာ ပါးစပ်ကလည်းပြော လက်ကလည်း ကောက်ညှင်းပေါင်းပန်းကန် ကိုကိုင်လာပြီး သူ့အရှေ့သို့ လာချပေးသည်။ နောက်တော့ ကော်ဖီမစ် တစ်ထုပ်ကို ဆွဲဖြုတ်ပြီး သွားဖျော်ကာယူလာပြန်သည်။ သူက ရယ်ကျဲကျဲဖြင့် ကြည့်လိုက်တော့ ဒေါ်စိန်က အလိုက်သတိပင် “ ပိုက်ဆံမယူပါဘူးသားရယ် စားပါ ”ဟု ဆိုပြီးသူ့အနားတွင် ဝင်ထိုင်ကာ ကောင်းကောင်းမွန်မွန် နေဖို့၊ မူးယစ်ဆေးမသုံးဖို့ ဆုံးမစကား ဆိုပါတော့သည်။

ဒီတစ်ကြိမ်တော့ ဒေါ်စိန်ရဲ့ ဆုံးမစကားများကို သူစိတ်ပါဝင်စားစွာ နားထောင်ပြီး သူ့ဘဝကို နောင်တ ရမိသလိုပင်။ မူးယစ်ဆေးဝါးကို ရအောင်ဖြတ်ပြီး ဘဝကို ကောင်းမွန်စွာနေဖို့ ဆန္ဒတွေလည်း ဖြစ်ပေါ်လာမိသည်။ ဒေါ်စိန်ကိုကြည့်ပြီး ပစ်ထားခဲ့တာ ကြာပြီဖြစ်သော အိမ်တွင်ကျန်ရစ်ခဲ့သည့် မိခင်အိုကြီးကိုလည်း သတိရလာမိတော့သည်။ ခုချိန်တွင် သူ၏မိခင်သည် သူ သေသည်လား ရှင်သည်လားပင် မသိရဘဲ စိတ်ပူနေလောက်ပြီ။ အိမ်ကိုလည်း ငွေမပို့ဘဲ သူရှာသူဖြုန်းဖြင့် အချိန်များစွာ ငွေများစွာ ကုန်ခဲ့လေပြီ။ ဒေါ်စိန်က ဆုံးမပြီး ထထွက်မည်အပြုတွင် သူ ခုနက ထုတ်ထားသော ကျောက်တစ်လုံးကို ဒေါ်စိန်အား လှမ်း၍ ပေးလိုက်သည်။ ဒေါ်စိန်က “မယူပါဘူးသားရယ်၊ သားပဲ ဒီကျောက်လေးကို သေသေချာချာ ရေဆေးပြီးရောင်းပါ” ဟု ပြောလာတော့ သူ ဒေါ်စိန်၏ လက်ထဲသို့ ကျောက်ကို အတင်းထည့်ပေးလိုက်ပြီး “ကျွန်တော် ပေးချင်နေလို့ပါ.. ဒေါ်စိန်က ကျွန်တော့်ကို ကျွေးလာတာကြာပြီ.. ကျွန်တော်က ဘာမှ ပြန်ပြီး မသိတတ်ခဲ့ဖူးဘူး.. ဒီတစ်ခါတော့ ယူထားပေးပါ ” ဟု ပြန်ပြောခဲ့ပြီး တဲအိမ်လေးထဲက ထွက်လာခဲ့တော့သည်။

သူ ဗိုက်တော့ ဖြည့်ပြီးသွားပြီ။ ညကရှာလို့ရထားသော ရေမဆေးကျောက်တွေကို ဒီအတိုင်း ရောင်းရကောင်းမလား သေသေချာချာ ရေဆေးပြီး ရောင်းရကောင်းမလား သူစဉ်းစားလိုက်သည်။ ရေ သေချာဆေးလိုက်လို့ ကျောက်က မကောင်းတော့ရင် ဘယ်သူမှ ဝယ်တော့မှာမဟုတ်၊ ဒါဆို သူသုံးဖို့မရှိ ဖြစ်သွားနိုင်သည်။ အချိန်ရောက်လာရင် ပိုက်ဆံတွေကို အငွေ့အဖြစ် ပြောင်းလဲပြီး တိမ်တွေပေါ်မှာ မျှောလွှင့်ရဦးမည် မဟုတ်ပါလား။ ကျောက်ကို ရေမဆေးဘဲ ဒီအတိုင်း ရောင်းရင်တော့ လောပန်းကအာရုံတက်ပြီး ဝယ်မှာဘဲဖြစ်သည်။ ဈေးကတော့ နည်းပေလိမ့်မည့်။ သူတို့ဘက်ကလည်း ဘာမှမမြင်ရတဲ့ကျောက်ကို ကံစမ်းရသည်ဘဲလေ။ ရေမဆေး ကုန်းနားသို့ သူရောက်သွားတော့ ကျောက်ဝယ်သူ၊ ရောင်းသူများဖြင့် စည်ကားနေသည်။ သူ လွယ်အိပ်လေးထဲက ကျောက် ၄၊ ၅ လုံးကို ထုတ်ယူလိုက်ပြီး လောပန်း တစ်ယောက်ကို ပြသည်။ ဈေးက သူလိုချင်သည့် ဈေးထက် နည်းနေသည်မို့ မရောင်းဖြစ်ဘဲ တစ်ခြားလောပန်း တစ်ယောက်ကို ပြန်ပြသည်။ ဒီတစ်ခါတော့ ဈေးက ပထမလောပန်းထက် ပိုပေးသဖြင့် သူ ပျော်သွားသည်။ ဒီလိုဆို နောက် ၃၊၄ ရက်လောက်တော့ အသာလေး နှပ်နေလိုက်လို့ရပြီမဟုတ်ပါလား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒေါ်စိန် တစ်ယောက် အလွန်ဘဲ စိတ်လှုပ်ရှားနေမိသည်။ သူ့အရှေ့မှာ ရှိနေတဲ့ ငွေ အထုတ်လိုက် ကိုကြည့်ပြီး သူ့ကံကြမ္မာ ကိုလည်း အလွန် အံ့သြနေမိတော့သည်။ သန်းဇော် ပေးလိုက်သော ကျောက်ကို သူ့ဆိုင်မှာ မနက်တိုင်း ရေးမဆေးကျောက်လာဝယ်ရင်း ကောက်ညှင်းပေါင်းနှင့် အကြော် ဝယ်စားနေကြ လောပန်းအိုက်ထွန်းအား ပြကြည့်သည်။ အိုက်ထွန်း က ကျောက်ကို စေ့စေ့စပ်စပ်ကြည့်ပြီး အိမ်နောက်သို့ ဝင်သွားကာ ပေပါ ပြတ်ထဲမှရေများဖြင့် ကျောက်ကို သေသေချာချာ ဆေးကြောနေလေသည်။ ထို့နောက် သူ့အား “ဒေါ်စိန်ရေ ဒီကျောက်က ဖြတ်လိုက်ရင် အောင်လောက်တယ် ကံ စမ်းမလား ဒါမှမဟုတ် မဖြတ်ဘဲ ဒီအတိုင်းရောင်ချင်သလား ” ဟု အော်မေး လာပါတော့သည်။ သူကလည်း “အလကားရထားတဲ့ ကျောက်ဆိုတောလည်း ဖြတ်ပြီးကံစမ်းကြည့်ရတာပေါ့ မောင်အိုက်ထွန်း ရေ ”ဟု ပြန်ပြောလိုက်သည်။ မောင်အိုက်ထွန်းက ကျောက်ကြည့်တဲ့နေရာမှာ ဆရာတစ်ဆူအဖြစ် ဒီနယ်မြေမှာ နာမည်ကြီးသည်။ နာမည်ကြီးသလောက်လည်း တော်ပြီး ချမ်းသာသူ စိတ်ကောင်းရှိသူ အလှူအတန်း ရက်ရောသူ အဖြစ် လူသိများသည်။ အိုက်ထွန်း က “ ဒီလိုဆိုလည်း ကျွန်တော် သွားဖြတ်ပေးလိုက်ပါ့မယ်” ဟု ဆိုပြီး ကျောက်ဖြတ်ခုံသို့ သွားကာ ကျောက်ကို သွားဖြတ်ပါတော့သည်။

ခဏ အကြာတွင်တော့ အိုက်ထွန်း အားရဝမ်းသာနှင့့် ပြန်လာသည်။ ပြီးတော့ သူ့အား ပြုံးစိစိဖြင့် “ဒေါ်စိန် ရေ စိတ်ခိုင်ခိုင်ထားနော်” ဟု စကာ ဖြတ်ခဲ့သော ကျောက်ကို ထုတ်ပြလေသည်။

“ အိုး လှလိုက်တာ”

ဒေါ်စိန် ပါးစပ်က လွတ်ကနဲ ထွက်သွားရပြီး တအံ့တသြ ငေးမောနေမိသည်။ ဖြတ်ထားသော ကျောက်မျက်နှာ ပြင် နှစ်ဘက်လုံးမှာ စိမ်းလဲ့နေသည်။ အိုက်ထွန်းကလည်း “ဟုတ်တယ် ဒေါ်စိန် ရေ ဒီကျောက်က ကျောက်အသား ကောင်းသလို အရည်ကလည်း အင်မတန်လှတယ် ရောင်းချင်တယ် ဆိုရင်တော့ ကျွန်တော် တန်ရာတန်ကြေး ပေးပြီး ဝယ်ပါ့မယ် ဒါမှမဟုတ်တစ်ခြား သူကိုရောင်းချင်ရင်လည်း ရောင်းပါ ” ဟုဆိုသည်။ သူ ကလည်း “ရောင်းရင်တော့ မောင်အိုက်ထွန်း ကိုဘဲရောင်းမှာပါ ဈေးကတော့ ဒေါ်စိန်လည်း မပြောတတ်ပါဘူး မောင်အိုက်ထွန်းဘဲ ကြည့်ပြီးပေးပေါ့ ” ဟု ပြောလိုက်လေသည်။ အိုက်ထွန်းကလည်း “ကောင်းပြီ ဒေါ်စိန်ရေ ဒါဆိုလည်း ကျွန်တော် ဒီကျောက်ကို သိန်း (၅၀၀)ပေးမယ်။ ဒေါ်စိန် သဘောတူလား။ သဘောတူရင် ညနေကို ပိုက်ဆံလာပေးပါ့မယ်.. ကျွန်တော်လည်း ဒီကျောက်ကို ကျောက်မျက်ပြပွဲကို တင်မယ်” ဟုဆိုသည်။

ဒေါ်စိန် တစ်ယောက် စိတ်နှင့် လူတောင် မကပ်ချင်သလို ဖြစ်သွားမိသည်။ သည် ငွေ အရေအတွက် ရဖို့ဆိုတာ သူ့ဘဝမှာ အိပ်မက်မျှပင် မမက်ခဲ့ဘူးပေ။ အိုက်ထွန်း ၏ “ဒေါ်စိန် ရေဘယ်လိုလဲ” ဆိုတော့မှ သူ သတိလက်လွတ် ဖြစ်သွားတာကို ထိန်းလိုက်ပြီး ကျောက်ကို ရောင်းပါမည်ဟု ခပ်သွက်သွက်လေး ပြောချလိုက်တော့သည်။ အိုက်ထွန်း က “ဒါဆို ကျွန်တော်ပြန်တော့မယ် ညနေကျရင် ကောင်းလေးတစ်ယောက်ကို လွတ်ပြီး ပိုက်ဆံ လာပေးခိုင်းလိုက်မယ်” ဟုဆိုကာ ပြန်သွားတော့သည်။

ညနေရောက်တော့ ကောင်လေးတစ်ယောက် ဆာလာအိပ်များဖြင့်ထုတ်ထားသော ပိုက်ဆံ အထုတ်များ လာပေးသည်။ ဒါကြောင့် သူ ဒီငွေအထုတ်များကို ကြည့်ပြီး လှူချင်တာလှူရမည် မရောက်ဖူးသေးတဲ့ ဘုရား တွေလည်း သွားဖူးရမည် စသည်ဖြင့် စိတ်ကူးယဉ်နေမိတော့သည်။ နောက် သူ သန်းဇော် ၏ဲ့ မျက်နှာကိုလည်း ကွက်ကနဲ မြင်ယောင်မိလိုက်သည်။ သည်ကလေး ကြောင့်သာ သူ ဒီလောက်များတဲ့ ငွေ ကို ရရှိတာဖြစ်တဲ့အတွက် ဒီငွေတွေက သန်းဇော်နှင့်လည်း ဆိုင်သည်။ ထို့ကြောင့် သန်းဇော်ကို လိမ္မာအောင် ဆုံးမကာ မူးယစ်ဆေးဝါး ဖြတ်ခိုင်းပြီးလျှင် သူ့ အတွက်လည်း ဝေစု ပေးရမည်ဟု တွေးမိလိုက်သည်။ ပြီးတော့ သူ သန်းဇော်ကို အမြန်ဆုံး တွေ့ချင်လွန်းလှပြီ။ သူ့ဘဝကို ပြောင်းလဲစေမဲ့ အဖြစ်တွေ ရှိနေတယ်ဆိုတာသိရင် ဘယ်လောက်များ ဝမ်းသာရှာလိမ့်မလဲ ။ ဒီနေ့တော့ သန်းဇော် ပေါ်လာလိမ့်မည် မထင်တော့။ ထို့ကြောင့် မနက်ဖြန် အမြန်ဆုံး ရောက်ဖို့ သူ စိတ်စောနေမိသည်။ ၀မ်းသာစရာစကားကို သန်းဇော်ကို အမြန်ဆုံး ပြောလိုလှပြီလေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီညတော့ သန်းဇော် စိတ်တွေက လေးလံနောက်ကျိနေသည်။ မနက်က ဒေါ်စိန်ရဲ့ ဆုံးမ စကားတွေ ကြောင့်လည်း သူ့ဘဝကို နောင်တရမိသလို ဖြစ်ကာ ပြုပြင် ပြောင်းလဲချင်စိတ်တွေ ဝင်လာမိတော့သည်။ ဒါကြောင့်လည်း သူ သွားနေကျ ဘုံဗိမာန် လေးဆီသို့ မသွားဘဲ အတတ်နိုင်ဆုံး ကြိုးစားပြီး နေကြည့်သည်။ လူကသာ မရောက်ပေမဲ့ စိတ်ကတော့ ထို နေရာသို့သာ အကြိမ်ကြိမ် ရောက်ရှိနေပြီး မျက်လုံးထဲကလည်း အဲ့ဒီပုံရိပ်တွေသာ ကြီးစိုးနေတော့သည်။ အလုပ်မရှိဘဲ ဒီလိုသာ ကြာကြာနေနေလျှင် သူရဲ့ခြေလှမ်းတွေက မူးယစ်ဘုံဗိမ္မာန် ဆီသို့သာ ကျိန်းသေ ရောက်သွားလိမ့်မည်။ အာရုံတွေ ပြန့်ကျဲပြီး လေးလံနေတဲ့ အတွက် စိတ်ငြိမ်သွားအောင် ကျောက်သွားရှာနေလိုက်တာဘဲ ကောင်းပါတယ်ဟု ဆုံးဖြတ်လိုက်ပြီးသူ မြေစာပုံသို့ ခြေဦးလှည့်လိုက်သည်။ မြေစာပုံ သို့ရောက်တော့ ထုံးစံအတိုင်းကျောက်ရှာတဲ့ လူတွေအများကြီး ဓါတ်မီးတစ်လက် စိန်တူ ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။

သူလည်း ဓါတ်မီးထွန်းလိုက်ပြီး ကျောက်ခဲများကို စိန်တူဖြင့်လိုက်ခေါက်ကာ ကျောက်စိမ်း ရှာဖွေခြင်း စတင်ပါတော့သည်။ အချိန်တွေသာ ကုန်သွားသည်။ ကျောက်က ဒီနေ့တော့ သိပ်မရ ။ ခါးတွေ ညောင်းညာ ကိုက်ခဲလာသဖြင့် ပြန်တာပဲ ကောင်းပါတယ်ဟု တွေးနေတုန်း ရုတ်တရက် “ဝုန်း” ကနည်း အသံကြား လိုက်ရသည်။ သူ အလန့်တကြား နောက်သို့ဆုတ်ကာ ပြေးလိုက်မိသည်။ တစ်ဆက်တည်း သူ့ခန္ဓာကိုယ်က လေဟာနယ်ထဲမှာ အေးခနဲ့ လွင့်မျောသွားတော့သည်။ “သွားပြီ ” သူသိလိုက်ပြီ။ သူတောင်အောက်သို့ ပြုတ်ကျပြီဆိုတာ။ သူ့ခေါင်း နှင့် ကျောက်တုံး အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသည်။ နာကျင်သည့် ဝေဒနာတွေ က တစ်ကိုယ်လုံး မချိမဆန့် ။ သူ့ရဲ့ ခေါင်း၊ မျက်နှာ နှင့် ခန္ဓာ ကိုယ်ပေါ်မှာပါ ညီစို့စို့ အနံ့ အသက်များနှင့် အတူ ခပ်ပြစ်ပြစ် အရည်များ ဒလဟော လိမ့်ဆင်းကျလာသည်။ အသက်ရှူလိုက်တိုင်း ရင်ဘတ်က မခံရပ်နိုင်အောင် နာကျင်လွန်းလှသည်။ တဖြည်းဖြည်း သူ့အသိတွေ ဝေဝါးလာသည်။ အော်ဟစ် ဆူညံသံတွေက ဝေးသွားလိုက် နီးလာလိုက် ။ ရှိသမျှ အသိစိတ်ကလေးဖြင့် မျက်လုံးကို အတင်းဘဲ ကြိုးစားရုန်းကန်ပြီး ဖွင့်နေမိသည်။ သူ မမှိတ်ချင်သေး ။ ဒီမျက်လုံး မှိတ်သွားလျင် ဘယ်တော့မှ ပြန်လည်၍ ဖွင့်မလာနိုင်တော့ဘူးဆိုတာ ခပ်ရေးရေးသာ ကျန်တော့သည့် အသိစိတ်ကလေးက ရှိနေလေသည်။

ဒါပေမဲ့ သူ့ သူ့ သူ့ မျက်လုံးများကတော့ တဖြည်းဖြည်း …………………………………………………….။


နောက်နေ့ မနက်ရောက်သောအခါတွင် သူ့ ကို စိတ်ချမ်းသာ ပျော်ရွှင်စေမဲ့ စကားတွေပြောဖို့ စောင့်မျော်နေမဲ့သူ ရှိပြီး ။ သူ့ဘဝ ကို ပြောင်းလဲစေတော့မည့် အဖြစ်အပျက်တွေ ကြိုလင့်နေသည် ဆိုတာလေးတောင် သိမသွားနိုင်ရှာတော့ပေ။





ခရမ်းပြာကျူးလစ်

No comments:

Post a Comment