Sunday, December 12, 2010

အိုမင်းရင့်ရော်တော့ အမေ့မေ့ အလျော့လျော့နဲ့ပါ

အမေ့ကို တစ်နေ့က လူငယ်တစ်ဦးက အမေ ဒီအသက် ဒီရွယ်အထိအောင် စာတွေရေးနေတာကို ကျနော်ဖြင့် အားကျလိုက်တာ၊ကျနော်ဖြင့် အမေ့လို ရေးနိုင်ချင်လိုက်တာလို့ပြောတော့ အမေက သူ့စကားကြောင့် ၀မ်းသာရမလိုလို၊စိတ်ကြီးဝင်ရ မလိုလို ဖြစ်မိသေးတယ်။ ဒါပေမယ့် အမေက မနေနိုင်လို့သာ ရေးနေတာပါ။စာက လူချင်းတူတူ သူချင်းမျှမျှ ထိုက်ထိုက်တန်တန် စာမျိုး မထွက်တော့ပါဘူး၊အမေ အသက်က ကြီးလှပြီ မဟုတ်လား။
အဲဒီတော့ မေ့တာလျော့တာတွေက သိပ်များလာပြီပေါ့။
အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲ ဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခါ သေမင်းလက်ထဲကနေ မနည်း ၀ိုင်းလုထားရတယ်။ ဆရာဝန်ကြီးတွေကို အမေက ကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာ အမေ ဆေးရုံပေါ်တုန်းက ချောင်းကလည်း ဆိုးနေလို့ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ဦးဝင်းနိုင်လည်း ကုပေးရ ရှာတယ်။ ဒါကို အမေက သူ့နာမည် မေ့ကျန်ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်းလိုက်တာ အားနာလိုက်ရတာ။
သူက တခြားဆရာဝန်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ အိမ်ချင်းကပ်နေတဲ့ ဆရာဝန်ဖြစ်ပြီး သူ့သားလေး နှစ်ယောက်က အမေတို့အိမ်ကို မိုးလင်းတာနဲ့ လာကစားကြတာ။ သူ့ဇနီးက ဆိုရင် အမေရေးသားခဲ့တဲ့ (မန္တလေးသူ မန္တလေးသားများ)ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက် သူကြီး ဦးမောင်ကြီးရဲ့မြေးပါ။ ကိုယ်နဲ့ဒီလောက်နီးစပ် ရင်းနှီးနေတာဖြစ်ပေမယ့် သူ့ကိုမေ့ထားခဲ့တယ်လေ။ အဲဒီတော့ အမေပြောချင်တာက "ငါ့သားတို့ ငါ့သမီးတို့......လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင်လုပ်ကြ၊ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာက ဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင်စဖြူလာတာ မျက်စိမှုန်လာတာတွေက ဖြစ်လာတယ် မဟုတ်လား။ နို့ပေမယ့် ကိုယ်က ဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ ဇရာကို အန်တုပါတယ်။ အဲဒီလိုတုသာတုတယ် ဇရာကတော့ မှန်မှန်ကြီး ၀င်လာတာပါပဲ။ မျက်စိတို့ ဆံပင်တို့သာမက နားကပါအကြားချို့တဲ့လာတယ်။ လူ့ရဲ့ သတ၊ိ အမှတ်အသားကလည်း နည်းနည်းချင်းလျော့ပါး ပျက်စီးလာတယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ၊နားတယ်မရှိ၊ကိုယ့်ခန္ဓာထဲ မှန်မှန်ကြီး ၀င်လာနေတာပါ။ လူက လူအိုလူမင်း ဖြစ်လာတာနဲ့အမျှ လွှင့်မပစ်ရသေးတာက လွဲလို့ ဘာကမှ ဟုတ်တိပတ်တိ မကောင်းတော့ပါဘူး။ ဒါကြောင့် အမေက သားတို့ သမီးတို့ကို လုပ်စရာရှိတာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင် လုပ်ကြဖို့ ပြောတာပေါ့ "။

လူဆိုတာ စကားပီ နားကြား လူတယောက်ရယ်လို့ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့ အရွယ်မှာ ပညာကို မရ အရ ရှာရမယ်။ ပြီးတော့ ဒီလူလောကမှာ ငါကြီးလာရင် ဘာဖြစ်ချင်တယ် ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက်ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစားလုပ်ရတယ်။ လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် အဲဒီအခက်အခက်တွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။တိုက်ပွဲဝင်ရတယ်။ ရှုံးတဲ့အခါလည်း ရှုံးတယ်။ ကိုယ်က နိုင်တဲ့အခါလည်း နိုင်တယ်။ နို့ပေမယ့် ဘ၀ဆိုတာ ဒါပါပဲ။ ကိုယ်သွားချင်တဲ့ဆီရောက်အောင် ဒီလို ဒရွတ် ဒသီနဲ့သွားရတာပဲ။
ဘ၀ဆိုတာ တိုက်ပွဲလို့ ကြီးတဲ့သူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်က ကြီးလာလို့ထင်ပါရဲ့။ တိုက်ပွဲပေါင်းလည်း မရေတွက်နိုင်ခဲ့ဘူး။ ကိုယ်ရှုံးနိမ့်ခဲ့တာတွေလည်း အများကြီးမှ အများကြီးပါ။ ခုနေပြန်စဉ်းစားရင် မှတ်တမ်းတင်လို့တောင် ကုန်မယ်မထင်ဘူး။ အမေ့ကို တချို့က ခေါင်းမာ တယ်လို့ဆိုတယ်။ ဟုတ်လေသလား မပြောတတ်ဘူး။နို့ပေမယ့် ခေါင်းမမာရင် ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါ ပြန်မထနိုင်ရင် လူတကာက နင်းချေသွားလို့ လူ့နင်းပြား ဘ၀နဲ့ပဲ ရှိတော့မှာပေါ့။
ငါ့သားတို့ ငါ့သမီးတို့ကို အမေပြောချင်တာက ဘ၀ကို ရင်ဆိုင်ရတဲ့အခါ အဲဒီတိုက်ပွဲကိုလည်း တွေ့ကြ ကြုံကြရမှာ
အမှန်ပဲ။ တိုက်ပွဲမှာ ကိုယ်က ရှုံးရင်၊ ရှုံးရလေခြင်းလို့ မအောက်မေ့ပါနဲ့။ ငါလိုလူတွေ အများကြီး ဒီလိုရှုံးရာကနေ လူးလဲထရ တာပဲလို့ သိလိုက်ပါ။ပြီးတော့ ဆက်လျှောက်ပါ။ အမေဖြင့် အသက်ရှည်လွန်းလို့ တိုက်ပွဲတွေက ပိုများသလား၊ ငါက ခေါင်းမာလို့ပဲ ပိုခံရသလားလို့တောင် အောက်မေ့မိပါရဲ့။ ဒါပေမယ့် အဲဒါလည်း မဟုတ်ပါဘူး။အမေ့လောက် အသက်မကြီးသေးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ကျော်လွှားနေရတဲ့ လူတွေ အများကြီးရှိတာပါ။ဒါဟာ လူ့ဘ၀ပါပဲ။ ဒါကြောင့် အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲလုပ်ကြ။ကိုယ်က ရှုံးရင်လည်း ပြန်ထကြ။ ငယ်တုန်းရွယ်တုန်း ၊ ကိုယ့်မှာ အားမာန်အပြည့်ရှိတုန်း လူ့ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှား ကြပါ။
ဒါဟာ ဘာမှ မဆန်းပါဘူး။ လူတိုင်း လူတိုင်းဟာ တမျိုးမဟုတ် တစ်မျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ.....အိုလာပြီဆိုရင်တော့ လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကို လက်မြှောက်လိုက်ရတဲ့ ဘ၀ ရောက်လာလိမ့်မယ်။ ဒါကြောင့် အချိန်အရွယ် ရှိတုန်း လုပ်စရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ..........။

No comments:

Post a Comment