ပံသုကူလလို့ခေါ်တဲ့ (funeral ) အသုဘတွေလိုက်ရတဲ့အခါ တော်တော်ငိုကြတာတွေ့ရပါတယ်။ကိုယ်နဲ့ ကြာကြာနေထိုင်ခဲ့တာလည်းဖြစ်။ချစ်ရတဲ့သူလည်းဖြစ်တော့ မငိုဘဲမနေနိုင်။နောက်ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးဆိုတဲ့အသိကလည်း ၀င်နေတော့ တော်တော်ကို မချိတင်ကဲ ဖြစ်နေကြဟန်တူပါတယ်။ သူတို့မျက်နှာတွေကိုကြည့်လိုက်တိုင်း ညှိုးငယ်နေတာပဲ မြင်ရပါတယ်။မျက်ရည်တွေကလည်း တသွင်သွင်စီးလို့ ၊နောက် ကိုယ့်ပြည်တွင်းမှာနေနေကြတဲ့လူတွေရဲ့ အမျိုးမျိုးသော အဆင်မပြေတာတွေ၊ ရာသီဥတုဆိုးရွားတာတွေ၊ကပ်ဆိုးဘေးဆိုးတွေ ကြုံဆုံရတာတွေ ကြောင့် ညည်းညူ အော်ဟစ်သံတွေကြားရသလို။ ကိုယ့်ပြည်ကြီးနဲ့ဝေးရာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသွားနေတဲ့ ရွှေတွေ အကြောင်းဘက် ကို ငဲ့စောင်းကြည့်လိုက်ပြန်တော့လည်း စိတ်တွေတောင် အန်ချင်လာတယ်။မှန်းချက်နဲ့နှမ်းထွက်က ဖြောင့်ဖြောင့်ဆန့်ကျင်နေသတဲ့လေ။ဒီကြားထဲ ကိုယ်ယုံကြည်စိတ်ချရပြီဆိုတဲ့ အနီးကပ်ဆုံးမိတ်ဆွေတွေကတောင် လှီးဖဲ့တာတွေ ကြုံဆုံရတယ်တဲ့။ ကျန်တဲ့စိမ်းတဲ့ သူတွေကတော့ပြောမနေနဲ့တော့၊ ဒါကြောင့် အတိုးမရတဲ့အပြင် အရင်းပါရှုံးကြရတဲ့အတွက် ညည်းတွားကြ၊ မျက်နှာငယ်ကြရတာတွေ ကြားသိရပြန်တော့ သံဝေဂလို့ပြောရမလား၊ ဒါမှမဟုတ် ဒုက္ခတွေ အတောမသတ်တဲ့ သံသရာအကြာင်းကို တွေးမိတယ်လို့ ဆိုရလေမလား ခေါင်းထဲ ချာချာလည်နေခဲ့ရပါတယ်။ ချစ်ရသူနဲ့ခွဲခွါရတာတွေ၊ အဆင်မပြေတာတွေ စတဲ့ဒုက္ခတွေကြောင့် အရင်တုန်းကလည်း ငိုခဲ့ကြ ၊ညည်းတွားခဲ့ကြရ။အခုလည်း ငိုယို ညည်းတွား။ နောင်လည်းငိုယို ညည်းတွားနေကြအုံးမယ့် သူတို့ ငါတို့ တွေရဲ့ အဖြစ်တွေဟာ ဘယ်တော့များမှ အဆုံးသတ်ကြမလဲ။ မြတ်ဗုဒ္ဓတရားတော် အလိုအရဆိုလျှင်တော့ နိဗ္ဗာန်မရသေးသမျှတော့ ........ မည်သူမျှ ဒီဘ၀တွေက မလွတ်နိုင်ပါ။ တစ်ခါတရံကျတော့လဲ အော် အခု တစ်ကမ္ဘာလုံးက ငေးမောကြည့်နေရတဲ့ ကမ္ဘာ့ဖလားကျင်းပွဲကြီးကို တစ်ခမ်းတနားကျင်းပနေတဲ့ငါတို့လည်း တစ်နေ့ သူတို့လို ဘာကြောင့်မဖြစ်နိုင်ရမှာလဲ သူတို့လို ခပ်ကြမ်း ခပ်ရိုင်းရိုင်းသူတွေတောင် ဒီလို ထူးချွန်နေကြသေးရင် ငါတို့လည်း သူတို့လို တစ်နေ့ဖြစ်လာမှာပဲ .............လို့ စိတ်အားသွင်းနေရပါတယ်။ အာဖရိကနိုင်ငံတွေဆိုတာ တစ်ချိန်က အလွန်အောက်တန်းကျတဲ့ နေရမှာနေ ။အောက်တန်းကျတဲ့အလုပ်ကိုလုပ်၊ လုံးဝအနှိမ်ခံ ဘ၀တွေကနေ ယခုအခါမှာတော့ လွတ်မြောက်ကြရုံသာမက၊ ကမ္ဘာမှာ ခေါင်းဆောင်နေရာတွေရော၊ အနုပညာ အားကစားနေရာ စတဲ့ နေရာတွေမှာ ထူးချွန်ပြောင်မြောက်စွာ နဲ့ တစ်ကမ္ဘာလုံးကနေ အားကျလေးစားရတဲ့ လူတွေ အဖြစ်သို့ ရောက်ရှိနေပါပြီ။ နတ္ထိ ခန္ဓသမံ ဒုက္ခံ...........ဟူသော ဒေသနာတော်အရ ဆိုလျှင်တော့ ခန္ဓာရှိနေသရွေ့တော့ ငိုခဲ့ကြ၊ငိုနေဆဲ ၊ ငိုကြရအုံးမှာပဲလေ.......................
No comments:
Post a Comment