Thursday, December 30, 2010

မမြင်နိုင်သော လောက

ဦးသောင်းတင် တစ်ယောက် မနက်စာ စားနေရင်း ညက အိမ်မက်ကို ပြန်တွေးနေမိသည်။ တကယ်တော့ ပြန်တွေးသည် ဆိုတာထက် စိတ်ထဲကို အလိုလို ရောက်နေသည်ဆိုလျင် ပိုမှန်မည်။ အိမ်မက်က တိုတိုလေးပါပဲ။ မေ့လို့မရနိင်လောက်အောင် ရှင်းရှင်းလင်းလင်း မက်ခဲ့ခြင်းဖြစ်သည်။ ရှင်းလင်းလွန်းသဖြင့် စိုးရိမ်စိတ်လည်း အနည်းငယ် ဝင်မိသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သတိပေးတာ မမှားနိင်လောက်ဘူး ဟု တွေးမိသဖြင့် ရေနွေးကြမ်းတစ်ခွက် သောက်ပြီး ရွှေတူးခြင်း စတင်နေပြီဖြစ်သော ခြေရင်းခြံဘက် ကူးလာခဲ့သည်။

သူ ကျင်းအနီးကိုရောက်တော့ ခြံရှင် မိုးကျော် အပါအဝင် အလုပ်သမားများမှာ လုပ်ငန်းဝင်ခွင်ဖို့ ပြင်ဆင်နေကြပြီ။ နေရာအနှံ့ ရွှေထွက်လေ့ရှိသော သူတို့ရွာသည် ရွှေထွက်နှုန်းများသည့် ချောင်းကမ်းဘေးတွင် တည်ရှိသည်။ အခြားနေရာတို့ထက် ရွှေပါဝင်မှု ပိုများသော ချောင်းကမ်းစပ်တွင် တည်ရှိသည့် ခြံတိုင်းလိုလို ရွှေတူးလေ့ ရှိကြသည်။ ဦးသောင်းတင်၏ ခြံတွင်လည်း သူ၏သားအကြီး ထွန်းထွန်းက ဦးဆောင်ကာ ရွှေတူးနေသလို ခေါင်းရင်းခြံတွင်လည်း တူးနေသဖြင့် ခြံ ၃ ခြံ တပြိုင်ထဲ တူးနေသလို ဖြစ်နေ၏။ သူတို့ ၃ခြံမှာ ချောင်းအစပ်တွင် တစ်ဆက်တည်း ရှိသောကြောင့် တိုင်ပင်ပြီး တစ်ပြိုင်တည်း တူးကြခြင်းလည်း ဖြစ်၏။

ဤနေရာတွင် ရွှေတွင်းတူးခြင်း၏ လုပ်ငန်းသဘာဝ အနည်းငယ်ကို ဖော်ပြရလျင် ရွှေတွင်းတူးရန် ပျမ်းမျှ လူ ၁၀ ယောက်ကျော်လိုအပ်သည်။ ပထမဆုံး အပေါ်ယံမြေလွှာများကို ဖယ်ရှားပစ်ရမည်။ ၄င်းကို ခေါင်းပေါင်းကျင်းသည်ဟု ခေါ်လေ့ရှိသည်။ ခန့်မှန်းခြေအားဖြင့် မြေအနက် ၁၀ပေနီးပါးခန့်ကို တူးဖယ် ပစ်ရသည်။ မြေသယ်သော ဂေါ်တောင်းများဖြင့် တူးပြီးသော မြေကြီးကို ဖယ်ရှားပစ်ကြသည်။ မြေသားများ၊ သဲအလွှာများ ကုန်ဆုံးပြီး ကျောက်ခဲနှင့် သဲ ရောထားသော မြေအလွှာရောက်မှ ရွှေရှာဖို့ စတင်ပြင်ဆင်ရသည်။ ထိုကျောက်ခဲနှင့် သဲ ရောထားသော မြေမျိုးတွင်သာ ရွှေကြောများ ရှိတတ်သည်။

ထိုရွှေကြောသို့ရောက်လျင်တော့ လူသုံးလေးယောက်ခန့်မှ သံဒိုင်ကိုင်ကာ မြေဆွကြရသည်။ သံဒိုင်ဆိုသည်မှာ နှစ်ဖက် ချွန်ထားသော သံချောင်းအပိတ် ဖြစ်သည်။ ထို သံဒိုင်ဖြင့် တွင်းထဲမှ မြေသားများကို ကျစ်လစ်မှု လျော့စေရန် တူးဆွ ပေးရသည်။ ထိုကဲ့သို့ တူးဆွထားသော မြေကြီးများကို ပို့စက်ကိုင်သူတစ်ယောက်မှ မြေသားနှင့် ကျောက်ခဲများ ပြိုကျစေရန် ရေအားဖြင့် မှုတ်ထုတ်ပေးရသည်။ ပို့စက်ဆိုသည်မှာ ချောင်းထဲမှ ရေများကို စုပ်ယူကာ တွင်းထဲသို့ ပို့ပေးသော စက်ကို ခေါ်ခြင်းဖြစ်သည်။

ထိုစက်မှ ထွက်လာသော ရေများကို ရေပိုက်မှ အရှိန်ကောင်းကောင်းထွက်စေကာ မြေသားများကို တိုက်စားပစ်သည်။ ရေစီးနှင့် မျောလာသော မြေနှင့် ကျောက်ခဲများကို လူ သုံးလေးယောက်ခန့်မှ ကျောက်ခဲများရွေးထုတ်ကာ မြေကြီးနှင့် သဲများကို ပေါက်ပြားများဖြင့် မုန်စုပ်စက်ဆီ ဆွဲကာ ပို့ပေး၏။ ရွေးထုတ်ထားသော ကျောက်ခဲများကိုလည်း ဘေးနားတစ်နေရာသို့ စုပုံထားကြသည်။ ကျောက်ခဲများ ဖယ်ထုတ်ပြီးရေစီးဖြင့် ကျလာသော သဲမြေများကို လူတစ်ယောက်က လက်ဖြင့်ယက်၍ မုန်စုတ်စက်ဆီသို့ ပို့ပေးရသည်။

မုန်စုပ်စက်ကို တူးနေသောတွင်းထဲတွင် သစ်သားတိုင် သုံးချောင်းကို ဖိုခနောက်ဆိုင် ဆိုင်ကာ ကြိုးဖြင့် ဆိုင်း၍ တွဲလောင်း ကျနေအောင် ချိတ်ဆွဲထားရ၏။ မုန်စုပ်စက်ဆိုသည်မှာ ဝင်ရောက်လာသော သဲမြေများကို ကျင်းအပေါ်သို့ ပိုက်မှတစ်ဆင့် မှုတ်တင်ပေးသော စက်ဖြစ်သည်။ ပိုက်မှတစ်ဆင့် ကျင်းပေါ်ရောက်လာသော သဲနှင့်ရေများကို ဇလားခေါ် လေးထောင့် ပုံးထဲ ကျဆင်းစေပြီး ထိုမှတစ်ဖန် ရေတံလျှောက်ကို ဖြတ်သန်းပြန်သည်။ ရေတံလျှောက်တွင် ရွှေဖမ်းကော်ဇော၊ သပွတ်အူ၊ အုန်းဆံကြိုး စသည်ဖြင့် ကန့်ထားသော နေရာ တို့ကို ဖြတ်သန်းစေ၏။

လေးလံသော ရွှေသတ္တု၏ သဘာဝအရ၊ ၄င်း ရွှေဖမ်းကော်ဇောနှင့် အုန်းဆံကြိုး တားထားသော နေရာတို့တွင် ရွှေမှုန်များနှင့် သဲ၊ ကျောက်ခဲအသေးအချို့ ကျန်ရစ်ခဲ့သည်။ ၄င်းကို ရွှေသဲစာ ဟုခေါ်၏။ ယင်းရွှေသဲစာများကို စုစည်းပြီး တိုင်ကီပိုင်းအပြတ်တွင် ထည့်ကာ စုဆောင်းထားကြသည်။ ထို့နောက်မှ တစ်ရက်စာ တစ်ရက်ဖြစ်စေ၊ ၂ရက်၃ရက် စုစည်း၍ဖြစ်စေ ရွှေသဲစာကိုထုတ်ယူကာ “အင်” ဟုခေါ်သော ရွှေကျင်သည့် သစ်သားပြား ဝိုင်းကလေးဖြင့် ရေပေါ်တွင် လျှပ်တိုက်ပြီး ကျင်ယူကာ ရွှေမှုန်များကို ကဲ့ယူရသည်။

အင်ထဲတွင် ရှိနေသော သဲနှင့် ကျောက်ခဲသေးလေးများမှာ ရေဖြင့် လွှင့်ပါသွားကြပြီးသောအခါ ရွှေမှုန်များနှင့် အမည်းရောင် သဲ(ရွှေချီး) အနည်းငယ်သာ ကျန်ရစ်တော့သည်။ ၄င်း ရွှေမှုန်များကို စုဆောင်းပြီး ပြဒါးဖြင့် ဖမ်းလိုက်သောအခါ အဖြူရောင် ရွှေအခဲလုံးလေးကို ရရှိသည်။ ရလာသော အဖြူရောင် ရွှေအခဲလေးကို မီးဖုတ်လိုက်ပါက လူသားတို့ မက်မောသော ရွှေကို ရရှိပါတော့သည်။

လုပ်ငန်းစတင်သည်မှာ သိပ်မကြာသေးသဖြင့် ခေါင်းပေါင်းကျင်းသည့် အဆင့်မှာပဲ ရှိနေကြသေးသည်။ ဦးသောင်းတင်ကို မြင်သဖြင့် ရွှေတူးနေသော လုပ်သားများကို ကြီးကြပ် ညွှန်ကြားနေဟန်ရှိသည့် မိုးကျော်က နှုတ်ဆက်လိုက်သည်။

“ ဦးလေး ဘာလိုလို့လဲ ”

ပစ္စည်းတခုခု လာငှားသည် ထင်သဖြင့် မေးလိုက်၏။

“ မဟုတ်ဘူးကွ ပြောပြစရာ ရှိလို့ ”

“ ဟုတ်ကဲ့ ဦးလေး ”

“ ဒီလိုကွ ငါညက အိမ်မက်မက်တယ် အိမ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ် ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က စကား လာပြောတယ်ကွာ ဘယ်လိုပြောလဲဆိုတော့ ”

“ ဟုတ်ကဲ့ ”

“ ညောင်ပင်ကို မခုတ်စေနဲ့... အဲဒီအပင်မှာ မှီခိုနေရတဲ့သူတွေ ရှိတယ်တဲ့ မင်းတို့က ညောင်ပင်ကို ခုတ်လိုက်ရင် အဲဒီညောင်ပင်မှာ အမှီပြုပြီး နေကြသူတွေက ဘယ်မှာ သွားနေရမလဲတဲ့ အဲဒီလိုပြောပြီး အဝတ်ဖြူ ဝတ်ထားတဲ့သူလည်း ပျောက်သွားတယ်.. သူလည်း ပျောက်သွားရော အိပ်မက်ကနေ ငါလည်း လန့်နိုးလာရော ”

မိုးကျော်တို့ ခြံ အစွန်ဘက်က အလွန်ကြီးမားသော နှစ်ပေါင်းရှည်ကြာ ရှိနေခဲ့သည့် ညောင်ပင်ကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

“ ဟုတ်လား ဦးလေး ”

“ အေးကွ အဲဒါ ဖြစ်နိင်ရင်တော့ မခုတ်စေချင်ဘူး ”

ရပ်ရွာထဲတွင် သက်ကြီးဝါကြီးသူ ဖြစ်သလို ဘုရားတရားနှင့် နေလေ့ရှိသူ ဦးသောင်းတင်၏ စကားကို အလေးအနက်ထားကာ မိုးကျော် တစ်ယောက် စဉ်းစားသွားရတော့သည်။

“ ကျနော်တို့က ဒီတစ်ကွက်လုံး တူးဖို့ မှန်းထားတာဆိုတော့ မကြာခင် တူးသွားရင်းနဲ့ ညောင်ပင်ဆီကို ရောက်သွားမှာပဲ အဲဒီအခါကျ ခုတ်မှ ဖြစ်မှာလေ ”

“ အေးလေ.. အိမ်မက်ဆိုတော့လည်း အတင်းတိုက်တွန်းဖို့ မကောင်းဘူးဖြစ်နေတယ်။ ဒီတော့ စဉ်းစဉ်းစားစားနဲ့ လုပ်စေချင်တယ် ”

“ ဟုတ်ကဲ့ပါဦးလေး ”

မိမိ၏ ကိုယ်ပိုင်လုပ်ကွက်မဟုတ်သဖြင့် ဦးသောင်းတင် တစ်ယောက် တားမြစ်ဖို့ မစွမ်းသာသောကြောင့် အိမ်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ ထိုအိပ်မက်မက်ပြီး ၁၀ ရက်ခန့် ကြာမြင့်သွားသောအခါ ဦးသောင်းတင် ကိုယ်တိုင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့၏။ မိုးကျော်ကိုယ်တိုင်လည်း သတိမရခြင်းလား သို့မဟုတ် အလေးအနက် မထားခြင်းလား တစ်ခုခုကြောင့် ဖြစ်မည်ထင်သည်။ ခြံအနောက်ဘက် ချောင်းကမ်းစပ်အထိ ရွှေတူးရင်း ထို ညောင်ပင်ကို ခုတ်လိုက်ကာ အမြစ်ပါ တူးပစ်လေတော့သည်။

ထို့နောက် ညောင်ကိုင်း တစ်ကိုင်းကို လှေပေါ်တင်ကာ ချောင်းဟိုဘက်ကမ်းကူးပြီး “နေခဲ့ကြတော့”ဟု ရယ်ရယ်မောမော ပြောကာ ညောင်ကိုင်းကို တဖက်ကမ်းတွင် ချန်ထားခဲ့ကြောင်း ပြန်ကြားရသည်။ အပင်ကို ခုတ်ပြီးခဲ့လျင်တောင် ဒီလောက်အထိ ပေါ့ပျက်ပျက် မလုပ်သင့်ဟု တွေးမိသဖြင့် ဦးသောင်းတင် သက်ပြင်းချမိသည်။

ထိုသို့ဖြင့် ၂၀၀၉ ဇန်နဝါရီလဆန်း ပိုင်းက မက်ခဲ့သော အိမ်မက်သည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြောင်းထင်လာတော့သည်။ တိုက်ဆိုင်သည်ဟု တွေးယူ၍ မရနိင်လောက်အောင် ဆန်းကျယ်သော အဖြစ်အပျက်တို့သည် ဆင့်ကာ ဆင့်ကာ ပေါ်လာလေပြီ။


၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၄ ရက်


လူတစ်စုအတွက် ကံဆိုးမိုးမှောင် ကျစေမည့် ထိုနေ့သည် သာမန်နေ့တစ်နေ့သာ ဖြစ်သည်။ ကြမ္မာဆိုးရဲ့ စီရင်ချက် ချခံထားရသော ရွှေတူးသမား လူတစ်စုကတော့ မနက်ခင်း လုပ်ငန်းခွင် ဝင်ချိန်ထဲက သီချင်း တအေးအေး ဖြင့် ရှိနေခဲ့သည်။ မကြာမီ ရောက်လာတော့မည့် နာရီပိုင်းတွင် အဆိုးရွားဆုံး အခြေအနေ ဖြစ်လာမည်လို့ သူတို့ ထင်မထားခဲ့ပေ။ ယခင်လို သာမန်နေ့ တစ်နေ့ဟုသာ ထင်မှတ်ထားသဖြင့် သံဒိုင်ကိုင်သူ၊ ကျောက်ခဲရွေးသူ ပို့စက်ကိုင်သူ မုန်စက် ကိုင်သူ စသည်ဖြင့် ကိုယ်စီ ဆိုင်ရာ လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နေခဲ့ကြသည်။

သူတို့သတိမပြုမိသော ထူးခြားချက် တစ်ခုကတော့ ကောင်းကင်တွင် ကျီးငှက်တို့ အနည်းငယ် ပြိုနေခြင်းဖြစ်သည်။ အလုပ်ထဲတွင် အာရုံရောက်နေသဖြင့် ထိုသည်ကို သတိမထားမိကြပေ။ ထိုသို့ဖြင့် ထမင်းစားနားပြီးနောက် နေ့လည်ပိုင်းလုပ်ငန်းခွင် ပြန်စဖြစ်သည်။ သူတို့၏ ဘေးကပ်လျက် နှစ်ခြံမှလည်း တပြိုင်ထဲ ရွှေတူးနေကြသဖြင့် မုန်စုပ်စက်သံ၊ ပို့စက်သံတို့ဖြင့် ထိုပတ်ဝန်းကျင် တစ်ခုလုံး သက်ဝင် လှုပ်ရှားနေ၏။ နေ့လည် နှစ်နာရီ ခန့်တွင် ခေါင်းရင်းဘက် ခြံမှ ဦးသောင်းတင်၏ သား ထွန်းထွန်း ရောက်လာသဖြင့် တွင်းထဲဆင်းကာ ကြီးကြပ်နေသော ကျင်းပိုင်ရှင် မိုးကျော်မှာ သူငှားထားသော ပေါက်ပြားကို ပြန်ပေးရန် သတိရပြီး တွင်းပေါ်သို့ တက်လာခဲ့သည်။

“ ထွန်းထွန်းရေ မင်း ပေါက်ပြား တစ်ခါတည်း ယူသွားလိုက်ကွာ ငါမအားတာနဲ့ လာမပေးဖြစ်သေးတာ ”

“အေးအေး ယူသွားလိုက်မယ်။ ဒါနဲ့ ဒီနေ့လည် မြေတွေ တော်တော်ပြိုတယ်ဗျ၊ အခြေအနေ သိပ်မကောင်းဘူး အလုပ်ခဏနား ထားရင် ကောင်းမယ်။ ဒီမနက် ဟိုဘက်ကျင်းက လူတစ်ယောက် ပြုတ်ကျတယ်တဲ့ တိုက်ဆိုင်တာက ကျွန်တော့်ကျင်းက လူတစ်ယောက်လည်း အစောတုန်းက ကျင်းနှုတ်ခမ်းကနေ ပြုတ်ကျသွားသေးတယ် ဒါပေမဲ့ ဘာမှတော့ မဖြစ်လိုက်ကြဘူး နည်းနည်းပါးပါး နာကျင်တာလောက်ပါဘဲ ကျနော်စိတ်ထဲ သိပ်မကြည်တာနဲ့ လုပ်ကွက်တောင် ခဏ နားထားလိုက်တယ်”

ထွန်းထွန်းပြောသည်မှာလည်း မှန်သည်။ ယနေ့သည် ယခင်နေ့များထက် ပို၍ မြေပြိုနေသည်။ ရွှေတွင်းတူးရာတွင် ဘေးနံရံများ ပြိုကျခြင်းသည် ဖြစ်ရိုးဖြစ်စဉ် ဆိုသော်လည်း ယနေ့ ပြိုကျနေသော ပမာဏ ပိုများသလို ပြိုနှုန်းမှာလည်း ပြင်းထန်နေ၏။

“ အေးအေး အခုပဲ နားခိုင်းလိုက်တော့မယ် ”

မိုးကျော် တစ်ယောက် သူ၏အလုပ်သမားများကို အလုပ်သိမ်းရန် ပြောဖို့ လှည့်ထွက်စဉ်မှာပင် ဖြစ်ရပ်ဆိုးကြီး ကျရောက်လာတော့သည်။ ခြံနှစ်ခြံကြား ကာရံထားသော အုတ်တံတိုင်းနှင့် နီးသောအခြမ်းမှ မြေတွင်း ဘေးနံရံမှာ ရုတ်တရက် ဝုန်းခနဲ ကြောက်မက်ဖွယ် အသံဖြင့် ပြိုကျသွားတော့သည်။ ဖြစ်ရပ်မှာ မြန်ဆန်လွန်းသဖြင့် ကျင်းထဲတွင် အလုပ်လုပ်နေသော လုပ်သားများထဲမှ ထွက်ပြေးချိန် မရလိုက်သည့် မုန်စုပ်စက် ကိုင်သူနှင့် ပို့စက်ကိုင်သူ နှစ်ယောက်မှာ မြေဖို့ပြီးသား ဖြစ်သွားတော့၏။

ပြိုကျသွားသော မြေသားများ နေရာတွင် ရှိနေသည့် အုတ်တံတိုင်းကြီးပါ အက်ကွဲပြိုကျလာကာ မှုန်စုပ်စက် ချိတ်ဆွဲထားသော တိုင်ကြီးအား ရိုက်ချိုးပြီးနောက် မြေဖို့ထားခြင်းခံရသော လုပ်သား ၂ယောက် အပေါ်သို့ ထိုအုတ်တံတိုင်းမှာ ထပ်မံ ပိကျသွားသည်။ ထိုသူ နှစ်ယောက်အတွက်မှာ လွတ်လမ်း မရှိတော့ပေ။ ပြိုကျသွားသည့် အုတ်တံတိုင်းကြောင့် ထောက်တိုင်တစ်ချောင်း ရိုက်ချိုးခံလိုက်ရသော မုန်စုပ်စက်မှာ ညောင်ပင်ရှိခဲ့ဖူးသည့် ဘက်သို့ ထွက်ပြေးသော လူနှစ်ယောက်ကို လွှဲရိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုလုပ်သားနှစ်ယောက်၏ ခြေထောက်ကို မုန်စုပ်စက် ပိမိသွားလေတော့သည်။

အခြားတစ်ဖက်သို့ ထွက်ပြေးကြသည့် လူတစ်ချို့မှာတော့ ထွက်ပြေး လွတ်မြောက်သွားကြသည်။ တဒင်္ဂအတွင်း ဖြစ်ပျက်သွားသော ထိုအဖြစ်အပျက်ကို ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိင်သော်လည်း ဆက်လက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များကတော့ အံ့သြဘနန်း ဖြစ်ကာ ထိုဒေသတွင် ယခုချိန်ထိတိုင် ပြောမဆုံးနိုင်အောင် ဖြစ်ရလေတော့သည်။

ကျင်းထဲတွင် မုန်စုပ်စက် ပိမိနေသဖြင့် ထွက်ပြေးလို့မရ ဖြစ်နေရှာသည့် မြေပြင်ပေါ် ထိုင်ရက်သား ရှိနေသူ နှစ်ယောက်အနက် တစ်ယောက်မှာ အနည်းငယ်နိမ့်သော မြေပြင်ပေါ်တွင် ရှိနေပြီး နောက်တစ်ယောက်မှာ နည်းနည်းမြင့်သော မြေပြင်ပေါ် ရောက်နေလေသည်။ မြေကြီးဖို့ခံလိုက်ရပြီး အပေါ်မှ အုတ်တံတိုင်း ထပ်မံ ဖိခံလိုက်ရသော လူနှစ်ယောက်အား လတ်တလောတွင် မကယ်တင်နိုင်တော့သော်လည်း ယခု မုန်စုပ်စက်ဖိခံထားရသူ နှစ်ယောက်ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ရန် အားလုံးက အပူတပြင်း ၀ိုင်းဝန်း ကြိုးစားကြလေသည်။

တွင်းပြိုကျသံ ကြားရသည့် အနီးအနားမှ လူများလည်း ရောက်ရှိလာကြသည်။ တစ်ယောက်စကား တစ်ယောက်နားဖြင့် သိသွားကြသော ရွာထဲမှ လူတော်တော်များများလည်း ထပ်ရောက်လာကြပြန်သည်။ ထို့နောက် အားကောင်းမောင်းသန် ယောက်ျားကြီးတစ်ချို့က မုန်စုပ်စက်၏ လက်ကိုင်ကွင်းနေရာကို မဒမတိုင် အလုံးကြီးကြီးဖြင့် လျှိုကာ ဟိုဘက်သည်ဘက် ၈ ယောက်ခန့် သယ်မ ကြသည်။

သို့သော် အခါတိုင်း ပုံမှန်အားဖြင့် လူလေးငါးယောက်ခန့် မ လို့ရသည့် ထိုမုန်စက်မှာ တုပ်တုပ်မျှ မလှုပ်ပေ။ ထို့ကြောင့် အနီးအနားရှိ ဝိုင်းကြည့်နေသူများပါ တွင်းထဲဆင်းလာကာ တဖက်ကို ၁၀ယောက်ကျော်ခန့် ဝိုင်းမ ကြသည်။ လူအားလုံး တစ်ညီတစ်ညာတည်း ညာသံပေးကာမုန်စုပ်စက်ကြီးကို ၀ိုင်းမလိုက်ကြစဉ်……..

“ ဖြောင်း”

“ ဟာ ”

အံ့အားသင့်ဖွယ်ရာ အခြေအနေဖြစ်သည်။ စုစုပေါင်း လူနှစ်ဆယ်ကျော် ဝိုင်း မ နေကြသော မုန်စုပ်စက်မှာ အနည်းငယ်မျှ ကြွ မလာဘဲ လျှိုထားသော မဒမ တိုင်သာ အသံမြည်ပြီး ကျိုးထွက်သွားသဖြင့် စိုးရိမ်တကြီး ဝိုင်းကြည့်နေကြသူများ ထံမှာ “ဟာ” ခနဲ တအံ့တသြ အော်သံများ ထွက်ပေါ်လာ၏။ ဤမုန်စုပ်စက်ကို လူ ၆ ယောက်ခန့် မ လျင်ရနိင်သော်လည်း ယခုတော့ စက်က အပေါ်သို့ မြောက်တက်မလာဘဲ လုံးပတ် ထွာဆိုင် နီးနီးရှိသော မဒမတိုင်သာ ကျိုးသွားခဲ့ရသည်။ ရွှေတွင်းတို့ရဲ့ သဘာဝ သည် ၁၅ ပေခန့် နက်သော်လည်း ကျယ်ကျယ်ဝန်းဝန်း ရှိသည့်အပြင် အတက်အဆင်း ပြုလုပ်ရန် နေရာ ပါရှိသည်။ ထို့ကြောင့် လူ ၂၀ ကျော် တွင်းထဲဆင်းကာ သစ်သားတိုင် လျှို၍ သယ်မ နိုင်လောက်သည်အထိ နေရာ ကျယ်ဝန်းခြင်း ဖြစ်သည်။

ရွှေတွင်းတူးရာတွင် မရှိမဖြစ် လိုအပ်သည်မှာ ရေစုပ်စက် ဖြစ်သည်။ ပို့စက်မှ ပို့လွှတ်ထားသော ရေများအပြင် ချောင်းကမ်းနား နီးသဖြင့် မြေကြီးထဲမှ လျင်မြန်စွာ စိမ့်ထွက်လာသော ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်ကို တစ်နေ့လုံး၊ တစ်ညလုံး မောင်းထားရသည်။ ရေစုပ်စက်ကို မောင်းမထားပါက နောက်တစ်နေ့ မနက်တွင် ကျင်းတစ်ခုလုံး ရေအပြည့် ဖြစ်နေတတ်သောကြောင့် တစ်ညလုံး ရေစုပ်စက်ကို မောင်းထားရလေသည်။

ယခု ပြိုကျသွားသော တွင်းထဲသို့ ရေစုပ်စက်ပါ နစ်မြုပ်သွားသဖြင့် ရေမစုပ်နိုင်တော့ သောကြောင့် မြေကြီးထဲမှ စိမ့်ထွက်လာသော ရေများမှာ တွင်းထဲတွင် တဖြည်းဖြည်း များလာပြီး မုန်စုပ်စက်နှင့် အဖိခံထားရသော လူနှစ်ယောက်ကိုပါ နှစ်မြုပ်စ ပြုနေပြီဖြစ်သည်။ ထို့ကြောင့် လူအင်အားဖြင့် ဖယ်ရှား၍ မရနိုင်သော မုန်စုပ်စက်ကို ထပ်မံဖယ်ရှားရန် ခြံထဲတွင် ရပ်ထားသော ဂျစ်ကားကို မိုးကျော်ကိုယ်တိုင် အလျင်အမြန် စက်နှိုးလိုက်သည်။ ထို့နောက် ကားကို ကျင်းနှုတ်ခမ်းအနီးတွင် ရပ်လိုက်ပြီး ဂျစ်ကားနောက်ပိုင်း၌ ကွင်းဆက်သံကြိုးရှည်ကြီး၏ တစ်ဖက်ထိပ်ကိုချိတ်ပြီး သံကြိုး အခြားတစ်ဖက်ထိပ်တွင် ကျင်းထဲမှ မုန်စုပ်စက်ကို ချိတ်လိုက်ကာ စတင်ဆွဲတော့သည်။

ဂျစ်ကားမှာ တဖြည်းဖြည်း ရှေ့သို့ တိုးသွားသဖြင့် ချည်ထားသော သံကြိုးမှာ တင်းလာသည်။ သို့သော် မုန်စုပ်စက်ကတော့ နဲနဲမျှ မလှုပ်ချေ။ ထို့နောက် စက်အရှိန်မြှင့်ကာ ရှေ့သို့ထပ်တိုးပြန်သည်။ ထိုအခါ မုန်စုပ်စက်နှင့် ချိတ်ထားသော သံကြိုးမှာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် အလယ်မှ “ထောင်း” ခနဲမြည်ကာ ပြတ်ထွက်သွားသည်။ သံကြိုးကြီးပါ ပြတ်ထွက်သွားသဖြင့် ကျင်းပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့သြ တုန်လှုပ်သွားတော့သည်။ ထိုအချိန် ရေများကတော့ လျင်မြန်စွာ တက်လာနေလေပြီ။

စက်ပိမိနေသော မောင်ဒွန်း နှင့် ကျော်ခိုင် မှာ နာကျင်မှု အပြင် တက်လာသော ရေများနှင့် ဖယ်ရှားမရသေးသော မုန်စုပ်ကြောင့် မျက်နာငယ်လေး ဖြစ်ကာ ကြောက်လန့်၍ တုန်ယင်နေရှာ၏။ နိမ့်သည့် နေရာတွင်ရှိနေသော ကျော်ခိုင်မှာ ရင်ဘတ်လောက် ရေမြုပ်နေပြီး မောင်ဒွန်းမှာ ခါးလောက်အထိ မြုပ်နေပေပြီ။ တစ်ဘက်ကျင်းမှ ထွန်းထွန်းတို့ အုပ်စုက တက်လာသော ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်ကို ယူလာခဲ့ကြသည်။ ထို့ပြင်အနီးရှိ နောက်လုပ်ကွက်တစ်ခုမှ ရေစုပ်စက် တစ်လုံးပါ ထပ်ယူကာ စက် နှစ်လုံးဖြင့် ရေစုပ်ရန် ပြင်ဆင်ကြသည်။

ရေစုပ်စက်များ ရောက်လာသည်ကို မြင်မှ မောင်ဒွန်းနှင့် ကျော်ခိုင်မှာ မျှော်လင့်ချက်ကလေးကြောင့် နဲနဲ ရွှင်ပျလာသည်။ ရေစုပ်စက်ကို တပ်ဆင်ပြီးနောက် စက်နှိုးကြသည်။ အံ့သြဖွယ်ရာပင် ရေစုပ်စက် နှစ်လုံး စလုံးမှာ မည်သို့မှ နှိုး၍ မရတော့။ ထိုစက်များမှာ ယူမလာခင်အထိပင် မောင်း၍ ရနေသော လက်ရှိ အသုံးပြုနေသည့် စက်အကောင်းများ ဖြစ်သည်။ ထိုအချိန်တွင် တွင်းထဲမှ ရေများမှာ များသထက် များလာနေပြီ။

ထိုရေစုပ်စက်များ ပျက်နေသည် ထင်သဖြင့် အနီးအနားရှိ ရွှေတွင်းများမှ ရေစုပ်စက်များ သွားယူလာကြပြန်သည်။ ထိုစက်များမှာလည်း လည်ပတ်နေရာမှ ဖြုတ်လာခဲ့ကြခြင်း ဖြစ်သည်။ တစ်လုံး ယူလာသည်။ စက်နှိုးသည် မရပြန်။ အချိန်များ တရွေ့ရွေ့ ကုန်သွားသလို ရေများလည်း ပို၍ပို၍ တက်လာလေပြီ။ ထို့နောက် နောက် ထပ် ရေစုပ်စက်များ အပြေးအလွှား သွားယူလာကြပြန်သည်။ သို့သော် မည်သို့ပင် ကြိုးစားသော်လည်း စက် နှိုး၍မရပေ။

တခြားလူများကလည်း ထိုနှိုးမရသေးသော စက် များကို ကိုယ်စီကိုယ်စီ နှိုးဖို့ ကြိုးစားကြသည်။ တွင်းထဲမှ လူနှစ်ယောက်၏ အသက်မှာ ရေစုပ်စက် တစ်လုံးခန့် ကောင်းလာခြင်းနှင့် သက်ဆိုင်နေပြီ။ သို့သော်စက် ၄လုံး ကို အနားတွင်ထား၍ ကြိုးစားသော်လည်း တစ်လုံးမှ စက်နိုးလို့မရ ဖြစ်နေခဲ့သည်။ ထို့နောက် ဦးသောင်းတင်၏ ရေတွင်းတွင် အသုံးပြုနေသော ရေမော်တာလေး သွားယူလာကာ နှိုး ကြည့်ပြန်သည်။ ဒီတကြိမ်တွင်တော့ စက် လည်ပတ်သံ ထွက်လာသဖြင့် ပတ်ဝန်းကျင် လူများအားလုံး ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။ ဒါ ပထမဆုံး စက်လည်ပတ်သံလည်း မဟုတ်လား။

သို့သော် ထိုရေမော်တာမှာ နိုး၍ ရပြန်သော်လည်း ကျင်းထဲမှ ရေများကို မည်သို့မှ စုပ်ယူ၍ မရပေ။ မည်သို့ပင် ကြိုးစားသော်လည်းမရနိင်ခဲ့ပါ။ စက်လည်နေသော်လည်း ပိုက်ထဲကို ရေမတက်လာပေ။ အံ့သြခြင်းနှင့် ကြောက်ရွံ့ထိတ်လန့် ခြင်းသည် အနီးအနားမှ လူများသို့တိုင် ကူးစက်ပျံ့နှံ့သွားတော့သည်။ ရေစုပ်စက် ၄ လုံး၊ ရေမော်တာ တစ်လုံးဖြင့် ရေထုတ်ရန် ကြိုးစားသော်လည်း မရနိုင်တော့သဖြင့် ကြံရာမရသည့်အဆုံး ကျင်းပတ်ပတ်လည်တွင် ရှိနေသော ယောက်ျားအားလုံးတို့မှာ ရနိုင်သမျှသော ရေပုံး ရေခွက် တို့ဖြင့် တွင်းထဲမှ ရေများကို အားကြိုးမာန်တက် ခပ်ထုတ်ကြသည်။

သို့သော်လည်း အချိန်နောက်ကျနေခြင်း ၊ ထွက်လာသော ရေပမာဏက ပိုများနေခြင်းကြောင့် ရေခပ်ထုတ် နေလျက်နှင့် ပို၍ပို၍ များလာသည်မှာ အနည်းငယ် နိမ့်သည့် မြေနေရာတွင် ပိမိနေသည့် ကျော်ခိုင်၏ မေးဖျား သို့တိုင် ရောက်လာသည်။ သူတို့ နှစ်ယောက်မှာ မြေပြင်ပေါ်ထိုင်လျက်သားနှင့် တက်လာသော ရေထုကို ကြည့်ကာ မျက်ရည်များ စီးကျလာကြသည်။ ကူရာကယ်ရာ မဲ့သော အဖြစ်ကြောင့် ဝမ်းနည်းကြခြင်း ဖြစ်မည်။ ရပ်ကွက်ထဲမှ လာရောက်ကြည့်ရှုနေသော အမျိုးသမီး တစ်ချို့ပါ စိတ်မကောင်းစွာနှင့် ငိုကြွေးနေကြလေသည်။ ထိုအချိန်တွင် ကျင်းပြိုသည့် အတွေ့အကြုံကို သိပ်မကြာခင်က ကြုံတွေ့ထားဖူးသော ဒေါ်သိန်းရှင် ဆိုသည့် အမျိုးသမီးက

“ဘက်ဟိုးသွားခေါ် … ဘက်ဟိုးသွားခေါ်”

ဟု အော်ဟစ် သတိပေးလေသည်။ ထိုအချိန်မှ လူသုံးလေးယောက်က မြေတူးစက်ခေါ် ဘက်ဟိုး ရှိနေသော ရွာထိပ်ရှိ ကုမ္ပဏီရှိရာဘက်သို့ အပြေးအလွှား သွားခေါ်ကြလေသည်။ ဘက်ဟိုးသွားခေါ်နေသည့်အချိန်တွင် ရေခပ်ထုတ်နေသူများကလည်း အားမလျှော့ဘဲ ခပ်ထုတ်နေကြဆဲ ဖြစ်လေသည်။ သို့သော် စိမ့်ထွက်သော ရေနှင့် ခပ်ထုတ်သော ရေမှာ အင်အား မမျှသဖြင့် မြေနိမ့်သည့် နေရာတွင် ရောက်နေသော ကျော်ခိုင်မှာ တစ်ဖြေးဖြေးနှင့် လည်ပင်း၊ ထို့နောက် ဦးခေါင်းတစ်ခုလုံး မျက်စိရှေ့မှောက်တွင်ပင် နှစ်မြုပ်သွားတော့သည်။

ရေအောက်သို့ရောက်သွားသော ကျော်ခိုင် အသက်ရှူနိုင်ရန်အတွက် လူအချို့က ပိုက် တစ်ချောင်း လှမ်းပေးလိုက်ကြသည်။ သို့သော်လည်း မကြာခင် ထိုပိုက်လုံးမှာ ရေပေါ်သို့ ပေါ်လာသောကြောင့် ကျော်ခိုင်တစ်ယောက် ရေအောက်တွင် သေဆုံးသွားသည်ဟု ယူဆရတော့သည်။ မျက်စိ ရှေ့တွင် ကူကယ်ရာမဲ့ ဖြစ်နေသော သူနှစ်ယောက်ကို ကြည့်ရင်း လူတိုင်းရင်ထဲတွင် ဖျစ်ညစ်ခံထားရသကဲ့သို့ ခံစားရပြီး ကမ္ဘာငယ်ပျက်သလို ဆူညံ ပွက်လောရိုက်အောင် ဝမ်းနည်းစွာ ငိုကြွေးကြသည်။

မိမိ၏ ကံကြမ္မာကို သိသွားသောကြောင့် မောင်ဒွန်းမှာ စိတ်လျှော့လိုက်ဟန်ဖြင့် အနည်းငယ် တည်ငြိမ်လာသည်။ ထို့နောက် ရေခပ်ထုတ်နေသူများကို စကား လှမ်းပြောလိုက်သည်။

“ ငါ့ကို အရက် တစ်ခွက်ပေးပါ ”

သေခြင်းတရားကို ရင်ဆိုင်ဖို့ သူရွေးချယ်သော အားကိုးရာ ဖြစ်မည်ထင်သည်။ သို့မဟုတ် နောက်ဆုံးချိန်ထိ နှစ်သက်သော အရာကို ပြုကျင့်သွားခြင်းလည်း ဖြစ်နိင်သည်။ အရက်တခွက်ကို ခပ်မြန်မြန် မော့သောက်ပြီးနောက် ကမ်းပေးသော ဆေးပေါ့လိပ်ကို မြန်မြန် ဖွာရှိုက်လိုက်သည်။ ထိုဆေးလိပ် တစ်ဝက်ခန့် အရောက်တွင် မောင်ဒွန်း ရေအောက်သို့ စုန်းစုန်းမြုပ်သွားတော့သည်။ သူအသက်ရှူရန် ပေးထားသော ပိုက်လည်း ခဏအကြာတွင် ရေပေါ်သို့ ပေါလောမျော နေတော့သည်။

အိမ်ခြံစည်းရိုးများကို ချိုးဖျက်ပြီး ဝင်ရောက်လာသော မြေတူးစက်ရောက်လာချိန်သည် ထိုသူနှစ်ယောက် ရေအောက်သို့ နှစ်မြုပ်သွားပြီး အနည်းငယ် ကြာသည့်အချိန်တွင်သာ ဖြစ်လေသည်။ ထို့နောက် ချက်ချင်းပင် ရေအောက်ထဲမှ မုန်စုပ်စက်ကို ဘက်ဟိုးဖြင့် ကုပ်ဆွဲ တင်လိုက်သည်။ မည်သို့မှ ဖယ်ရှားမရခဲ့သော မုန်စုပ်စက် မြေပြင်ပေါ် ရောက်လာချိန်တွင်မှ မောင်ဒွန်းနှင့် ကျော်ခိုင်တို့ကို ဆယ်ယူနိင်တော့သည်။ ရေမြုပ်သွားသည်မှာ သိပ်မကြာသေးသော မောင်ဒွန်းအား အသက်ရှင်လို ရှင်ငြား မျှော်လင့်ချက်ဖြင့် ရေအန်ထွက်လာအောင် ပြုစုကြသော်လည်း မောင်ဒွန်းမှာ အသက်ရှင်မလာတော့ပေ။

ထိုမြေတူးစက်ဖြင့်ပင် အုတ်တံတိုင်းကို ဖယ်ရှားကာ မြေဖို့ခံထားရသော လုပ်သားနှစ်ယောက်ကိုလည်း ဂရုတစိုက် ရှာဖွေကာ တူးဖော်ကြလေသည်။ ထိုနှစ်ယောက်လုံးမှာလည်း မြေကြီးအောက်တွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည်ကို တွေ့ရှိရ၏။ ထိုသို့ဖြင့် စုစုပေါင်း လူ ၄ ယောက် အသက်ဆုံးရှုံးသွားရသော တွေးတော၍မမှီနိင်ဖွယ်ရာ ရွှေကျင်းပြိုသည့် ဖြစ်ရပ်သည် ယခုတိုင် ထိုဒေသ၌ ပြောစမှတ်အဖြစ် တွင်ကျန်နေလေတော့သည်။

ထိုညတွင် ၄င်း ရွှေကျင်းအနီးတစ်ဝိုက်၌ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဆွဲဆွဲငင်ငင် အူနေကြသော ခွေးအူသံကို တစ်ရွာလုံးက တုန်လှုပ်ချောက်ခြားစွာ ကြားရလေသည်။


ထိုဖြစ်ရပ် ဖြစ်ပွားပြီး ညနက်သန်းကောင် အချိန်များတွင် လူလေးဦး၏ ပုံသဏ္ဍာန်များကို ထိုအနီးတစ်ဝိုက်ရှိ ပတ်ဝန်းကျင်မှ လူတစ်ချို့က မကြာခဏ တွေ့ရကြောင်း ပြောကြလေသည်။ ထိုစကားကို ကောလဟာလ အဖြစ် သတ်မှတ်ရလျင်တောင် အမှုအခင်းများ အားလုံးပြီးစီးချိန် ၄င်းရွှေတွင်းကို ပြန်လည်လုပ်ခွင့်ရပြီး လုပ်ငန်းပြန်စသောအခါတွင်မူ ယခင်က ရှိခဲ့သော ရွှေထွက်ကောင်းလှသည့် ရွှေကြော တစ်ကြောလုံး ပျောက်ကွယ်သွားသော ဖြစ်ရပ်ကိုတော့ ဆန်းကြယ်မှုအပေါ် အံသြဖွယ်ရာ ထပ်ဆင့်လိုက်သော ဖြစ်ရပ်ဟု သတ်မှတ်ရမည် ထင်ပါသည်။


။.........................................................................။



နာမည်များ လွဲပြောင်းထားသည်မှ လွဲ၍ ဤဖြစ်ရပ်သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြည်နယ်တစ်ခု၌အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဖြစ်ပါသည်။ ထိုအဖြစ်ဆိုးကို အစမှ အဆုံးတိုင် တွေ့မြင်ခဲ့သူကိုယ်တိုင် ပြန်ပြောပြထားသည်ကို အပိုအလိုမရှိ ဆီလျော်အောင် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းလေးကို နေ့စွဲအတိအကျ ပြန်ရှာပေးပြီး ခရေစေ့တွင်းကျ ပြောပြပေးသော သူငယ်ချင်း ဖြစ်သူကို ကျေးဇူးတင်ရှိပါတယ်။


လေးစားစွာဖြင့်

မြစ်ကျိုးအင်း

Wednesday, December 29, 2010

ဘယာနက ဟင်းတစ်ခွက်

အချိန်ကာလ နဲ့အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။အခက်အခဲဆိုတာ ဘယ်လောက်ရှိနေပါစေ၊ ကျော်ဖြတ်ရမယ့် နည်းလမ်းတွေကတော့ တစ်ခုမဟုတ်တစ်ခု ရှိပြီးသားပါ။ထောင်လို အန္တရာယ်တွေနဲ့ လက်တစ်လုံးလောက် နီးတဲ့ နေရာမှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောက ကအခက်အခဲဆိုတာကို ဖြတ်ကျော်နည်းတွေက အမြောက်အမြားရှိမှာပါ။ အပြင်လောကက လောကဓံနဲ့အခက်အခဲတစ်ခုခု ကြုံတိုင်းထောင်ထဲကအန္တရာယ်တွေနဲ့ ကြောက်ကြောက်လန့်လန့်ကြားထဲကမဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ဟင်းတစ်ခွက်ကို သတိရနေတုန်းပဲ။ အရှင်ဇ၀န ဘယာနက ဟင်းတခွက် အစားကောင်းစားရရင် မိတ်တွေတွေကို သတိရတတ်တယ်လို့ပြောကြတယ်။ တကယ်က အစားကောင်းမစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ်ဆိုတာကိုပါ ဆက်ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိပါမယ်။ ရေတစ်မျိုးတည်းနဲ့ ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာပါမယ် ။ စပါးလုံး နိုင်းခြင်းနဲ့ ထမင်းမာဂလောက်လည်းပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက်စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက်စားတာကိုများ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့မေးရင် ဟင်းတစ်အိုးအတွက် ဒေါက်နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့်ဘေးကနေ စွန့်စွန့်စားစား လုပ်ရတဲ့ ကိစ္စမဟုတ်လား။ ဒါကြောင့် ဟင်းချက်ရတဲ့ ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလိုဒုက္ခတွေနဲ့ ရင်းရတိုင်း အတူစားအတူသွား နေခဲ့ရတဲ့ ထောင်ပြင်ပက ရက်တွေကို ပြောမဆုံးဘူး။ သတိတရ ပြန်ပြောအဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။ ထောင်ဝင်စာ ပုံမှန်မလာတဲ့သူတွေကတော့ ထောင်က ပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ် ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန် ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန်ရတာပါပဲ။ ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတစ်ခန်းမှာ ဟာသပြောတတ်တဲ့သူ တစ်ယောက်များရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။ “ဟိုငါးမန်းတောင် ဟင်းချို အလယ်ချ ဆိတ်သားခါးပတ် နှင့် ငါးသလောက်ပေါင်းက ချန်ထားလို့မရတော့ဘူး။ ကုန်အောင်စားပစ် ” ဟင်းတစ်ခွက်ရဖို့ စီမံရတဲ့ အတားအဆီးတွေက များလှတယ်။ အပြင်လောကမှာတော့ ဟင်းတစ်ခွက်စီမံရတာကို အနုပညာမြောက်တဲ့ ကိစ္စလို့ပြောကြတယ်။ အလှအပ အပြင်အဆင် အထိ မရောက်ခင် ဟင်းတစ်ပွဲတည်းပါဝင်ရမယ့် ရသမြောက် ဟင်းလျာထဲက အငန်အပေါ့၊ အချို၊ အဆိမ့်၊ အချဉ်၊အစပ် ညီညွတ်မျှတမှုကို အနုပညာလို့ ပြောကြတာကိုး။ ကိုယ်က လည်း အားကျမခံ ပြောလိုက်ချင်တယ်။ ထောင်ထဲက ဟင်းတစ်ခွက်မှာ ဘယာနက ရသ ၊ ၀ီရ ရသ တွေ ရောပြွမ်းထားတဲ့ စိတ်ခံစားမှုကနေ ပေါက်ဖွားလာတာမို့ ထောင်ထဲက ဟင်းတစ်ခွက်မှာလည်း အနုပညာတွေပါပါတယ်လို့ ပြောလိုက်ချင်တယ်။ ထောင်ထဲ စရောက်ခါစကတော့ချက်ဟင်းပူပူနွေးနွေးလေး တွေကိုတခါတခါစားရတတ်တယ်။ ကိုယ်ကလဲရောက်စ ဆိုတော့ ဘယ်လို ပြုလုပ်ဖန်တီးလာခဲ့ကြတယ်ဆိုတာသဘောမပေါက်ဘူး။မသိဘူးလေ။တကယ်ကသူတို့တွေရဲ့ ကြိုးစားထားချက်မှာ ဟင်းတခွက်အတွက် သတ္တိတွေ မွေးပြီးချက်ခဲ့ရတယ်ဆိုတာနောက်မှတဖြေးဖြေးသိလာရတယ်။ ဟင်းချက်နေတုန်းမိခဲ့ရင် ဒေါက်အခတ်ခံရနှိုင်တယ်။တိုက်အပိတ်ခံရနှိုင်တယ်။ အဆင်မသင့်ရင် အရိုက်ခံရနှိုင်သေးတယ်။ပလစတစ် တစ်ထပ် အဝတ်စုတ်တစ်ထပ်ပတ်ထားတဲ့ လောင်စာနဲ့ သူတို့ချက်ခဲ့ကြမှန်းနောက်မှသိရတယ်။တစ်ယောက်ကချက်နေတုန်း နောက်တစ်ယောက်ကကင်းစောင့်ပေါ့။ များသောအားဖြင့်တော့ ထောင်ဝင်စာပုံမှန်မလာနှိုင်သူတွေက ဒီလို စွန့်စားခန်းကို နေ့စဉ်ပြုလုပ်ကြရတာ။ ဦးဇင်းတို့ ထောင်ထဲရောက်ခါစ ရက်တွေမှာ 10-D လို့ ခေါ်ကြတဲ့ ကျောင်းသားတွေကအများစု။ ဒီကျောင်းသားတွေက လူသစ်ဖြစ်တဲ့ဦးဇင်းတို့ကို ဂရုတစိုက်ကူညီကြတယ်။ဦးဇင်းတို့က ချးစ်စနိုးနဲ့အရှည်လေးလို့ ခေါ်တဲ့ အောင်မျိုးကျော်ကို ဦးဇင်းတိုတစ်ဖွဲ့လုံး ကျေးဇူးတင်ကြတယ်။ သူက နေ့စဉ်ဒိုင်ခံ ဟင်းတခွက်ဖန်တီးပေးတယ်။သူ့အိမ်ကအလျှံပယ် ပုံမှန်လာနေပေမယ့် ထောင်ဝင်စာမလာသူတွေရယ် လူသစ်တွေရယ်ကို ထောင်စကားနဲ့ ပြောရရင် ဒေါက်နဲ့ရင်း တိုက်နဲ့ရင်းပြီး သူချက်ကျွေးတယ်။ ဦးဇင်းတို့ သာယာဝတီထောင် ရောက်တော့ လူသစ်တွေကိုအထူးတင်းကျပ်ထားတယ်။ ထောင်ပြောင်းခါစဆိုတော့ အိမ်တွေကလဲ မသိကြသေးဘူး။ စားရေးအခက်အခဲကို ပထမဦးဆုံး ကြိုးစားဖြေရှင်းကြည့်သူက ဒေါက်တာထွန်းသူ ။ ဆရာက အင်းစိန်ထောင်မှာလဲ အနေကြာခဲ့သူ ဆိုတော့ လျှို့ဝှက်ဟင်းချက်နည်းတွေကို တတ်ထားပြီးသား။ဒီတော့ နေ့လည်ထောင်ပိတ်ချိန်မှာ သူစွန့်စားမှုတစ်ခုကို ပြုလုပ်တယ် ။ ပေးထားတဲ့ ထောင်ပုံစံ ဒန်ပုဂံပြားက ဟင်းချက်ဖို့ဒယ်အိုးပေါ့။ ထောင်တွေမှာ နေ့လည် ၁၂ နာရီထိုးကနေ ၂ နာရီအထိ ထောင်ပိတ်ထားတယ်။ ၀န်ထမ်းတွေက အပြင်ထွက်သွားတယ်။ အကျဉ်းသားတွေကို တိုက်ခန်းတွေထဲ ထည့်ပြီးသော့ပြန်ခတ်ထားတယ်။အင်းစိန်ထောင်မှာ အမြဲဆင်းလို့ခေါ်ပြီး သာယာဝတီထောင်မှာတော့ ဘာယာလို့ခေါ်တဲ့ အကျဉ်းသားတွေသာ အခန်းထဲ ထည့်မပိတ်ဘဲ အပြင်မှာ ၁၂ -၂ နာရီ အတွင်း နေခွင့်ရတယ်။သူတို့က သန့်ရှင်းရေး လုပ်ရတယ်။ ၅(ည)တွေအတွက် ဝေယျာဝစ္စ လုပ်ပေးရတယ်။ တကယ်က သူတို့ကို အဲဒီအလုပ်တွေအပြင် နိုင်ငံရေးအကျဉ်းသားတွေ လုပ်သမျှ သတင်းပို့ဖို့ သူတို့ကိုထားတာ။ တခြားထောင်တွေထက် သာယာဝတီထောင်က ချွန်တွန်းလုပ်သူ ပိုပေါတယ်။ ထောင်အခေါ် “အပ်”တွေတဲ့။ ငချွန်တွေပေါ့။ သူတို့ထဲက တစ်ယောက်က ကိုထွန်းသူဟင်းချက်တာကို ချက်ခြင်းသတင်းပို့တယ်။ တာဝန်ကျ ၀န်ထမ်းက ရုံးတင်မယ် ဘာညာပြောတော့ အားလုံးက ၀ိုင်းပြီး ရုံးမတင်ဖို့ပြောကြတယ်။ ဒါနဲ့ သူ့ကို ရုံးမတင်ဖြစ်လိုက်ဘူး။ မီးဖို ဖို့ ကိစ္စက ငချွန်တွေကို မတွေ့အောင် လုပ်ဖို့မလွယ်ဘူး။ ဒီတော့ ချက်ဟင်း မစားရတော့ဘူး။ လူဆိုတာ လိုအပ်ချက်တွေကို ကြံဖန် ကျော်ဖြတ်တတ်ခဲ့ကြတာမဟုတ်လား။ အခု နည်းလမ်းအသစ်တစ်ခုရတယ်။ အဲဒါကတော့ တိုက်ရှေ့မှာ ရှိနေတဲ့ ချဉ်ပေါင်ရွက်တွေကို ခူးတယ်။ ပလတ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကို ထည့်၊ သံစည်ပိုင်းပြတ်ထဲ ထည့်ယူလာတဲ့ တာလပေါဟင်းရည်ပူထဲကို ခုနချဉ်ပေါင်ရွက်အိတ် ထည့်လိုက်တော့ ချဉ်ပေါင်ရွက်တွေအကုန်လုံး ပြုတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ ချဉ်ပေါင်ရွက်တွေကို ဇွန်းနဲ့ချေတယ်။ လိုအပ်တဲ့ ငပိထည့်တယ်။ အချိုမှုန့်ခပ်တယ်။ ငါးခြောက်ကြော်၊ ငပိကြော်လေးကို ချဉ်ပေါင်ရွက်မွှေထဲ လိုသလောက် ထည့်လိုက်ပြီး တာလပေါဟင်းရည်နဲ့ ရောလိုက်တော့ စားကောင်းတဲ့ ချဉ်ပေါင်ရွက် ချဉ်ဟင်းတစ်ခွက်ရသွားတယ်။ ဒီလိုနဲ့ ပြုတ်စားခဲ့ရတဲ့ ရက်တွေ မနည်းဘူး။ အဆာကောင်းကောင်းနဲ့ ရောလိုက်တော့လည်း စားဖြစ်တဲ့ ဟင်းတစ်ခွက်တော့ဖြစ်သွားတာပဲ။ ၀န်ထမ်းတွေ ဘာယာတွေဆိုတာကလည်း စားရေး၊သောက်ရေး ပြည့်စုံကြတာမဟုတ်ဘူး။ ထောင်ပိုင်၊ထောင်မှူးတွေက ခိုင်းလို့သာ အစပထမက တင်းကျပ်ထားပေမဲ့ နောက်ပိုင်း ရှိတဲ့ဟင်းတွေကျွေးမွေး၊ ပါလာတဲ့ မုန့်တွေ ဝေငှရင်း ရင်းနှီးသွားကြတယ်။ ဟမ်းကောချိုင့်ထဲ ဟင်းချက်စရာ အစုံထည့် ဖိုကြီးက ပြာပူထဲ နှစ်နာရီ၊ သုံးနာရီ သွားမြှုပ်ထားရင် ဟင်းတစ်ခွက်တော့ဖြစ်လာတယ်။ ဒါတွေကို ဘာယာတွေကို စည်းရုံးပြီး လုပ်ခိုင်း ရတာပေါ့။ ပါလာတဲ့ ပစ္စည်းတွေကို ဟင်းချက်စရာ ပစ္စည်းဖြစ်အောင် ကြံဖန်ကြရတယ်။ သကြားတို့၊ ထန်းလျက်တို့ဆိုရင် အချိုမှုန့်အစားသုံးဖို့ စီစဉ်ရတယ်။ မာရီဘီစကွတ်တို့၊ ရွှေကျီးမုန့်ကြွပ်တို့လို ဟာမျိုးကိုတောင် ဟင်းချက်စရာထဲ ထည့်လို့ရတဲ့ အထိ လုပ်ဖြစ်လာတယ်။ အန္တရာယ်ပေးမဲ့ အနီးကပ်က လူတွေကို စည်းရုံးလိုက်နိုင်တော့ ကိုယ့်အခန်းထဲမှာကို ချက်လို့ရတဲ့အထိ ဖြစ်လာတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ အရာရှိ တဦးဦးတွေ့ရင် ပစ်ဒဏ်ကျခံရနိုင်တယ်။ အပြင်က မုန့်ဟင်းခါးခြောက်တွေကို သွင်းတယ်။ ဟင်းကိုတော့ ပါလာတဲ့ ငါးကြော်(ဒါမှမဟုတ်) ငပိကြော် တမျိုးမျိုး နဲ့ မုန့်ဟင်းခါးဟင်းဖြစ်အောင် ဖန်တီးတယ်။ ထောင်ဝင်းထဲမှာ စပါးလင်တွေက ပေါများတယ်။ စပါးလင်ကိုပါးပါးလှီး၊ထောင်း။ ငါးကြော်ကိုထောင်းပြီးတော့ မာရီဘီစကွတ်ဒါမှမဟုတ် ရွှေကျီး မုန့်ကြွပ် တစ်ခုခုကို အမှုန့်ဖြစ်အောင် လုပ်ထားတာကို ရေနဲ့ဖျော်ပြီး ရောကျိုလိုက်တော့ မုန့်ဟင်းခါးဟင်းက ရွှေခြည်နံ့လေးကိုမွှေးလို့ ဟင်းချခါနီး ထန်းလျက်ခဲလေး တစ်ခဲနှစ်ခဲလောက်များ ထည့်လိုက်ရင် ဖျာပုံတင်တင်အေးတို့၊ ခင်ထွေးရီတို့တောင် အရှုံးပေးသွားရမယ့် ဟင်းတစ်ခွက်ရတယ်။ ထောင်ထဲမှာ ခိုးပြီး ချက်စားရပေမယ့် အကောင်းဆုံးဖြစ်အောင် ကြံဖန်ပြီး ဖန်တီးကြတယ်။ တောင်ယာတွေ ကိုယ့်ဖာသာကို စိုက်ခွင့်ရတော့ သီးနှံမျိုးစုံကို စိုက်ကြတယ်။ အလျှံပယ်ကို စားရတယ်။ ကိုက်လန်တို့ နိုကိုတို့ဆိုတာ အပြင်လောကမှာ ရှားပါး ပစ္စည်းဖြစ်ပေမဲ့ ထောင်ထဲမှာတော့ ပေါများတယ်။ တနေ့တာ ပုံစံထဲက ပိုနေတဲ့ ပန်းဂေါ်ဖီလိုဟာမျိုးကို ရှမ်းချဉ်လို ထည့်တယ်။ အမှုန့်ဖြစ်အောင် ထောင်းထားတဲ့ ထန်းလျက်နဲ့ သမအောင်မွှေပြီး ကော်ဘူးထဲမှာထည့် နေလှန်းထားလိုက်ရင် သုံးရက်လေးရက်လောက်ဆို စားကောင်းတဲ့ ရှမ်းချဉ်ကိုရတယ်။ ဒါကို အစိမ်းမစားချင်ရင် ကြော်ပြီးတော့ ဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ် လုပ်ရင် အပြင်ဟော်တယ်တွေမှာ ဈေးကြီးပေးစားရတဲ့ ကြံမဆိုင် ဟင်းချို၊ ကြံမဆိုင်ကြော် စားရတယ်။ မစားနိုင်တော့တဲ့ ချဉ်ဖတ်တွေကို အခြောက်လှမ်းထားလိုက်လျှင် စွန်တန် ခြောက်ကိုရတယ်။ ဒီစွန်တန်ခြောက်တွေကို သေချာ သိမ်းထားပြီး လိုအပ်တဲ့အခါ ရေနွေးနဲ့ ရောကျိုပြီး စွန်တန်ဟင်းချိုတစ်ခွက်ကို ရပြန်တယ်။ အချိန်ကာလ နဲ့အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။အခက်အခဲဆိုတာ ဘယ်လောက်ရှိနေပါစေ၊ ကျော်ဖြတ်ရမယ့် နည်းလမ်းတွေကတော့ တစ်ခုမဟုတ်တစ်ခု ရှိပြီးသားပါ။ထောင်လို အန္တရာယ်တွေနဲ့ လက်တစ်လုံးလောက် နီးတဲ့ နေရာမှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောကကအခက်အခဲဆိုတာကို ဖြတ်ကျော်နည်းတွေက အမြောက်အမြားရှိမှာပါ။ အပြင်လောကက လောကဓံနဲ့အခက်အခဲတစ်ခုခု ကြုံတိုင်းထောင်ထဲကအန္တရာယ်တွေနဲ့ ကြောက်ကြောက်လန့်လန့်ကြားထဲကမဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ဟင်းတစ်ခွက်ကို သတိရနေတုန်းပဲ။

အရှင်ဇ၀န


ကံကြမ္မာ ကစားဝိုင်း

ထိန်လင်းက လက်ဖက်ရည်ဆိုင် ဝေါဟာရနှင့်ခေါ်ရမည်ဆိုလျှင် တီးဆရာ..
တီးဆရာဆိုတာ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်အဖျော်ဆရာ.. ဒီလက်ဖက်ရည်ဆိုင်လေးသို့ သူရောက်လာပုံက သိပ်တော့ အဆန်းတကြယ်မဟုတ်.. ယခင်က ထိန်လင်းအလုပ်လုပ်သော မန္တလေးမြို့ရှိ မိုးဆန်းပန်း လက်ဖက်ရည်ဆိုင်လေးမှာ ဒီဆိုင်ရှင်ဖြစ်လာမည့် ကိုကျော်ဝေက သူ့လက်ရာကို သဘောကျပြီး လက်ဖက်ရည်အမြဲ လာသောက်သူဖြစ်သည်။ ထိုစဉ်က ကိုကျော်ဝေက နယ်ကနေ မန္တလေးတွင် ကျောင်းလာတက်နေသည့် တက္ကသိုလ်ကျောင်းသားဖြစ်သည်။ ကိုကျော်ဝေ ကျောင်းတက်သည့် ကာလ တစ်လျှောက်လုံး ထိန်လင်းဖျော်သည့် လက်ဖက်ရည်ဆိုင်တွင်သာ လာသောက်လေ့ ရှိသည်။ ကျောင်းပြီးလို့ နယ်ပြန်တော့မည်ဆိုသည့်အခါ နယ်တွင်စီးပွားရေးလုပ်ဖို့ စိတ်ကူးတော့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ကိုကျော်ဝေက စိတ်ကူးရပြီး ထိန်လင်းကို သူ့ဇာတိ နယ်စပ်မြို့ကလေးတွင် လိုက်ပြီး သူဖွင့်မည့် ဆိုင်အသစ်တွင် အလုပ်လုပ်နိုင်မည်လား ဟု ကမ်းလှမ်းသောအခါ မန္တလေးမြို့မှ လွဲ၍ အခြားမြို့များကို မရောက်ဖူးသော သူက နယ်စပ်မြို့ကလေး၏ နံမည်ကြားတာနဲ့ပင် ၀မ်းသာအားရ သဘောတူခဲ့သည်။ ကိုကျော်ဝေ ပေးမည့်လစာကလည်း မက်လောက်စရာဖြစ်သည်လေ။ ထို့နောက်တော့ ကိုကျော်ဝေပြန်သောအခါ သူပါတစ်ပါတည်း လိုက်လာပြီး မြို့ကလေးဆီရောက်တော့ လက်ဖက်ရည်ဆိုင် အသစ်ကလေးကို ဖွင့်ဖြစ်ကြသည်။

ဆိုင်ကလေးမှာ မျှော်လင့်တာထက် အောင်မြင်သည်ဟု ပြောရမည်။ ထိန်လင်းက လက်ဖက်ရည်ဖျော်ရာတွင် လက်ရာကောင်းပြီး အချိုးအဆ မှန်လှသလို လူတွေကြိုက်အောင်လည်း လက်ဖက်ရည်နှပ်ရာတွင် ထည့်ရသည့် အချိုးအဆနှင့် လက်ဖက်ခြောက်အကြောင်းကို ကျွမ်းကျင်လှသည်။ ကိုကျော်ဝေကလည်း ဆိုင်ကိုစီမံခန့်ခွဲမှု နိုင်နင်းသလို၊ ခေတ်လူငယ်ဖြစ်သောကြောင့် လူငယ်တွေအကြိုက်ကို သိတတ်သည်။ သူ့ဆိုင်တွင် မရှိသော သီချင်းခွေ မရှိသလောက်ဖြစ်ပြီး ဆန်းသစ်သော အိုင်ဒီယာများ ရှိသည်။ ဆိုင်ကိုပင် အများနှင့် မတူသော အပြင်အဆင်များဖြင့် လက်ဖက်ရည်ဆိုင်နှင့်ပင် မတူအောင် သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားပြီး ဆိုင်အတွင်းရှိ စားပွဲတိုင်းကိုလည်း လူစိတ်ဝင်စားဖွယ် ဖြစ်အောင် ပန်းနံမည်လေးများဖြစ်သော ခွာညို၊ သစ်ခွ၊ နှင်းဆီ စပါယ် စသည်ဖြင့် နံမည်အသီးသီး ပေးထားတတ်သည်။ သန့်ရှင်းသပ်ရပ်မှုနဲ့ ဖော်ရွေသောဆက်ဆံရေးကို အထူးဂရုစိုက်သည်။ ထို့ကြောင့်လည်း အချိန်တိုလေးအတွင်းတွင် ဆိုင်ကလေးမှာ နံမည်ရပြီး လူများဖြင့် စည်ကားလို့ နေလေတော့သည်။

လက်ဖက်ရည်ကိုလည်း အများနှင့် မတူ ချိုဆိမ့်၊ ပေါ့ကျ စသဖြင့် ရိုးရိုး မခေါ်စေဘဲ မိုးဟေကို၊ မိုးယုစံ၊ ၀တ်မှုံရွှေရည် စသဖြင့် မင်းသမီး မော်ဒယ်နံမည်လေးများ ပေးထားလေတော့ ဆိုင်ထဲတွင် လက်ဖက်ရည် မှာသောအခါ မင်းသမီးနံမည်အော်သံများဖြင့် လန်ပြန်နေတော့သည်.. စားပွဲထိုးအသစ် တစ်ယောက်ဝင်လျှင် ကိုကျော်ဝေ၏ လက်ဖက်ရည်နံမည်စာရင်းကို အလွတ်ရအောင် အရင်ကျက်ရလေ့ ရှိသည်.. ရပြီဆိုမှ အလုပ်စဆင်းခိုင်းတတ်သည်။ သောက်သုံးသူက ပေါ့ဆိမ့် ၂ခွက်မှာလျှင် မိုးဟေကို ၂ယောက် ဟု တီးကောင်တာရှိ ထိန်လင်းထံ လှမ်းအော်ရသည်။ ချိုကျဆိုလျှင် မိုးယုစံ စသဖြင့် လူစိတ်ဝင်စားအောင် အဆန်းထွင်တတ်သော ကိုကျော်ဝေ ဖြစ်သည်။ ကိုကျော်ဝေက ထိန်လင်းကိုတော့ ညီတစ်ယောက်လို ချစ်ခင်သည်။ သူအပြင်သွားစရာရှိလျှင်၊ ဆိုင်မလာအားလျှင် ထိန်လင်းအား ဆိုင်ကိုကြည့်ရှုထားဖို့ လွှဲအပ်ထားတတ်သည်အထိ သူ့အပေါ် ယုံကြည်စိတ်ချသည်။ ဆိုင်စဖွင့်ကတည်းက ထိန်လင်းနှင့် လက်တွဲလာခဲ့သည် ဆိုတော့လည်း လူယုံတစ်ယောက်ထက် ညီတစ်ယောက်လို သဘောထားသည်။

ထိန်လင်းက ငွေကို ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားတတ်သူ ဖြစ်သည်။ ကိုကျော်ဝေပေးသော လစာမှာ သူ့အတွက် မနည်းလှသော လစာဖြစ်ပြီး မန္တလေးရှိ မိခင်ကြီးထံ ၃လတစ်ခါလောက် ငွေပို့သည်က လွဲ၍ အပိုမသုံးသဖြင့် ငွေအနည်းငယ်တော့ လက်ထဲ စုမိလေသည်။ သူ၏ ရည်ရွယ်ချက်မှာလည်း ကိုယ်ပိုင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ရန်ဖြစ်လေသည်။ ကိုကျော်ဝေကလည်း ဆိုင်တွင် သူနှင့်အတူလုပ်ပြီး ၂နှစ်လောက်ကြာလျှင် သူကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ဖို့ ကူညီပေးမည်ဟု ကတိပေးထားသည်။ ထို့ကြောင့်လည်း သူ့မှာ မျှော်လင့်ချက် အိပ်မက်များဖြင့် ပျော်ရွှင်စွာ၊ ရိုးသားစွာ အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့သည်။ ဆိုင်ကိုလည်း အလုပ်သမားစားပွဲထိုးများ၊ မုန့်ဆရာများကို သူကိုယ်တိုင် စေ့စေ့စပ်စပ် ထောင့်စေ့အောင်ကြည့်ကာ ကွပ်ကဲတတ်သည်။ ဒီလိုနှင့် နယ်စပ်မြို့ကလေးရှိ ကိုကျော်ဝေ၏ လက်ဖက်ရည်ဆိုင်တွင် အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နေရင်း လအနည်းငယ် အကြာတွင် ဆိုင်တွင် လက်ဖက်ရည် လာသောက်တတ်သော အောင်ကြီးဆိုသည့် ကောင်လေးနှင့် ခင်မင်ရင်းနှီးလာရာမှ သူ့ကို တစ်ရက်တော့ ဘီယာတိုက်မည်ဟုဆိုကာ အပြင်သွားကြဖို့ မကြာခဏ ခေါ်တတ်သည်။ သူက အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း ကြာလာတော့ အားနာလာသဖြင့် လိုက်ပါမည်ဟု ပြောလိုက်မိတော့သည်။

တစ်ရက် သူလက်ဖက်ရည်ဖျော် အလှည့်ပြီးလို့ အခြား တီးဆရာတစ်ယောက်နှင့် လူလဲသော နေ့လည်ချိန်များတွင် အပြင်ထွက်ဖို့ သူ့ကိုလာလာခေါ်သဖြင့် အောင်ကြီးနှင့် မြို့ကလေးထဲ လိုက်လည်ရာမှ ထိန်လင်းအတွက် အတွေ့အကြုံ အသစ်အဆန်းများကို စတင် တွေ့ထိမိလေတော့သည်။ ဘီယာမသောက်ခင် မြို့ကိုလျှောက်ပြမည်ဟုဆိုကာ သူမရောက်ဖူးသော နေရာကို ခေါ်သွားမည်ဟုဆိုကာ မြို့စွန်ဘက်ကို သူ့ကိုခေါ်လာလေသည်။ သူတို့န ယ်စပ်မြို့ကလေး၏ မြို့စွန်ဘက်တွင် ၆ကောင်ဂျင်နှင့် ၄ကောင်ဂျင်ဟု ခေါ်သည့် ဂျင်ဝိုင်းများ ရှိလေသည်။ ၄င်းနေရာကို အောင်ကြီးခေါ်သွားမှ သူရောက်ဖူးခြင်းဖြစ်ပြီး ၄ကောင်ဂျင်နှင့် ၆ကောင်ဂျင် ကစားနည်းကို အောင်ကြီးက သူ့ကို သင်ပြပေးလေသည်။ သူက ၄ကောင်ဂျင်ထက် ကိုယ်တိုင်လည်း ကြိုးကို ဆွဲချကစားနိုင်သည့် ၆ကောင်ဂျင်ကစားနည်းကို ပိုပြီး စိတ်ဝင်စားမိလေသည်။ ကြိုးကို ဆွဲချလိုက်လို့ အံစာတုံးလေးတွ ကျလာရင် ကိုယ်ထိုးထားသည့်အကောင်းပါမပါ စောင့်ကြည့်ရတာကိုက စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။ ထိုးထားသည့်အကောင် ပါလို့ အော်ဟစ်လိုက်ရသော အရသာသည် ဘာနဲ့မှ မတူအောင် စိတ်တွေကို လွတ်လပ် ပေါ့ပါးစေသလို ခံစားရသည်။

၆ကောင်ဂျင်ဆိုသည်မှာ သေတ္တာရှေ့တွင် ကွပ်ပျစ်သဏ္ဍာန် စင်တစ်ခု ရှိနေပြီး ဖယောင်းပုဆိုး သို့မဟုတ် မိုးကာခင်းထားပြီး ၄င်း အခင်းပေါ်တွင် အံစာတုံးမှ ပုံများဖြစ်သည့် အကောင် ၆ကောင်ကို တစ်ကောင်လျှင် တစ်ကွက်ကျ ရေးဆွဲထားပါသည်။ထိုးသားဖြစ်သူက အံစာတုံး အနေအထားကို ကြည့်၍ အပေါ်မျက်နှာပြင် ကျနိုင်မည် ထင်သည့်အကောင်ကို ၄င်း အကွက်များထဲတွင် ရေးထားသော ပုံနေရာတွင် ရွေးချယ်ကာ ပိုက်ဆံထိုးရသည်။ မိမိထိုးမည့်ငွေကို အကွက်လေးထဲ ပစ်ချထားလိုက်ရုံဖြင့် ထိုးပြီးသား ဖြစ်သွားတော့သည်။ စည်းကမ်းသတ်မှတ်ချက် သိပ်မများလှသလို အပျော်ကစားသူများအတွက်လည်း စိတ်အပန်းဖြေ သဘောဖြင့် လာဆော့ကြလေ့ရှိသည်။ တစ်စုံတစ်ယောက်က ကြိုးကို ဆွဲချလိုက်လို့ အပေါ်ကလိမ့်ကျလာသော အံစာတုံးမှာ အပေါ်မျက်နှာပြင်ကျသော အကောင် သုံးကောင်ထဲတွင် မိမိထိုးထားသည့် အကောင်ပါလျှင် ဒိုင်ဖြစ်သူက တစ်ဆ ပြန်လျှော်ပါသည်။ ဥပမာ တစ်ထောင်တန် ထိုးထားလျှင် တစ်ထောင်ပြန်လျှော်ပါသည်။ ထိုးသည့်အကောင် ၂ကောင် ပေါ်နေလျှင် နှစ်ဆ ၊ ၃ကောင်ဆိုလျှင်တော့ သုံးဆ ပြန်လျှော်သော်လည်း ခုလို ၃ကောင်လုံး ကျဖို့ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပြီး ထိုသို့ တိုက်ဆိုင်ဖို့ဆိုသည်မှာ ခဲယဉ်းလွန်းသော ဖြစ်ရပ် ဖြစ်ပါသည်။ မိမိထိုးထားသည့်အကောင် တစ်ကောင်မှ မပါလျှင်တော့ ဒိုင်ကထိုပိုက်ဆံများကို သိမ်းသွားပြီး ဒိုင်စားသွားပါတော့သည်။




ထိန်လင်းသည် ၄င်းလောင်းကစားနည်းကို အောင်ကြီးက ရှင်းပြရင်းကစားပြတော့ စိတ်ဝင်တစားဘေးကနေ ရပ်ကြည့်နေလေသည်။ ကြိုးတန်းလေးကို ဆွဲချချိန်တွင် ငွေထိုးထားကြသူများထံမှာ ကြက်ကြက်ကြက်… ဖားဖားဖား စသဖြင့် မိမိထိုးထားသော အကောင်နာမည်များကို အော်ဟစ်နေကြသည် ကလည်း ကစားဝိုင်းကို အသက်ဝင်စေသလို စိတ်လှုပ်ရှားစရာကောင်းနေလေသည်။ ရပ်ကြည့်နေရင်း ခက်ခက်ခဲခဲမရှိလှသော ထိုးပုံထိုးနည်းကို နားလည်လာသလို နိုင်နေသော အောင်ကြီးကို ကြည့်၍ စိတ်ကပါလာတော့သည်။ မိမိထိုးထားသော အကောင် ကျမကျကို ကံတရားနှင့် အလောင်းအစား လုပ်ကြခြင်းသာ ဖြစ်လေသည်။ အောင်ကြီးကလည်း သူ့ကို အပျော် ကံစမ်းသည့်အနေနှင့် စမ်းကြည့်ဖို့ မကြာခဏတိုက်တွန်းရာ နောက်ဆုံးတွင် သူ့ အင်္ကျီထဲမှ ပါလာသော ပိုက်ဆံလေးကို ထုတ်ပြီး ၅၀၀ တစ်လှည့် ၁၀၀၀ တစ်လှည့် ထိုးမိလေသည်။ သူကံကောင်းချင်တော့ သူလှည့်ပတ်ထိုးသော အကောင်သည် အလှည့်တိုင်းတွင် မပါသော်လည်း ပါသည့်အလှည့်က များသောကြောင့် ထိုနေ့အဖို့ သူ ငွေတစ်သောင်းကျော် ရလိုက်လေသည်။ သူနိုင်နေမှန်းသိသော အောင်ကြီးကလည်း အသာလက်ကုတ်၍ သူ့ကိုပြန်ကြရန်အချက်ပြသဖြင့် နှစ်ယောက်သား အနိုင်ရသောငွေများကို အသာသိမ်း၍ ၆ကောင်ဂျင်ဝိုင်းရှေ့မှ ထထွက်လာခဲ့ကြလေသည်။

ထိုနေ့က သူနှင့်အောင်ကြီး အတော်ပျော်ကြသည်။ ညနေဈေးသို့သွားကာ ဘီယာသောက်ရင်း အမြည်းကောင်းကောင်းဖြင့် အောင်ပွဲခံကြလေသည်။ အောင်ကြီးက သူအားသည့်ရက်များတွင် ခုလိုလာလာခေါ်မည်ဟု ပြောရာ နိုင်လာသည့်ငွေကလေးကို မက်မောမိတာရော၊ စိတ်လှုပ်ရှားဖို့ ကောင်းလှသည့် ထိုကစားနည်းကို သူသဘောကျသွားတာပါ ပေါင်းပြီး သူ သဘောတူလိုက်လေသည်။ ခုလိုကျတော့ ငွေတစ်သောင်းရဖို့ သိပ်ကိုလွယ်ကူပါလားဟု သူတွေးမိကာ ပျော်ရွှင်နေမိတော့သည်။ ညပိုင်း သူ့အလုပ်ပြန်ဆင်းချိန်တွင် ငွေရလာသဖြင့် ပျော်ရွှင်စိတ်ကြောင့်ရော၊ ဘီယာတန်ခိုးကြောင့်ပါ ရွှင်ပျ အာသွက်နေသောသူ့ကို စားပွဲထိုးကောင်လေးများ ထူးဆန်းသလို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ သူကတော့ ထိုနေ့အဖို့ ခါတိုင်းနှင့်မတူအောင် နှုတ်သွက်လက်သွက်ဖြင့် လက်ဖက်ရည် ဖျော်နေလေတော့သည်။ ညအိပ်ချိန်ရောက်လျှင်ပင် ခါတိုင်းလို ခေါင်းချလိုက်တာနှင့် အိပ်ပျော်သွားခြင်းမရှိဘဲ သူ့မျက်လုံးထဲတွင် နေ့လည်က ကစားခဲ့သော အကောင်လေးများဖြစ်သည့် ကြက်၊ ပုဇွန်၊ ဆင်၊ ကျား၊ လိပ်နှင့် ငါးတို့၏ ပုံရိပ်များက တ၀ဲဝဲလည်နေတော့သည်။ အိပ်ပျော်သွားသည့်အခါ အိပ်မက်ထဲတွင်ပင် ၆ကောင်ဂျင်ထိုးပြီး ပိုက်ဆံများစွာ နိုင်သည်ဟု အိပ်မက် မက်မိသည်ထိ လောင်းကစားကို စတင် စွဲလန်းမိလေတော့သည်။

သို့နှင့် နောက်ရက်များတွင် အောင်ကြီးလာခေါ်မည်ကို သူစောင့်နေမိသော်လည်း ၃ရက်လောက် ပေါ်မလာဘဲ ပျောက်နေသဖြင့် သူ့မှာ နေမထိထိုင်မသာဖြင့် တမျှော်မျှော်ဖြစ်နေလေသည်။ နောက်၃ရက်မြောက်နေ့မှ အောင်ကြီးက ရောက်လာပြီး သူခရီးထွက်သွား၍ မရောက်ဖြစ်ကြောင်း သူ့ကိုပြောလာသည်။ ညနေ အပြင်သွားဖို့လာခေါ်မည်ဟု သူ့ကိုပြောသောအခါ သူ့ဆန္ဒပြည့်ဝသွားသဖြင့် ပျော်ရွှင်သွားတော့သည်။ ညနေတွင် သူအလုပ်နားချိန် ရေမိုးချိုးပြီး အောင်ကြီးကို လည်တဆန့်ဆန့်ဖြင့် မျှော်နေမိသည်။ ၄နာရီလောက်တွင် အောင်ကြီးရောက်လာပြီး နှစ်ယောက်သား မြို့အစွန်လမ်းဘက်သို့ ထွက်လာကြသည်။ ဂျင်ဝိုင်းများရှိရာ လမ်းသွယ်လေးပေါ်တွင် လူများ၊ အသံများဖြင့် စည်ကားနေတော့သည်။ ထိုလမ်းပေါ်တွင် ၆ကောင်ဂျင်ဝိုင်းများ တော်တော်များများရှိနေပြီး ၀ိုင်းတိုင်းတွင်လည်း လူများစည်ကားနေသည်။ လူအနည်းငယ်ရှင်းသော ၀ိုင်းတစ်ခုတွင် သူနှင့်အောင်ကြီး ၀င်လိုက်ကြပြီး တန်းပေါ်တွင်တင်လိုက်သော အကောင်များ၏ အနေအထားကိုကြည့်ပြီး မည်သည့်အကောင်ကျနိုင်မည်ကို ခန့်မှန်းကာ ထင်သည့်အကောင်ကို တစ်လှည့်စီ ထိုးကြလေတော့သည်။ သူရော အောင်ကြီးပါ ပထမပိုင်းတွင် ရှုံးနေသော်လည်း ညနေစောင်း ၆နာရီလောက်တွင် သူ ပြန်နိုင်စပြုလာသည်။ အောင်ကြီးကတော့ ယနေ့ ကံမလိုက်သောကြောင့်ဖြစ်မည် ပါလာသည့်ငွေ အကုန် ကုန်သလောက်ဖြစ်သွားသည်။ ငွေကုန်၍ ပြန်ကြဖို့ အောင်ကြီးက လောဆော်သည့်အခါ နိုင်စပြုလာပြီဖြစ်၍ သူ မပြန်ချင်သေးသော်လည်း ထပြန်ခဲ့ရလေသည်။

အပြန် ညဈေးတန်းတွင် ဆီချက်ခေါက်ဆွဲသာ စားဖြစ်ကြပြီး ပိုက်ဆံကို သူက ရှင်းပါသည်။ အောင်ကြီးက “ခင်ဗျားက လောင်းကစားနဲ့ အကျိုးပေးပုံရတယ်.. လာတဲ့ရက်တိုင်း မရှုံးဘူးဗျနော် ” ဟု သူ့ကို ပြောတော့ သူ့မျက်နှာပြုံးသွားရသည်။ “မနက်ဖန် လာဦးမလားဗျ” သူက မေးလိုက်တော့ “မလာဖြစ်ဘူး.. မနက်ဖန် ကျွန်တော် ဦးလေးခိုင်းထားတဲ့ အလုပ်ကလေးရှိလို့.. အားတဲ့နေ့မှ လာခဲ့မယ်ဗျာ” ဟုပြန်ပြောသည်။ သူတို့နှစ်ယောက် လမ်းခွဲကြပြီး ဆိုင်သို့ သူပြန်ရောက်တော့ ညဦးပိုင်း လက်ဖက်ရည်ဆိုင်ထိုင်သူများဖြင့် စည်ကားစ ပြုနေပြီ။ ကိုကျော်ဝေက ကောင်တာတွင် ထိုင်နေရင်း သူဝင်လာတာကို လှမ်းနှုတ်ဆက်သည်။ ခွင့်တောင်းပြီးမှ ထွက်သွားသော်လည်း အပြင် သိပ်ထွက်လေ့မရှိသော သူ အပြင်မှာ အချိန်အနည်းငယ်ကြာသည်ကို သူ့စိတ်ထဲ အနည်းငယ်တော့ ထူးဆန်းနေဟန်ရှိသည်။ သို့သော် ဘာမှတော့ မမေးပါ။ ထမင်းစားဖို့သာ သူ့ကိုပြောသည်။ သို့သော် သူက အပြင်တွင် ဆီချက်စားလာကြောင်း ပြောလိုက်ပြီး ဆိုင်နောက်ဖက်သို့ ၀င်လာခဲ့လိုက်သည်။


နောက်ရက်များတွင် အောင်ကြီး မလာသော်လည်း သူ့နားချိန်များတွင် အပြင်ထွက်ဖို့၊ ဂျင်ဝိုင်းဖက်သို့ သွားဖို့သာ သူ စိတ်အားထက်သန်နေတော့သည်။ ကိုကျော်ဝေက ဆိုင်ကို ကြည့်ထားဖို့ သူ့ကို မှာခဲ့သည့် နေ့မှလွဲ၍ ဆိုင်တွင် ရှိနေလျှင်တော့ သူအပြင်ထွက်သည်။ သူ့ခြေလှမ်းများ၏ ဦးတည်ရာအရပ်သည် ၆ကောင်ဂျင်ဝိုင်းဆီသို့သာ… အောင်ကြီးမပါဘဲ သူသွားဆော့သည်မှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်သာဖြစ်သည်။ ရှုံးသည့်နေ့တွင် သူပါသွားငွေ ကုန်မှာ ၀ိုင်းကနေ ထပြန်လာဖြစ်သည်။ သို့သော်လည်း နိုင်နေသည့်အခါများတွင်မူ ရှေ့ဆက်နိုင်လိုသော လောဘဇောဖြင့် အရှိန်ထိန်းက ထပြန်ရမည်ကို သူ့စိတ်က လိုက်မနာနိုင်သဖြင့် ၀ိုင်းကနေမထမိဘဲ ဆက်ပြီးကစားရာ နိုင်ထားပြီးသားများ ပြန်ပါသွားပြီး လက်ထဲတွင် တစ်ပြားမှ မကျန်တော့သည့်အဖြစ်က မကြာခဏ ဖြစ်လာသည်။ စာရင်းချုပ်လိုက်လျှင် အရှုံးက ပိုများလာပြီး သူစုထားသောငွေလေး တတိတိဖြင့် ပွန်းလာတော့သည်။ ရှုံးလာသည့်နေ့တွင်တော့ နောက်နေ့တွင် လောင်းကစားဝိုင်းသို့ မသွားတော့ဟု စိတ်က ဖြစ်မိသော်လည်း နောက်တစ်နေ့ ရောက်လာလျှင်တော့ အရင်နေ့က ရှုံးထားသည့်ငွေကို နှမြောစိတ်ဖြင့် အရင်နေ့တွေက ကံမကောင်းလို့ ရှုံးသော်လည်း ဒီတစ်ခါတော့ အရှုံးကို ပြန်ရလောက်အောင် ကံကောင်းမှာပါလေ ဟုဆိုကာ ညနေဆိုလျှင် ပိုက်ဆံကလေးထည့်ပြီး ထွက်လာမိပြန်တော့သည်။


လောင်းကစားတို့၏ ထုံးစံမှာ နိုင်ပြီး သူဌေးဖြစ်သွားသူ အလွန်အင်မတန်ရှားပါးလှပြီး နောက်ဆုံးတွင် လောင်းကစားကြောင့် ဘ၀ပျက်သွားသူ၊ ဆင်းရဲသွားသူ များသာ ရှိသည်ကို ထိန်လင်း သတိမပြုမိခဲ့သလို လောင်းကစားအပေါ် တွယ်မက်သည့် မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းလည်း မရှိခဲ့ပါ။ နက်သထက်နက်လာသော လောင်းကစားအမှောင်စိတ်ဖြင့် ဆော့ကစားရင်း သူစုဆောင်းထားသောငွေများ လုံးဝ ကုန်ဆုံးသွားလေတော့သည်။ ထိုအခါ ကိုကျော်ဝေထံတွင် သူ့မိခင် နေမကောင်းဖြစ်နေသောကြောင့် သူ့အိမ်က ငွေလိုသည်ဟု ဖုန်းဆက်လာသဖြင့် အိမ်ကိုငွေပို့လို၍ ၃လစာ ကြိုတင်လခ ထုတ်ပေးရန် ခွင့်တောင်းလေသည်။ သူ့ကို ယုံကြည်စိတ်ချသော ကိုကျော်ဝေက မေးမြန်းခြင်းမရှိဘဲ ချက်ခြင်းဘဲထုတ်ပေးပါသည်။ ညနေများတွင် အပြင်သွားသည်မှာ ကောင်မလေး( ချစ်သူရည်းစား) ရနေလို့လား ဟုတော့ ပြုံးပြုံးရယ်ရယ်ဖြင့် မေးလေသည်။ သူက ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာပြုံးနေခဲ့သဖြင့် ထူးထူးခြားခြားတော့ ဘာမှ ထပ်မပြောတော့ပါ။


၃လခစာ ကြိုတင်ထုတ်လာပြီး သူ့ခြေလှမ်းများက ဂျင်ဝိုင်းများဆီသို့သာ ရက်ခြား သွားမြဲသွားနေခဲ့သည်။ အောင်ကြီးပါသည့်အခါလည်း ရှိသလို မပါသည့်အခါလည်း ရှိသည်။ သူက အောင်ကြီးမပါတာကို ပိုပြီး သဘောကျသည်။ အောင်ကြီးက နိုင်ပြီဆိုလျှင် အသာထပြန်ဖို့ လောဆော်တတ်သူ ဖြစ်သောကြောင့် သူ့မှာ အရှိန်ပျက်ရသည်ဟု သူကထင်သည်။ လုံးလုံးလျားလျား နိုင်လာသောနေ့များ ရှိသော်လည်း ထိုနေ့သည် အလွန်နည်းပါသည်။ အရှုံးနှင့် ပြန်လာရသည့်ရက်ကသာ များလေသည်။ ထို့ကြောင့် ကြိုတင်ထုတ်ငွေ ၃လစာမှာ တဖြေးဖြေးနည်းလာပြီး ကုန်သလောက် ရှိလေတော့သည်။ တစ်ည သူအိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ရေကန်ကြီးတစ်ကန်သို့ သူရောက်သွားပြီး ငါးမျှားသည်တဲ့.. ကန်ထဲတွင် ငါးများမှာ တစ်ကောင်နှင့်တစ်ကောင် ထပ်နေသည် ထင်ရလောက်အောင် ပြွတ်သိပ်နေပြီး များပြားလွန်းလှကာ ငါးမျှားနေသော သူ့ဘေးတွင်လည်း ငါးတွေ အပုံလိုက်ကြီး ဖြစ်နေခဲ့သည်။ တစ်လက်လက်ဖြစ်နေသော ငါးအကြေးခွံများမှာ နေရောင်အောက်တွင် ငွေရောင်လက်ကာ တောက်ပနေခဲ့သည်။ အိမ်မက်မှ သူနိုးလာချိန်တွင် မြင်မက်ခဲ့သောအိမ်မက်မှာ ထင်ထင်ရှားရှား သူ့အာရုံတွင် ကျန်နေခဲ့သည်။ မနက်ခင်း လက်ဖက်ရည်လာသောက်သော သူ့သိသည့် သူတစ်ချို့ကို ပြောပြတော့ အိပ်မက်အတိတ်ကောက်ယူရလျှင် ငါးဆိုသည်မှာ ငွေဟု အဓိပ္ပါယ်ထွက်ကြောင်း အိမ်မက်တွင် ငါးအမြောက်အမြား မြင်မက်သည်ဆိုလျှင် ငွေများစွာဝင်တတ်သည်ဟု ပြောပြကြသည်။ သူမေးကြည့်သည့်သူ တော်တော်များများက အိပ်မက်ကောင်းသည်ဟု သူ့ကိုပြောကြလေသည်။

ထိုစကားများကြောင့် သူ့စိတ်ထဲတွင် ဒီနေ့သည် သူကံကောင်းမည့်နေ့ ဖြစ်သည်ဟု ယုံကြည်မိလေတော့သည်။ ဒီနေ့သာ ဂျင်ဝိုင်းသွားလိုက်လျှင် အရင်ရက်တွေက ဆုံးရှုံးသွားခဲ့သော သူ့ငွေတွေ အားလုံး ပြန်ရနိုင်မည်မှာ သေချာသည်ဟု သူက တွေးမိသည်။ ယခုလို ထင်ထင်ရှားရှား အိမ်မက်မျိုး တိုက်တိုက်ဆိုင်ဆိုင် မက်လာတော့ သူ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်းလည်း သူ့စိတ်က တွေးနေမိသည်။ သို့သော် ဂျင်ဝိုင်းသွားဖို့ သူ့လက်ထဲတွင် ပိုက်ဆံ များများစားစား မကျန်တော့ပါ။ တစ်ထောင်တန် ၅ရွက်လား ကျန်တော့တာကို သူသတိရမိသည်။ အိမ်ကိုပင် ငွေမပို့ဖြစ်တာ ကြာပြီ။ သူ ကြိုတင်လခ ထုတ်ထားသည်မှာ နောက် ၂လစာ ပင် အကြွေးကျန်နေသေးသည်။ ခုမှတစ်လသာ ကုန်သေးသည်။ ဒီတော့ ထပ်ထုတ်ဖို့လည်း မဖြစ်နိုင်တော့.. ဒီနေ့ကိုလည်း သူ့အတွက် ကံကောင်းမည်ကို ယုံကြည်သဖြင့် သွားဖြစ်အောင်လည်း သွားချင်မိသည်။ ခက်တာက ငွေမရှိသည့်ပြဿနာ.. အောင်ကြီးလာလျှင် ကောင်းမည်ဟု သူတမ်းတမိသည်။ အောင်ကြီးကို အိပ်မက်အကြောင်းပြောပြကာ သူ့ထံကနေ ငွေအနည်းအပါး ချေးငှား၍ ရမည်ဆိုလျှင် သူ့အတွက် အဆင်ပြေနိုင်မည်လေ။ ငွေရနိုင်မည့်အရေး စဉ်းစားရင်း လူက လက်ဖက်ရည်ဖျော်နေရသော်လည်း သူ့စိတ်တွေက ဂျင်ဝိုင်းသို့သာ တစ်ရစ်ဝဲ၀ဲ ရောက်ရှိနေသည်။


ကံကောင်းချင်တော့ နေ့လည်စောင်းတွင် ကိုကျော်ဝေက သူ့ကိုပြောလာသည်။ သူအပြင်ထွက်မည်ဆိုလျှင် ဆိုင်အတွက် နို့ဆီ၊သကြား၊ ဂျုံစသဖြင့် အမြဲဝယ်လေ့ရှိသော ဆိုင်တွင် နို့ဆီ ၃ဖာနှင့် ဂျုံတစ်အိတ် မှာပြီး ဆိုင်သို့ ပို့ပေးရန် ၀င်ပြောခိုင်းပြီး ပိုက်ဆံ ၆၀၀၀၀ ကိုပါ ယူသွားရန် ပြောလေသည်။ ထိုဆိုင်သည် ကိုကျော်ဝေ့သူငယ်ချင်းဆိုင်ဖြစ်ပြီး သူ့ဆိုင်တွင် ပစ္စည်းများဝယ်တိုင်း ဆိုင်အလုပ်သမားများက လက်ဖက်ရည်ဆိုင်သို့ အရောက် လိုက်ပို့ပေးတတ်သည်။ ခါတိုင်းလည်း ကိုကျော်ဝေက ခုလို သူ့ကို ပိုက်ဆံဝင်ပေးခိုင်းတတ်ပါသည်။ သို့သော် အခုလို ပိုက်ဆံလိုအပ်နေချိန်တွင် ကိုကျော်ဝေစကားက သူ့အတွက် ပျားရည်စက်ပမာ ဖြစ်စေတော့သည်။ သူ လက်ခနဲ အတွေးရလိုက်သည်က ကိုကျော်ဝေ ပေးခိုင်းသောငွေဖြင့် သူဒီညနေ ကစားလိုက်မည်ဆိုလျှင် သူ့အိမ်မက်အရ နိုင်မှာ သေချာသလောက်ရှိပြီး ယခင်က ငွေများပါ ပြန်ရနိုင်သည်ဟူ၍ ဖြစ်သည်။ ကစားဝိုင်းက အပြန်ကျမှ ဆိုင်တွင် ပစ္စည်း ၀င်မှာလျှင် ဖြစ်သည်ဘဲဟူ၍ သူက တွေးလိုက်သည်။ ထို့ကြောင့် အောင်ကြီးရောက်မလာသော်လည်း ညနေတွင် ရေချိုးပြီး ကိုကျော်ဝေထံမှ ပိုက်ဆံကို ယူကာ သူအပြင်ထွက်လာခဲ့သည်။ လက်ထဲတွင် ပါလာသော ငွေ ၆၀၀၀၀ မှာ သူ့အတွက် ကံကောင်းခြင်း ပဏာမဟု သူယုံကြည်သည်။ အဖြစ်အပျက်မှာ တိုက်ဆိုင်စွာ ဖန်တီးလာခြင်းဖြစ်ပြီး ဒီနေ့ သူ့ကံကောင်းမှုကို ဘယ်အရာကမှ တားဆီး၍ ရနိုင်တော့မည်မဟုတ် တွေးမိကာ ၀မ်းသာမိနေလေတော့သည်။

ကိုကျော်ဝေ၏ သူငယ်ချင်းဆိုင်ရှေ့က မဖြတ်ဘဲ အခြားလမ်းမှနေ၍ ဂျင်ဝိုင်းရှိရာဘက်သို့ သူလျှောက်လာခဲ့သည်။ သူ့စိတ်အထင် ဂျင်ဝိုင်းသည် အခါတိုင်းနေ့များထက် ပို၍ စည်ကားနေသည်။ သူဝိုင်းတစ်ခုတွင် ၀င်လိုက်ပြီး ရွှေငါး နေရာတွင် ငွေ တစ်ထောင်ကနေ စထိုးသည်။ ကျလာသော အံစာတုံးတွင် ရွှေငါး ၂ကောင်ပါလာသဖြင့် ဒိုင်ထံမှာ ထောင်တန်နှစ်ရွက် သူရလိုက်သည်။ နောက်တစ်လှည့်တွင် ရွှေငါးတွင် တစ်ထောင် ကြက်တွင် နှစ်ထောင် သူထိုးပြန်သည်။ ရွှေငါးရောကြက်ပါ ပါလာသဖြင့် ငွေနှစ်ထောင် သုံးထောင် ထပ်ရပြန်သည်။ သူ နည်းနည်းမြောက်သွားသည်။ သူ့အိပ်မက် မှန်နေပြီ။ ဒီနေ့ သူကံကောင်းနေသည်မှာ သေချာသည်ဟု သူက ယုံကြည်သထက် ယုံကြည်လာသည်။ ထို့ကြောင့် ငွေကို တိုး၍ ထိုးစမ်းကြည့်ရန် သူဆုံးဖြတ်လိုက်ပြီ သူထင်သည့်အကောင်များကို သုံးထောင်ထိ တက်၍ ထိုးလိုက်သည်။ ထိုးသည့်အကောင်တိုင်း မှန်နေသည်က များ၍ သူ့လက်ထဲတွင် ပိုက်ဆံတွေများလာသည်။ ဘေးကလူကပင် သူ့ကို “ခင်ဗျားဒီနေ့ လပ်ကီးတယ်ကောင်းနေပါလား၊ များများထိုးပါလားဗျ” ဟူ၍ ပြောလေသည်။ ထိုအချိန်တွင် သူ့လက်ထဲတွင် ငွေသုံးသောင်းခန့်နိုင်နေပြီ ဖြစ်သည်။ သူထပြန်မလား စဉ်းစားမိသော်လည်း သူကံကောင်းနေသည့် ဒီလိုနေ့မျိုး နောက်တစ်ကြိမ် ကြုံလာဖို့ မလွယ်ကူနိုင်ဟု တွေးမိကာ မပြန်ဖြစ်ဘဲ ငွေကို ဆတိုး၍ ထိုးကာ ဆက်ကစားနေမိတော့သည်။

အသောမတတ်နိုင်သော သူ၏လောဘဇောကြောင့် ထိုးနေရင်းနှင့် နိုင်ထားသောငွေများ တဖြေးဖြေး ပြန်ပါနေပြီး လက်ထဲက ငွေပင် သုံးသောင်းခန့် ထိသွားပြန်လေပြီ။ သို့သော် သူ့အိပ်မက်ထဲက ငါးတွေကို ပြန်မြင်ယောင်ပြီး ဒီနေ့နိုင်ကိုနိုင်ရမည်ဟု တွေးမိပြန်ကာ ဆက်ပြီး ကစားနေတော့သည်။ ထိုအချိန်တွင် ထိုအချိန်တွင် သူ့ဘေးမှလူထိုးသည့်အကောင် တော်တော်များများ ကျသည်ဖြစ်၍ တစ်ဝိုင်းလုံးတွင် အနိုင်ဆုံးဖြစ်နေသည်။ ထိန်လင်းက ထိုသူထိုးသည့်အကောင်ကို လိုက်ပြီး ထိုးကြည့်သည်။ တစ်ကြိမ်တွင် သူထိုးထားသော လိပ်မှာ ၂ကောင်ပါလာပြီး ထိုးငွေ၂ဆကို သူရလိုက်သည်။ နောက်အလှည့်များတွင်တော့ ထိုးသည့်အကောင်က မပါသည်က များလာသဖြင့် လက်ထဲကငွေ ပါးလျလာပြီး တစ်တောင်တန် ၁၀ရွက်ခန့်သာ ကျန်လေတော့သည်။ သူ့ဘေးက ကြိုးကို ကိုယ်တိုင်ဆွဲချပြီး ထိုးနေသူက “ဒီတစ်ခါ ပုဇွန်ကျမှာ သေချာတယ်ဗျ.. ခင်ဗျား ပုဇွန်ထိုးပါလား.. ကျွန်တော်လည်း ပုဇွန်အောထားတယ်” ဟုသူ့ကို တီးတိုးလှမ်းပြောလေသည်။ “သေချာလား ခင်ဗျားဟာက” ဟု သူပြန်မေးတော့ “သေချာတယ် ကျွန်တော် ပုဇွန်ကျအောင်ကို ကြိုးကိုထိန်းဆွဲမှာဗျ.. ကြည့်လေ ပုဇွန်မှာ ကျွန်တော်အများကြီး ထိုးထားတာ” ဟု ပြန်ပြောသည်။ ဟုတ်တော့ဟုတ်သည်.. ထိုလူက ပုဇွန်နေရာတွင် ငွေ များစွာထိုးထားသည် ထောင်တန် ရွက် ၂၀ကျော်မည်ထင်သည်။ ထို့ကြောင့် သူလည်း နောက်ဆုံး အားကိုးရာအဖြစ် ပုဇွန်ကို ပုံအောလိုက်ဖို့ ဆုံးဖြတ်ကာ လက်ထဲတွင်ကျန်နေသော တစ်ထောင်တန် ဆယ်ရွက်ကို ပုဇွန်အကွက်တွင် ပုံချလိုက်လေသည်
ထိုးသူများအားလုံး ထိုးပြီးသွားချိန်တွင် ဒိုင်က ကြိုးဆွဲဖို့ လှမ်းပြောသောအခါ အံစာတုံးများ တစ်ပြိုင်တည်း ကျမလာစေဘဲ တစ်လုံးစီ ကျစေရန် ထိုသူက ကြိုးကို ဖြေးဖြေးချင်း ဆွဲသည်။ ပထမတစ်ကြိမ် အံစာတုံး တစ်လုံး ပြုတ်ကျလာသည်။ ကြက်.. ဟုအော်သံများက ညံသွားသွားသည်။ ကြက်ထိုးထားသူများ ခုန်ပေါက်နေကြသည်။ နောက်တစ်ကြိမ် ထိုလူက အံစာတုံးကို ဆွဲချပြန်တော့ ကျလာသော အံစာတုံး၏ မျက်နှာပြင်ကို သူမကြည့်ရဲအောင်ဖြစ်မိကာ မျက်စိပင် ယောင်ယမ်း၍ မှိတ်လိုက်မိသည်။ သို့သော် ကျား ဟုအော်လိုက်သံ ကြားသဖြင့် သူမျှော်နေသော ပုဇွန်မဟုတ်မှန်း သိလိုက်ရပြန်သည်။ ထိန်လင်း ဇောချွေးများ ပြန်လာပြီ။ ဒီတစ်ကြိမ်သာ ပုဇွန်မဟုတ်ခဲ့လျှင် သွားပြီ.. ပါလာသမျှ ကုန်ပြီ။ ပြီးတော့ သူ့ပိုက်ဆံတွေလည်း မဟုတ်။ ကိုကျော်ဝေကို သူ မည်သို့ မျက်နှာပြရတော့မည်ကို မတွေးတတ်အောင် ဖြစ်နေတော့သည်။ သူ လက်သီးကိုဆုပ်ကာ အသက်ပင်မရှူမိတော့ဘဲ နောက်ဆုံး အံစာတုံးကို ရင်တုန်စွာ စောင့်ကြည့်နေမိသည်။ နောက်ဆုံး ကြိုးအဆွဲမှာ ကျန်နေသော အံစာတုံးက ပြုတ်ကျလာသည်။ အရင်ပြုတ်ကျနေသော အံစာနှစ်တုံးကိုတိုက်ပြီး ခပ်စောင်းစောင်း အနေအထားဖြင့် ပုဇွန်လေးက အပေါ်မျက်နှာပြင်အဖြစ်ကျရန် တာစူနေပြီ.. သို့သော် အရှိန်မသေသေးသော အံစာတုံးမှာ တစ်ဘက်သို့ စောင်းကျသွားပြီး အပေါ်မျက်နှာပြင်က “ဆင် ” ဖြစ်သွားလေတော့သည်။


သူ့ရင်ထဲတွင် ဟာ ခနဲရင်ထဲတွင် ခံစားလိုက်ရသည်။ သွားပြီ.. မျှော်လင့်ချက်တွေအားလုံး ဆုံးပြီ။ လူ့သဘာဝအတိုင်း ဆုံးရှုံးမှုနှင့် ကြုံရမှ အသိတရားတို့သည် လောကရဲ့ ထောင့်အသီးသီးကနေ သူ့ရင်ထဲကို အလိုလို ပြန်ဝင်လာတော့သည်။ သူ့ရင်တစ်ခုလုံး မီးစနှင့် ထိုးခံထားရသလို ပူလောင်နေသည်။ သူ့အတွေးများအားလုံး မည်သည့်အရာတွင်မှ တည်မှီ၍မနေ။ ဘာကိုမှလည်း သူမတွေးတတ်တော့။ အသိတရားနှင့် ပူလောင်မှု နောင်တများသာ သူ့စိတ်နှလုံးထဲကို အလိုလို တလှည့်စီ ဝင်ရောက်နေသည်။ မျှော်လင့်တက်ကြွစွာ ယူဆောင်လာခဲ့သော ငွေအထပ်ကို ပြန်မြင်ယောင်လာသည်။ ကိုကျော်စွာမျက်နှာကလည်း တစ်ချက်တစ်ချက် သူ့အာရုံထဲ ဝင်လာပြန်သည်။ ထိုသို့ ကိုကျော်စွာ့မျက်နာကို အလိုလိုတွေးမြင်မိချိန်မှာ သူရင်ထဲ ဟိုက်ခနဲ ဟာခနဲ ဖြစ်သွားရပြန်သည်။ လည်မျိုတွင် အလုံးကြီးတစ်ခုက အလိုလို လာတစ်ဆို့သလို ခံစားရပြန်သည်။ ထူပူနေသည်ဟုသာ ပြောရမည်။ သူဘာမှမတွေးတတ်။ ဘာဆက်လုပ်ရမှန်းမသိ။ ကစားဝိုင်းကို အသိစိတ်မဲ့စွာ ငူငူကြီးငေးနေမိသည်။ နှစ်သိမ့်ပေးမည့်သူမရှိ။ အားလုံးသူ့အာရုံနှင့်သူ ဇောကပ်နေကြသည်။ ကစားဝိုင်းဘေးတွင် မျှော်လင့်ချက်များ ယုံကြည်ချက်များ လူမှုရေးများ ကိုယ်ကျင့်တရားများအားလုံး ဆုံးရှုံးသွားသူ တစ်ယောက်ရှိနေသည်ကို ဘယ်သူမှ သတိမရကြပါ။

အရှုံးတရားကို တစ်စစ သူလက်ခံလာနိုင်ချိန်တွင် သူလျှောက်ရမည့်လမ်း တစ်ခုသာ ရှိတော့သည်ဟု သူသိလိုက်သည်။ ဆုံးရှုံးသွားသော ငွေကြေးသည် ဒီခေတ်မှာတော့ ပမာဏများသည်ဟု မဆိုနိင်ပေမယ့် သူ့လို ဆိုင်ဝန်ထမ်း တစ်ယောက်အတွက်တော့ မနည်းလှသော ငွေကြေးဖြစ်သည်။ ကိုကျော်စွာကို အကုန်ဝန်ခံပြီး တောင်းပန်ကာ ကတိပေးလိုက်လျင် ခွင့်လွှတ်နိုင်ကောင်း ခွင့်လွှတ်မည် ဖြစ်သော်လည်း သူ့အပေါ်တွင်ထားသော ညီရင်းအစ်ကိုလို ချစ်ခင်မှုနှင့် ယုံကြည်မှုတော့ ပျက်စီးသွားပေတော့မည်။ ယခင်ကအတိုင်း ဘာအရောင်မှမပါသည့် အကြည့်မျိုးကို ရနိင်တော့မည် မဟုတ်။ သံသယအကြည့်များက ကပ်ငြိပေတော့မည်။ ထိုဒဏ်ကို သူမခံနိင်ပါ။ သူတစ်နေရာသို့ ထွက်သွားရပါတော့မည်။ သို့သော်လည်း လက်ထဲတွင် ငွေက တစ်ပြားမှ မကျန်တော့ပေ။ ထို့ကြောင့် ဝတ်လာသော ဂျာကင်ကို အနီးတွင်ရှိသောသူထံ တောင်းတောင်းပန်ပန်ဖြင့် ရောင်းချပြီး အဝေးပြေးကားဂိတ်သို့ သူခပ်သွက်သွက်လျှောက်ကာ မန္တလေးသို့ သွားမည့်ကားပေါ်ကို တက်လိုက်ပါတော့သည်။

အခုတော့ မျှော်လင့်ခြင်းများ၊ စိတ်ကူးအိမ်မက်များ အားလုံးကို ထားရစ်ပြီး သူ ဒီမြို့မှ စွန့်ခွာခဲ့ရတော့သည်။ သူ့နာမည်နှင့်
တစ်သက်လုံး ထိန်းလာခဲ့သော ရိုးသားခြင်းဟူသည့် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားသည် အကောင်၆ကောင်၏
မာယာတောတွင် အစအနမျှ မကျန်အောင် ပျောက်ဆုံးသွားရလေပြီ။ ယုံကြည်မှုကို
အလွဲသုံးစား လုပ်မိသူတစ်ယောက်၏ ရင်ထဲတွင်လည်း နာကျင်ခြင်းနှင့်
ပူလောင်ခြင်းကို ခံစားရပါသည်။ ယောက်ျားတန်မဲ့ စီးကျလာသော ပါးပြင်ပေါ်မှ

မျက်ရည်များသည် နောင်တတို့ဖြင့် ပူလောင်ကျွမ်းမြေ့၍ နေလေတော့သည်။
ယခုချိန်မှတော့ နောင်တသည် သူ့အတွက်တော့ နှောင်းခဲ့လေပြီ။


Tuesday, December 28, 2010

ရခဲ့ဘူးတဲ့ ခရစ်စမတ်လက်ဆောင်

မနက်ခင်း အိပ်ရာမှနိုးနိုးချင်း ခေါင်းရင်းမှ ပြူတင်းတံခါးကို ဖွင့်လိုက်စဉ်မှာဘဲ နှင်းငွေ့တွေဖြင့် ဝေ့၀ဲလွင့်မျောနေသော နုထွေးစိမ့်အေးနေသည့် လေပြေကလေးက သူမမျက်နှာကို ရုတ်တရက် ဖြန်းပက် ကြည်စယ်လိုက်သည်။ မှုန်ဝါးဝါး နှင်းပွင့်လေးတွေကြောင့် ခပ်ဝေးဝေးမှာ အမြဲတမ်း ပြာလွင်လှပစွာ ရှိနေတတ်သော တောင်စဉ်တောင်တန်း အထပ်ထပ်တွေကိုပင် မမြင်နိုင်တော့အောင် ၀ိုးတ၀ါးလေးဖြစ်လို့နေသည်။ ရှေ့ ၁၀ကိုက်လောက် အကွာကိုတောင် မှုန်ဝါးဝါးလေး မြင်နေရအောင်ဘဲ ဒီဇင်ဘာရဲ့ နှင်းကဗ္ဗလာ ခြုံလွှာလေးတွေက ၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့ပြီ။ အမြဲတမ်း အိပ်ရာထ နောက်ကျတတ်သဖြင့် မနက်ခင်းမှာ နှင်းတွေ ဝေနေပြီ ဆိုတာကို သတိမထားမိခဲ့ဘဲ ထူးထူးခြားခြား စောစီးစွာ နိုးလာသော ဒီမနက်ခင်းလေးမှဘဲ သူမ မြင်တွေ့လိုက်ရတော့သည်။ ဆောင်းဆိုတာ နှင်းတွေရှိမှ ပြီးပြည့်စုံသလို စိမ့်စိမ့်လေး အေးမှလည်း ဆောင်းရဲ့ အရသာက ပီပြင်သည်ဟု သူမတော့ တွေးမိပါသည်။ သူမက နှင်းတွေကို ချစ်သည်လေ။ မြို့တော်ကြီးမှာ ဒီလို နှင်းလေးတွေ မမြင်ခဲ့ရ၊ အေးစိမ့်သော အရသာကို မခံစားခဲ့ရဘဲ ကာလကြာမြင့်စွာ နေခဲ့ရစဉ်က ဆောင်းဆိုတာကိုပင် မေ့လျော့မိလောက်အောင် ဒီဇင်ဘာ မနက်ခင်းတို့က နှင်းတွေ၊ အအေးဓာတ်တွေ ကင်းပနေခဲ့သည်။

ခုချိန်မှာတော့ ချစ်စဖွယ် နှင်းပွင့်ဖြူလွတို့က သူမ၀န်းကျင်မှာ အကန့်အသတ်မဲ့ ပိတ်ဆို့ယှက်သန်းလို့ နေလေပြီ။ ခရစ္စမတ်ရောက်တော့မည်ဟု နှင်းပွင့်လေးတွေက သူမကို အသိပေး ပြောကြားနေသယောင် ရှိလေသည်။ စားပွဲပေါ်တွင် တင်ထားသော သူငယ်ချင်းတစ်ယောက် ပေးပို့လာသည့် လှပချစ်စရာကောင်းသော စန်တာကလော့ပုံ ခရစ္စမတ် ကဒ်လေးကို မြင်တွေ့လိုက်မိတော့ ဒီအချိန် ဒီရာသီမှာ သူမဇာတိ မွေးရပ်မြေကလေးတွင်လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် ပြင်ဆင်ပျော်ရွှင် နေကြပေတော့မည်။ သူမဘ၀တွင် ဖြတ်သန်းခဲ့သော ခရစ္စမတ်များစွာ၊ နှစ်သစ်များစွာတို့ ရှိခဲ့လေသည်။ ရရှိခဲ့ဖူးသော လက်ဆောင်လေးများမှာလည်း များလှပါသည်။ သို့သော်လည်း ထိုလက်ဆောင်များစွာတို့ထဲတွင်မှ သူမကို အမြဲတမ်း မမေ့နိုင်စေလောက်အောင် ဖြစ်မိသော လက်ဆောင်လေးတစ်ခုလည်း ရှိခဲ့ပါသည်။ ထို လက်ဆောင်လေးအကြောင်း ပြန်စဉ်းစားမိချိန်တွင်တော့ ၀န်းကျင်တခို နှင်းမှုန်လေးများ ယှက်ဖြာ ကာဆီးထားသော်လည်း သူမစိတ်အစဉ်ကိုတော့ ဘယ်အရာကမှ ပိတ်ဆို့ ဆီးတားခြင်းမရှိဘဲ အတိတ်လွင်ပြင်ကို တလွင့်လွင့်ဖြင့် ခရီးနှင်လေတော့သည်။

ထိုစဉ်က သူမသည် ၁၀တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်မတက်ခင်စပ်ကြား အားလပ်နေသဖြင့် တက္ကသိုလ်တက်ဖို့စောင့်ရင်း သူမ ဇာတိရွာကလေး၏ အလယ်တန်းတွင် ကျောင်းဆရာမ ပြန်လုပ်နေချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးက သူမ စာသင်ကြားဖို့ တာဝန်ပေးသည့်အတန်းက သူငယ်တန်း(ခ) ဖြစ်သည်။ စာသင်ကြားမှု အတွေ့အကြုံလည်းမရှိ၊ ငယ်ရွယ်သေးသော အချိန်လည်းဖြစ်သောကြောင့် ကလေးငယ်များကို စာသင်ရခြင်း၊ ထိန်းသိမ်းရခြင်းသည် သူမအတွက်တော့ ခက်ခဲသော အလုပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် သူငယ်တန်း(က)ကို သင်ကြားသော ဆရာမမှာ သူမတို့ ဒီကျောင်းမှာ တက်ခဲ့စဉ်ကတည်းက သူငယ်တန်းကိုသာ တစိုက်မတ်မတ် သင်ခဲ့သော ၀ါရင့် အတွေ့အကြုံရှိ သူမ၏ ငယ်ဆရာမ ဆရာမတစ်ဦးလည်း ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးရော၊ သူမ၏ ငယ်ဆရာမကပါ သူမကို ကလေးငယ်များအား စာသင်ကြားရေးသာမက၊ စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ပုံပါ နည်းလမ်းနှင့် အကြံဥာဏ်ပေးပါသည်။ သူမ ငယ်စဉ်ကတည်းက တက်လာခဲ့သောကျောင်းဖြစ်ပြီး အလယ်တန်း ရောက်မှသာ မြို့တွင် ကျောင်းသွားတက်ခြင်းဖြစ်သောကြောင့် ကျောင်းသည် သူမနှင့် မစိမ်းလှသလို ဆရာဆရာမ တော်တော်များများသည်လည်း သူမကို စာသင်ပေးခဲ့ဖူးသူများ ဖြစ်ကြပါသည်။ ပြီးတော့လည်း ဆရာဆရာမတွေရော ကျောင်းတော်ကြီးကပါ သူမကို နွေးထွေးစွာ ကြိုဆိုကြပါသည်။

သူငယ်တန်း(ခ)ကို စာသင်ရသည်မှာ အစပိုင်းတွင် သူမအတွက် အလွန်ခက်ခဲသည်ဟု ထင်သော်လည်း တဖြေးဖြေး အရှိန်ရလာသောအခါ ကလေးများနှင့် သူမ ပျော်ရွှင်လာသည်။ ကလေးဆိုသည်ကလည်း အလွန်ချစ်စရာ ကောင်းသူများ ဖြစ်သည်လေ။ ကလေးများအား စာသင်သည့်အချိန်သင်၊ ကစားချိန် တန်လျှင် ကစားခိုင်း၊ ပုံပြင်ပြောပြလိုက် သီချင်းသင်လိုက်ဖြင့် သူတို့လေးတွေ ကျောင်းတွင် ပျော်ရွှင်လာအောင်လည်း သူမ ကြိုးစားတတ်လာသည်။ ကလေးများအတွက် သီချင်းများ၊ ပုံပြင်များ ရှာဖွေရသည်မှာလည်း သူမအတွက် အလုပ်တစ်ခု ဖြစ်လို့လာသည်။ ကလေးများကိုလည်း သံယောဇဉ်ရှိလာသလို သူတို့လေးတွေကလည်း သူမအပေါ် ချစ်ခင်ကြသည်။ သူမ ကျောင်းရှေ့အရောက် ကျောင်းဝင်းထဲဝင်တာနှင့် ကလေးများက သူမကို အပြေးကလေး လာကြိုတတ်ကြသည်။ ကိုင်လာသော စာအုပ်၊ ခြင်း စသည်တို့ကို ဆီးယူကြသည်။ ဆံပင်ကို နောက်ကျောတွင် စည်းထားတတ်သော၊ ရံဖန်ရံခါ ဆံထုံးလေး ထုံးထားတတ်သော သူမဆံပင်တွင် ပန်ဆင်ရန်အတွက် ကလေးများသည် အဖိုးမတန်သော်လည်း လှပမွှေးပျံ့သော အလေ့ကျ တောပန်းကလေးများ၊ သူတို့ အိမ်တွင်ပွင့်နေတတ်သော ပန်းကလေးများကို ခူးဆွတ်၍ ယူလာပေးတတ်ကြသည်။ သူမကလည်း ပေးလာသမျှ ပန်းတို့ကို ခေါင်းတွင်ပန်ဆင်၍လည်းကောင်း စားပွဲပေါ်တွင် ပန်းအိုးကလေးတစ်ခုဖြင့် ထိုးထားခြင်း သော်လည်းကောင်း ကလေးများ စိတ်ကျေနပ်စေရန် လုပ်ပေးရသည်။ ကလေးများနှင့် သူမ၏ ဖြူစင်သော မေတ္တာသည် အပြန်အလှန် ကူးလူးယှက်နွယ်လျှက် ရှိလေသည်။

သို့သော်.. သူမစာသင်ရသော အတန်းတွင် ကလေးငယ်များ အားလုံးတော့ သူမ၏ စာသင်ကြားမှု အစီအစဉ်၊ ပျော်ရွှင်စရာ အစီအစဉ်တို့တွင် လိုက်ပါ စီးမျှောနေခြင်းမဟုတ်ဘဲ ထူးထူးခြားခြား တစ်ဦးသော ကလေးငယ်မှာ စာသင်ချိန်လျှင် လိုက်ဆိုခြင်းမရှိဘဲ သူတစ်ဦးတည်း ဆော့နေခြင်း၊ ပုံပြောလျှင် (သို့မဟုတ်) သီချင်းဆို၊ ကဗျာရွတ်လျှင်လည်း သူ့ စာအုပ်လေးထဲတွင် ဟိုခြစ်သည်ခြစ် ခြစ်နေခြင်း၊ ခုံပေါ်တွင်အိပ်နေခြင်း၊ တွေဝေငေးမောနေခြင်း စသဖြင့် လုပ်နေတတ်သည်။ ထိုကျောင်းသားလေး အမည်မှာ နော်ဆိုင်းဖြစ်သည်။ အများအားဖြင့် နော်ဆိုင်းသည် ပုံဆွဲ ၀ါသနာပါပုံရပြီး လူရုပ်၊ ငှက်ရုပ်၊ စက်ရုပ် စသည်ဖြင့် သူစိတ်ကူးပေါက်ရာ အရုပ်များ ရေးဆွဲနေတတ်သည်။ အခြားသူများနှင့် ပြောဆို ရယ်မောခြင်းလည်းမရှိ၊ တစ်ယောက်ထီးတည်းဖြင့် အပြုံးအရယ်ကင်းမဲ့စွာ နေလေ့ရှိသည်။ အခြားကလေးများက သူ့ကိုစနောက်လျှင်လည်း ခဲတံဖြင့် ထိုးခြင်း၊ တွေ့ရာဖြင့်ရိုက်နှက်ခြင်း၊ ပေါက်ခြင်း စသည်ဖြင့် တုံ့ပြန်တတ်သည်။ သူ့ကြောင့် အနာတရဖြစ်ရသော ကလေးများလည်း မနည်းတော့ပေ။ သူမက ပြောဆိုဆုံးမသည်ဖြစ်စေ၊ အပြစ်ပေးလျှင်ဖြစ်စေ မထီမဲ့မြင် ပုံစံမျိုးဖြင့် ပြန်လည်းမပြော နားလည်းမထောင် နေလေ့ရှိသလို သူမအားလည်း ရန်လိုသော အကြည့်ဖြင့် ကြည့်နေတတ်ခဲ့သည်။ တခါတရံ ကျောင်းအားလပ်ချိန် ၁၅မိနစ်ဆင်းပြီး ကျောင်းပြန်တက်လျှင် နော်ဆိုင်းမှာ ကျောင်းခန်းထဲတွင် မရှိတော့ဘဲ အိမ်ပြန်သွားတတ်ပြန်သည်။

ထိုသို့ဖြင့် စာသင်၍လည်းမရ၊ သူမစကားလည်း နားမထောင်၊ အခြားကျောင်းသားများနှင့်လည်း အဆင်မပြေ၊ သူနေချင်သလို နေနေတတ်သော နော်ဆိုင်းကို စာထဲတွင် စိတ်ပါလာဖို့၊ သီချင်းများ၊ ကဗျာများကို အခြားကလေးငယ်များလို ပျော်ပျော်ရွှင်ရွှင် သီဆိုဖို့၊ ကစားတတ်လာဖို့ သူမ နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း နော်ဆိုင်းလေး၏ အခြေအနေမှာ ထူးခြား ပြောင်းလဲလာခြင်း မရှိဘဲ ဂျစ်ကန်ကန်၊ မာကြောကြော သူ့စရိုက်အတိုင်းသာ နေနေတတ်ခဲ့သည်။ သို့ဖြင့် ဘေးခန်းကိုသင်သော သူမ၏ ဆရာမကိုလည်း နော်ဆိုင်းအကြောင်း ပြောပြကာ ကလေးအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို တိုင်ပင် အကြံဥာဏ်တောင်းသောအခါ ဆရာမက သူမအား အကြံတစ်ချို့ ပေးလေသည်။ သို့သော်လည်း ထိုအတိုင်း နော်ဆိုင်းကို ဆွဲဆောင် စည်းရုံးသော်လည်း ထူးမခြားနားသာ။ ကလေးအကြောင်း စုံစမ်း၍ အနည်းငယ်သိရသည်မှာ နော်ဆိုင်းသည် အဖေအမေ မရှိဘဲ ဆင်းရဲသော အဒေါ်တစ်ယောက်က ခေါ်ယူကျွေးမွေးကာ ကျောင်းထားပေးခြင်းခံရသော ကလေးတစ်ယောက် ဖြစ်ကြောင်းကို သူမတို့သိရသည်။ မိသားစု၏ နွေးထွေးသော မေတ္တာကို ခံစားခဲ့ရခြင်း မရှိ၍ နော်ဆိုင်းမှာ ခပ်ပေပေ ခပ်ဆိုးဆိုး ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်းဖြစ်လေသည်။ နောက်ဆုံးတော့ စိတ်ရှည်ရှည်ဖြင့် ကလေးအား ပြုပြင်သိမ်းသွင်းရန် ဆရာမက သူမအား အကြံပေးပါတော့သည်။

သို့နှင့် စာသင်နှစ် တစ်ဝက်ကျိုးခဲ့ပြီ။ သူမနှင့် ကလေးများမှာလည်း ပျော်ပျော်ရွှင်ရွှင် စာသင်ရင်း သင်ခန်းစာ အသစ်များဖြင့် အချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီ။ ကလေးတိုင်းလည်း စာသင်ရက်ကြာသည်နှင့်အတူ ဥာဏ်ရည်နှင့် စိတ်ဝင်စားမှုများ တိုးတက်ပြောင်းလဲလာသော်လည်း ခုချိန်ထိ ပြောင်းလဲခြင်းမရှိသူက နော်ဆိုင်းတစ်ယောက်သာ။ သီတင်းကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံး၍ ကျောင်းပြန်ဖွင့်ချိန်တွင် နော်ဆိုင်းမှာ ကျောင်းသို့ရောက်မလာသေးပါ။ ကျောင်းဖွင့်သည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ သို့သော်လည်း နော်ဆိုင်းအတွက် မည်သူကမှ ခွင့်တိုင်ကြားခြင်းမရှိသလို သူမအနေဖြင့် နေမကောင်း၍လား၊ တစ်စုံတစ်ခုကြောင့် ကျောင်းပျက်သည်လား ဆိုတာ မည်သူ့ကို မေးရမှန်းလည်း မသိပေ။ ကျောင်းဝင် စာရင်း စာအုပ်တွင် လိုက်ရှာသောအခါလည်း နော်ဆိုင်း မိဘနံမည် (ကွယ်လွန်) နှင့် ရွာနံမည်မှလွဲ၍ လိပ်စာအတိအကျ ဖြည့်မထားပေ။ နော်ဆိုင်းနေသော ရွာမှာ သူမတို့ ရွာနှင့် နှစ်မိုင်ခန့် ဝေးလေသည်။ သို့နှင့် နော်ဆိုင်းတို့ရွာမှ ကျောင်းလာတက်သော ကျောင်းသားတစ်ယောက်ကို ရှာဖွေသောအခါ ၅တန်းမှ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့ပြီး ထိုကျောင်းသားကို ခေါ်ယူစုံစမ်းသောအခါမှ နော်ဆိုင်းမှာ ရေနွေးပူ အလောင်းခံရပြီး ခန္ဓာကိုယ် အတော်များများ နေရာတို့တွင် အပူလောင်သွားပြီး ဒဏ်ရာများ ရသွားခဲ့သည်ဟု သိရလေသည်။

သို့နှင့် စနေနေ့ ကျောင်းပိတ်သောရက်တွင် သူမက ကျောင်းမှ သူငယ်ချင်း ဆရာမလေးတစ်ယောက်ကို အဖော်ခေါ်ပြီး နော်ဆိုင်းတို့ ရွာကလေးသို့ လိုက်သွားကြလေသည်။ မုန့်တစ်ချို့နှင့် အသီးတစ်ချို့ကိုလည်း သူမက ၀ယ်ယူခဲ့လေသည်။ နော်ဆိုင်းတို့ အိမ်ကို မေးမြန်းစုံစမ်းပြီး ရောက်သွားသောအခါ အိမ်ကလေးမှာ ခပ်သေးသေး ၀ါးထရံကြဲကြဲဖြင့် ကာရံထားပြီး အကာနှင့် အမိုးတစ်ချို့မှာ ယိုယွင်းပျက်စီးနေခဲ့ကာ မပြေလည်သော အိမ်၏အခြေအနေကို အထင်းသား ပြနေဘိသို့ ရှိလေသည်။ အိမ်ရှေ့တွင် ကလေးငယ်လေးတစ်ယောက်ကို ပိုက်ထားသော အသက်၃၅နှစ်ခန့် အမျိုးသမီးကို တွေ့ရသဖြင့် နော်ဆိုင်းကို လာကြည့်သော ကျောင်းမှ ဆရာမများ ဖြစ်ကြောင်း အကျိုးအကြောင်း ပြောပြသောအခါ ထိုအမျိုးသမီးက သူမသည် နော်ဆိုင်းအဒေါ် ဖြစ်ကြောင်း ပြောပြီး အိမ်ထဲသို့ သူမတို့ကို ခေါ်သွားကာ ဧည့်ခန်းအဖြစ် ခင်းထားသော ၀ါးကွပ်ပျစ်လေးပေါ်တွင် ထိုင်စေသည်။ အိပ်ခန်းတစ်ခန်းတည်း ရှိသော အိမ်ကလေးဖြစ်ပြီး အိမ်အလည် မြေပြင်တွင် မီးဖိုတစ်ခု ရှိနေပြီး ထမင်းဟင်းများမှာလည်း ၄င်းနေရာတွင်သာ ချက်ပြုတ်စားသောက်ဟန် ရှိလေသည်။ ဘေးနားက ကွပ်ပျစ်ပေါ်တွင်တော့ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးနီးပါး ပတ်တီးများ ဖုံးနေသော နော်ဆိုင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။

နော်ဆိုင်း၏ ဖခင်မှာ မူးယစ်ဆေးဝါးကြောင့် နော်ဆိုင်း မမွေးခင်ကပင် ဆုံးပါးသွားခဲ့ပြီး ထိုအဒေါ်၏ ညီမဖြစ်သူ နော်ဆိုင်းအမေ မှာလည်း နော်ဆိုင်းကို မွေးပြီး မီးတွင်းထဲမှာပင် ဆုံးပါးသွားခဲ့ပြန်သည်။ ကလေး၃ယောက်ရှိသော နော်ဆိုင်းအဒေါ်သည် တူဖြစ်သူ နော်ဆိုင်းအား မိဘတွေ မရှိတော့သဖြင့် ခေါ်ယူ ကျွေးမွေးထားရသော်လည်း စီးပွားရေး ပြေလည်သူတစ်ယောက် မဟုတ်ပေ။ ယောက်ျားဖြစ်သူမှာ ထင်းခုတ်ရောင်းချရပြီး သူမကတော့ မနက်ခင်း ဈေးထဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ အိမ်တွင် ၀က်များ မွေးထားခြင်းဖြင့် မိသားစု နေထိုင်စားသောက်ရေးအတွက် ရုန်းကန်နေရသူဖြစ်သည်။ နော်ဆိုင်းမှာ မနက်တိုင်း ကျောင်းမသွားခင် ကလေးထိန်းရပြီး အိမ်သုံးရန်အတွက်လည်း သောက်ရေ၊ သုံးရေကို ရေခပ်ရသေးသည်။ ညနေပြန်လာလျှင်လည်း ၀က်စာအတွက် ပိန်းရွက်များ၊ အခြားအရွက်များ ခူးရခြင်း၊ ရွာထဲရှိ အိမ်များတွင် စွန့်ပစ် ထမင်းကျန် ဟင်းကျန်များ လိုက်လံသိမ်းဆည်းကာ ၀က်စာကျိုရခြင်း တို့ကိုလုပ်ရပြီး ၀က်များကို ကျွေးမွေးရလေသည်။ သို့နှင့် လွန်ခဲ့သည့်အပတ်က နော်ဆိုင်း ၀က်စာကျိုနေစဉ် မီးဖိုပေါ်မှ ၀က်စာအိုး မှောက်ကျကာ ခန္ဓာကိုယ်အောက်ပိုင်း တော်တော်များများ အပူလောင်သွားခဲ့သည်ဟု နော်ဆိုင်းအဒေါ်က အဖြစ်အပျက်ကို ပြောပြလေသည်။

သူ့လို အရွယ်လေးနှင့်မှ မမျှအောင် အလုပ်လုပ်နေရသည်ကို သိလိုက်ရသဖြင့် သူမရင်ထဲတွင် နော်ဆိုင်းအတွက် နာကျင်ဝမ်းနည်းစွာ ခံစားမိလေသည်။ “အပူလောင်တော့ ဆေးခန်းပြသလား” ဟု သူမ မေးတော့ ရွာထဲရှိ ကျန်းမာရေးမှူးထံတွင် ပြကြောင်း သိရပြီး ကျန်းမာရေးမှူးက ဆေးဖိုးမယူဘဲ ဆေးထည့်ပေးသော်လည်း သောက်ရန်အတွက် ဆေးကိုတော့ ၀ယ်ခိုင်းကြောင်း သူမတို့ကို ပြောပြလေသည်။ သို့သော်လည်း နော်ဆိုင်း၏ အဒေါ်ဖြစ်သူက စားသောက်ဖို့ပင် အနိုင်နိုင်ဖြစ်နေသော သူတို့မိသားစုက ဆေးဝယ်ဖို့ အတွက် ငွေကုန်ကြေးကျ ခံနိုင်ခြင်း မရှိသဖြင့် သောက်ဆေးတော့ မ၀ယ်ဖြစ်ကြောင်း သိရလေသည်။ ယခုလည်း နော်ဆိုင်းမှာ စောင်ကောင်းကောင်းပင် ခြုံရဟန်မတူ။ စုတ်ပြဲနေသော စောင်ပါးလေး တစ်ထည်သာ ခြုံထားသည်။ ခါတိုင်းတွင် မှုန်ကုတ်ကုတ် နေတတ်သော နော်ဆိုင်းမျက်နှာလေးမှာ ယခုတော့ ဒဏ်ရာကြောင့်လားမသိ.. ညှိုးငယ်လျှက် ရှိနေလေသည်။ ယခုမှ ဆောင်းဝင်စ ဆိုသော်လည်း သူမတို့ တောင်ပေါ်ဆောင်းက အသည်းခိုက်အောင် အေးသည်မို့ ချမ်းနေရှာမှာ အသေအချာပင်။ တဲအလယ်တွင် မီးဖိုရှိသော်လည်း နော်ဆိုင်းအိပ်နေရာ နေရာဆီသို့ အပူရှိန်က ရောက်နိုင်သည်မဟုတ်။

စိတ်မကောင်း ကရုဏာဖြစ်ခြင်းဖြင့် သူမရင်ထဲ ဆို့နင့်စွာ ခံစားရကာ သူမက သူမအင်္ကျီ အိတ်ထောင်လေးကို နှိုက်ကာ ပါလာသမျှငွေကို ရေတွက်ကြည့်သော် ငွေ ၇၀၀၀ ကျော် ရှိသည်ကို တွေ့ရလေသည်။ ထိုစဉ်က ငွေ ၇၀၀၀ သည် မနည်းလှသော ပမာဏဖြစ်ပါသည်။ ၀င်စပြုလာပြီဖြစ်သည့် ဆောင်းအတွက် အနွေးထည်ကောင်းကောင်း တစ်ထည်ဝယ်ဖို့ သူမ စိတ်ကူး ရှိခဲ့သော်လည်း ရှိထားသည့် အနွေးထည်နှင့် သည်ဆောင်းကို ဖြတ်သန်းဖို့ လုံလောက်ပါသည်။ သူမအတွက် အင်္ကျီအသစ်တစ်ထည် မ၀ယ်ရလည်း ဘာမျှဖြစ်မည် မဟုတ်ပါ။ သို့သော် နော်ဆိုင်းတို့ မိသားစုမှာတော့ ဆေးကုရန်မပြောနှင့် စားသောက်ဖို့ပင်အနိုင်နိုင်မို့ ထိုငွေပမာဏသည် တစ်စုံတစ်ခုသော အတိုင်းအတာတော့ အကျိုးဖြစ်လောက်မည် ထင်ပါသည်။ နော်ဆိုင်း အဒေါ် လက်ထဲသို့ ထိုငွေကို ထည့်ပေးလိုက်ပြီး နော်ဆိုင်းအတွက် သောက်ရန်ဆေးနှင့် လိုအပ်သောပစ္စည်းများ ၀ယ်ဖို့ဟု ပြောကာ ပေးလိုက်လျှင် နော်ဆိုင်း အဒေါ်မှာ အားတုံ့အားနာဖြင့် လက်ခံယူပြီး ကျေးဇူးတင်စကား ပြောရှာပါသည်။ နော်ဆိုင်းကိုလည်း မကြာခင် အနာသက်သာပြီး ကျောင်းပြန်တက်နိုင်မည်ဖြစ်ကြောင်း သူမက ပြောဆိုအားပေးသောအခါ ယခင်ကလို ရန်လိုသောအကြည့်မျိုးနှင့် ကြည့်မနေဘဲ အားငယ်စိတ်များ လွှမ်းနေသော အကြည့်တစ်မျိုးဖြင့် သူမကို ကြည့်နေခဲ့သည်။

နော်ဆိုင်းနှင့် သူ့အဒေါ်ကို သူမတို့နှုတ်ဆက်ပြီး ပြန်လာခဲ့စဉ်တွင် မိဘမေတ္တာကိုလည်း မခံစားရ၊ အရွယ်နှင့်ပင်မမျှအောင် အလုပ်လုပ်ရသော နော်ဆိုင်းအတွက် ဖော်ပြရန်ခက်သော ခံစားမှု တစ်မျိုးဖြင့် သူမစိတ်ထဲတွင် ၀မ်းနည်းလို့ နေမိသည်။ ထို့ကြောင့်လည်း နော်ဆိုင်းသည် ကျောင်းတွင် အများနှင့်မတူ ကြမ်းတမ်းခက်ထန်သော၊ နေချင်သလို နေတတ်သော ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ့တွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀၏ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက် နေခဲ့သည် မဟုတ်ပါလား။ နောက်တစ်ပတ် ကျောင်းပိတ်ရက်တွင် အိမ်တွင်ရှိသည့် စောင်တစ်ချို့၊ စားစရာသောက်စရာ အနည်းငယ်နှင့် သူမမောင်လေး၏ မတော်တော့သော အနွေးထည်များကို ယူဆောင် ကာ နော်ဆိုင်းတို့ ရွာကလေးသို့ ထပ်သွားမိပြန်သည်။ သည်တစ်ကြိမ် တွင် နော်ဆိုင်းက ထူးထူးခြားခြား သူမကို နှုတ်ဆက်စကား ပြောပါသည်။ သူမကိုယ်တိုင် နော်ဆိုင်းကို အစားအသောက်တစ်ချို့ကို ကျွေးမွေးကာ ဆေးပါ တိုက်ခဲ့သည်။ သူ့အတွက် ယူသွားသော အနွေးထည်များကို ပေးသောအခါတွင် မျက်နှာလေးမှာ ၀မ်းသာသော အရိပ်အယောင်များဖြင့် ၀င်းပနေခဲ့သည်။ သို့နှင့် ကျောင်းပိတ်ရက်တိုင်း နော်ဆိုင်းတို့ ရွာကလေးသို့ သူမသွားလေ့ရှိသလို နော်ဆိုင်းမှာလည်း တစ်လနီးပါးခန့်အကြာတွင် အပူလောင်သည့် အနာ ကျက်လာပြီး သက်သာစ ပြုလာတော့သည်။ သူမအပေါ်တွင်လည်း ရင်းနှီးခင်မင်သည့် အမူအရာများ ရှိလာပြီး စကားလုံး များများ ပြောစ ပြုလာပြီဖြစ်သည်။

အနာသက်သာပြီး ကျောင်းပြန်တက်သောအချိန်တွင် နော်ဆိုင်းအမူအရာမှာ ယခင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပါပြီ။ သူမပြောစကားကိုလည်း နားထောင်လာပြီး အခြား ကလေးငယ်များနှင့်လည်း သင့်သင့်မြတ်မြတ် နေထိုင်တတ်လာသည်။ ပုံဆွဲ ၀ါသနာပါသော နော်ဆိုင်းအတွက် သူမက ရောင်စုံခဲတံတစ်ဘူး ၀ယ်ပေးထားပြီး စာသင်ချိန်မဟုတ်သည့် အခါတွင်မှ ဆွဲရန်ပြောထားသည်။ နော်ဆိုင်းကလည်း သူမပြောစကား နားထောင်ပါသည်။ စာသင်လျှင် ငေးမောခြင်း၊ ပုံဆွဲနေခြင်းမျိုး မလုပ်တော့ဘဲ.. ငြိမ်သက်စွာ နားထောင်ခြင်း လိုက်ဆိုခြင်းတို့ကို ပြုလုပ်တတ်လာသည်။ ထိုသို့ အတန်းထဲတွင် စိတ်ပါဝင်စားစွာ ရှိလာခြင်းသည် သူမ၏ စေတနာအတွက် နော်ဆိုင်းထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုလေးများ ဖြစ်ပါသည်။ သို့နှင့် ခရစ္စမတ်ကျောင်းပိတ်ရက် နီးလာပြီဖြစ်သည်။ ပိတ်ရက် မတိုင်မှီတွင် သူမတို့ ကျောင်းတွင် တစ်ကျောင်းလုံးအတွက် ကျောင်းခရစ္စမတ်ပွဲတော်ကို ကျင်းပလေ့ ရှိပါသည်။ သူမတို့ကျောင်းသည် ကျောင်းသူကျောင်းသားများတွင်ရော ဆရာဆရာမများတွင်ပါ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ရောနှောလျှက်ရှိသော်လည်း ဘာသာတစ်ခုနှင့်တစ်ခု ခွဲခြားခြင်းမရှိဘဲ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ကထိန်သင်္ကန်းကပ်ခြင်း၊ ကျောင်းခရစ္စမတ်ပွဲ ပြုလုပ်ခြင်း စသည့် ရာသီအလိုက် ဘာသာရေးပွဲများကို တစ်ကျောင်းလုံး အနေအထားဖြင့် ပြုလုပ်ကျင်းပလေ့ရှိပါသည်။ ကျောင်းသားတိုင်းလည်း သာတူညီမျှ ခွဲခြားခြင်းမရှိ ပါဝင်ဆင်နွဲကြရပါသည်။ ဤသည်မှာ ကျောင်းကို အုပ်ချုပ်မှုကောင်းသော ဆရာမကြီး၏ စည်းလုံးညီညွှတ်မှုနှင့် အရည်အချင်းရှိမှု၏ ပြယုဒ်တစ်ခု ဖြစ်ပါသည်။

နှင်းငွေ့တို့ဖြင့် သိုင်းခြုံရစ်ထွေးထားသော သူမမွေးရပ်မြေ၏ ဒီဇင်ဘာဆောင်းသည် ချမ်းအေးလှသော်လည်း ကျောင်းခရစ္စမတ်ပွဲရက်မို့ ကျောင်းသားကျောင်းသူတိုင်းက အချမ်းဒဏ်ကို မေ့လျော့ကာ ပျော်ရွှင်တက်ကြွနေကြသည်။ ခရစ္စမတ်သစ်ပင်များ အလှဆင်ခြင်း၊ အသံချဲ့စက်များ တတ်ဆင်ခြင်း ၊ ကျောင်းဟောခန်းမတွင် တစ်ကျောင်းလုံးအတွက် ထိုင်ခုံနေရာများချထားခြင်း၊ တစ်ကျောင်းလုံး စားသောက်ရန်အတွက် ကြက်သားဆန်ပြုတ် ပြုတ်ခြင်းတို့ကို တာဝန်ခွဲဝေထားသော ဆရာဆရာမများက ဦးဆောင်ပြီး အတန်းကြီး ကျောင်းသားများဖြင့် စုပေါင်းကာ ပျော်ပျော်ပါးပါး ပြင်ဆင်နေကြသည်။ တစ်ကျောင်းလုံးအတွက် ဆန်ပြုတ်အိုးကြီးမှာလည်း အငွေ့တစ်ထောင်းထောင်း အနံ့တသင်းသင်းဖြင့် မွှေးပျံ့၍ နေပေတော့သည်။ ကျောင်းခရစ္စမတ်ပွဲရက်တွင် သူမတို့ကျောင်းမှ ကျောင်းသူကျောင်းသားများအားလုံး မိမိတို့၏ ဆရာဆရာမများကို ခရစ္စမတ် လက်ဆောင်လေးများ ပေးလေ့ရှိသလို အတန်းကြီးများက အတန်းသားအချင်းချင်းလည်း ခရစ္စမတ် လက်ဆောင်ပစ္စည်းများကို ပျော်ရွှင်စွာ လှဲလှယ်လေ့ ရှိကြသည်။ ကလေးများ ပေးသည့် ခရစ္စမတ် လက်ဆောင်လေးများမှာ ပြက္ခဒိန်၊ စာအုပ်၊ ပိုစ့်စကဒ် စသည်မှ အမျိုးမျိုးသော လက်ဆောင်ကလေးများ ပါဝင်ကြသည်။ သူမစားပွဲပေါ်တွင်လည်း ကလေးငယ်များပေးသော ပြက္ခဒိန်လေး၊ ပန်းကလေးများ၊ အရုပ်သေးသေးလေးများ၊ ခရစ္စမတ် ရင်ထိုးကလေးများ စသဖြင့် တန်ဖိုးမကြီးသော်လည်း အမြတ်တနိုး အမှတ်တရပေးသော လက်ဆောင်များဖြစ်၍လည်း လှပ ချစ်စရာကောင်းနေပါသည်။


ခရစ္စမတ်ပွဲ ကျင်းပဖို့ အချိန်နီးပြီဖြစ်၍ ကျောင်းသားများအားလုံး ဟောခန်းမသို့ ၀င်ခါနီး ချိန်တွင် နော်ဆိုင်းက သူမအနီးသို့ ရောက်လာပြီး ခေါက်ထားသော စာရွက်လေးတစ်ရွက်ကို ဆရာမအတွက်ဟု ပြောကာ ပေးလာပါသည်။ သူမက ပြုံးလိုက်ကာ စာရွက်လေးကို ဖွင့်ကြည့် လိုက်ချိန်တွင် ရောင်စုံခဲတံဖြင့် အင်္ကျီကို အဖြူရောင်၊ လုံချည်ကို အစိမ်းခြယ်ထားပြီး ခေါင်း တွင် ပန်းပန်ထားပုံရသည့် ကျောင်းဆရာမပုံမှန်း သိသာစေသော အရုပ်ပုံလေးတစ်ခု ဖြစ်နေလေသည်။ ကလေးငယ်တစ်ယောက်၏ လက်ရာဖြစ်၍ သေသပ် လှပ မနေသော်လည်း ပုံကလေးကို သူမအမြတ်တနိုး ဖြစ်မိပါသည်။ နော်ဆိုင်းက ကြည်စင်သန့်ရှင်းနေသော အပြုံးလေးနှင့်အတူ “ဆရာမပုံ ကျွန်တော်ဆွဲထားတာ” ဟု ပြောလေသည်။ ပြုံးနေသော နော်ဆိုင်းမျက်နှာလေးနှင့် သူဆွဲထားသော အဖြူအစိမ်းဝတ် ရုပ်ပုံလေးကို ကြည့်ကာ မျက်ရည်များပင် ရစ်ဝိုင်းလာမိအောင် သူမရင်ထဲ ကြည်နူးချမ်းမြေ့ခြင်းကို ခံစားလိုက်ရပါသည်။ အမြဲတမ်း မှုန်ကုတ်နေတတ်ခဲ့သော၊ ရန်လိုသောအကြည့်များဖြင့် ကြည့်တတ်ခဲ့သော၊ အခြားသူများနှင့် မည်သည့်အခါမှ ပေါင်းသင်းဆက်ဆံခြင်းမပြုဘဲ တစ်သီးတစ်ခြား နေလေ့ရှိသော နော်ဆိုင်းလေးသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သူမဘ၀တွင် ကျော်ဖြတ်ခဲ့ဖူးသော ခရစ္စမတ်များစွာ ရှိခဲ့ပါသည်။ ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင် များမှာလည်း များစွာ ရှိခဲ့ပါသည်။ သို့သော်လည်း နော်ဆိုင်းထံမှ ရခဲ့သော အပြုံးကလေးတစ်ပွင့်နှင့် ခရစ္စမတ်လက်ဆောင်လေး တစ်ခုသည် သူမအတွက်တော့ နှစ်ပေါင်းမည်မျှ ကြာသည်ဖြစ်စေ ဘယ်ခါမှ မေ့မည်မဟုတ်သလို အမြဲတမ်း အမှတ်ရနေမည့် လက်ဆောင်လေးတစ်ခုလည်း ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော ၁၀တန်းအောင်ပြီးစကာလ ဇာတိဒေသတွင် ကျောင်းဆရာမလုပ်ခဲ့စဉ် ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင်လေး များစွာသို့............

ချော(အစိမ်းရောင်လွင်ပြင်)

Sunday, December 26, 2010

ဖတ်စရာတွေ ပို့ပေးလေ့ရှိတဲ့ ချောကလက်မြို့တော်ထဲမှာ ခရမ်းပြာကျူးလစ်ရဲ့ အငွေ့ပျံအိပ်မက်ဆိုတဲ့ ၀တ္ထုဆန်ဆန် စာတစ်ပုဒ်ကို ဖတ်မိသည်။ ကိုယ့်ကြိုက်သော အရေးအသားမျိုးထဲက ဖြစ်လို့ ကိုယ့်ဘလော့ပေါ်ကို တင်ဖြစ်ပါသည်။ဖတ်သူရဲ့စိတ်ထဲ မြင်ယောင်လာအောင် ခံစားစွဲငြိအောင် ရေးသားသူတွေကိုအားကျပြီး ကိုယ့်အဖြစ်အပျက် ဒါမှမဟုတ် ကိုယ်နဲ့သိသူတွေရဲ့ အကြောင်းတွေကို ရေးချင်စိတ်တွေ ဖြစ်ပေါ်မိသည်။ဒါပေမယ့် စွဲငြိသွားအောင် မရေးတတ်။ဒါကြောင့် ရေးတတ်သူတွေဆီကနေ သင်ယူနေရသည်။

အငွေ့ပျံ အိပ်မက်

သန်းဇော် တစ်ယောက် ဒီနေ့မနက်တော့ မိုးအေးအေးနဲ့မို့ ခါတိုင်းသွားနေကြ ရေမဆေးကျောက် အရှာမသွားတော့ဘဲ သူ့တဲအိမ် စုတ်ထဲမှာ ဘိန်းလေးရှူပြီး အကောင်းဆုံး စည်းစိမ်ကို အပြည့်အဝ ခံစားနေတော့သည်။ မူးယစ်ဆေးကို မသုံစွဲရလျှင် မနေနိုင်တော့လောက်အောင် သူ၏ အသွေးအသားတို့ကလည်း အချိန်ရောက်လျှင် ဆာလောင် တောင့်တလို့ နေတတ်သည်။ ဒါကိုမသုံးရလျှင် သူ၏ စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်ကာ ချွေးစေးများ ပြန်လာပြီး ဒေါသသကြီးဖြင့် အရာရာကို ဝုန်းဒိုင်ကျဲ ပေါက်ကွဲချင်လာတော့သည်။ ဘာအလုပ်ကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ် မရှိတော့သလို ဘယ်အရာကိုမှလည်း စိတ်မဝင်စားနိုင်တော့လောက်အောင် ထိုင်းမှိုင်း လေးလံပြီး ခန္ဓာကိုယ်မှာလည်း အလွန် ညောင်းညာ ကိုက်ခဲလာတော့သည်။ ဒီလက္ခဏာဆိုသည်က မူးယစ်ဆေးဝါးသုံးစွဲသူတိုင်း ကြုံတွေ့ရတတ်သည့် အရာများသာ ဖြစ်သည်။ မကောင်းပါဘူးဟု လူတိုင်းပြောနေကြသော မူးယစ်ဆေးဝါးသည် တကယ်တမ်းတော့ အာရုံတွင် ခံစားမှုအား ကောင်းလွန်းသောကြောင့် သုံးစွဲဖူးသူတိုင်း ဖြတ်မရနိုင်လောက်အောင် စွဲလန်းမိကြလေသည်။

မူးယစ်ဆေးဝါးကို စွဲလန်းမိလျှင် အချိန်တန်လို့မှ မသုံးစွဲရလျှင် မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်ခြင်းများ၊ စိတ်မငြိမ်မသက်မှုများ ဖြစ်လာရတော့သည်။ ထိုခံစားမှုတွေကို ဘယ်လိုမှ မခံစားနိုင်တော့သည့် အဆုံးတော့ မူးယစ်ဆေးကို အသည်းအသန် လိုက်လံရှာဖွေရခြင်း၊ မူးယစ်ဆေးရနိုင်ဖို့ နည်းလမ်းများကို ကြံမိကြံရာ ကြံစည်ခြင်းတို့ဖြင့် နောက်ဆုံးတော့ အိမ်ရှိလူများထံ ဓားပြတိုက်သကဲ့သို့တောင်း၊ မပေးလျှင် အိမ်မှပစ္စည်းခိုးဝှက်ရောင်း၊ အိမ်ကပစ္စည်း မရှိလျှင် သူတစ်ပါးလှမ်းထား ပြုထားသော ထမိန်စုတ်လေးပင် မချန်အောင် ခိုးဝှက်ကာ မူးယစ်ဆေးနှင့် လှဲလှယ်ရသည့်အဖြစ်ကို ရောက်ရတော့သည်။ ယခုလည်း သန်းဇော် တစ်ယောက် မူးယစ်ဆေး သုံးစွဲနေကျအချိန်တွေဆိုလျှင် မည်သို့မျှ နေလို့ထိုင်လို့ မရတော့ဘဲ သူ့ရဲ့ ခြေလှမ်းတွေက ဆေး ရောင်းသည့် နေရာကိုသာ ခြေဦးလှည့်နေမိတော့သည်။ မူးယစ်ဆေး သုံးပြီးချိန်တွင်တော့ လေဟာနယ်ထဲမှာ သူ့စိတ်တွေက လွင်မျောချင်တိုင်း လွင့်မျောနေလေတော့သည်။ တစ်ခါတစ်ရံ ကောင်းကင်ဘုံ ရောက်သွားလိုက်၊ နတ်သမီးတွေနှင့်တွေ့လိုက် စိတ်အာရုံတစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး ဘယ်အလုပ်မဆို တက်တက်ကြွကြွ လုပ်ချင်စိတ်တွေဖြင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း ပေါ့ပါး လန်းဆန်းလို့ ရွှင်လန်း နေလေတော့သည်။

သန်းဇော်သည် တကယ်တမ်းတော့ ဒီမှော်နယ်မြေမှာ မွေးဖွားကြီးပြင်းသူ တစ်ယောက်မဟုတ်ပါ။ (၁၀)တန်း အောင်ပြီးချိန်တွင် တက္ကသိုလ် ဆက်တက်ရန်အတွက် ကိုယ်တိုင် ပိုက်ဆံရှာချင်သဖြင့် ငွေရှာလို့ အင်မတန်လွယ်ကူပြီး ကံကောင်းပါက နေ့ချင်းညချင်း သူဌေးဖြစ်သွားနိုင်သော ကမ္ဘာကျော် ကျောက်စိမ်း ထွက်ရှိရာ ဖားကန့်မှော်နယ်မြေသို့ အသိတစ်ယောက်နှင့်အတူ လိုက်လာခဲ့ပြီး မျော်လင့်ချက်တွေနှင့် သူဌေး ဖြစ်မည့် အခြေအနေကို စောင့်နေသူသာ ဖြစ်လေသည်။ မှော်ထဲရောက်တာ အချိန်တွေကြာလာတော့ သန်းဇော် တစ်ယောက် ဒီမှော်နယ်မြေ မှာ အတတ်ပေါင်းစုံတတ်ပြီး ပျော်ပိုက်နေခဲ့ပြီ။ ငွေ ကလည်း ကျောက်ရှာနိုင်လျှင် ရှာနိုင်သလောက် ရနေလေတော့ အသုံးအဖြုန်းကလည်း ကြီးလာသလို အပေါင်းအသင်းတွေကလည်း စုံလာပါတော့သည်။ ကျောက်ကောင်းလေး ရလိုက်၍ သူ၏လက်ထဲတွင် ငွေစလေးများ ရွှင်နေချိန်များတွင်တော့ အပေါင်းအသင်းများနှင့် ကာရာအိုကေ၊ အနှိပ်ခန်း ၊ အရက်ဆိုင်၊ ဘိန်းခန်းများကို တပျော်တပါး သွားကြတော့သည်။ မူလရည်ရွယ်ချက်ဖြစ်သော တက္ကသိုလ် ဆက်တက်ဖို့ကိုလည်း စိတ်မ၀င်စားတော့သလို လက်ထဲ ငွေရလာလျှင်လည်း အိမ်ကိုလည်း ပိုက်ဆံ မပို့ပေးနိုင်ချေ။ ဒီနေ့ ကျောက်ရှာလို့ရပြီး ရောင်းရလို့ လက်ထဲငွေရှိနေသော်လည်း တစ်ချိန်တည်းကုန်အောင် သုံးဖြုန်းပစ်သောကြောင့် နောက်နေ့တွင် လက်ထဲ ငွေတစ်ပြားမှ မကျန်တော့အောင်လည်း ဖြစ်သွားတတ်သည်။ ပြီးလျှင်လည်း ကျောက်ရှာ၍ မရသော နေ့တွင် ငွေလည်း မ၀င်သောကြောင့် ထိုနေ့အဖို့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေရသည်။

တကယ်တော့ ဒီငွေ ရဖို့ အတွက် ရေမဆေးကျောက် ရှာရသော သူတို့၏ ဘ၀သည် အသက်နဲ့ရင်းပြီး ရှာဖွေနေရကြောင်း သန်းဇော် တစ်ယောက် သိပေမဲ့ အသိခေါက်ခက် အဝင်နက်နေတာသာ ဖြစ်လေသည်။ မှော်နယ်မြေတွင် ကျောက်တူးတာ မဟုတ်ဘဲ စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွေကြခြင်းကို “ရေမဆေး သွားကောက်သည်။ ရေမဆေးကျောက် သွားရှာသည်” ဟု ပြောဆိုကြပြီး ကျောက်ရှာသူတွေကိုတော့ “ရေမဆေးသမား” ဟု ခေါ်ဆိုကြလေသည်။ ကုမ္ပဏီ လုပ်ကွက်များမှ စိတ်ကြိုက်ရှာဖွေ စစ်ဆေးပြီး၍ ကျောက်မရှိလောက်တော့ ယူဆကာ စွန့်ပစ်သော မြေစာ (သဲကျောက်မြေ) များကို မြေသယ်ကားများ ဘက်ဖိုးများဖြင့် သယ်ယူသွားကြပြီး မြေကြီးများစွန့်ပစ်ရန် သတ်မှတ်ထားသော တောင်ပေါ်အမြင့်မှ နေ၍ ၄င်းမြေစာများကို တောင်အောက်သို့ ကားတစ်စီးလိုက် သွန်ချလိုက်ကြခြင်းပဲ ဖြစ်လေသည်။ ယင်းမြေကြီးများ တစ်ဖြေးဖြေး အပုံကြီး ဖြစ်လာသည်ကို မြေစာပုံဟု ခေါ်ဆိုကြလေသည်။ ရေမဆေးသမား (ကျောက်ရှာတဲ့သူ) များမှာ တောင်အောက်တွင်ရော တောင်ခါးပန်းနေရာတို့တွင်ပါ စွန့်ပြစ်လိုက်သော မြေစာပုံထဲမှ ကျောက်ဟုထင်ရသော အရာများကို အလုအယက် တိုးဝှေ့ကာ စိန်တူဖြင့် ခေါက်ကြည့်ပြီး ကျောက်စိမ်း ဟုတ်လောက်သည်ဟု ထင်ရသော ကျောက်များကို သူတို့၏ လွယ်အိတ်လေးထဲသို့ ကောက်ထည့်ထားလိုက်ကြသည်။

မှော်ထဲတွင် အနေကြာပြီး ကျောက်ရှာနေကြသော လူများစုကတော့ သာမာန်ကျောက်ခဲနှင့် ကျောက်စိမ်းတို့ ကွဲပြားမှုကို ခွဲခြားသိနေနိုင်ကြပါပြီ။ ကျောက်စိမ်းမှာ အပေါ်ယံလွှာတွင် ချော်တွေဖုံးလွမ်းနေတတ်ပြီး ကျောက်ခဲတစ်လုံးတွင် ချော်များဖုံးလွှမ်းနေလေ့ မရှိပေ။ မြေစာပုံတွင် အလုအယက် ကျောက်စိမ်းများ ရှာဖွေနေစဉ် အခြားမြေသယ်ကားများ ရောက်လာကာ သဲကျောက်မြေ များကို တောင်တောင်အောက်သို့ သွန်ချ စွန့်ပစ်လိုက်ပြန်လျှင် ဇောဖြင့် ရှာဖွေနေကြသော လူအုပ်ကြီးမှာ တောင်အောက်သို့ လိမ့်ဆင်းလာတတ်သော ကျောက်ခဲကြီးများ၏ အန္တရာယ်မှ ကင်းလွတ်အောင် အလု အယက် တိုးဝှေ့ထွက်ပြေးကြပြန်ပါသည်။ အချို့မှာ လူအုပ်ကြီးက များလှပြီး တောင်စောင်းတွင် ရှာဖွေနေခြင်းဖြစ်သောကြောင့် ရုတ်တရက် ပြေးမလွတ်နိုင်တော့ဘဲ ကျောက်စိမ်း မရသည့်အပြင် ကျောက်ခဲထိမှန်ခြင်းကြောင့် ခေါင်းပေါက် ၊လက်ကျိုး၊ ခြေကျိုး၊ ခါးကျိုးပြီး ဆေးရုံသို့ ရောက်သွားကြရသည်။ ထို့ထက် ကံဆိုးသူတစ်ချို့မှာတော့ ပြုတ်ကျလာသော ကျောက်တုံးများကို မရှောင်နိုင်ကြတော့ဘဲ ကျောက်တုံး ပိမိခြင်း၊ ကျောက်တုံး ထိမှန်ခြင်း၊ ပြိုကျလာသော မြေစာပုံကြီး ဖိမိခြင်း တို့ကြောင့် အသက်ပါ ဆုံးရှုံးကြရသော အဖြစ်မှာလည်း ရေမဆေးသမားတို့ မကြာခန ကြားနေမြင်နေတွေ့နေရသော အခြေအနေသာ ဖြစ်လေသည်။ ထို့ကြောင့်လည်း ရေမဆေးရှာခြင်းမှာ အသက်အန္တရာယ် အလွန်နီးပြီး အသက်နှင့်ရင်းထားရသော အလုပ်လည်း ဖြစ်လေသည်။

မြေဇာပုံ နှင့် ခပ်လှမ်းလှမ် မှာတော့ ဈေးဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ကာရာအိုကေခန်းများ၊ ကျောက်ရှာသူ ကျောက်ဝယ်သူ ရောင်းသူများဖြင့် နေ့ရောညပါ စည်ကားလို့ နေပါတော့သည်။ ကျောက်ဝယ်သည့် လောပန်းများကလည်း ရေမဆေးကျောက် ဝယ်ရအောင် ဆိုင်ခန်းများတွင် ထိုင်စောင့်နေလေ့ ရှိတတ်ကြသည်။ ရေမဆေးကျောက်ဆိုသည်မှာ မြေစာပုံမှ ရလာသောကျောက်ကို ရေမဆေးရသေးဘဲ ဒီအတိုင်း ရောင်းကြတာဖြစ်လေသည်။ အထဲတွင် ဘာကိုမှ မမြင်တွေ့ရသောကြောင့် ကျောက်တစ်လုံးကို အပေါ်ယံကြည့်ယုံဖြင့် အောင်မည် မအောင်ဘူးဟု အတတ်ပြော၍ မရနိုင်ပါ။ ထို့ကြောင့်လည်း ကျောက်ကို ရေဆေးလိုက်လျှင် အခြေအနေ ကောင်းသွားလျှင်တော့ တော်ပါသေးသည်။ မကောင်းခဲ့ဘဲ ခပ်ညံ့ညံ့ ကျောက်တစ်လုံး ဖြစ်နေခဲ့ပါက အသက်နှင့်ရင်းကာ ရှာရသော ကျောက်လေးကို နှမြောလှသဖြင့် တစ်ချို့သော သူများက ကျောက်ကို ရေမဆေးတော့ဘဲ ဒီအတိုင်းမြေကြီးပေါ်က ရသည့် သဘာဝပုံအတိုင်းသာ ရသလောက်နှင့်သာ ရောင်းလိုက်ကြခြင်း ဖြစ်ပါသည်။

တစ်ချို့ လောပန်းများသည် ကျောက်ရှာသူ လူငယ်လေးများကို ထမင်းကျွေး၊ အသုံးစရိတ် ပေးကာ တဲ လေးဆောက်ပြီး ခေါ်ထားတတ်ကြသည်။ ကျောက်ရခဲ့လျှင် ဝေစားမျှစားပြုကြပြီး ရေမဆေး ကျောက်ကောင်းလေးများ ရလာခဲ့လျှင် ဝယ်သူများကလည်း သူ့ထက်ငါ ဈေး ပြိုင်ပေးပြီး ဝယ်တတ်ကြပါသည်။ ကျောက်ပိုင်ရှင်ဖြစ်သူက ကျောက်ကို အပြတ်မရောင်ချင်လျှင်တောင် ရှယ်ယာတစ်ဝက်ပဲ ရောင်းပြီး ဝေစုကို ပြန်ခွဲယူတတ်ကြပါသည်။ ဥပမာ သိန်း ၃၀ တန်ကျောက်ဆိုပါက ၁၅သိန်းသာ ငွေကိုယူလိုက်ပြီး သူက ၁၅သိန်းကို ကျောက်ထဲ ရှယ်ယာပါသည့်သဘော ဖြစ်လေသည်။ ၄င်းကျောက်အား သိန်း ၆၀ ရောင်းထွက်သွားလျှင် ကျောက်ပိုင်ရှင်က သိန်း ၃၀ ရမည် ဖြစ်လေသည်။ ငွေသား ၁၅သိန်းထည့်သူက သိန်း၃၀ ရမည် ဖြစ်သည်။

ရေမဆေး ရှာသူ သန်းဇော် တစ်ယောက်ကတော့ အတတ်စုံလာသော သူ့ဘ၀တွင် ကျောက်ရှာ၍ ရသောငွေများကို အငွေ့အဖြစ် ပြောင်းလဲလိုက်၊ အရည်အဖြစ်ပြောင်းလဲလိုက်နှင့် သူ့စိတ်ကို ကြည်လင်ရွှင်ပျစေသော မူးယစ်ဆေးဝါးများသာ သူ့အတွက် အဓိက အဖော် ဖြစ်နေပါတော့သည်။ စားစရာသာ မရှိလျှင်သာ နေရမည်။ မူးယစ်ဆေးဝါး အတွက်တော့ သူ မရ ရအောင်ကြံဖန်တတ်ပါသည်။ ည ရောက်ချိန်တွင် သန်းဇော်သည် သူ့တဲအိမ်လေးထဲတွင် ချိတ်ဆွဲထားသော ကျောက်ရှာဓါတ်မီးနှင့် စိန်တူကို ဆွဲယူလိုက်ပြီး လွယ်အိတ်ကိုလွယ်ကာ ကျောက်ရှာဖို့ ရေမဆေးကုန်းသို့ ထွက်လာတော့သည်။ သူရောက်သွားတော့ ရေမဆေးကျောက်ရှာသူ တော်တော်များများ ရောက်ရှိနေကြပြီး ရှာဖွေနေကြလေပြီ။ ဟိုး အဝေးက ကြည့်လိုက်မည်ဆိုလျှင် ည အမှောင်ထု အောက်တွင် ဓါတ်မီး တလက်လက်ဖြင့် ကျောက်ရှာနေကြသော မြင်ကွင်းသည် မဲမှောင်နေသော ကောင်းကင်ယံမှာ လင်းလက်တောက်ပ နေသော ကြယ်တာရာများအတိုင်း လှပစွာ ဆွဲဆောင်မှုရှိစွာဖြင့် အင်မတန် ကြည့်လို့ ကောင်းတဲ့မြင်ကွင်းလေး အဖြစ်တည်ရှိနေသည်။ တကယ်တမ်း သူတို့ရဲ့ ဘဝတွေကတော့ ဒီလို လင်းလက် တောက်ပနိုင်ဖို့ အသက် ကိုရင်းပြီး နေ့ ရော ညပါ အားကျိုးမာန်တက် ရှာဖွေနေကြရသည်။ ကံကောင်း၍ ကျောက် ကောင်းလေးရပြီး လင်းလက်တောက်ပ သွားကြတဲ့ သူများရှိသလို ကံဆိုးစွာနှင့် ကျောက်ခဲမှန်၊ တောင်ပေါ်မှ လိမ့်ကျ၊ မြေပြိုကျပြီး ကြွေကြသွားကြရရှာတဲ့ ကြယ်ပွင့်လေးတွေလည်း ဒုနဲ့ဒေးသာ ဖြစ်လေသည်။

သန်းဇော် ဓါတ်မီးလေးထွန်း၊ စိန်တူလေးထုတ်ကာ လူအုပ်ထဲသို့ အလုအယက် တိုးဝှေ့ပြီး ကျောက်စိမ်းတွေ့ရဖို့ ရှာဖွေပါတော့သည်။ သူတို့ တောင်အောက်က မြေစာပေါ်တွင် ကျောက်ရှာနေစဉ် အပေါ်မှသွန်ချလာသော မြေစာများမှ ကျောက်ခဲကြီးများ ပြုတ်ကျလာသဖြင့် လွတ်အောင် အမြန်ဆုံး ထွက်ပြေးရသေးသည်။ ပြုတ်ကျလာသော မြေစာများ၊ ကျောက်ခဲများ ငြိမ်သွားတော့မှ ထိုမြေစာများထဲမှ ကျောက်ခဲများကို စိန်တူ ဖြင့် ခေါက်ခေါက်ပြီး ကျောက်စိမ်း ဟုတ်လောက်သည်ဟု ထင်ရသော ကျောက်များကို လွယ်အိတ် ထဲသို့ ကောက်ထည့်ထားလိုက်တော့သည်။ ကျောက်ရှာရသည်မှာ လွယ်သည်တော့မဟုတ် လက်တစ်ဖက်က ဓါတ်မီးကိုကိုင်၊ ကျန်လက်တဘက်က စိန်တူကို ကိုင်ပြီး ခါးကိုကုန်း၍ ကျောက်ခဲများကို လိုက်လိုက်ခေါက်သည်ဲ့ အတွက် သူ၏ ခါးမှာလည်း ညောင်းညာကိုက်ခဲ လာပါတော့သည်။ သည်တွင် တွေးလိုက်မိသည့်အတွေးက ကျောက်ကောင်းလေး တစ်လုံးရလိုက်လို့ လောပန်း များဖြစ်သွားခဲ့လျှင်တော့ အနှိပ်ခန်းမှာ ဇိမ်နှင့် နှပ်ပြီး ဘိန်းကို အားရပါရ အဝရှူ ပြစ်လိုက်ဦးမည်ဟူ၍ ဖြစ်ပါတော့သည်။

ည အတော်လေးနက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ လေးလံထိုင်းမှိုင်းစပြုလာပြီး မကြာခဏ အာ ကလည်း သန်းလာသည်။ စိတ်ကလည်းပုံမှန် မဟုတ်တော့ဘဲ ခြောက်ခြားစပြုလာလေပြီ။ သူ သိလိုက်ပြီ ။ ဒီဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ ဆေးဝါးကောင်းလေးတော့ သူ လိုအပ်နေပြီ… တိမ်တွေထဲမှာ၊ စိတ်ကူးတွေထဲမှာ လွင့်မျောပြီး ဖြစ်ချင်တာမှန်သမျှ ဖြစ်ခွင့်ရအောင် ပုံရိပ်ရောင်တွေ ဖန်ဆင်းပေးနိုင်သော “မူးယစ်ဆေး” ။ ဒါကို သူလုပ်မှ ဖြစ်တော့မည်။ ဒါမှ မဟုတ်ရင်တော့ သူ ဒီဝေဒနာ တွေကို ဘယ်လိုမှ ခုခံနိုင်စွမ်းမရှိ။ ကျောက်ခဲ မှန်၍ ခေါင်းပေါက်သွားလျင်တောင်မှ ခံနိုင်ရည် ရှိချင်ရှိဦးမည်။ သူ့အသွေးအသားများက မူးယစ်ဆေးကို တောင့်တလျှင်တော့ ခံနိုင်ရည် မရှိတော့ပါ။ ထို့ကြောင့် ကျောက်ရှာနေရာမှ ရပ်တန့်လိုက်ပြီး သူ့ရဲ့ ခြေလှမ်းများက သွားနေကြ သူ့ရဲ့ ဘုံဗိမ္မာန် လေးဆီသို့ ဦးတည်လိုက်တော့သည်။ သူ့ ရဲ့  ဘုံဗိမာန်လေး ဆိုတာက မူးယစ်ဆေးဝါး မျိုးစုံကို တိတ်တိတ်ပုန်း ရောင်းချနေသော တောအုပ်လေးထဲက ဘိန်းခန်းတဲလေးပဲ ဖြစ်ပါတော့သည်။

အင်္ကျီ အိတ်ကပ်ထဲသို့ လက်နိုက်ပြီး ကြည့်လိုက်တော့ ပိုက်ဆံက အနည်းငယ်သာ ကျန်တော့သည်။ သူ တစ်ချက် တွေဝေသွားမိသည်။ ဘိန်းခန်း သွားလိုက်ပါက သူ့မှာ ရှိသမျှ ပိုက်ဆံ အားလုံးကုန်တော့မည် ဆိုတာသူ သိနေသည်လေ။ မနက် ဗိုက်ဆာလျှင် ဘယ်လိုလုပ်မလဲဟု တစ်ချက်တွေးလိုက်တော့ ကောက်ညှင်းပေါင်းနှင့် အကြော် ရောင်းသည့် ဒေါ်စိန်၏မျက်နှာကို ကွက်ကနဲ မြင်ယောင်လိုက်မိသည်။ “ ဟုတ်သားဘဲ… ဒေါ်စိန် ရှိနေသည်ပဲ ဘာပူစရာလိုလို့လဲ…. ” ဟု သူတဆက်တည်း တွေးမိလိုက်သည်။ ဒေါ်စိန် ဆိုတာက အသက် ၅၀ ကျော်လောက်ရှိပြီး ရေမဆေးကုန်းနားလေးမှာ ၁၂ နှစ်အရွယ်သူ့ တူမလေးနှင့် အတူတူနေကာ ကောက်ညှင်းပေါင်းနှင့်အကြော် ရောင်းသူဖြစ်ပါသည်။ သူ့ ယောက်ကျား ရှိစဉ်အခါကတော့ ကိုယ်ပိုင် ရွှေကျင်းလေးထောင်ပြီး အဆင်ပြေပြေ နေလာနိုင်ခဲ့သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် သူတို့၏ ရွှေကျင်းပြိုချိန်တွင် ဒေါ်စိန်၏ ယောက်ျားနှင့်အတူ သားတစ်ယောက်အပါအ၀င် လုပ်သားတစ်ချို့ ကျင်ပြိုသည့်အထဲ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရလေသည်။ ကျင်းပြိုပြီး အမှုတွေ ဘာတွေ ဖြစ်တော့ ရှိသမျှ ပစ္စည်းတွေလည်း လျှော်ကြေးပေးရသည်နှင့် အားလုံး ကုန်သွားပြီး ဆင်းရဲချို့တဲ့စွာ ရှာဖွေ စားသောက်ရလေတော့သည်။ သို့သော်လည်း ဒေါ်စိန်သည် လောကဓံ မုန်တိုင်းတွေကို ကြံကြံခံပြီး သီလ ကို လုံအောင်ထိန်းသလို၊ ဘုရား တရား သံဃာကိုလည်း ယုံကြည်ကိုးကွယ်ကာ လူတိုင်းအပေါ် မေတ္တာ ထားတတ်သူ ဖြစ်လေသည်။

သူ့ကိုလည်း သားတစ်ယောက်လို သဘောထားပြီး အမြဲဆုံးမနေတတ်ကာ စေတနာထားတတ်သူ ဖြစ်သည်။ သူကတော့ ပိုက်ဆံပြတ်၍ စားစရာမရှိ ငတ်နေချိန်တွင်သာ သတိရပြီး ဒေါ်စိန်ဆီသို့ ရောက်သွားတတ်ပါသည်။ ဒေါ်စိန်ကတော့ သူ ရောက်သွားလျှင် သဘောပေါက်ပြီးသား ဖြစ်သည်။ ရှိတာချကျွေးပြီး ဆုံးမစကားလည်း ပြောတတ်ပါသည်။ တခါတလေတော့လည်း သူ့စိတ်ထဲ အားတော့နာမိပါသည်။ ကျောက်ရခဲ့လို့ ပိုက်ဆံ အဆင်ပြေလျှင် ဒေါ်စိန်ကို မေ့နေတတ်ပြီး ငတ်သည့်အခါမှသာ သတိရတတ်သောကြောင့်ပါ။ သို့သော်လည်း လက်ထဲ ပိုက်ဆံရောက်လာသည်နှင့် အရာရာကိုမေ့ပြီး သူ့အတွက် အကောင်းဆုံး နေရာတွေကိုသာ သူသတိရတော့သည်မှာလည်း အမြဲပင်ဖြစ်သည်။ ဒီမနက် ဒေါ်စိန်ဆီ သွားဖြစ်ခဲ့လျှင်တော့ သူ ဒီည ရှာလို့ရထားသော ရေမဆေးကျောက်တွေထဲက ကောင်းမည်ဟု ထင်ရသော ကျောက်တစ်လုံးကို ဒေါ်စိန်ကို ပေးလိုက်မည်ဟု စဉ်းစားမိလိုက်တော့ သူ့စိတ်ထဲ ကျေနပ်သွားမိရလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘိန်းခန်းတဲအိမ်လေးကို ရောက်သွားတော့ ထုံးစံအတိုင်း ညစ်ပတ် စုတ်ပြတ် နံစော်နေသော ခေါင်းအုံးတွေ ကိုယ်စီအုံးလို့ လောကစည်းစိမ်ကို အပြည့်အ၀ ခံစားကာ ဇိမ်ကျနေကြသော လူတွေကို စိတ်ပျက်စဖွယ် တွေ့မြင်နေရသည်။ အသက်ကြီးနေပြီဖြစ်သော ဆေးသမား လူကြီးတွေ ရှိနေသလို လူလားမြောက်တာပင် မကြာသေးသည့် အသက့် ၁၆ ၊ ၁ရ နှစ်အရွယ် ချာတိတ်တွေကိုလည်း နှမြောစရာ တွေ့နေရသည်။ တစ်ချို့ကျတော့လည်း မူးယစ်ဆေးဝါ လုပ်တတ်မဲ့ပုံတောင် မပေါ်သေးသည့် သနားကမား ရုပ်ရည်ပိုင်ရှင်တွေက ဆေးပြားလေးတွေကို ရေသန့်ဘူးများဖြင့် အလုပ်ရှုပ်နေကြသည်။ ထို့ပြင် နောက်ဆုံးအဆင့် ထိအောင် ရောက်နေကြသော စုတ်ပြတ် ရွဲပြဲပြီး လူရုပ်ပင် ကောင်းကောင်း မပေါ်ချင်တော့ ဘဲ ပုံသဏ္ဍာန်တွေက မြင်ရသူ အော့နှလုံးနာစရာ၊ စိတ်ပျက်ရွံ့ရှာဖွယ်ရာ ဖြစ်နေကြသည့် သူများ။ ထိုသူများကတော့ နောက်ဆုံးအဆင့် ဆိုသည့်အတိုင်း ဆေးထိုးအပ် (စလင်း) ထဲကို နံပါတ်ဖိုးခေါ် ဘိန်းဖြူ (အဖြူရောင်အမှုန့်) ကိုထည့်ပြီး အပ်ကို လက်မောင် သွေးကြောထဲ ထိုးထည့်ကာ သွေး ကို စုတ်ယူလိုက်ပြီး ပါလောသော သွေးနှင့် နံပါတ်ဖိုး အမှုန့်ကို သမအောင် လှုပ်ခါကာ အကြောထဲသို့ ဖြေးဖြေးချင်း ပြန်သွင်းပြီး စိတ်ကြိုက် မျောလွင့်ကြလေပြီ။

သူတို့ အတွက်က နံပါတ်ဖိုး နှင့် ရေ ရောပြီးထိုးရင်တောင် ပျော့လို့တဲ့ ခန္ဒာကိုယ်က သွေးနဲ့ဘဲလှုပ်ရှားနေကြတော့သည်။ မူးယစ်လောကမှာ ကျင်လည်တာ ကြာလှပြီဖြစ်၍ သူတို့ခန္ဓာကိုယ်ကလည်း တော်ရုံ အဖြူမှုန့်နှင့် ရေကို ရောစပ်ပြီး အကြောထဲ ထိုးသွင်းလျှင်တောင် ဆေးအာနိသင်က သိပ်မထက်နိုင်ဘဲ ပျော့သည်ဟု ဆိုကြကာ ခန္ဓာကိုယ်က သွေး နှင့်သာ နံပါတ်ဖိုးကို ရောစပ်ပြီး သွင်းယူရသည့် အဆင့်သို့ရောက်သွားလေပြီ။ ထိုသူများ၏ ကိုယ်ခန္ဓာထဲတွင် မူးယစ်ဆေးဝါးများက ဘယ်လောက်တောင် လှိုက်စားနေပြီး အသွေးအသားများကို ၀ါးမြိုနေခဲ့ပြီ မသိနိုင်တော့။ သေချာသည်က ပိန်ညောင်ချိနဲ့ကာ ခြေလှမ်းပင် မလှမ်းနိုင်၊ ယိမ်းယိုင်ယိုင်နှင့် လောကကြီးရဲ့ အကျဉ်ခံ လူသားများ ဖြစ်လို့ သွားကြလေပြီ။ တစ်ကိုယ်လုံးတွင်လည်း အနာတွေ ဗရဗွ၊ ၀ဲစွဲ၊ ယားနာစွဲ၊ အေအိုင်ဒီအက်စ်ခေါ် ကိုယ်ခံအားနည်း ရောဂါစွဲသူစွဲနှင့် လူလုံး မလှ ဖြစ်နေပေတော့သည်။ှ

သူကတော့ အဲ့ဒီ အဆင့်လောက်ထိအောင် မရောက်သေးပါ။ အသိတရားလေး ၀င်လာချိန်တွင် ဘိန်းခန်းမှ လူများ၊ လမ်းဘေးမှ ဆေးသမားများကိုကြည့်ကာ သူတို့လို ဘ၀သို့ မရောက်အောင်လည်း တစ်နေ့နေ့တော့ ဒီ ဆေးတွေကို ဖြတ်မည်ဟုလည်း ဆုံးဖြတ်ထားပါသည်။ သို့သော် မဖြတ်နိုင်ခင်မှာတော့ ပုံမှန်လေး မှီဝဲနိုင်ဖို့ ကြိုးစားရပါဦးမည်.. တစ်နေ့နေ့တော့ သူဖြတ်နိုင်မှာပါ… ဘယ်နေ့ဆိုတာသာ သူမသိနိုင်သေး။ ခုလည်း သူ သုံးနေကြ ဘိန်း (ခပ်ပုံ) ကို လက်ကျန်ငွေလေးဖြင့် ဝယ်လိုက်ပြီး “တော်ပါ” ဟုခေါ်သော ဘိန်းရှူသည့် ဝါးလုံးပြောင်းတံ ကို ကောက်ယူလိုက်ကာ တဲလေး၏ အစွန်ဆုံး လွတ်နေသော ထောင့်နေရာလေးသို့ သွား၍ ထိုင်ပြီး အသင့်ချက်ပြီးသား ဘိန်းကို ၀ါးလုံးပြောင်းတွင် အပေါက်ဖောက်ကာ နှုတ်သီးသဏ္ဍာန် ရှိနေသော နေရာတွင် တင်လိုက်ပြီး မီးလေးရှို့လိုက်ကာ အားပါးတရ ရှူရှိုက်လိုက်ပါတော့သည်။ မီးခိုးငွေ့များက၀ါးလုံးခေါင်းထဲရှိ ရေကို ဖြတ်သန်းစေလျှက် အဆုပ်တွင်းသို့ ၀င်ရောက်သွားတော့သည်။ သန်းဇော်သည် ၄င်းဘိန်းလေးနှင့် တော်ပါပြောင်း လေးကို လက်ကကိုင်ရင်း အသံထွက်အောင် ရှုရှိုက်ပြီး စိတ်ကြိုက် လွင့်မျောကာ မိန်းနေလိုက်တော့သည်။ သူ့တကိုယ်လုံး ပေါ့ပါးလတ်ဆတ်လာကာ အာရုံထဲတွင် အလွန်ချောမောလှပသော နတ်သမီးလေးတွေက သူ့ကို ညှို့ငင် ကြည်စယ်နေကြလေသည်။ ၀တ်ထားသည့် အရောင်တွေမှာလည်း စုံလင်လွန်းလှသည်။ အားလုံးဟာလည်း လှပချောမွေ့လို့… ဘယ်နေရာကြည့်ကြည့် အရောင်တွေလည်း လင်းဖြာနေလိုက်သည်မှာ တကယ့်ကို နတ်ပြည်တစ်ခု အလားပင်။



(ဘိန်းရှူပြောင်းတံ ခေါ် တော်ပါ)



အချိန်တွေက ဘယ်လိုကုန်သွားမှန်း မသိလိုက်… သူသတိရ၍ တဲ အပြင်ဘက်ကို ကြည့်လိုက်ချိန်တွင်တော့ အလင်းရောင် ရေးရေးကို တွေ့မြင်နေရပြီ။ မကြာခင် မိုးလင်းပေတော့မည်။ သူ့အသွေး အသားတို့ကလည်း ဆန္ဒပြည့် သွားကြပြီမို့ ငြိမ်းချမ်းသွားကြပြီး စိတ်ဓါတ်များလည်း တက်ကြွလာတော့သည်။ အိပ်ချင်စိတ်လည်း မရှိတော့သည့်အတွက် သူ ရေမဆေးကုန်းသို့ ပြန်လာခဲ့ပြီး ကျောက် ပြန်ရှာနေလိုက်တော့သည်။ မိုးလင်းချိန်တွင် ဒေါ်စိန်၏ ကောက်ညှင်းပေါင်း ဆိုင်လေးဖွင်တာ တွေ့ရတော့ သူ ပျော်ရွှင်ဝမ်းသာသွားမိသည်။ မနေ့ညကတည်းက ဘာမှမစားထားရတဲ့ ဗိုက်က ဆန္ဒပြလွန်းလှပြီ။ သူ့အဖြစ်က အစားထက် အငွေ့ ရှုဖို့ကို အဓိကဦးစားပေးခဲ့ရသည် မဟုတ်လား။ ကျောက်ရှာသည့် အလုပ်ကို ရပ်လိုက်ပြီး ခါးကိုဆန့်ကာ ဒေါ်စိန်၏ ကောက်ညှင်းပေါင်း ဆိုင်လေးသို့ ခြေလှမ်းတွေကို ခပ်သွက်သွက်လေး လှမ်းသွားမိတော့သည်။

သူ့ ကိုတွေ့တော့ ဒေါ်စိန်က “ သား ရေ ခဏ လေးစောင့်ဦး ဒေါ်စိန် ဘုရားဆွမ်းတော်လေးကပ်လိုက်ဦးမယ်” ဟု ဆိုကာ ဆွမ်းတော်ကပ်နေသည်။ သူလည်း ဒေါ်စိန် ဆွမ်းတော် ကပ်နေချိန့် မနေ့ညက ရွေးထားသော ကောင်းမည်ထင်ရသည့် ကျွဲကောသီး အရွယ်သာသာ ကျောက်ကို လွယ်အိပ်ထဲ ကထုပ်ထားလိုက်သည်။ ဆွမ်း ကပ်ပြီးသွားသော ဒေါ်စိန်က “သားရေ ကောက်ညှင်းပေါင်းနဲ့ အကြော်ပူပူလေးစားနော် ကော်ဖီသောက်ချင်ရင်လည်း ကော်ဖီမစ် ထုပ်တွေရှိတယ်” ဟု ဆိုကာ ပါးစပ်ကလည်းပြော လက်ကလည်း ကောက်ညှင်းပေါင်းပန်းကန် ကိုကိုင်လာပြီး သူ့အရှေ့သို့ လာချပေးသည်။ နောက်တော့ ကော်ဖီမစ် တစ်ထုပ်ကို ဆွဲဖြုတ်ပြီး သွားဖျော်ကာယူလာပြန်သည်။ သူက ရယ်ကျဲကျဲဖြင့် ကြည့်လိုက်တော့ ဒေါ်စိန်က အလိုက်သတိပင် “ ပိုက်ဆံမယူပါဘူးသားရယ် စားပါ ”ဟု ဆိုပြီးသူ့အနားတွင် ဝင်ထိုင်ကာ ကောင်းကောင်းမွန်မွန် နေဖို့၊ မူးယစ်ဆေးမသုံးဖို့ ဆုံးမစကား ဆိုပါတော့သည်။

ဒီတစ်ကြိမ်တော့ ဒေါ်စိန်ရဲ့ ဆုံးမစကားများကို သူစိတ်ပါဝင်စားစွာ နားထောင်ပြီး သူ့ဘဝကို နောင်တ ရမိသလိုပင်။ မူးယစ်ဆေးဝါးကို ရအောင်ဖြတ်ပြီး ဘဝကို ကောင်းမွန်စွာနေဖို့ ဆန္ဒတွေလည်း ဖြစ်ပေါ်လာမိသည်။ ဒေါ်စိန်ကိုကြည့်ပြီး ပစ်ထားခဲ့တာ ကြာပြီဖြစ်သော အိမ်တွင်ကျန်ရစ်ခဲ့သည့် မိခင်အိုကြီးကိုလည်း သတိရလာမိတော့သည်။ ခုချိန်တွင် သူ၏မိခင်သည် သူ သေသည်လား ရှင်သည်လားပင် မသိရဘဲ စိတ်ပူနေလောက်ပြီ။ အိမ်ကိုလည်း ငွေမပို့ဘဲ သူရှာသူဖြုန်းဖြင့် အချိန်များစွာ ငွေများစွာ ကုန်ခဲ့လေပြီ။ ဒေါ်စိန်က ဆုံးမပြီး ထထွက်မည်အပြုတွင် သူ ခုနက ထုတ်ထားသော ကျောက်တစ်လုံးကို ဒေါ်စိန်အား လှမ်း၍ ပေးလိုက်သည်။ ဒေါ်စိန်က “မယူပါဘူးသားရယ်၊ သားပဲ ဒီကျောက်လေးကို သေသေချာချာ ရေဆေးပြီးရောင်းပါ” ဟု ပြောလာတော့ သူ ဒေါ်စိန်၏ လက်ထဲသို့ ကျောက်ကို အတင်းထည့်ပေးလိုက်ပြီး “ကျွန်တော် ပေးချင်နေလို့ပါ.. ဒေါ်စိန်က ကျွန်တော့်ကို ကျွေးလာတာကြာပြီ.. ကျွန်တော်က ဘာမှ ပြန်ပြီး မသိတတ်ခဲ့ဖူးဘူး.. ဒီတစ်ခါတော့ ယူထားပေးပါ ” ဟု ပြန်ပြောခဲ့ပြီး တဲအိမ်လေးထဲက ထွက်လာခဲ့တော့သည်။

သူ ဗိုက်တော့ ဖြည့်ပြီးသွားပြီ။ ညကရှာလို့ရထားသော ရေမဆေးကျောက်တွေကို ဒီအတိုင်း ရောင်းရကောင်းမလား သေသေချာချာ ရေဆေးပြီး ရောင်းရကောင်းမလား သူစဉ်းစားလိုက်သည်။ ရေ သေချာဆေးလိုက်လို့ ကျောက်က မကောင်းတော့ရင် ဘယ်သူမှ ဝယ်တော့မှာမဟုတ်၊ ဒါဆို သူသုံးဖို့မရှိ ဖြစ်သွားနိုင်သည်။ အချိန်ရောက်လာရင် ပိုက်ဆံတွေကို အငွေ့အဖြစ် ပြောင်းလဲပြီး တိမ်တွေပေါ်မှာ မျှောလွှင့်ရဦးမည် မဟုတ်ပါလား။ ကျောက်ကို ရေမဆေးဘဲ ဒီအတိုင်း ရောင်းရင်တော့ လောပန်းကအာရုံတက်ပြီး ဝယ်မှာဘဲဖြစ်သည်။ ဈေးကတော့ နည်းပေလိမ့်မည့်။ သူတို့ဘက်ကလည်း ဘာမှမမြင်ရတဲ့ကျောက်ကို ကံစမ်းရသည်ဘဲလေ။ ရေမဆေး ကုန်းနားသို့ သူရောက်သွားတော့ ကျောက်ဝယ်သူ၊ ရောင်းသူများဖြင့် စည်ကားနေသည်။ သူ လွယ်အိပ်လေးထဲက ကျောက် ၄၊ ၅ လုံးကို ထုတ်ယူလိုက်ပြီး လောပန်း တစ်ယောက်ကို ပြသည်။ ဈေးက သူလိုချင်သည့် ဈေးထက် နည်းနေသည်မို့ မရောင်းဖြစ်ဘဲ တစ်ခြားလောပန်း တစ်ယောက်ကို ပြန်ပြသည်။ ဒီတစ်ခါတော့ ဈေးက ပထမလောပန်းထက် ပိုပေးသဖြင့် သူ ပျော်သွားသည်။ ဒီလိုဆို နောက် ၃၊၄ ရက်လောက်တော့ အသာလေး နှပ်နေလိုက်လို့ရပြီမဟုတ်ပါလား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒေါ်စိန် တစ်ယောက် အလွန်ဘဲ စိတ်လှုပ်ရှားနေမိသည်။ သူ့အရှေ့မှာ ရှိနေတဲ့ ငွေ အထုတ်လိုက် ကိုကြည့်ပြီး သူ့ကံကြမ္မာ ကိုလည်း အလွန် အံ့သြနေမိတော့သည်။ သန်းဇော် ပေးလိုက်သော ကျောက်ကို သူ့ဆိုင်မှာ မနက်တိုင်း ရေးမဆေးကျောက်လာဝယ်ရင်း ကောက်ညှင်းပေါင်းနှင့် အကြော် ဝယ်စားနေကြ လောပန်းအိုက်ထွန်းအား ပြကြည့်သည်။ အိုက်ထွန်း က ကျောက်ကို စေ့စေ့စပ်စပ်ကြည့်ပြီး အိမ်နောက်သို့ ဝင်သွားကာ ပေပါ ပြတ်ထဲမှရေများဖြင့် ကျောက်ကို သေသေချာချာ ဆေးကြောနေလေသည်။ ထို့နောက် သူ့အား “ဒေါ်စိန်ရေ ဒီကျောက်က ဖြတ်လိုက်ရင် အောင်လောက်တယ် ကံ စမ်းမလား ဒါမှမဟုတ် မဖြတ်ဘဲ ဒီအတိုင်းရောင်ချင်သလား ” ဟု အော်မေး လာပါတော့သည်။ သူကလည်း “အလကားရထားတဲ့ ကျောက်ဆိုတောလည်း ဖြတ်ပြီးကံစမ်းကြည့်ရတာပေါ့ မောင်အိုက်ထွန်း ရေ ”ဟု ပြန်ပြောလိုက်သည်။ မောင်အိုက်ထွန်းက ကျောက်ကြည့်တဲ့နေရာမှာ ဆရာတစ်ဆူအဖြစ် ဒီနယ်မြေမှာ နာမည်ကြီးသည်။ နာမည်ကြီးသလောက်လည်း တော်ပြီး ချမ်းသာသူ စိတ်ကောင်းရှိသူ အလှူအတန်း ရက်ရောသူ အဖြစ် လူသိများသည်။ အိုက်ထွန်း က “ ဒီလိုဆိုလည်း ကျွန်တော် သွားဖြတ်ပေးလိုက်ပါ့မယ်” ဟု ဆိုပြီး ကျောက်ဖြတ်ခုံသို့ သွားကာ ကျောက်ကို သွားဖြတ်ပါတော့သည်။

ခဏ အကြာတွင်တော့ အိုက်ထွန်း အားရဝမ်းသာနှင့့် ပြန်လာသည်။ ပြီးတော့ သူ့အား ပြုံးစိစိဖြင့် “ဒေါ်စိန် ရေ စိတ်ခိုင်ခိုင်ထားနော်” ဟု စကာ ဖြတ်ခဲ့သော ကျောက်ကို ထုတ်ပြလေသည်။

“ အိုး လှလိုက်တာ”

ဒေါ်စိန် ပါးစပ်က လွတ်ကနဲ ထွက်သွားရပြီး တအံ့တသြ ငေးမောနေမိသည်။ ဖြတ်ထားသော ကျောက်မျက်နှာ ပြင် နှစ်ဘက်လုံးမှာ စိမ်းလဲ့နေသည်။ အိုက်ထွန်းကလည်း “ဟုတ်တယ် ဒေါ်စိန် ရေ ဒီကျောက်က ကျောက်အသား ကောင်းသလို အရည်ကလည်း အင်မတန်လှတယ် ရောင်းချင်တယ် ဆိုရင်တော့ ကျွန်တော် တန်ရာတန်ကြေး ပေးပြီး ဝယ်ပါ့မယ် ဒါမှမဟုတ်တစ်ခြား သူကိုရောင်းချင်ရင်လည်း ရောင်းပါ ” ဟုဆိုသည်။ သူ ကလည်း “ရောင်းရင်တော့ မောင်အိုက်ထွန်း ကိုဘဲရောင်းမှာပါ ဈေးကတော့ ဒေါ်စိန်လည်း မပြောတတ်ပါဘူး မောင်အိုက်ထွန်းဘဲ ကြည့်ပြီးပေးပေါ့ ” ဟု ပြောလိုက်လေသည်။ အိုက်ထွန်းကလည်း “ကောင်းပြီ ဒေါ်စိန်ရေ ဒါဆိုလည်း ကျွန်တော် ဒီကျောက်ကို သိန်း (၅၀၀)ပေးမယ်။ ဒေါ်စိန် သဘောတူလား။ သဘောတူရင် ညနေကို ပိုက်ဆံလာပေးပါ့မယ်.. ကျွန်တော်လည်း ဒီကျောက်ကို ကျောက်မျက်ပြပွဲကို တင်မယ်” ဟုဆိုသည်။

ဒေါ်စိန် တစ်ယောက် စိတ်နှင့် လူတောင် မကပ်ချင်သလို ဖြစ်သွားမိသည်။ သည် ငွေ အရေအတွက် ရဖို့ဆိုတာ သူ့ဘဝမှာ အိပ်မက်မျှပင် မမက်ခဲ့ဘူးပေ။ အိုက်ထွန်း ၏ “ဒေါ်စိန် ရေဘယ်လိုလဲ” ဆိုတော့မှ သူ သတိလက်လွတ် ဖြစ်သွားတာကို ထိန်းလိုက်ပြီး ကျောက်ကို ရောင်းပါမည်ဟု ခပ်သွက်သွက်လေး ပြောချလိုက်တော့သည်။ အိုက်ထွန်း က “ဒါဆို ကျွန်တော်ပြန်တော့မယ် ညနေကျရင် ကောင်းလေးတစ်ယောက်ကို လွတ်ပြီး ပိုက်ဆံ လာပေးခိုင်းလိုက်မယ်” ဟုဆိုကာ ပြန်သွားတော့သည်။

ညနေရောက်တော့ ကောင်လေးတစ်ယောက် ဆာလာအိပ်များဖြင့်ထုတ်ထားသော ပိုက်ဆံ အထုတ်များ လာပေးသည်။ ဒါကြောင့် သူ ဒီငွေအထုတ်များကို ကြည့်ပြီး လှူချင်တာလှူရမည် မရောက်ဖူးသေးတဲ့ ဘုရား တွေလည်း သွားဖူးရမည် စသည်ဖြင့် စိတ်ကူးယဉ်နေမိတော့သည်။ နောက် သူ သန်းဇော် ၏ဲ့ မျက်နှာကိုလည်း ကွက်ကနဲ မြင်ယောင်မိလိုက်သည်။ သည်ကလေး ကြောင့်သာ သူ ဒီလောက်များတဲ့ ငွေ ကို ရရှိတာဖြစ်တဲ့အတွက် ဒီငွေတွေက သန်းဇော်နှင့်လည်း ဆိုင်သည်။ ထို့ကြောင့် သန်းဇော်ကို လိမ္မာအောင် ဆုံးမကာ မူးယစ်ဆေးဝါး ဖြတ်ခိုင်းပြီးလျှင် သူ့ အတွက်လည်း ဝေစု ပေးရမည်ဟု တွေးမိလိုက်သည်။ ပြီးတော့ သူ သန်းဇော်ကို အမြန်ဆုံး တွေ့ချင်လွန်းလှပြီ။ သူ့ဘဝကို ပြောင်းလဲစေမဲ့ အဖြစ်တွေ ရှိနေတယ်ဆိုတာသိရင် ဘယ်လောက်များ ဝမ်းသာရှာလိမ့်မလဲ ။ ဒီနေ့တော့ သန်းဇော် ပေါ်လာလိမ့်မည် မထင်တော့။ ထို့ကြောင့် မနက်ဖြန် အမြန်ဆုံး ရောက်ဖို့ သူ စိတ်စောနေမိသည်။ ၀မ်းသာစရာစကားကို သန်းဇော်ကို အမြန်ဆုံး ပြောလိုလှပြီလေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီညတော့ သန်းဇော် စိတ်တွေက လေးလံနောက်ကျိနေသည်။ မနက်က ဒေါ်စိန်ရဲ့ ဆုံးမ စကားတွေ ကြောင့်လည်း သူ့ဘဝကို နောင်တရမိသလို ဖြစ်ကာ ပြုပြင် ပြောင်းလဲချင်စိတ်တွေ ဝင်လာမိတော့သည်။ ဒါကြောင့်လည်း သူ သွားနေကျ ဘုံဗိမာန် လေးဆီသို့ မသွားဘဲ အတတ်နိုင်ဆုံး ကြိုးစားပြီး နေကြည့်သည်။ လူကသာ မရောက်ပေမဲ့ စိတ်ကတော့ ထို နေရာသို့သာ အကြိမ်ကြိမ် ရောက်ရှိနေပြီး မျက်လုံးထဲကလည်း အဲ့ဒီပုံရိပ်တွေသာ ကြီးစိုးနေတော့သည်။ အလုပ်မရှိဘဲ ဒီလိုသာ ကြာကြာနေနေလျှင် သူရဲ့ခြေလှမ်းတွေက မူးယစ်ဘုံဗိမ္မာန် ဆီသို့သာ ကျိန်းသေ ရောက်သွားလိမ့်မည်။ အာရုံတွေ ပြန့်ကျဲပြီး လေးလံနေတဲ့ အတွက် စိတ်ငြိမ်သွားအောင် ကျောက်သွားရှာနေလိုက်တာဘဲ ကောင်းပါတယ်ဟု ဆုံးဖြတ်လိုက်ပြီးသူ မြေစာပုံသို့ ခြေဦးလှည့်လိုက်သည်။ မြေစာပုံ သို့ရောက်တော့ ထုံးစံအတိုင်းကျောက်ရှာတဲ့ လူတွေအများကြီး ဓါတ်မီးတစ်လက် စိန်တူ ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။

သူလည်း ဓါတ်မီးထွန်းလိုက်ပြီး ကျောက်ခဲများကို စိန်တူဖြင့်လိုက်ခေါက်ကာ ကျောက်စိမ်း ရှာဖွေခြင်း စတင်ပါတော့သည်။ အချိန်တွေသာ ကုန်သွားသည်။ ကျောက်က ဒီနေ့တော့ သိပ်မရ ။ ခါးတွေ ညောင်းညာ ကိုက်ခဲလာသဖြင့် ပြန်တာပဲ ကောင်းပါတယ်ဟု တွေးနေတုန်း ရုတ်တရက် “ဝုန်း” ကနည်း အသံကြား လိုက်ရသည်။ သူ အလန့်တကြား နောက်သို့ဆုတ်ကာ ပြေးလိုက်မိသည်။ တစ်ဆက်တည်း သူ့ခန္ဓာကိုယ်က လေဟာနယ်ထဲမှာ အေးခနဲ့ လွင့်မျောသွားတော့သည်။ “သွားပြီ ” သူသိလိုက်ပြီ။ သူတောင်အောက်သို့ ပြုတ်ကျပြီဆိုတာ။ သူ့ခေါင်း နှင့် ကျောက်တုံး အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသည်။ နာကျင်သည့် ဝေဒနာတွေ က တစ်ကိုယ်လုံး မချိမဆန့် ။ သူ့ရဲ့ ခေါင်း၊ မျက်နှာ နှင့် ခန္ဓာ ကိုယ်ပေါ်မှာပါ ညီစို့စို့ အနံ့ အသက်များနှင့် အတူ ခပ်ပြစ်ပြစ် အရည်များ ဒလဟော လိမ့်ဆင်းကျလာသည်။ အသက်ရှူလိုက်တိုင်း ရင်ဘတ်က မခံရပ်နိုင်အောင် နာကျင်လွန်းလှသည်။ တဖြည်းဖြည်း သူ့အသိတွေ ဝေဝါးလာသည်။ အော်ဟစ် ဆူညံသံတွေက ဝေးသွားလိုက် နီးလာလိုက် ။ ရှိသမျှ အသိစိတ်ကလေးဖြင့် မျက်လုံးကို အတင်းဘဲ ကြိုးစားရုန်းကန်ပြီး ဖွင့်နေမိသည်။ သူ မမှိတ်ချင်သေး ။ ဒီမျက်လုံး မှိတ်သွားလျင် ဘယ်တော့မှ ပြန်လည်၍ ဖွင့်မလာနိုင်တော့ဘူးဆိုတာ ခပ်ရေးရေးသာ ကျန်တော့သည့် အသိစိတ်ကလေးက ရှိနေလေသည်။

ဒါပေမဲ့ သူ့ သူ့ သူ့ မျက်လုံးများကတော့ တဖြည်းဖြည်း …………………………………………………….။


နောက်နေ့ မနက်ရောက်သောအခါတွင် သူ့ ကို စိတ်ချမ်းသာ ပျော်ရွှင်စေမဲ့ စကားတွေပြောဖို့ စောင့်မျော်နေမဲ့သူ ရှိပြီး ။ သူ့ဘဝ ကို ပြောင်းလဲစေတော့မည့် အဖြစ်အပျက်တွေ ကြိုလင့်နေသည် ဆိုတာလေးတောင် သိမသွားနိုင်ရှာတော့ပေ။





ခရမ်းပြာကျူးလစ်
ကိုယ်နဲ့သိကျွမ်းခင်မင်တဲ့ ကောင်မလေးတစ်ယောက် ခေါင်းမှာ ဘာဝေဒနာမှန်းမသိ အတားပူလို့ ပန်ကာနဲ့ တစ်နေကုန် တစ်ညလုံးနေနေရတယ်တဲ့။ရောဂါဖြစ်လို့ ဆေးရုံတက်တာ သိန်းလေးဆယ် လောက်ကုန်တယ်တဲ့။တော်သေးတာပေါ့ တတ်နိုင်တဲ့သူမို့လို့။ ဘာရောဂါမှန်းတော့မသိ။ အခု အောက်က သတင်းမှာလည်း နိုင်ငံခြားမှာကုတာမလို့ တော်သေးတာပေါ့လေ။ ရောဂါလည်း ဘာရောဂါဆိုတာ သိရတယ်။ခေတ်မီတဲ့ နောက်ဆုံးပေါ် စက်ကြီးတွေနဲ့ကုတာဆိုတော့ တာရှည်ခံစားရမယ့် ဒုက္ခ၊အသက်ဆုံးရှုံးရမည့်ဘေးမှ ကင်းဝေးသွားခဲ့ရပါတယ်။
နယ်စပ်သို့ ရောက်လာစဉ်က ဖခင်နှင့်အတူတွေ့ရသည့် မ၀င့်ဝါသော်
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဝေဒနာ ခံစားနေရသူ မြန်မာအမျိုးသမီးတဦးသည် အလှူငွေ ဘတ် ၃ သိန်း (ဒေါ်လာ တသောင်း) ရရှိသဖြင့် ဘန်ကောက်မြို့တွင် ကုသမှုခံယူပြီး ဝေဒနာ သက်သာသွားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးထားသည်။ ကျန်းမာရေး ကောင်းမွန်လာသည့် မ၀င့်ဝါသော် ခံစားခဲ့ရသည့် ဝေဒနာ အမည်မှာ arteriovenous malformation ဖြစ်သည်။
ဝေဒနာ ခံစားရစဉ်က ပြင်းထန်စွာ ကိုက်ခံနာကျင်မှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့ကြောင်း၊ ဆရာဝန်က ပြည်ပတွင် သွားရောက်ကုသရန် အကြံပေးခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။ မိဘများက ပြည်ပတွင် ကုသမှု ရနိုင်ရေးအတွက် ထိုင်းမြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည်။ နယ်စပ်တွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးသည့် အဖွဲ့တဖွဲ့က ရန်ပုံငွေရရေး လှုံ့ဆော်ပြီး လအနည်းငယ်အကြာတွင် ကုသမှု ခံယူနိုင်ခဲ့သည်။
ကုသမှုခံယူစဉ် အသုံးပြုရမည့် မျက်နှာဖုံးနှင့် မ၀င့်ဝါသော်
CyberKnife system စက် အပြင်ဘက် မြင်ကွင်း နှင့် ကုသမှု ခံယူစဉ် မြင်ကွင်း
ဘန်ကောက်မြို့ Ramathibodi ဆေးရုံတွင် နောက်ဆုံးပေါ် နည်းပညာအကူအညီဖြင့် ကုသခဲ့ကြောင်း၊ CyberKnife နည်းစနစ်ဖြင့် ကုသသည့် ထိုဆေးရုံမှ စက်သည် ထိုင်းနိုင်ငံရှိ တခြား ဆေးရုံများတွင် မတပ်ဆင်ရသေးကြောင်း၊ တကမ္ဘာလုံးတွင် အရေအတွက် ၁၅၀ သာ ရှိကြောင်း သိရသည်။
ဆေးကုရန် လိုအပ်သည့် ရန်ပုံငွေရရေးအတွက် ကျန်းမာရေး အဖွဲ့တခုက အလှူခံခဲ့ရာ ကူညီသူ အများအပြား ရှိခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် သြစတြေးလျရှိ ကျောင်းတကျောင်းမှ ရန်ပုံငွေ ဘတ် သုံးသောင်း ကောက်ခံပေးခဲ့သူ Martha Zwartz အမည်ရှိ အမျိုးသမီးငယ်တဦး၊ ရန်ပုံငွေ ရရေးအတွက် ၁၀ ကီလိုမီတာ ပြေးပွဲ ပြုလုပ်ခဲ့သူ ဘန်ကောက်အခြေစိုက် စာနယ်ဇင်းသမား Jim Pollard တို့လည်း ပါဝင်သည်။
“ကျမ အခု သက်သာလာပြီ။ တကယ့်ကို ကြောက်ကြောက် လန့်လန့် လုပ်ခဲ့ရတဲ့ စွန့်စားခန်းကြီးပဲ။ ခုတော့ အေးအေးဆေးဆေး အိပ်လို့ ရပြီ၊ ခေါင်းကိုက်တာတွေ မရှိတော့ဘူး၊ စားပြီး အန်တာတွေ ဘာတွေလည်း မဖြစ်တော့ဘူး။ ဟိုတုန်းကတော့ ဇက်ကြောတွေ တက်လိုက်တာ၊ ခုတော့ ဘာမှ မဖြစ်တော့ဘူး။ အရမ်း ပျော်တာပဲ။ ကျမ မိသားစုကို ကူလို့ ရပြီ၊ ကျမ ပတ်ဝန်းကျင်ကို အကူအညီ ပေးလို့ ရပြီ” ဟု မ၀င့်ဝါသော်က ပြောကြောင်း ဘန်ကောက်ပို့စ်တွင် ရေးထားသည်။

Thursday, December 16, 2010

Tuesday, December 14, 2010

အခုတလော လမ်းမှာ aritel ဆင်းကဒ်တွေကို ၂ ကဒ် ရူးပီး ၅၀ နဲ့ ရောင်းနေတာတွေ့ရသလို၊မြန်မာနိုင်ငံကိုဆက်ရင် ကျန်တာတွေထက် ဈေးသက်သာတဲ့ etisalat ဆင်းကဒ် လိုချင်လို့ သူငယ်ချင်းကုလားဒကာကို ၀ယ်ခိုင်းတော့ ရူပီး၁၅၀ ပေးရသည်။အခုတော့ အဲဒီဆင်းကဒ်ကို တစ်ပွေ့ကြီး တစ်ကဒ်မှ ရူပီး ၁၀၀ ရာနဲ့တင် ဇွတ်အတင်းရောင်းနေသည်။ကွာပါဘိခြင်း။ကိုယ့်နိုင်ငံနဲ့။ဖြစ်နိုင်ရင် သီရိလင်္ကာက အပြန်လက်ဆောင်ကို ဆင်းကဒ်တွေ များများထည့်ပြီး ညီ အကို မောင်နှမ ခင်သူ မင်သူတွေကို တစ်ကဒ်စီ လက်ဆောင်ပေးလိုက်ချင်သည်။ဒါပေမယ့်......သိတော်မူကြတဲ့အတိုင်းပါပဲ............။ကိုယ်နိုင်ငံမှာတော့ ခေတ်မီ အသုံးအဆောင်တွေကို သူများနိုင်ငံသားတွေ သုံးလို့ရိုးအီနေပြီး နောက်ဆုံးပေါ်တွေ သုံးနေတော့မှ သုံးကြရပါစေ.....ဆိုပြီး ဘယ်မာရ်မာနတ်ကများ ကျိန်စာတိုက်ထားသလဲ........တစ်ခုခုတော့ တစ်ခုခုပေါ့လေ ။တကယ်ပါ။ကိုယ့်ရပ် ကိုယ့်ရွာက လူတွေ ဖုန်းဆိုတဲ့အရာကို မမြင်ဖူးဘူးသူတွေများ။ကြုံလို့ မြင်လိုက်ရပြီ ဆိုရင်လည်း ကိုယ်နဲ့ အလှမ်းဝေးတဲ့အရာလို့ ထင်မြင်ပြီး အဝေးကနေပဲ အော်..ဖုန်းတွေက ဟိုး..........အဝေးကြီးနဲ့ ဆက်သွယ်လို့ ရသားပဲ ။ဒီလောက်ပါပဲ။လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကပေါ့လေ။လူတစ်ယောက်သူ့အမေဆုံးတော့ ဟိုးတောဖျားမှာ တောင်သူလုပ်နေလို့ ချက်ချင်းမသိရ။အကြောင်းကြားဖို့ ဖုန်းဆိုတဲ့အရာကြီး မရှိလေတော့ ထိုသူရဲ့ သမီးကနေ ဟိုတောတောင်ထဲအထိ လိုက်ခေါ်တော့ ညနေစောင်းပြီ။ အဲဒီ သူ့သားရောက်လာမှပဲ မသာချရတော့တယ်။ဒီလို အဖြစ်အပျက်မျိုးတွေ အများကြီးပါပဲ။ဘ၀မှာ လွယ်လွယ်လေးနဲ့ ခက်နေကြတာ ဘာကြောင့်များပါလဲ။ရှေးကံကြောင့်ပေါ့လို့ လွယ်လွယ်လေး ပြောချလိုက်တော့မလား။စဉ်းစားရ ခက်လှပါတယ်ကွယ်.................။