Wednesday, December 29, 2010

ကံကြမ္မာ ကစားဝိုင်း

ထိန်လင်းက လက်ဖက်ရည်ဆိုင် ဝေါဟာရနှင့်ခေါ်ရမည်ဆိုလျှင် တီးဆရာ..
တီးဆရာဆိုတာ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်အဖျော်ဆရာ.. ဒီလက်ဖက်ရည်ဆိုင်လေးသို့ သူရောက်လာပုံက သိပ်တော့ အဆန်းတကြယ်မဟုတ်.. ယခင်က ထိန်လင်းအလုပ်လုပ်သော မန္တလေးမြို့ရှိ မိုးဆန်းပန်း လက်ဖက်ရည်ဆိုင်လေးမှာ ဒီဆိုင်ရှင်ဖြစ်လာမည့် ကိုကျော်ဝေက သူ့လက်ရာကို သဘောကျပြီး လက်ဖက်ရည်အမြဲ လာသောက်သူဖြစ်သည်။ ထိုစဉ်က ကိုကျော်ဝေက နယ်ကနေ မန္တလေးတွင် ကျောင်းလာတက်နေသည့် တက္ကသိုလ်ကျောင်းသားဖြစ်သည်။ ကိုကျော်ဝေ ကျောင်းတက်သည့် ကာလ တစ်လျှောက်လုံး ထိန်လင်းဖျော်သည့် လက်ဖက်ရည်ဆိုင်တွင်သာ လာသောက်လေ့ ရှိသည်။ ကျောင်းပြီးလို့ နယ်ပြန်တော့မည်ဆိုသည့်အခါ နယ်တွင်စီးပွားရေးလုပ်ဖို့ စိတ်ကူးတော့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ကိုကျော်ဝေက စိတ်ကူးရပြီး ထိန်လင်းကို သူ့ဇာတိ နယ်စပ်မြို့ကလေးတွင် လိုက်ပြီး သူဖွင့်မည့် ဆိုင်အသစ်တွင် အလုပ်လုပ်နိုင်မည်လား ဟု ကမ်းလှမ်းသောအခါ မန္တလေးမြို့မှ လွဲ၍ အခြားမြို့များကို မရောက်ဖူးသော သူက နယ်စပ်မြို့ကလေး၏ နံမည်ကြားတာနဲ့ပင် ၀မ်းသာအားရ သဘောတူခဲ့သည်။ ကိုကျော်ဝေ ပေးမည့်လစာကလည်း မက်လောက်စရာဖြစ်သည်လေ။ ထို့နောက်တော့ ကိုကျော်ဝေပြန်သောအခါ သူပါတစ်ပါတည်း လိုက်လာပြီး မြို့ကလေးဆီရောက်တော့ လက်ဖက်ရည်ဆိုင် အသစ်ကလေးကို ဖွင့်ဖြစ်ကြသည်။

ဆိုင်ကလေးမှာ မျှော်လင့်တာထက် အောင်မြင်သည်ဟု ပြောရမည်။ ထိန်လင်းက လက်ဖက်ရည်ဖျော်ရာတွင် လက်ရာကောင်းပြီး အချိုးအဆ မှန်လှသလို လူတွေကြိုက်အောင်လည်း လက်ဖက်ရည်နှပ်ရာတွင် ထည့်ရသည့် အချိုးအဆနှင့် လက်ဖက်ခြောက်အကြောင်းကို ကျွမ်းကျင်လှသည်။ ကိုကျော်ဝေကလည်း ဆိုင်ကိုစီမံခန့်ခွဲမှု နိုင်နင်းသလို၊ ခေတ်လူငယ်ဖြစ်သောကြောင့် လူငယ်တွေအကြိုက်ကို သိတတ်သည်။ သူ့ဆိုင်တွင် မရှိသော သီချင်းခွေ မရှိသလောက်ဖြစ်ပြီး ဆန်းသစ်သော အိုင်ဒီယာများ ရှိသည်။ ဆိုင်ကိုပင် အများနှင့် မတူသော အပြင်အဆင်များဖြင့် လက်ဖက်ရည်ဆိုင်နှင့်ပင် မတူအောင် သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားပြီး ဆိုင်အတွင်းရှိ စားပွဲတိုင်းကိုလည်း လူစိတ်ဝင်စားဖွယ် ဖြစ်အောင် ပန်းနံမည်လေးများဖြစ်သော ခွာညို၊ သစ်ခွ၊ နှင်းဆီ စပါယ် စသည်ဖြင့် နံမည်အသီးသီး ပေးထားတတ်သည်။ သန့်ရှင်းသပ်ရပ်မှုနဲ့ ဖော်ရွေသောဆက်ဆံရေးကို အထူးဂရုစိုက်သည်။ ထို့ကြောင့်လည်း အချိန်တိုလေးအတွင်းတွင် ဆိုင်ကလေးမှာ နံမည်ရပြီး လူများဖြင့် စည်ကားလို့ နေလေတော့သည်။

လက်ဖက်ရည်ကိုလည်း အများနှင့် မတူ ချိုဆိမ့်၊ ပေါ့ကျ စသဖြင့် ရိုးရိုး မခေါ်စေဘဲ မိုးဟေကို၊ မိုးယုစံ၊ ၀တ်မှုံရွှေရည် စသဖြင့် မင်းသမီး မော်ဒယ်နံမည်လေးများ ပေးထားလေတော့ ဆိုင်ထဲတွင် လက်ဖက်ရည် မှာသောအခါ မင်းသမီးနံမည်အော်သံများဖြင့် လန်ပြန်နေတော့သည်.. စားပွဲထိုးအသစ် တစ်ယောက်ဝင်လျှင် ကိုကျော်ဝေ၏ လက်ဖက်ရည်နံမည်စာရင်းကို အလွတ်ရအောင် အရင်ကျက်ရလေ့ ရှိသည်.. ရပြီဆိုမှ အလုပ်စဆင်းခိုင်းတတ်သည်။ သောက်သုံးသူက ပေါ့ဆိမ့် ၂ခွက်မှာလျှင် မိုးဟေကို ၂ယောက် ဟု တီးကောင်တာရှိ ထိန်လင်းထံ လှမ်းအော်ရသည်။ ချိုကျဆိုလျှင် မိုးယုစံ စသဖြင့် လူစိတ်ဝင်စားအောင် အဆန်းထွင်တတ်သော ကိုကျော်ဝေ ဖြစ်သည်။ ကိုကျော်ဝေက ထိန်လင်းကိုတော့ ညီတစ်ယောက်လို ချစ်ခင်သည်။ သူအပြင်သွားစရာရှိလျှင်၊ ဆိုင်မလာအားလျှင် ထိန်လင်းအား ဆိုင်ကိုကြည့်ရှုထားဖို့ လွှဲအပ်ထားတတ်သည်အထိ သူ့အပေါ် ယုံကြည်စိတ်ချသည်။ ဆိုင်စဖွင့်ကတည်းက ထိန်လင်းနှင့် လက်တွဲလာခဲ့သည် ဆိုတော့လည်း လူယုံတစ်ယောက်ထက် ညီတစ်ယောက်လို သဘောထားသည်။

ထိန်လင်းက ငွေကို ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားတတ်သူ ဖြစ်သည်။ ကိုကျော်ဝေပေးသော လစာမှာ သူ့အတွက် မနည်းလှသော လစာဖြစ်ပြီး မန္တလေးရှိ မိခင်ကြီးထံ ၃လတစ်ခါလောက် ငွေပို့သည်က လွဲ၍ အပိုမသုံးသဖြင့် ငွေအနည်းငယ်တော့ လက်ထဲ စုမိလေသည်။ သူ၏ ရည်ရွယ်ချက်မှာလည်း ကိုယ်ပိုင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ရန်ဖြစ်လေသည်။ ကိုကျော်ဝေကလည်း ဆိုင်တွင် သူနှင့်အတူလုပ်ပြီး ၂နှစ်လောက်ကြာလျှင် သူကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ဖို့ ကူညီပေးမည်ဟု ကတိပေးထားသည်။ ထို့ကြောင့်လည်း သူ့မှာ မျှော်လင့်ချက် အိပ်မက်များဖြင့် ပျော်ရွှင်စွာ၊ ရိုးသားစွာ အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့သည်။ ဆိုင်ကိုလည်း အလုပ်သမားစားပွဲထိုးများ၊ မုန့်ဆရာများကို သူကိုယ်တိုင် စေ့စေ့စပ်စပ် ထောင့်စေ့အောင်ကြည့်ကာ ကွပ်ကဲတတ်သည်။ ဒီလိုနှင့် နယ်စပ်မြို့ကလေးရှိ ကိုကျော်ဝေ၏ လက်ဖက်ရည်ဆိုင်တွင် အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နေရင်း လအနည်းငယ် အကြာတွင် ဆိုင်တွင် လက်ဖက်ရည် လာသောက်တတ်သော အောင်ကြီးဆိုသည့် ကောင်လေးနှင့် ခင်မင်ရင်းနှီးလာရာမှ သူ့ကို တစ်ရက်တော့ ဘီယာတိုက်မည်ဟုဆိုကာ အပြင်သွားကြဖို့ မကြာခဏ ခေါ်တတ်သည်။ သူက အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း ကြာလာတော့ အားနာလာသဖြင့် လိုက်ပါမည်ဟု ပြောလိုက်မိတော့သည်။

တစ်ရက် သူလက်ဖက်ရည်ဖျော် အလှည့်ပြီးလို့ အခြား တီးဆရာတစ်ယောက်နှင့် လူလဲသော နေ့လည်ချိန်များတွင် အပြင်ထွက်ဖို့ သူ့ကိုလာလာခေါ်သဖြင့် အောင်ကြီးနှင့် မြို့ကလေးထဲ လိုက်လည်ရာမှ ထိန်လင်းအတွက် အတွေ့အကြုံ အသစ်အဆန်းများကို စတင် တွေ့ထိမိလေတော့သည်။ ဘီယာမသောက်ခင် မြို့ကိုလျှောက်ပြမည်ဟုဆိုကာ သူမရောက်ဖူးသော နေရာကို ခေါ်သွားမည်ဟုဆိုကာ မြို့စွန်ဘက်ကို သူ့ကိုခေါ်လာလေသည်။ သူတို့န ယ်စပ်မြို့ကလေး၏ မြို့စွန်ဘက်တွင် ၆ကောင်ဂျင်နှင့် ၄ကောင်ဂျင်ဟု ခေါ်သည့် ဂျင်ဝိုင်းများ ရှိလေသည်။ ၄င်းနေရာကို အောင်ကြီးခေါ်သွားမှ သူရောက်ဖူးခြင်းဖြစ်ပြီး ၄ကောင်ဂျင်နှင့် ၆ကောင်ဂျင် ကစားနည်းကို အောင်ကြီးက သူ့ကို သင်ပြပေးလေသည်။ သူက ၄ကောင်ဂျင်ထက် ကိုယ်တိုင်လည်း ကြိုးကို ဆွဲချကစားနိုင်သည့် ၆ကောင်ဂျင်ကစားနည်းကို ပိုပြီး စိတ်ဝင်စားမိလေသည်။ ကြိုးကို ဆွဲချလိုက်လို့ အံစာတုံးလေးတွ ကျလာရင် ကိုယ်ထိုးထားသည့်အကောင်းပါမပါ စောင့်ကြည့်ရတာကိုက စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။ ထိုးထားသည့်အကောင် ပါလို့ အော်ဟစ်လိုက်ရသော အရသာသည် ဘာနဲ့မှ မတူအောင် စိတ်တွေကို လွတ်လပ် ပေါ့ပါးစေသလို ခံစားရသည်။

၆ကောင်ဂျင်ဆိုသည်မှာ သေတ္တာရှေ့တွင် ကွပ်ပျစ်သဏ္ဍာန် စင်တစ်ခု ရှိနေပြီး ဖယောင်းပုဆိုး သို့မဟုတ် မိုးကာခင်းထားပြီး ၄င်း အခင်းပေါ်တွင် အံစာတုံးမှ ပုံများဖြစ်သည့် အကောင် ၆ကောင်ကို တစ်ကောင်လျှင် တစ်ကွက်ကျ ရေးဆွဲထားပါသည်။ထိုးသားဖြစ်သူက အံစာတုံး အနေအထားကို ကြည့်၍ အပေါ်မျက်နှာပြင် ကျနိုင်မည် ထင်သည့်အကောင်ကို ၄င်း အကွက်များထဲတွင် ရေးထားသော ပုံနေရာတွင် ရွေးချယ်ကာ ပိုက်ဆံထိုးရသည်။ မိမိထိုးမည့်ငွေကို အကွက်လေးထဲ ပစ်ချထားလိုက်ရုံဖြင့် ထိုးပြီးသား ဖြစ်သွားတော့သည်။ စည်းကမ်းသတ်မှတ်ချက် သိပ်မများလှသလို အပျော်ကစားသူများအတွက်လည်း စိတ်အပန်းဖြေ သဘောဖြင့် လာဆော့ကြလေ့ရှိသည်။ တစ်စုံတစ်ယောက်က ကြိုးကို ဆွဲချလိုက်လို့ အပေါ်ကလိမ့်ကျလာသော အံစာတုံးမှာ အပေါ်မျက်နှာပြင်ကျသော အကောင် သုံးကောင်ထဲတွင် မိမိထိုးထားသည့် အကောင်ပါလျှင် ဒိုင်ဖြစ်သူက တစ်ဆ ပြန်လျှော်ပါသည်။ ဥပမာ တစ်ထောင်တန် ထိုးထားလျှင် တစ်ထောင်ပြန်လျှော်ပါသည်။ ထိုးသည့်အကောင် ၂ကောင် ပေါ်နေလျှင် နှစ်ဆ ၊ ၃ကောင်ဆိုလျှင်တော့ သုံးဆ ပြန်လျှော်သော်လည်း ခုလို ၃ကောင်လုံး ကျဖို့ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပြီး ထိုသို့ တိုက်ဆိုင်ဖို့ဆိုသည်မှာ ခဲယဉ်းလွန်းသော ဖြစ်ရပ် ဖြစ်ပါသည်။ မိမိထိုးထားသည့်အကောင် တစ်ကောင်မှ မပါလျှင်တော့ ဒိုင်ကထိုပိုက်ဆံများကို သိမ်းသွားပြီး ဒိုင်စားသွားပါတော့သည်။




ထိန်လင်းသည် ၄င်းလောင်းကစားနည်းကို အောင်ကြီးက ရှင်းပြရင်းကစားပြတော့ စိတ်ဝင်တစားဘေးကနေ ရပ်ကြည့်နေလေသည်။ ကြိုးတန်းလေးကို ဆွဲချချိန်တွင် ငွေထိုးထားကြသူများထံမှာ ကြက်ကြက်ကြက်… ဖားဖားဖား စသဖြင့် မိမိထိုးထားသော အကောင်နာမည်များကို အော်ဟစ်နေကြသည် ကလည်း ကစားဝိုင်းကို အသက်ဝင်စေသလို စိတ်လှုပ်ရှားစရာကောင်းနေလေသည်။ ရပ်ကြည့်နေရင်း ခက်ခက်ခဲခဲမရှိလှသော ထိုးပုံထိုးနည်းကို နားလည်လာသလို နိုင်နေသော အောင်ကြီးကို ကြည့်၍ စိတ်ကပါလာတော့သည်။ မိမိထိုးထားသော အကောင် ကျမကျကို ကံတရားနှင့် အလောင်းအစား လုပ်ကြခြင်းသာ ဖြစ်လေသည်။ အောင်ကြီးကလည်း သူ့ကို အပျော် ကံစမ်းသည့်အနေနှင့် စမ်းကြည့်ဖို့ မကြာခဏတိုက်တွန်းရာ နောက်ဆုံးတွင် သူ့ အင်္ကျီထဲမှ ပါလာသော ပိုက်ဆံလေးကို ထုတ်ပြီး ၅၀၀ တစ်လှည့် ၁၀၀၀ တစ်လှည့် ထိုးမိလေသည်။ သူကံကောင်းချင်တော့ သူလှည့်ပတ်ထိုးသော အကောင်သည် အလှည့်တိုင်းတွင် မပါသော်လည်း ပါသည့်အလှည့်က များသောကြောင့် ထိုနေ့အဖို့ သူ ငွေတစ်သောင်းကျော် ရလိုက်လေသည်။ သူနိုင်နေမှန်းသိသော အောင်ကြီးကလည်း အသာလက်ကုတ်၍ သူ့ကိုပြန်ကြရန်အချက်ပြသဖြင့် နှစ်ယောက်သား အနိုင်ရသောငွေများကို အသာသိမ်း၍ ၆ကောင်ဂျင်ဝိုင်းရှေ့မှ ထထွက်လာခဲ့ကြလေသည်။

ထိုနေ့က သူနှင့်အောင်ကြီး အတော်ပျော်ကြသည်။ ညနေဈေးသို့သွားကာ ဘီယာသောက်ရင်း အမြည်းကောင်းကောင်းဖြင့် အောင်ပွဲခံကြလေသည်။ အောင်ကြီးက သူအားသည့်ရက်များတွင် ခုလိုလာလာခေါ်မည်ဟု ပြောရာ နိုင်လာသည့်ငွေကလေးကို မက်မောမိတာရော၊ စိတ်လှုပ်ရှားဖို့ ကောင်းလှသည့် ထိုကစားနည်းကို သူသဘောကျသွားတာပါ ပေါင်းပြီး သူ သဘောတူလိုက်လေသည်။ ခုလိုကျတော့ ငွေတစ်သောင်းရဖို့ သိပ်ကိုလွယ်ကူပါလားဟု သူတွေးမိကာ ပျော်ရွှင်နေမိတော့သည်။ ညပိုင်း သူ့အလုပ်ပြန်ဆင်းချိန်တွင် ငွေရလာသဖြင့် ပျော်ရွှင်စိတ်ကြောင့်ရော၊ ဘီယာတန်ခိုးကြောင့်ပါ ရွှင်ပျ အာသွက်နေသောသူ့ကို စားပွဲထိုးကောင်လေးများ ထူးဆန်းသလို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ သူကတော့ ထိုနေ့အဖို့ ခါတိုင်းနှင့်မတူအောင် နှုတ်သွက်လက်သွက်ဖြင့် လက်ဖက်ရည် ဖျော်နေလေတော့သည်။ ညအိပ်ချိန်ရောက်လျှင်ပင် ခါတိုင်းလို ခေါင်းချလိုက်တာနှင့် အိပ်ပျော်သွားခြင်းမရှိဘဲ သူ့မျက်လုံးထဲတွင် နေ့လည်က ကစားခဲ့သော အကောင်လေးများဖြစ်သည့် ကြက်၊ ပုဇွန်၊ ဆင်၊ ကျား၊ လိပ်နှင့် ငါးတို့၏ ပုံရိပ်များက တ၀ဲဝဲလည်နေတော့သည်။ အိပ်ပျော်သွားသည့်အခါ အိပ်မက်ထဲတွင်ပင် ၆ကောင်ဂျင်ထိုးပြီး ပိုက်ဆံများစွာ နိုင်သည်ဟု အိပ်မက် မက်မိသည်ထိ လောင်းကစားကို စတင် စွဲလန်းမိလေတော့သည်။

သို့နှင့် နောက်ရက်များတွင် အောင်ကြီးလာခေါ်မည်ကို သူစောင့်နေမိသော်လည်း ၃ရက်လောက် ပေါ်မလာဘဲ ပျောက်နေသဖြင့် သူ့မှာ နေမထိထိုင်မသာဖြင့် တမျှော်မျှော်ဖြစ်နေလေသည်။ နောက်၃ရက်မြောက်နေ့မှ အောင်ကြီးက ရောက်လာပြီး သူခရီးထွက်သွား၍ မရောက်ဖြစ်ကြောင်း သူ့ကိုပြောလာသည်။ ညနေ အပြင်သွားဖို့လာခေါ်မည်ဟု သူ့ကိုပြောသောအခါ သူ့ဆန္ဒပြည့်ဝသွားသဖြင့် ပျော်ရွှင်သွားတော့သည်။ ညနေတွင် သူအလုပ်နားချိန် ရေမိုးချိုးပြီး အောင်ကြီးကို လည်တဆန့်ဆန့်ဖြင့် မျှော်နေမိသည်။ ၄နာရီလောက်တွင် အောင်ကြီးရောက်လာပြီး နှစ်ယောက်သား မြို့အစွန်လမ်းဘက်သို့ ထွက်လာကြသည်။ ဂျင်ဝိုင်းများရှိရာ လမ်းသွယ်လေးပေါ်တွင် လူများ၊ အသံများဖြင့် စည်ကားနေတော့သည်။ ထိုလမ်းပေါ်တွင် ၆ကောင်ဂျင်ဝိုင်းများ တော်တော်များများရှိနေပြီး ၀ိုင်းတိုင်းတွင်လည်း လူများစည်ကားနေသည်။ လူအနည်းငယ်ရှင်းသော ၀ိုင်းတစ်ခုတွင် သူနှင့်အောင်ကြီး ၀င်လိုက်ကြပြီး တန်းပေါ်တွင်တင်လိုက်သော အကောင်များ၏ အနေအထားကိုကြည့်ပြီး မည်သည့်အကောင်ကျနိုင်မည်ကို ခန့်မှန်းကာ ထင်သည့်အကောင်ကို တစ်လှည့်စီ ထိုးကြလေတော့သည်။ သူရော အောင်ကြီးပါ ပထမပိုင်းတွင် ရှုံးနေသော်လည်း ညနေစောင်း ၆နာရီလောက်တွင် သူ ပြန်နိုင်စပြုလာသည်။ အောင်ကြီးကတော့ ယနေ့ ကံမလိုက်သောကြောင့်ဖြစ်မည် ပါလာသည့်ငွေ အကုန် ကုန်သလောက်ဖြစ်သွားသည်။ ငွေကုန်၍ ပြန်ကြဖို့ အောင်ကြီးက လောဆော်သည့်အခါ နိုင်စပြုလာပြီဖြစ်၍ သူ မပြန်ချင်သေးသော်လည်း ထပြန်ခဲ့ရလေသည်။

အပြန် ညဈေးတန်းတွင် ဆီချက်ခေါက်ဆွဲသာ စားဖြစ်ကြပြီး ပိုက်ဆံကို သူက ရှင်းပါသည်။ အောင်ကြီးက “ခင်ဗျားက လောင်းကစားနဲ့ အကျိုးပေးပုံရတယ်.. လာတဲ့ရက်တိုင်း မရှုံးဘူးဗျနော် ” ဟု သူ့ကို ပြောတော့ သူ့မျက်နှာပြုံးသွားရသည်။ “မနက်ဖန် လာဦးမလားဗျ” သူက မေးလိုက်တော့ “မလာဖြစ်ဘူး.. မနက်ဖန် ကျွန်တော် ဦးလေးခိုင်းထားတဲ့ အလုပ်ကလေးရှိလို့.. အားတဲ့နေ့မှ လာခဲ့မယ်ဗျာ” ဟုပြန်ပြောသည်။ သူတို့နှစ်ယောက် လမ်းခွဲကြပြီး ဆိုင်သို့ သူပြန်ရောက်တော့ ညဦးပိုင်း လက်ဖက်ရည်ဆိုင်ထိုင်သူများဖြင့် စည်ကားစ ပြုနေပြီ။ ကိုကျော်ဝေက ကောင်တာတွင် ထိုင်နေရင်း သူဝင်လာတာကို လှမ်းနှုတ်ဆက်သည်။ ခွင့်တောင်းပြီးမှ ထွက်သွားသော်လည်း အပြင် သိပ်ထွက်လေ့မရှိသော သူ အပြင်မှာ အချိန်အနည်းငယ်ကြာသည်ကို သူ့စိတ်ထဲ အနည်းငယ်တော့ ထူးဆန်းနေဟန်ရှိသည်။ သို့သော် ဘာမှတော့ မမေးပါ။ ထမင်းစားဖို့သာ သူ့ကိုပြောသည်။ သို့သော် သူက အပြင်တွင် ဆီချက်စားလာကြောင်း ပြောလိုက်ပြီး ဆိုင်နောက်ဖက်သို့ ၀င်လာခဲ့လိုက်သည်။


နောက်ရက်များတွင် အောင်ကြီး မလာသော်လည်း သူ့နားချိန်များတွင် အပြင်ထွက်ဖို့၊ ဂျင်ဝိုင်းဖက်သို့ သွားဖို့သာ သူ စိတ်အားထက်သန်နေတော့သည်။ ကိုကျော်ဝေက ဆိုင်ကို ကြည့်ထားဖို့ သူ့ကို မှာခဲ့သည့် နေ့မှလွဲ၍ ဆိုင်တွင် ရှိနေလျှင်တော့ သူအပြင်ထွက်သည်။ သူ့ခြေလှမ်းများ၏ ဦးတည်ရာအရပ်သည် ၆ကောင်ဂျင်ဝိုင်းဆီသို့သာ… အောင်ကြီးမပါဘဲ သူသွားဆော့သည်မှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်သာဖြစ်သည်။ ရှုံးသည့်နေ့တွင် သူပါသွားငွေ ကုန်မှာ ၀ိုင်းကနေ ထပြန်လာဖြစ်သည်။ သို့သော်လည်း နိုင်နေသည့်အခါများတွင်မူ ရှေ့ဆက်နိုင်လိုသော လောဘဇောဖြင့် အရှိန်ထိန်းက ထပြန်ရမည်ကို သူ့စိတ်က လိုက်မနာနိုင်သဖြင့် ၀ိုင်းကနေမထမိဘဲ ဆက်ပြီးကစားရာ နိုင်ထားပြီးသားများ ပြန်ပါသွားပြီး လက်ထဲတွင် တစ်ပြားမှ မကျန်တော့သည့်အဖြစ်က မကြာခဏ ဖြစ်လာသည်။ စာရင်းချုပ်လိုက်လျှင် အရှုံးက ပိုများလာပြီး သူစုထားသောငွေလေး တတိတိဖြင့် ပွန်းလာတော့သည်။ ရှုံးလာသည့်နေ့တွင်တော့ နောက်နေ့တွင် လောင်းကစားဝိုင်းသို့ မသွားတော့ဟု စိတ်က ဖြစ်မိသော်လည်း နောက်တစ်နေ့ ရောက်လာလျှင်တော့ အရင်နေ့က ရှုံးထားသည့်ငွေကို နှမြောစိတ်ဖြင့် အရင်နေ့တွေက ကံမကောင်းလို့ ရှုံးသော်လည်း ဒီတစ်ခါတော့ အရှုံးကို ပြန်ရလောက်အောင် ကံကောင်းမှာပါလေ ဟုဆိုကာ ညနေဆိုလျှင် ပိုက်ဆံကလေးထည့်ပြီး ထွက်လာမိပြန်တော့သည်။


လောင်းကစားတို့၏ ထုံးစံမှာ နိုင်ပြီး သူဌေးဖြစ်သွားသူ အလွန်အင်မတန်ရှားပါးလှပြီး နောက်ဆုံးတွင် လောင်းကစားကြောင့် ဘ၀ပျက်သွားသူ၊ ဆင်းရဲသွားသူ များသာ ရှိသည်ကို ထိန်လင်း သတိမပြုမိခဲ့သလို လောင်းကစားအပေါ် တွယ်မက်သည့် မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းလည်း မရှိခဲ့ပါ။ နက်သထက်နက်လာသော လောင်းကစားအမှောင်စိတ်ဖြင့် ဆော့ကစားရင်း သူစုဆောင်းထားသောငွေများ လုံးဝ ကုန်ဆုံးသွားလေတော့သည်။ ထိုအခါ ကိုကျော်ဝေထံတွင် သူ့မိခင် နေမကောင်းဖြစ်နေသောကြောင့် သူ့အိမ်က ငွေလိုသည်ဟု ဖုန်းဆက်လာသဖြင့် အိမ်ကိုငွေပို့လို၍ ၃လစာ ကြိုတင်လခ ထုတ်ပေးရန် ခွင့်တောင်းလေသည်။ သူ့ကို ယုံကြည်စိတ်ချသော ကိုကျော်ဝေက မေးမြန်းခြင်းမရှိဘဲ ချက်ခြင်းဘဲထုတ်ပေးပါသည်။ ညနေများတွင် အပြင်သွားသည်မှာ ကောင်မလေး( ချစ်သူရည်းစား) ရနေလို့လား ဟုတော့ ပြုံးပြုံးရယ်ရယ်ဖြင့် မေးလေသည်။ သူက ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာပြုံးနေခဲ့သဖြင့် ထူးထူးခြားခြားတော့ ဘာမှ ထပ်မပြောတော့ပါ။


၃လခစာ ကြိုတင်ထုတ်လာပြီး သူ့ခြေလှမ်းများက ဂျင်ဝိုင်းများဆီသို့သာ ရက်ခြား သွားမြဲသွားနေခဲ့သည်။ အောင်ကြီးပါသည့်အခါလည်း ရှိသလို မပါသည့်အခါလည်း ရှိသည်။ သူက အောင်ကြီးမပါတာကို ပိုပြီး သဘောကျသည်။ အောင်ကြီးက နိုင်ပြီဆိုလျှင် အသာထပြန်ဖို့ လောဆော်တတ်သူ ဖြစ်သောကြောင့် သူ့မှာ အရှိန်ပျက်ရသည်ဟု သူကထင်သည်။ လုံးလုံးလျားလျား နိုင်လာသောနေ့များ ရှိသော်လည်း ထိုနေ့သည် အလွန်နည်းပါသည်။ အရှုံးနှင့် ပြန်လာရသည့်ရက်ကသာ များလေသည်။ ထို့ကြောင့် ကြိုတင်ထုတ်ငွေ ၃လစာမှာ တဖြေးဖြေးနည်းလာပြီး ကုန်သလောက် ရှိလေတော့သည်။ တစ်ည သူအိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ရေကန်ကြီးတစ်ကန်သို့ သူရောက်သွားပြီး ငါးမျှားသည်တဲ့.. ကန်ထဲတွင် ငါးများမှာ တစ်ကောင်နှင့်တစ်ကောင် ထပ်နေသည် ထင်ရလောက်အောင် ပြွတ်သိပ်နေပြီး များပြားလွန်းလှကာ ငါးမျှားနေသော သူ့ဘေးတွင်လည်း ငါးတွေ အပုံလိုက်ကြီး ဖြစ်နေခဲ့သည်။ တစ်လက်လက်ဖြစ်နေသော ငါးအကြေးခွံများမှာ နေရောင်အောက်တွင် ငွေရောင်လက်ကာ တောက်ပနေခဲ့သည်။ အိမ်မက်မှ သူနိုးလာချိန်တွင် မြင်မက်ခဲ့သောအိမ်မက်မှာ ထင်ထင်ရှားရှား သူ့အာရုံတွင် ကျန်နေခဲ့သည်။ မနက်ခင်း လက်ဖက်ရည်လာသောက်သော သူ့သိသည့် သူတစ်ချို့ကို ပြောပြတော့ အိပ်မက်အတိတ်ကောက်ယူရလျှင် ငါးဆိုသည်မှာ ငွေဟု အဓိပ္ပါယ်ထွက်ကြောင်း အိမ်မက်တွင် ငါးအမြောက်အမြား မြင်မက်သည်ဆိုလျှင် ငွေများစွာဝင်တတ်သည်ဟု ပြောပြကြသည်။ သူမေးကြည့်သည့်သူ တော်တော်များများက အိပ်မက်ကောင်းသည်ဟု သူ့ကိုပြောကြလေသည်။

ထိုစကားများကြောင့် သူ့စိတ်ထဲတွင် ဒီနေ့သည် သူကံကောင်းမည့်နေ့ ဖြစ်သည်ဟု ယုံကြည်မိလေတော့သည်။ ဒီနေ့သာ ဂျင်ဝိုင်းသွားလိုက်လျှင် အရင်ရက်တွေက ဆုံးရှုံးသွားခဲ့သော သူ့ငွေတွေ အားလုံး ပြန်ရနိုင်မည်မှာ သေချာသည်ဟု သူက တွေးမိသည်။ ယခုလို ထင်ထင်ရှားရှား အိမ်မက်မျိုး တိုက်တိုက်ဆိုင်ဆိုင် မက်လာတော့ သူ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်းလည်း သူ့စိတ်က တွေးနေမိသည်။ သို့သော် ဂျင်ဝိုင်းသွားဖို့ သူ့လက်ထဲတွင် ပိုက်ဆံ များများစားစား မကျန်တော့ပါ။ တစ်ထောင်တန် ၅ရွက်လား ကျန်တော့တာကို သူသတိရမိသည်။ အိမ်ကိုပင် ငွေမပို့ဖြစ်တာ ကြာပြီ။ သူ ကြိုတင်လခ ထုတ်ထားသည်မှာ နောက် ၂လစာ ပင် အကြွေးကျန်နေသေးသည်။ ခုမှတစ်လသာ ကုန်သေးသည်။ ဒီတော့ ထပ်ထုတ်ဖို့လည်း မဖြစ်နိုင်တော့.. ဒီနေ့ကိုလည်း သူ့အတွက် ကံကောင်းမည်ကို ယုံကြည်သဖြင့် သွားဖြစ်အောင်လည်း သွားချင်မိသည်။ ခက်တာက ငွေမရှိသည့်ပြဿနာ.. အောင်ကြီးလာလျှင် ကောင်းမည်ဟု သူတမ်းတမိသည်။ အောင်ကြီးကို အိပ်မက်အကြောင်းပြောပြကာ သူ့ထံကနေ ငွေအနည်းအပါး ချေးငှား၍ ရမည်ဆိုလျှင် သူ့အတွက် အဆင်ပြေနိုင်မည်လေ။ ငွေရနိုင်မည့်အရေး စဉ်းစားရင်း လူက လက်ဖက်ရည်ဖျော်နေရသော်လည်း သူ့စိတ်တွေက ဂျင်ဝိုင်းသို့သာ တစ်ရစ်ဝဲ၀ဲ ရောက်ရှိနေသည်။


ကံကောင်းချင်တော့ နေ့လည်စောင်းတွင် ကိုကျော်ဝေက သူ့ကိုပြောလာသည်။ သူအပြင်ထွက်မည်ဆိုလျှင် ဆိုင်အတွက် နို့ဆီ၊သကြား၊ ဂျုံစသဖြင့် အမြဲဝယ်လေ့ရှိသော ဆိုင်တွင် နို့ဆီ ၃ဖာနှင့် ဂျုံတစ်အိတ် မှာပြီး ဆိုင်သို့ ပို့ပေးရန် ၀င်ပြောခိုင်းပြီး ပိုက်ဆံ ၆၀၀၀၀ ကိုပါ ယူသွားရန် ပြောလေသည်။ ထိုဆိုင်သည် ကိုကျော်ဝေ့သူငယ်ချင်းဆိုင်ဖြစ်ပြီး သူ့ဆိုင်တွင် ပစ္စည်းများဝယ်တိုင်း ဆိုင်အလုပ်သမားများက လက်ဖက်ရည်ဆိုင်သို့ အရောက် လိုက်ပို့ပေးတတ်သည်။ ခါတိုင်းလည်း ကိုကျော်ဝေက ခုလို သူ့ကို ပိုက်ဆံဝင်ပေးခိုင်းတတ်ပါသည်။ သို့သော် အခုလို ပိုက်ဆံလိုအပ်နေချိန်တွင် ကိုကျော်ဝေစကားက သူ့အတွက် ပျားရည်စက်ပမာ ဖြစ်စေတော့သည်။ သူ လက်ခနဲ အတွေးရလိုက်သည်က ကိုကျော်ဝေ ပေးခိုင်းသောငွေဖြင့် သူဒီညနေ ကစားလိုက်မည်ဆိုလျှင် သူ့အိမ်မက်အရ နိုင်မှာ သေချာသလောက်ရှိပြီး ယခင်က ငွေများပါ ပြန်ရနိုင်သည်ဟူ၍ ဖြစ်သည်။ ကစားဝိုင်းက အပြန်ကျမှ ဆိုင်တွင် ပစ္စည်း ၀င်မှာလျှင် ဖြစ်သည်ဘဲဟူ၍ သူက တွေးလိုက်သည်။ ထို့ကြောင့် အောင်ကြီးရောက်မလာသော်လည်း ညနေတွင် ရေချိုးပြီး ကိုကျော်ဝေထံမှ ပိုက်ဆံကို ယူကာ သူအပြင်ထွက်လာခဲ့သည်။ လက်ထဲတွင် ပါလာသော ငွေ ၆၀၀၀၀ မှာ သူ့အတွက် ကံကောင်းခြင်း ပဏာမဟု သူယုံကြည်သည်။ အဖြစ်အပျက်မှာ တိုက်ဆိုင်စွာ ဖန်တီးလာခြင်းဖြစ်ပြီး ဒီနေ့ သူ့ကံကောင်းမှုကို ဘယ်အရာကမှ တားဆီး၍ ရနိုင်တော့မည်မဟုတ် တွေးမိကာ ၀မ်းသာမိနေလေတော့သည်။

ကိုကျော်ဝေ၏ သူငယ်ချင်းဆိုင်ရှေ့က မဖြတ်ဘဲ အခြားလမ်းမှနေ၍ ဂျင်ဝိုင်းရှိရာဘက်သို့ သူလျှောက်လာခဲ့သည်။ သူ့စိတ်အထင် ဂျင်ဝိုင်းသည် အခါတိုင်းနေ့များထက် ပို၍ စည်ကားနေသည်။ သူဝိုင်းတစ်ခုတွင် ၀င်လိုက်ပြီး ရွှေငါး နေရာတွင် ငွေ တစ်ထောင်ကနေ စထိုးသည်။ ကျလာသော အံစာတုံးတွင် ရွှေငါး ၂ကောင်ပါလာသဖြင့် ဒိုင်ထံမှာ ထောင်တန်နှစ်ရွက် သူရလိုက်သည်။ နောက်တစ်လှည့်တွင် ရွှေငါးတွင် တစ်ထောင် ကြက်တွင် နှစ်ထောင် သူထိုးပြန်သည်။ ရွှေငါးရောကြက်ပါ ပါလာသဖြင့် ငွေနှစ်ထောင် သုံးထောင် ထပ်ရပြန်သည်။ သူ နည်းနည်းမြောက်သွားသည်။ သူ့အိပ်မက် မှန်နေပြီ။ ဒီနေ့ သူကံကောင်းနေသည်မှာ သေချာသည်ဟု သူက ယုံကြည်သထက် ယုံကြည်လာသည်။ ထို့ကြောင့် ငွေကို တိုး၍ ထိုးစမ်းကြည့်ရန် သူဆုံးဖြတ်လိုက်ပြီ သူထင်သည့်အကောင်များကို သုံးထောင်ထိ တက်၍ ထိုးလိုက်သည်။ ထိုးသည့်အကောင်တိုင်း မှန်နေသည်က များ၍ သူ့လက်ထဲတွင် ပိုက်ဆံတွေများလာသည်။ ဘေးကလူကပင် သူ့ကို “ခင်ဗျားဒီနေ့ လပ်ကီးတယ်ကောင်းနေပါလား၊ များများထိုးပါလားဗျ” ဟူ၍ ပြောလေသည်။ ထိုအချိန်တွင် သူ့လက်ထဲတွင် ငွေသုံးသောင်းခန့်နိုင်နေပြီ ဖြစ်သည်။ သူထပြန်မလား စဉ်းစားမိသော်လည်း သူကံကောင်းနေသည့် ဒီလိုနေ့မျိုး နောက်တစ်ကြိမ် ကြုံလာဖို့ မလွယ်ကူနိုင်ဟု တွေးမိကာ မပြန်ဖြစ်ဘဲ ငွေကို ဆတိုး၍ ထိုးကာ ဆက်ကစားနေမိတော့သည်။

အသောမတတ်နိုင်သော သူ၏လောဘဇောကြောင့် ထိုးနေရင်းနှင့် နိုင်ထားသောငွေများ တဖြေးဖြေး ပြန်ပါနေပြီး လက်ထဲက ငွေပင် သုံးသောင်းခန့် ထိသွားပြန်လေပြီ။ သို့သော် သူ့အိပ်မက်ထဲက ငါးတွေကို ပြန်မြင်ယောင်ပြီး ဒီနေ့နိုင်ကိုနိုင်ရမည်ဟု တွေးမိပြန်ကာ ဆက်ပြီး ကစားနေတော့သည်။ ထိုအချိန်တွင် ထိုအချိန်တွင် သူ့ဘေးမှလူထိုးသည့်အကောင် တော်တော်များများ ကျသည်ဖြစ်၍ တစ်ဝိုင်းလုံးတွင် အနိုင်ဆုံးဖြစ်နေသည်။ ထိန်လင်းက ထိုသူထိုးသည့်အကောင်ကို လိုက်ပြီး ထိုးကြည့်သည်။ တစ်ကြိမ်တွင် သူထိုးထားသော လိပ်မှာ ၂ကောင်ပါလာပြီး ထိုးငွေ၂ဆကို သူရလိုက်သည်။ နောက်အလှည့်များတွင်တော့ ထိုးသည့်အကောင်က မပါသည်က များလာသဖြင့် လက်ထဲကငွေ ပါးလျလာပြီး တစ်တောင်တန် ၁၀ရွက်ခန့်သာ ကျန်လေတော့သည်။ သူ့ဘေးက ကြိုးကို ကိုယ်တိုင်ဆွဲချပြီး ထိုးနေသူက “ဒီတစ်ခါ ပုဇွန်ကျမှာ သေချာတယ်ဗျ.. ခင်ဗျား ပုဇွန်ထိုးပါလား.. ကျွန်တော်လည်း ပုဇွန်အောထားတယ်” ဟုသူ့ကို တီးတိုးလှမ်းပြောလေသည်။ “သေချာလား ခင်ဗျားဟာက” ဟု သူပြန်မေးတော့ “သေချာတယ် ကျွန်တော် ပုဇွန်ကျအောင်ကို ကြိုးကိုထိန်းဆွဲမှာဗျ.. ကြည့်လေ ပုဇွန်မှာ ကျွန်တော်အများကြီး ထိုးထားတာ” ဟု ပြန်ပြောသည်။ ဟုတ်တော့ဟုတ်သည်.. ထိုလူက ပုဇွန်နေရာတွင် ငွေ များစွာထိုးထားသည် ထောင်တန် ရွက် ၂၀ကျော်မည်ထင်သည်။ ထို့ကြောင့် သူလည်း နောက်ဆုံး အားကိုးရာအဖြစ် ပုဇွန်ကို ပုံအောလိုက်ဖို့ ဆုံးဖြတ်ကာ လက်ထဲတွင်ကျန်နေသော တစ်ထောင်တန် ဆယ်ရွက်ကို ပုဇွန်အကွက်တွင် ပုံချလိုက်လေသည်
ထိုးသူများအားလုံး ထိုးပြီးသွားချိန်တွင် ဒိုင်က ကြိုးဆွဲဖို့ လှမ်းပြောသောအခါ အံစာတုံးများ တစ်ပြိုင်တည်း ကျမလာစေဘဲ တစ်လုံးစီ ကျစေရန် ထိုသူက ကြိုးကို ဖြေးဖြေးချင်း ဆွဲသည်။ ပထမတစ်ကြိမ် အံစာတုံး တစ်လုံး ပြုတ်ကျလာသည်။ ကြက်.. ဟုအော်သံများက ညံသွားသွားသည်။ ကြက်ထိုးထားသူများ ခုန်ပေါက်နေကြသည်။ နောက်တစ်ကြိမ် ထိုလူက အံစာတုံးကို ဆွဲချပြန်တော့ ကျလာသော အံစာတုံး၏ မျက်နှာပြင်ကို သူမကြည့်ရဲအောင်ဖြစ်မိကာ မျက်စိပင် ယောင်ယမ်း၍ မှိတ်လိုက်မိသည်။ သို့သော် ကျား ဟုအော်လိုက်သံ ကြားသဖြင့် သူမျှော်နေသော ပုဇွန်မဟုတ်မှန်း သိလိုက်ရပြန်သည်။ ထိန်လင်း ဇောချွေးများ ပြန်လာပြီ။ ဒီတစ်ကြိမ်သာ ပုဇွန်မဟုတ်ခဲ့လျှင် သွားပြီ.. ပါလာသမျှ ကုန်ပြီ။ ပြီးတော့ သူ့ပိုက်ဆံတွေလည်း မဟုတ်။ ကိုကျော်ဝေကို သူ မည်သို့ မျက်နှာပြရတော့မည်ကို မတွေးတတ်အောင် ဖြစ်နေတော့သည်။ သူ လက်သီးကိုဆုပ်ကာ အသက်ပင်မရှူမိတော့ဘဲ နောက်ဆုံး အံစာတုံးကို ရင်တုန်စွာ စောင့်ကြည့်နေမိသည်။ နောက်ဆုံး ကြိုးအဆွဲမှာ ကျန်နေသော အံစာတုံးက ပြုတ်ကျလာသည်။ အရင်ပြုတ်ကျနေသော အံစာနှစ်တုံးကိုတိုက်ပြီး ခပ်စောင်းစောင်း အနေအထားဖြင့် ပုဇွန်လေးက အပေါ်မျက်နှာပြင်အဖြစ်ကျရန် တာစူနေပြီ.. သို့သော် အရှိန်မသေသေးသော အံစာတုံးမှာ တစ်ဘက်သို့ စောင်းကျသွားပြီး အပေါ်မျက်နှာပြင်က “ဆင် ” ဖြစ်သွားလေတော့သည်။


သူ့ရင်ထဲတွင် ဟာ ခနဲရင်ထဲတွင် ခံစားလိုက်ရသည်။ သွားပြီ.. မျှော်လင့်ချက်တွေအားလုံး ဆုံးပြီ။ လူ့သဘာဝအတိုင်း ဆုံးရှုံးမှုနှင့် ကြုံရမှ အသိတရားတို့သည် လောကရဲ့ ထောင့်အသီးသီးကနေ သူ့ရင်ထဲကို အလိုလို ပြန်ဝင်လာတော့သည်။ သူ့ရင်တစ်ခုလုံး မီးစနှင့် ထိုးခံထားရသလို ပူလောင်နေသည်။ သူ့အတွေးများအားလုံး မည်သည့်အရာတွင်မှ တည်မှီ၍မနေ။ ဘာကိုမှလည်း သူမတွေးတတ်တော့။ အသိတရားနှင့် ပူလောင်မှု နောင်တများသာ သူ့စိတ်နှလုံးထဲကို အလိုလို တလှည့်စီ ဝင်ရောက်နေသည်။ မျှော်လင့်တက်ကြွစွာ ယူဆောင်လာခဲ့သော ငွေအထပ်ကို ပြန်မြင်ယောင်လာသည်။ ကိုကျော်စွာမျက်နှာကလည်း တစ်ချက်တစ်ချက် သူ့အာရုံထဲ ဝင်လာပြန်သည်။ ထိုသို့ ကိုကျော်စွာ့မျက်နာကို အလိုလိုတွေးမြင်မိချိန်မှာ သူရင်ထဲ ဟိုက်ခနဲ ဟာခနဲ ဖြစ်သွားရပြန်သည်။ လည်မျိုတွင် အလုံးကြီးတစ်ခုက အလိုလို လာတစ်ဆို့သလို ခံစားရပြန်သည်။ ထူပူနေသည်ဟုသာ ပြောရမည်။ သူဘာမှမတွေးတတ်။ ဘာဆက်လုပ်ရမှန်းမသိ။ ကစားဝိုင်းကို အသိစိတ်မဲ့စွာ ငူငူကြီးငေးနေမိသည်။ နှစ်သိမ့်ပေးမည့်သူမရှိ။ အားလုံးသူ့အာရုံနှင့်သူ ဇောကပ်နေကြသည်။ ကစားဝိုင်းဘေးတွင် မျှော်လင့်ချက်များ ယုံကြည်ချက်များ လူမှုရေးများ ကိုယ်ကျင့်တရားများအားလုံး ဆုံးရှုံးသွားသူ တစ်ယောက်ရှိနေသည်ကို ဘယ်သူမှ သတိမရကြပါ။

အရှုံးတရားကို တစ်စစ သူလက်ခံလာနိုင်ချိန်တွင် သူလျှောက်ရမည့်လမ်း တစ်ခုသာ ရှိတော့သည်ဟု သူသိလိုက်သည်။ ဆုံးရှုံးသွားသော ငွေကြေးသည် ဒီခေတ်မှာတော့ ပမာဏများသည်ဟု မဆိုနိင်ပေမယ့် သူ့လို ဆိုင်ဝန်ထမ်း တစ်ယောက်အတွက်တော့ မနည်းလှသော ငွေကြေးဖြစ်သည်။ ကိုကျော်စွာကို အကုန်ဝန်ခံပြီး တောင်းပန်ကာ ကတိပေးလိုက်လျင် ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်မည် ဖြစ်သော်လည်း သူ့အပေါ်တွင်ထားသော ညီရင်းအစ်ကိုလို ချစ်ခင်မှုနှင့် ယုံကြည်မှုတော့ ပျက်စီးသွားပေတော့မည်။ ယခင်ကအတိုင်း ဘာအရောင်မှမပါသည့် အကြည့်မျိုးကို ရနိင်တော့မည် မဟုတ်။ သံသယအကြည့်များက ကပ်ငြိပေတော့မည်။ ထိုဒဏ်ကို သူမခံနိင်ပါ။ သူတစ်နေရာသို့ ထွက်သွားရပါတော့မည်။ သို့သော်လည်း လက်ထဲတွင် ငွေက တစ်ပြားမှ မကျန်တော့ပေ။ ထို့ကြောင့် ဝတ်လာသော ဂျာကင်ကို အနီးတွင်ရှိသောသူထံ တောင်းတောင်းပန်ပန်ဖြင့် ရောင်းချပြီး အဝေးပြေးကားဂိတ်သို့ သူခပ်သွက်သွက်လျှောက်ကာ မန္တလေးသို့ သွားမည့်ကားပေါ်ကို တက်လိုက်ပါတော့သည်။

အခုတော့ မျှော်လင့်ခြင်းများ၊ စိတ်ကူးအိမ်မက်များ အားလုံးကို ထားရစ်ပြီး သူ ဒီမြို့မှ စွန့်ခွာခဲ့ရတော့သည်။ သူ့နာမည်နှင့်
တစ်သက်လုံး ထိန်းလာခဲ့သော ရိုးသားခြင်းဟူသည့် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားသည် အကောင်၆ကောင်၏
မာယာတောတွင် အစအနမျှ မကျန်အောင် ပျောက်ဆုံးသွားရလေပြီ။ ယုံကြည်မှုကို
အလွဲသုံးစား လုပ်မိသူတစ်ယောက်၏ ရင်ထဲတွင်လည်း နာကျင်ခြင်းနှင့်
ပူလောင်ခြင်းကို ခံစားရပါသည်။ ယောက်ျားတန်မဲ့ စီးကျလာသော ပါးပြင်ပေါ်မှ

မျက်ရည်များသည် နောင်တတို့ဖြင့် ပူလောင်ကျွမ်းမြေ့၍ နေလေတော့သည်။
ယခုချိန်မှတော့ နောင်တသည် သူ့အတွက်တော့ နှောင်းခဲ့လေပြီ။


No comments:

Post a Comment