**လောကဓံဆိုတဲ့ လေ
အမှတ်မထင် ထင်ရာစိုင်း
ရိုင်းသမျှ မွှေ
တခါတရံ ရွက်စုကြွေ
တခါတရံ ရွတ်နုဝေ
ကြွေတခါ ဝေတလှည့်။
**မုန်းချစ် မဟူသာ
သူ့အခါ သူ့ချိန်ရောက်က
လောကဓံ သူမွှေနှောက်နေကျ
ကြောက်စရာလဲ မလို
ငိုစရာလဲ မဟုတ်
ကြုံလာလျှင် မဖြုန်ချင်စမ်းပါနဲ့
လမ်း မပျောက်စေနဲ့။ ။
မဖြစ်နိုင်တော့တဲ့ အရာများစွာအတွက် ဘ၀တွေကို Good bye လို့ပြောနေကြမယ့်အစား ဖြစ်နိုင်တာတွေကို တစ်စစီ၊တစ်စိတ်စီ၊တစ်စက်စီ ဖမ်းဆုပ်ပြီး ငါတို့တစ်ခုခု လုပ်ကြရမယ်။
Tuesday, June 29, 2010
လောကဓံ လေရိုင်း
Tuesday, June 22, 2010
အသက်ရှည်၊ အရွယ်တင် … နေချင်ရင်
အိမ်ထောင်သည်နှင့်အပျို၊ လူပျို
လူတိုင်းဟာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်လိုကြတဲ့ သူချည်းပါပဲ။ ‘သေချင်လိုက်တာနော်’ ဆိုတဲ့ သူတွေတောင်မှ… ပါးစပ်ကသာ ပြောနေကြပြီး ဘယ်သူမှ မသေလိုကြပါဘူး…။
ဒီတော့… အသက်ရှည်ပြီး၊ ကျန်းကျန်းမာမာ၊ လှလှပပနဲ့ ဘဝကို နေထိုင်သွားချင်တယ်ဆိုရင်တော့…. လူပျိုကြီး၊ အပျိုကြီးများအဖြစ်နဲ့ မနေကြဖို့ ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက စာတမ်းတစောင် ထုတ်ပြီး ပြောဆိုခဲ့ပြပါတယ်။
အိမ်ထောင်သည်များဟာ… တကိုယ်တည်း လူပျိုကြီး၊ အပျိုကြီးများထက် စစ်တမ်းကောက်ယူချက်များအရ အသက်ပိုပြီး ရှည်ကြမယ်လို့ ဆိုပါတယ်။
အိမ်ထောင်သက် ရှည်ကြာလာတာနဲ့အမျှ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးများဟာ ရောဂါပိုမွှားများရဲ့ ဒဏ်ကို လူပျိုကြီး၊ အပျိုကြီးများထက် ပိုမိုပြီး ခုခံနိုင်ရည်ရှိကြတယ်လို့ ဆိုပါတယ်။
ကျားနဲ့ မ
ဖွားသေစာရင်းများအရ… အမျိုးသမီးများရဲ့ သေဆုံးမှုဟာ … အမျိုးသားများ၏ သေဆုံးမှုထက် လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ …. အသက် ၆၅ နှစ်ကျော်လာရင်တော့ အမျိုးသမီး၊ အမျိုးသား ဖွားသေနှုန်းဟာ သိပ်ပြီး မကွာလှတော့ပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓဗေဒ ဖွဲ့စည်းမှုဟာ အမျိုးသားတွေထက် ပိုပြီးရှုတ်ထွေးလွန်းလှတယ်လို့လည်း ဆိုပါတယ်။
ဖို-မ ဆက်ဆံရေး
ခန္ဓာကိုယ်နုပျိုသန်စွမ်းရေးအတွက် အိမ်ထောင်သည်များရဲ့ ဖို/မ ဆက်ဆံရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အသက်ရှည်မှု၊ နုပျိုလှပမှုတို့မှာ စိတ်ဓါတ်ရေးရာပါ ပါဝင်ပတ်သက်နေပါတယ်။ အသက်ရှည်ရှည် နေသူများဟာ နေ့စဉ် စိတ်ချမ်းသာအောင် နေတတ်ကြပြီး ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး ဆက်ဆံမှုကိုလည်း တတ်နိုင်သမျှ ပျော်ရွှင်ကြည်နူးစွာ ခံစားလေ့ရှိကြပါတယ်။
ရင်သွေးရှိခြင်း
သားသမီးရှိတဲ့ အိမ်ထောင်သည် မိခင်များဟာ …. သားသမီးမထွန်းကားတဲ့ အိမ်ထောင်သည် ဇနီးများထက် ပိုပြီး နုပျိုအသက်ရှည်စေတယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိချက်များအရ… သားသမီး ၃ ယောက်ရှိတဲ့ မိခင်များရဲ့ သေဆုံးမှုနှုန်းဟာ နည်းပါးတယ်လို့ ဆိုပါတယ်။ သားသမီး ၄ ယောက်နဲ့အထက်ရှိတဲ့ မိခင်များကတော့ … သေဆုံးမှုနှုန်း မြန်တယ်လို့ ဆိုပါတယ်။ စစ်တမ်းရဲ့ ယေဘုယျတွေ့ရှိချက်ကတော့ …. သားသမီး လုံးဝမရှိတဲ့ အမျိုးသမီး ဒါမှမဟုတ် …. သားသမီးတဦးတည်းသာရှိတဲ့ မိခင်တို့ဟာ …. သားသမီး ၃ ဦး၊ ၃ ဦးရှိကြတဲ့ မိခင်များလောက် အသက်မရှည်ကြပါဘူး။
အိပ်ခြင်း
အအိပ်အနေ နည်းခြင်း၊ များခြင်းကလည်း ကျန်းမာသက်ရှည်ရေးနဲ့ လှပပျိုမျစ်ရေးအတွက် ထူးခြားမှု ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ လူတဦးစီအနေနဲ့ မည်မျှကြာကြာအိပ်ဖို့ လိုအပ်တယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ လူတချို့က တည ၅ နာရီလောက် အိပ်ချိန်ရရင် လုံလောက်ပါတယ်။ တချို့ကျတော့ ၈ နာရီ၊ ၉ နာရီလောက် အိပ်ရမှ အိပ်ရေးဝကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ကတော့ အိပ်ချိန် ညီညွတ်မျှတမှုရှိခြင်းက ပိုပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။
အရက်နှင့် အသက်
နေ့စဉ် အရက်အနည်းမျှစီ သောက်သုံးခြင်းဟာ အသက်ကို ရှည်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး လူသားတွေကို သုတေသနပြုရာမှာ ဝိုင်သောက်သုံးသူတချို့ ပါဝင်ကြောင်း တွေ့ရပါတယ်။
ပိန်သူ၊ ဝသူ
ပိန်သူတိုင်းလည်း အသက်မရှည်ပါဘူး။ ဝဖြိုးသူတချို့လည်း အသက်ရှည်တာကို တွေ့ပါတယ်။ ခန္ဓာကိုယ်မှာ တိုးလာတဲ့ အလေးချိန်တိုင်းက လူ့အသက်ကို တိုစေတာ မဟုတ်ပါဘူး။ လူလတ်ပိုင်း အသက် ၃ဝ ဝန်းကျင်တွေမှာ ဝဖြိုးသူတွေထက် ပိန်သူတွေက အသက်ပိုပြီး တိုကြပါတယ်။ တချို့သော သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ အစာကို လျှော့စားလိုက်၊ ပိုစားလိုက် လုပ်ခြင်းဟာ အသက်ကိုတိုစေတဲ့ အချက်တွေထဲက တချက်လို့ ဆိုပါတယ်။
ကိုယ်အလေးချိန်ကို တဖက်စွန်းရောက်အောင် ပြုလုပ်ခြင်းဟာ ကျန်းမာရေးကို အလွန်အမင်း ထိခိုက်စေပါတယ်။ မိမိမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ၂ဝ ပို၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ထိန်းမထားဘူးဆိုရင် အသက်ကို တိုစေပါလိမ့်မယ်။
လေ့ကျင့်ခန်း
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းဟာ လူကို နုပျိုလှပပြီး အရွယ်တင်ကျန်းမာစေပါတယ်။ ခွန်အားစိုက်ထုတ်ပြီး အသက်ပြင်းပြင်း အကြိမ်ကြိမ်ရှုထုတ်ခြင်းဟာ သေမင်းကို ခုခံကာကွယ်ဖို့ အကောင်းဆုံး ခံတပ်ပဲလို့ ဆေးသိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန် မှန်မှန်လုပ်ခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကလည်း ကာကွယ်ပါတယ်။ ဒါပေမဲ့ သုတေသီအချို့ရဲ့ အယူအဆကတော့ ခန္ဓာကိုယ် အချိုးကျလှပဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။
အောင်မြင်မှုကြောင့်
လောကမှာ အောင်မြင်မှုကြီးမားလေ အသက်လည်း ပိုပြီး ရှည်လေလေပါပဲ။ အမေရိကန်က စာရင်းဇယားအရ စက်မှုလုပ်ငန်းမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ တခြားသူတွေထက် ပိုပြီး အသက်ရှည်တာကို တွေ့ရပါတယ်။ လုပ်ငန်းအောင်မြင်တဲ့အတွက် စိတ်ဓာတ်ရင့်ကျက်မှု၊ ပျော်ရွှင်တည်ငြိမ်မှုနဲ့ ဘဝအပေါ် ကျေနပ်ပီတိဖြစ်မှုတွေက အသက်ရှည်ခြင်းကို ပံ့ပိုးပေးပါတယ်။ လုပ်ငန်းမအောင်မြင်သူတွေကတော့ စိတ်ဓာတ်ကျဆင်းတာ၊ ပျော်ရွှင်မှုကင်းမဲ့တာနဲ့ ဘဝအပေါ် ကျေနပ်မှုမရှိတာတွေကြောင့် အသက်ကို တိုစေပါတယ်။ ဘဝအောင်မြင်သူတွေအဖို့ကတော့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်လှုပ်ရှားရင်း မိမိအတွက် အကျိုးရှိအောင် တန်ဖိုးရှိအောင် ဖန်တီးပြောင်းလဲယူနိုင်ကြပါတယ်။
ပြီးတော့ လောကကို အကောင်းမြင်ဝါဒနဲ့ ရှုမြင်သုံးသပ်နိုင်သူ၊ ကျေနပ်ရောင့်ရဲနိုင်သူတွေအဖို့ အသက်ရှည်နုပျိုရေးမှာ ပိုပြီး အရေးပါလှပါတယ်။
အသက်ရှည်နုပျို ကျန်းမာအောင် နေနည်း
အမေရိကန်နိုင်ငံက လူပေါင်း ၃၅ဝဝဝ မှာ လူတဦးသာ အသက် နှစ် ၁ဝဝ အထိ နေထိုင်နိုင်တာတွေ့ရပြီး၊ အီကွေဒေါနိုင်ငံ၊ ဗီကာဘမ်ချရင်ဝှမ်း၊ ဆိုဗီယက်နိုင်ငံ ကော့ကေးဆပ်ပြည်နယ်နဲ့၊ ပါကစ္စတန်နိုင်ငံ ဟွန်းဇားဒေသ ၃ ခုမှာ အသက် နှစ် ၁ဝဝ ကျော်အထိ နေရတဲ့သူတွေ အမြောက်အမြား ရှိတယ်လို့ ဆိုပါတယ်။ ဒီဒေသ ၃ ခုစလုံးဟာ တောင်ပေါ်ဒေသ ဖြစ်ပါတယ်။ ပြီးတော့ စိုက်ပျိုးရေးလုပ်တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ အသက်ရှင်နေထိုင်ရေးအတွက် နေ့စဉ်နဲ့အမျှ အလုပ်နဲ့ လက်နဲ့မပြတ် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရပါတယ်။ အဆီဓာတ်နည်းတဲ့ အစာများနဲ့ ပရိုတင်းဓာတ်နည်းတဲ့ အစာများကိုသာ စားကြသောက်ကြရပါတယ်။ အများအားဖြင့် လတ်ဆတ်တဲ့ အသီးအနှံနဲ့ သဘာဝအစားအစာများကိုသာ စားကြသောက်ကြရပါတယ်။
ဒီဒေသက ရာသီဥတုဟာ ဒေသခံလူမျိုးစုတွေရဲ့ ဓာတ်သဘာဝနဲ့ ညီညွှတ်မျှတမှု ရှိပါတယ်။ ရာသီဥတုသာယာပြီး ဘာသာတရားလည်း ကိုင်းရှိုင်းကြပါတယ်။ အိမ်ထောင်တိုင်းဟာလည်း ပထမအိမ်ထောင်နဲ့ပဲ မြဲကြပါတယ်။ အိမ်ထောင်မမြဲတဲ့ မိသားစုရယ်လို့ မရှိသလောက် ရှားပါတယ်။ ဒီဒေသက အသက် နှစ် ၁ဝဝ ကျော်ပုဂ္ဂိုလ်များဟာလည်း ကျန်းမာသန်စွမ်းပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်သူတွေ ဖြစ်ပါတယ်။
အသက်ရှည်ရှည်၊ အရွယ်လှလှ နေနိုင်ရေးအတွက် ပထမဦးဆုံး ဥပဒေကတော့ မိမိအသက် ၁ နှစ်ပဲ ပိုရှည်ရှည်၊ အနှစ် ၁ဝဝ ပဲ ပိုရှည်ရှည် အချိန်တိုင်း အချိန်တိုင်းမှာ မိမိဘဝအပေါ် ချစ်ခင်တွယ်တာနေဖို့ပဲ ဖြစ်ပါတယ်။ ပြင်သစ် အတွေးအခေါ် ပညာရှင်ဖြစ်တဲ့ ပိုးဆိုးက….
“သေမင်းကို ရှောင်တိမ်းဖို့ထက် အသက်ရှည်ရှည်နေတတ်ဖို့ သင်ပြပါ။ ဘဝဆိုတာ အသက်ရှုနေခြင်း သက်သက်မဟုတ် လှုပ်ရှားရှင်သန်နေခြင်းသာ ဖြစ်တယ်။ အာရုံ ၅ ပါး ခံစားသုံးသပ်ခြင်း၊ စိတ်ကူးယဉ်မြော်မြင်ခြင်း၊ မိမိအစွမ်းသတ္တိ၊ မိမိခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဟာ လူအဖြစ် သိစိတ်ကို ဖန်တီးနေခြင်းသာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဆင်ခြင်ဖို့နဲ့ …၊ စဉ်းစားစရာပါ။
Sunday, June 20, 2010
ကျောင်းသင်္ခမ်းနဲ့ မြန်မာပြည်…
အမှန်လုပ်လဲ မတုံ့ပြန်
ရှေးရှေးဘ၀က ကုသိုလ်ကံ
ကံပေးသမျှ ရောင့်ရဲကြ
ဒါမှ မြန်မာ ပီ သတဲ့ဗျ။
**ဗုဒ္ဓဘာသာ တို့တိုင်းပြည်
လောကီရေးကို မတွေးပြီ
တမလွန်သို့ စိတ်ကရည်
နိဗ္ဗာန်ရွှေပြည် ပန်းတိုင်သို့
ကိုယ်ပိုင်ဥစ္စာ စွန့်လွှတ်လို့
အလှူရေစက် ချကြစို့။
**ငါတို့နိုင်ငံ ထွန်းကားရန်
စိတ်အား မထက်သန်
အကြံဥာဏ်တွေ ထုတ်မသုံး
သိပ္ပံနည်းတွေ မုန်း။
တဟုန်းဟုန်းနဲ့ တိုးတက်နေ
ဟောသည် ကမ္ဘာမြေ
မြန်မာတွေ နေရစ်တော့
ကျောင်းသင်္ခမ်းမှာ စံလေရော့…။ ။
မြွေဆိပ်ပမာ အရက်သေစာ......
“ကိစ္စအထူးရှိသလား ဒကာ” ဆရာတော်က မေးသည်။
“တပည့်တော် မရှင်းလင်းတာ တစ်ခုလောက် မေးလျှောက်ခွင့်ပြုတော်မူပါ ဘုရား”
“ဘာများတုန်း ဒကာရဲ့၊ မေးပါ” ဆရာတော်ခွင့်ပြုတော်မူသည်။
“တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး အရက်အကြောင်း ပြောကြရင်း အငြင်းအခုံဖြစ်လလို့ပါ ဘုရား”
“ဖြစ်ပုံ ဆိုစမ်းပါဦး ဒကာရဲ့”
“အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းပြီးသောက်ရင် အပြစ်ရှိ မရှိ အငြင်းအခုံဖြစ်တာပါဘုရား။ တရာတော်ပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား” ဒကာဖြစ်သူက လျှောက်ထားပန်ကြားသည်။
“ဒကာက ဘယ်ဘက်ကလဲ၊ အပြစ်ရှိတဲ့ဘက်ကလား အပြစ်မရှိတဲ့ဘက်ကလား”
“အရက်ကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ တပည့်တော်က ထင်ကြောင်းပါဘုရား”
“ဘာ့ကြောင့် ဒီလို ထင်ရသတုန်းကွယ့်”
“စတ်သာရှင်စောဘုရားဟော၊ စိတ်သာပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား”
“ကောင်းပါလေ့ကွယ်၊ ဆရာတော် ဥပမာ ပေးမယ်”
“တင်ပါ့ ဘုရား”
“မြွေပွေးတစ်ကောင်ကို မြက်လျှောတစ်ကာင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ့်”
“မြွေပေးက ပေါက်မှာပါ ဘုရား”
“ကိုက်မိရင်ကော အဆိပ်မတက်ဘူးလား”
“တက်မှာပါ ဘုရား”
“အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား၊ မြွေပွေးအဆိပ်ဖြစ်မလားဒကာ”
“မြွေပွေးအဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်”
“မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား၊ မသေနိုင်ဘူးလား”
“သေနိုင်ပါတယ် ဘုရား”
“အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား”
“မရနိုင်ကြောင်းပါ ဘုရား”
“ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်ကနဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး”
“မကိုင်ဝံ့ပါဘူး ဘုရား”
“ဒီသဘောပဲ ဒကာကြီး၊ အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့ သတ္တိပြမလား၊ ရေရဲ့ သတ္တိပြမလား”
“အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါပဲ ဘုရား”
“အရက်သတ္တိပြရင် မူးမလား၊ မမူးဘူးလား”
“မူးမှာပါပဲ ဘုရား”
“မူးပြီး…. မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့။ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပဲ၊ အပြစ်ဟာ အပြစ်ပါ ဒကာ”
“ဗန်းမော်ဆရာတော်က စကားအရာ ကျွမ်းကျင်လှသည်မှာ ငြင်းစရာမရှိပေ။ ဒကာ၏ အမေးကို မေးလျက်နှင့်ပင် ပြဿနာ၏ အဖြေထုတ်ယူ ဖြေဆိုပုံမှာ မှတ်သားနည်းယူလောက်ပါပေသည်။”
“မြွေဆိပ်ပမာ အရက်သေစာ” ဆိုသည်ကို ထိုဒကာလည်း ကောင်းစွာ သဘောပေါက်၍ သွားလေသည်။
ဆရာတော်ကို ရိုသေစွာ ကန်တော့ပြီးနောက် ထိုဒကာ ပြန်၍သွားသည်။ ဗန်းမော်ဆရာတော်လည်း စာကို ဆက်၍ ဖတ်လေသည်။
အဖြေမပေါ်သေးလို့..........
`မင်း ဘာဖြစ်လို့ဒီလောက် နောက်ကျတာလဲ´
ဆရာမှာ ဘောလုံးဝါသနာအိုးမှန်းသိသော တပည့်က ဆရာ့အကြိုက်ပြောလိုက်သည်။
`ကျနော် မန်ယူနဲ့ ချဲလ်ဆီးအသင်းချန်ပီယံလိဂ်ဗိုလ်လုပွဲကစားတာကို အိပ်မက်မက်နေလို့ပါ ဆရာ´
`ဟေ… ဒါပေမယ့် ဒီလောက်နောက်ကျစရာလားကွ´
`ဟုတ်ကဲ့… ပင်နယ်တီ အဆုံးအဖြတ်ကစားရတဲ့ အထိဖြစ်သွားလို့ပါ ဆရာ´
Saturday, June 19, 2010
ငိုခဲ့ကြ။ငိုနေဆဲ ၊ ငိုကြရဦးမည့် ဘ၀တွေ..........
Friday, June 18, 2010
ဘုရားမကြိုက်တဲ့လူစု
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဖြစ်စိမ့်ငှာဟု၊ ဥာဏ်ပါက၀ိ၊ မှတ်စုကို ညှိပြီးလျှင်၊
အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊
စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊
မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊
ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်၊
သရုပ်များ ကွဲလေဟန်၊ လက်လေးသစ်လောက် စာတိုကို၊ ၀ိဂြိုဟ်တွေ ကျင်းပြီးလျှင်၊
အငြင်းက ကြောက်ဖွယ်သန်၊ မာနဂုဏ် သူကိုး၍၊ ဖြတ်ထိုးနှင့် တညံညံ၊
ဋီကာကျော် လက်သန်းမှာ၊ အာဝဇ္ဇန်း မောက်လျှံ၍၊
ဘလောင်ဆန်ဆူကြွက်၊ မြတ်ဇိနော် ဓမ္မစက်ကို၊ ဇာတ်စကား ရောယှက်၍၊
ဖျက်သူကလဲ အတန်တန်၊ ရူပဘူတုပ္ပါဒါယ ဘေဒဘိန္ဒော၊ ကွမ်းကော ဆေးကော၊ ချလော့ခုလျှင်၊ အလှူ့ရှင် ပြင်ခဲ့ပြင်ခဲ့၊ အရွက်ကြမ်း လဘက်မဲကို၊ ဆီရွှဲရွှဲ မထည့်၍၊ ကဲရဲ့သူကလည်း တမှောင့်၊ ဟိုအိမ်ဦး တထောင့်က၊ အို.. ကျောင်းတကာ၊ ဘုရားတကာ၊ မေးလေရာတွင်၊
ပညာနိဿရည်း၊ ၀ိနည်းတလီ၊ အလဇ္ဇီနှင့်၊ လဇ္ဇီတ၀၊ လူအပေါင်းတို့၊ စိတ်ခွလေအောင်၊
ကံဒွါရ ငြင်းကြသည်၊ ကရွတ်ကင်းပုံတချက်၊ အချို့သောသူတို့က မိစ္ဆာဥာဏ် ကူးဖက်၍၊ အနက်ကိုလည်း မသိ၊ ပညာရှိ ငါတဆူ၊ ဖြစ်လေသည် ဟူသတည်းဟု၊
အလှူမသာ၊ ရှိလေရာတွင်၊ လယ်ကာဝါကြွား၊ လဘက်စားသည်၊
ဘုရားမကြိုက်တဲ့ လူစုတည်း။
Monday, June 14, 2010
ခံစားမှုဆိုတာ…
လန်ဒန်မြို့လယ် လမ်းမပေါ်၌ သူငယ်ချင်း မိန်းကလေးနှစ်ဦး ဆုံမိပြီး စကားလက်ဆုံကျလျက်ရှိသည်-
ပထမမိန်းကလေး။ ။ မတွေ့တာကြာပြီနော်။
ဒုတိယမိန်းကလေး။ ။ အေး…. အလုပ်တွေများနေလို့။
ပထမမိန်းကလေး။ ။ ဘာတွေအလုပ်များနေတာလဲ ပြောစမ်းပါဦး။
ဒုတိယမိန်းကလေး။ ။ ဒီလိုဟာ… ငါနဲ့ စမစ်တို့ စေ့စပ်ထားတာ ဖျက်သိမ်းလိုက်ပြီ။
ပထမမိန်းကလေး။ ။ ဟယ်… ဘာဖြစ်လို့လဲ။
ဒုတိယမိန်းကလေး။ ။ အရှင်းဆုံးပြောရရင်တော့… သူ့ကိုခံစားလို့ မရတော့ဘူး။
ပထမမိန်းကလေး။ ။ ဟုတ်လား။
ဒုတိယမိန်းကလေး။ ။ ဟုတ်တယ်… အဲဒါကြောင့် စေ့စပ်ထားတာ ဖျက်လိုက်တာ။
ပထမမိန်းကလေး။ ။ ဒါနဲ့…. နင့်အင်္ကျီပေါ်က စိန်ရင်ထိုးက စမစ်နဲ့  စေ့စပ်ပွဲတုန်းက ပေးထားတာမဟုတ်လား။
ဒုတိယမိန်းကလေး။ ။ ဟုတ်တယ်။ ။ စမစ်ကို ခံစားလို့မရပေမယ့် စိန်ရင်ထိုးကိုတော့ ခံစားလို့ရတယ်လေ….။
ပထမမိန်းကလေး။ ။ `ဟယ်´
သေချာပါတယ်
(မေးသူ) ဆိုဗီယက်ရုရှားခေတ်က နာမည်ကျော် ကဗျာဆရာ `မာယာကော့စကီး´ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာ ဟုတ်သလားဗျ။
(ဖြေသူ) ဟုတ်တာပေါ့ဗျာ။ သူမသေခင် နောက်ဆုံးပြောတဲ့ စကားက သက်သေခံနေတယ်လေ။ သူက `ရဲဘော်တို့ ကျုပ်ကို မပစ်နဲ့´တဲ့။
မစားချင်ဦး…
`တော်ပြီကွာ… ခုဆိုရင် ငါအိမ်ထောင်ပြုတာ ၃-ကြိမ်တောင်ရှိပြီ… တစ်ကြိမ်မှ ကံမကောင်းဘူး။ ပထမ ၂-ကြိမ်တုန်းက မိန်းမတွေက မှိုစားလို့ အဆိပ်သင့်ပြီးသေရတယ်။ နောက်ဆုံးတစ်ယောက်ကျ ခေါင်းကွဲပြီးသေရတယ်။ ကံမကောင်းပါဘူးကွာ´
တယ်ရီက… `ထူးထူးဆန်းဆန်းကွာ။ ပထမ နှစ်ယောက်ကျတော့ မှိုစားလို့သေပြီး နောက်ဆုံးတစ်ယောက်ကျမှ ခေါင်းကွဲပြီးသေရတယ်လို့´
`အေးလေ… သူက မှိုမှမစားချင်တာကိုး´
သံသယ ညများ
**သံသယ တွေနဲ့
တရွရွတက်ပြီး
အအိပ်ပျက် အစားပျက်
သောကမီးအိမ် တလက်လက်။
**မနက်ခင်းမှာတော့
လက်ငင်းယူပစ်သလို ပျောက်
လမ်းပေါ်လျှောက် လူတွေခင်
အပူအပင် ဘာမှမရှိ
ပကတိ ကျန်းမာနေလျက်ပင်။
**ည ည အိပ်ရာဝင်
စိတ်အမျှင် ပင့်ကူဖွဲ့
ဟိုဖက်လှည့် သည်ဖက်လှည့်
အဖော်မဲ့ တကိုယ်တော်
စက်မပျော်တိုင်း ပုတီးစိပ်
ပရိတ် တပိုင်းတစ
သောကနဲ့ သံသယ
ခဏကလေး ပျောက်ပြန်တော့
ဟောက်သံကြားရ ပြန်ပါတယ်။
**အိုး…. အမှောင်ညငဲ့….
သံသယတွေ ခေါ်မလာနဲ့ကွယ်….။
က စေချင်ရင်
ပွဲခင်းတစ်ခုအတွင်း ရောက်နေသောမန်ယူအသင်:မှ ပေါလ်စခိုးတစ်ယောက် ကတတ်သော ဘဲ ပြခန်းသို့ ၀င်ရောက်သွားသည်။ ပြပွဲပိုင်ရှင်က စားပွဲပေါ်သို့တင်လိုက်သောအခါ ဘဲ မှာခုန်ဆွ ခုန်ဆွနှင့် ကလေတော့သည်။ ဘဲကိုနှစ်သက်သွားသော ပေါလ်စခိုးက ပိုင်ရှင်ထံမှ မရမက၀ယ်ယူခဲ့သည်။ အိမ်ရောက်သော် ဘဲ က အရင်လို မကတတ်တော့။ သို့နှင့် ပြပွဲရှိရာသို့ ဒေါသတကြီးနှင့် ပြန်သွားခဲ့သည်။
ခင်ဗျားရဲ့ ဘဲက ကျုပ်အိမ်ရောက်တော့ မကတော့ပါလား… ဘယ်လိုဖြစ်တာလဲ…။
ခင်ဗျားက ခုနတုန်းက သေချာမှမကြည့်တာ… သံစားပွဲအောက်မှာ မီးဖိုထားရတယ်လေဗျာ…။
Saturday, June 12, 2010
Thursday, June 10, 2010
ပရိတ်သံ
**မင်္ဂလသုတ် ရတနသုတ်နဲ့
မေတ္တသုတ် ပရိတ်တော်များကို
စိတ်ပျော်ပျော်ထားပြီး ရွတ်မိတယ်…။
**သံနေသံထား စကားဝါကျ
ပီပီသသ ရွတ်ဆိုလို့
နေညိုညချမ်း ကြိုဆိုခန်းသဖွယ်
ရွှင်လန်းစွာ ရွတ်ဖတ်ရင်း
စိတ်ဓာတ်သန့်ရှင်းရေး လုပ်မိတယ်…။
**ဂါထာတွေက ပါဠိလိုဆိုတော့
မြန်မာလို အနက်အမြင်
တချက်တချက် အနက်ထင်တာလဲရှိရဲ့
ငယ်စဉ်က ကျက်ခဲ့တဲ့ ဂါထာများမို့
လျှာဖျားမှာ မထစ်မငေါ့
အဖော့အဖိ
သံစဉ် ညှိနိုင်တဲ့အတွက်
ကြားမိသူတိုင်း နားချမ်းသာ
ကြည်နူးစွာ သာဓု ခေါ်ကြတယ်…။
**မနက်လင်း ကတဲက
စိတ်တင်းမာစရာတွေ စိတ်ဆာတာတွေ
လျှာခလုတ်တိုက်ခဲ့လေသမျှ
အမှိုတွေ သန့်ရှင်းသလို
ရင်တွင်းမှာ လင်းလင်းချင်းချင်းရှိသွား
တအား တက်ခဲ့ရပါတယ်…။
**ပရိတ်တန်ခိုး ဆိုတာ
စိတ်ဆိုးတွေ မောင်းထုတ်
စိတ်ယုတ်တွေ ဖယ်ရှား
စိတ်ဓာတ်သား ကြည်လင်စေတဲ့
ဘုရားသခင်ရဲု့ မုခပါဌ်တော်တွေပါပဲ…။
**လူ့ဘ၀ တံခါး
အမှားက များများမို့
တရားတွေကင်း အမှားတွေနင်းခဲ့
အဖျင်းအညံ့တွေကို
ရှင်းသန့်ဖို့ လိုအပ်တာအမှန်
ပရိတ်သံ ပေးနိုင်မှ
စိတ်အတန် အေးမှာမို့
အဓိဌာန် ကလေးတော့ ၀င်ဦးမှပါလား…။
Wednesday, June 9, 2010
Tuesday, June 8, 2010
Tuesday, June 1, 2010
ငွေ... ငွေ.............ငွေ
ကိုယ့်ထံသို့ ငွေနည်းနည်းဝင်လာရင် နည်းနည်းပျော်သလို ငွေများများရရင် များများပျော်ပါတယ်။ အခြားတစ်ဖက်မှာတော့ ကိုယ့်ဆီကငွေတွေ အကျိုးရှိရှိ ဒါမှမဟုတ်အဖတ်တင်ပြီး ကုန်သွားရင်တော်သေးရဲ့ ပျောက်ပျက်သွားတာ ... ခိုးယူခြင်းခံရတာ.....သူများကနေ မတရားယူသွားတာတွေကြုံရရင်လေ...စိတ်ညစ်ရပါတယ်။
ရဟန်းဘ၀ဆိုတာ လူတွေထက်စိတ်ချမ်းသာမှ အမြတ်ကျန်မှာဆိုတာ သိထားသလို စိတ်ချမ်းသာမှ ရဟန်းဘ၀နေရတာ အကျိုးရှိတယ်လို့လည်း စွဲစွဲမြဲမြဲ မှတ်ယူထားခဲ့ပါတယ်။ အခုတော့ ဒီငွေကြောင့် စိတ်ညစ်ညစ်နေရတယ်။ ဒါကို ဘယ်လို ဖြေရှင်းမလဲ............
ကျွန်ုပ်အမြင်ကို တင်ပြရရင် အခုခေတ်ကြီးမှာ ကိုယ့်ကျင့်တရားက ထိပ်ဆုံးနေရမှာ အမြဲရှိနေကြောင်း လက်ခံပါတယ်။ တဖက်မှာလည်း ငွေမရှိလို့ ဘယ်လိုမှ မဖြစ်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ အလွန်လွယ်ကူသက်သာ မြန်ဆန်တဲ့ ပစ္စည်းကိရိယာတွေ ။ အသင့်သုံး အသုံးအဆောင်တွေ၊ အစားအစာတွေ နေရာထိုင်ခင်းတွေ ။ အလွန်ဇိမ်ရှိတဲ့ ဇိမ်ခံပစ္စည်းတွေ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ထင်ရှားတဲ့နေရာတွေ လှပတဲ့နေရာတွေ အဲဒါတွေအားလုံးဟာ မျက်မြင်နဲ့အစဉ်အလာအရဆိုရင် ငွေရှိမှ ရမယ် ခံစားနိုင်မယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ.......။ငယ်စဉ်အခါက ငွေရဖို့ တနည်းအားဖြင့် အသက်မွေးဝမ်းကျောင်းဖို့ ပညာ သို့မဟုတ် စီးပွားရေး မစုဆောင်း မတတ်မြောက်ခဲ့ဖူးဆိုရင် အဆင့်အတန်းမြင့်မြင့်နဲ့ ဇိမ်ခံနေသူတွေကို မော်ကြည့်နေရုံက လွဲလို့ ဘာမှမတတ်နိုင်ပါ။ပညာရေး စီးပွားရေးတွေနဲ့အခြေမခံဘဲ ဘာပဲဖြစ်ဖြစ် ငွေရဖို့ ခိုးမယ် ၀ှက်မယ် လုမယ် လိမ်မယ် ငွေရပြီးရောဆိုရင်တော့ သွားပြီ။ လုံးဝသွားပြီ ပိုပြီးနိမ့်ကျသွားပြီ။ ပိုပြီး ငွေတွေသာမက ကိုယ့်မှာ ပင်ကိုရှိရင်း ငွေရမယ့် လမ်းကြောင်းတွေပါ ပိတ်ဆို့သွားပါပြီ............။
ငွေပေါများသူအဖြစ် ကိုယ်မတတ်နိုင်တော့ပေမယ့် နောင်လာနောက်သားတွေကို ငွေကအရေးကြီးကြောင်း ငွေကိုရှာတဲ့နေရာမှာ ငွေရဖို့ ပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ ၊ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ဖို့ ငွေမရှိပါက အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်းတွေကို ကြိုတင်ပြောပြထားသင့်ပါသည်။ စွဲမြဲနေအောင် လမ်းညွန်ပေးသင့်ပါသည်။ငယ်စဉ်ကတည်းကနေ အခုလို လမ်းညွန်ထားပါမှ မျိုးဆက်သစ်တို့ နောင်အရေး စိတ်အေးရမည် ထင်ပါသည်။