Friday, December 23, 2011

ဘာပဲပြောပြော စာမေးပွဲတော့ ပြီးသွားခဲ့ပါပြီ၊အောင်တယ်ဆိုရင်တော့ မြန်မာပြည်ပြန်ဖို့ သေချာပါတယ်။တစ်နှစ်ပဲ လို့ပြောပြီး လာလိုက်တာ မမျှော်လင့်ပဲ နှစ်နှစ်ဖြစ်သွားခဲ့သည်။စာမေးပွဲအနေနဲ့ ရှုံးပေမယ့်လည်း လောကဓံတရား တွေကိုတော့ များများ စုဆောင်းမိခဲ့သည်။ လောကဓံပဲ မြန်မာပြည်မှာလည်း စုဆောင်းနိုင်တာပဲ။ ဒါမှမဟုတ် ကြုံတွေ့နိုင်တာပဲ မဟုတ်လားလို့ မေးကောင်းမေးပါလိမ့်မယ်။အဖြေကတော့ ဒီလောက်မရနိုင်ပါလို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ဒီမှာနေရတာက ကိုယ်ထူကိုယ်ထ၊ရွယ်တူ မာနတူ ပညာတူတွေချည်း။ မြန်မာပြည်မှာ နေစဉ်ကာလတုန်းက ဘာမှမဟုတ်ပေမယ့်လည်း စာသင်တိုက်တစ်ခု၏ ဆရာတစ်ယောက်အနေနဲ့ဆိုတော့ ကိုယ်နေရာ ကျောင်းဆောင်လေးရဲ့ ဆရာတစ်ယောက် အကြီးတစ်ယောက် ဖြစ်နေလေတော့ ကိုရင်တွေက လေးစားကြရသည်။ လိုအပ်ချက်ကို ဖြည့်ပေးကြရသည်။ ဘာမှ အခက်အခဲမရှိ။ စားဖို့ဆိုရင်လည်း တုံးခေါက်တာနဲ့ သွားစားလိုက်ရုံပင်။ ဘာမှ ကိုယ်တိုင် ချက်ပြုတ်နေစရာ မလို၊နေဖို့ဆိုရင်လည်း လခပေးရဖို့ အဝေးကြီး အခန်းထဲကြိုက်သလို နေလို့ရသည်။ ဒီမှာတော့ အဲဒီလို မဟုတ်တော့ စားဖို့ဆိုရင်လည်း သူလုပ်သလို ကိုယ်ပါဝင်လုပ်ရသည်။ ငွေထည့်ရသည်။ နေဖို့ဆိုရင်လည်း ကိုယ်ပိုင်နေရာ ရရင်ရ မရရင် သူများမျက်နှာကို ကြည့်နေရသည်။ တစ်ခန်းထဲ နှစ်ပါးနေရပြန်လျှင်လည်း သူများအတွက် ကိုက်ချင်ကိုက်နိုင်ပေမယ့်။ ကိုယ်က ကိုယ်မကြိုက်တဲ့ အရာမှန်သမျှကို ဟန်ဆောင်ပြီးတောင် မလိုက်တတ်၊ရေလိုက်ငါးလိုက်မလုပ်တတ်တော့ နေရတာ ခက်နေပြန်သည်။ဒါကြောင့် အပေါင်အသင်းတွေနဲ့ ခပ်ကင်းကင်းနေနေရသည်။ ဒါကြောင့် နေရာတကာ တစ်ယောက်တည်းဖြစ်နေသည်။ ဥပမာ.ဖျားရင်လည်း ဘယ်သူမှ ကူမည့်သူမရှိ။ ဆေးခန်းသွားလျှင်လည်း တစ်ပါးတည်း။ တစ်ခုခု စားချင်လို့ သွားဝယ်ရင်လည်း တစ်ပါးတည်း၊အစစ အရာရာ တစ်ပါးတည်းပဲဆိုပါတော့ အရင်ကတော့ အစစ အရာရာနှစ်ပါး ဒါမမဟုတ် လူများများနှင့် လုပ်ရမှ ကျေနပ်တတ်ခဲ့တဲ့ကိုယ်ဟာ အခုတော့ အစစအရာရာ တစ်ပါးတည်း သွားလာလှုပ်ရှား နေတတ်ခဲ့ပါပြီ။ ဘယ်သူမှ အားကိုးနေစရာမလို မော့ကြည့်နေစရာမလိုတော့ ။ဒါလည်း တစ်မျိုးကောင်းသွားသည်။ အရည်အသွေးတိုးလာသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေမိသည်။မကြိုက်နှစ်သက်တဲ့သူတွေကတော့ ဒီကောင် အထီးကျန်သမား၊အပေါင်းအသင်းနည်းတဲ့ ကောင် ဘာညာပြောနေမည်လားမသိပါ။ကိုယ်ကတော့ ကျေနပ်ပါသည်။

Sunday, October 23, 2011

ကထိန်

ဒီနေ့ကထိန်ပွဲကိုကပုန်းရပ်က သမ္မာသမ္ဗောဓိကျောင်းမှာ ကျင်းပခဲ့ပါတယ်။မြန်မာတွေ တော်တော်များများ သင်္ကန်းကပ်ကြ၊စားကြ သောက်ကြနဲ့ တော်တော်ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းလေးပါပဲ။ဒါ ပထမဆုံးအကြိမ် တွေ့ကြုံဘူးခြင်းပါပဲ။ ကထိန်ပဒေသာပင်တွေတွလည်း ကိုယ့်အရပ်သားတွေ စုဖွဲ့ပြီး လုပ်ဆောင်ကြ၊ပုံစံအမျိုးမျိုးနဲ့ ပိုက်ဆံတွေကို လှအောင် ဖန်တီးထားကြတာပါ။ နောက် ကိုယ်နဲ့သိတဲ့ ဒကာတွေကလည်း နှုတ်ဆက်ကြပါတယ်။ကောင်းကောင်းတော့ စကားမပြောဖြစ်လိုက်ပါဘူး။လူတွေ အတားရှုပ်နေတာမို့ပါ။

Sunday, October 16, 2011

ခံစားမှုလေးတစ်ခု

ဒီနေရာလေးကို လွန်ခဲ့တဲ့ ငါးလလောက်က ရောက်ခဲ့ရပါတယ်။အဲဒီတုန်းက အဓိက လူတွေဖြစ်တဲ့သူတွေနဲ့သူတို့ရဲ့ ပြောစကားတွေရယ်။ အားကိုးရာ ရှာနေကြတဲ့သူတို့မျက်ဝန်းတွေဟာ နည်းနည်းလင်းလက်နေတာတွေလည်း မြင်တွေ့ရတော့ ကိုယ်ပါဝမ်းသာခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီနေ့ကျတော့ လူတွေတအားစည်နေတဲ့ ကထိန်ပွဲမှာ အဲဒီနေရာလေးမှာ သူတို့ထဲက တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ပါတယ်။ တကယ်ဆိုသူက ရှေ့ဆုံးမှာ ရှိနေရမယ့်သူမို့ ရှေ့ဆုံးမှာ မမြင်ရလို့ နောက်နားမှာနေပြီး အလုပ်ရှုပ်နေလေမလားအတွေးနဲ့ နောက်နားက လူတွေထဲကိုလည်း ကြည့်မိနေပါသေးတယ်။ ဒါပေမယ့်မတွေ့ရပါ။လူတွေက သူ့အထွာနဲ့သူဆိုရင် တော်တော်စည်ကားနေတာပါ။ ရွှေတွေရဲ့ ဒီအချိန် ဒီကာလမှာတော့ ညီညီညွတ်ညွတ်နဲ့ ကုသိုလ်ယူနေကြတာ ၀မ်းသာစရာပါ။ ၀မ်းနည်းစရာက ပွဲပြီးတော့ ကြားရပါပြီ။ ခုနက ပျောက်နေတဲ့ လူတို့ အဖွဲ့လေးနဲ့ ကျန်အဖွဲ့တို့ ပြန်ဆက်မရအောင် အက်ကြောင်းဖြစ်နေတဲ့အကြောင်း စတဲ့စတဲ့ အကြောင်းစုံလင်ကို သိရတော့ စိတ်မကောင်းနိုင်တော့ပါဘူး။ တကယ်ဆို အနစ်နာခဲ့ကြပြီး စည်းလုံးညီညွတ်စွာနဲ့ နေနေကြတာကို မြင်ချင်နေခဲ့တာပါ။ အခုလိုကြီးကြားရ မြင်ရတော့ တကယ်ကို စိတ်မကောင်းနိုင်တော့ပါဘူးလေ။

Sunday, September 25, 2011

Friday, September 9, 2011

ပျော်ရွှင်ရတဲ့ နေ့လေးများ

အခုနောက်ပိုင်း သီရိလင်္ကာမှာနေနေတဲ့ ကိုယ်တော်တွေအတွက် ဗီဇာတိုးရတာ အခက်အခဲ အချို့ကြုံတွေ့နေကြရသည်။

အခွင့်အရေးဆိုတာ




တစ်နေ့သော်.........
ကားတစ်စီး တံတားပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်။ ကားပေါ်မှာ ကလေးငယ်တစ်ဦးရယ်၊ မိန်းမပျိုလေးတစ်ဦးရယ်၊ အဖိုးအိုရယ် ပါသွားတယ်။ ဒီအဖြစ်ပျက်ကို အနားက လူတစ်ဦးကမြင်လိုက်တယ် ချက်ခြင်းပဲ ကယ်ဆယ်ဖို့ ရေထဲခုန်ဆင်းသွားတယ်။ ကားကရေထဲကို တစ်ဖြေးဖြေး နစ်လာတော့ ကယ်မဲ့သူဟာ တစ်ဦးကိုသာ ကယ်ဖို့ခွင့်အရေးရှိတယ်။ သူကစဉ်းစားတယ် အနာဂတ်တွေ အများကြီးရှိတဲ့ ကလေးငယ်ကို ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊။ ကလေးကိုကယ်နေတုန်းမှာပဲ မိန်ကလေးတစ်ဦးရဲ့အလှပကို ရင်ခုန်မိသွားတယ်။ သူကြိုးစားခဲ့ပေမယ့် ကလေးငယ်ကိုသာကယ်နိုင်ခဲ့ တယ်။ သူအချစ်ဆုံးကို ဆုံးရှူံးလိုက်ရလို့ သူကြေကွဲစွာ ငိုကြွေးခဲ့တယ်။ ဒါကိုသိတဲ့ နတ်မင်းတစ်ပါးက အချိန်တွေကို နောက်ဆုပ်ပြီး သူကိုအခွင့်ရေးပေးလိုက်တယ်။ သူဟာ အမြန်ဆုံးပဲ သူစွဲလန်းတဲ့ မိန်ကလေးကို ကယ်လိုက်တယ်။ မိန်ကလေးက သူကိုကျေးဇူးတင်ကြောင်းပြောပြီး သူရဲ့နီးကပ်နေတဲ့ မင်္ဂလာပွဲကို ထွက်သွားခဲ့တယ်။ သူဟာ စိတ်ပျက်စွာနဲ့ပဲ အိမ်ပြန်လာခဲ့တယ်။



အိမ်ပြန်ရောက်လို့ TVဖွင့်ကြည့်တဲ့အခါ ကားရေနစ်နေကြောင်း သတင်းပါလာတယ်။ ကားထဲမှာ သေဆုံးသွားတဲ့အဖိုးအိုဟာ အလွန်ချမ်းသာတဲ့ သူဌေးကြီး တစ်ဦးဖြစ်နေတယ်။ သူဆုံးဖြတ်ချက်ကို နောင်တရသွားတယ်။ ဘာလို့လဲ ဆိုတော့ အဖိုးအိုကိုကယ်ရင် သူပိုက်ဆံအများကြီးရနိုင်တာကို။ ဒီတစ်ခါလဲ နတ်မင်းက သူကို အခွင့်ရေးပေးလိုက်ပြန်တယ်။ သူဟာ အဖိုးအိုကို မရမက ကယ်ဆယ်လိုက်တယ်။ ကမ်းပေါ်ရောက်တဲ့အခါ အလွန်အမင်း စိတ်ပျက်စွာငိုကြွေးခဲ့တယ်။ အကြောင်းရင်းကိုမေးကြည့်တော့ သူမြေးလေးကို ဆုံးရှူံးလိုက်ရလို့တဲ့၊ ဆေးရုံကိုရောက်သွားတဲ့အဖိုးအိုဟာ နှလုံးရောဂါနဲ့ပဲ သေဆုံးသွားခဲ့တယ်။ သူပိုင်သမျှကို သူသေတမ်းစာအတိုင်း သူမြေးလေးနာမည်နဲ့ လှူသွားခဲ့တယ်။ ကယ်မဲ့သူကတော့ ဘာမှမရလိုက်ဖူးပေါ့။
ချစ်ခင်လေးစားစွာဖြင့်


**မြတ်မွန်**

Saturday, September 3, 2011

ကျေးဇူးပြု၍ တံခါးခေါက်ပါ

မနေ့ကြာသပတေးနေ့က ညနေသင်တန်းသွားချိန်မှာ မိုးတွေကလည်း တစ်အားရွာသလို ဆရာမကလည်း နောက်ကျပြီး ဆင်းတော့ နည်းနည်း စိတ်ပျက်သလိုဖြစ်သွားတာက တစ်ကြောင်း၊ ဦးစန္ဒော ထောင့်ခန်းထဲရောက်လာပြီး သင်တန်းအကြောင်းပြောကြတော့ သူတို့တက်တဲ့ နေ့ခင်းပိုင်းမှာ လူနည်းတဲ့အကြောင်း လိုက်ခဲ့လို့ရတဲ့အကြောင်းပြောတာနဲ့ ပီးခဲ့တဲ့သောကြာနေ့က ဦးစန္ဒောဗောဓိတစ်ထောင်နဲ့အတူ အချိန်ပြောင်းပြီးသင်တန်းသွားတော့ ရောက်ရောက်ချင်းကိုယ်က ကောင်တာထိုင်တဲ့ ဒကာမကြီးနဲ့အချေအတင်ပြောနေတုန်း။ဦးစန္ဒောက အခန်းတစ်ခန်းထဲဝင်သွားပါတယ်။ဒကာမကြီးကလဲ သူ့ဘက်က အမှန်ဆိုတော့ လှိမ့်သာပြောနေပါတော့တယ်။ နောက်တစ်ခါဆို ကြိုတင်ပြောဖို့ပြောရင်း တက်ခွင့်ပြုပါတယ်။ကိုယ်လည်း ဆောရီးပဲပြောလိုက်ပါတယ်။ တက်လို့ရတယ်ဆိုတာနဲ့ ကိုယ်လည်း အင်လမင်ထရီ အခန်းထဲ တံခါးပိတ်ထားတာ သိပါလျှက်နဲ့ ညနေပိုင်းသင်တန်းလို ဘယ်သူမှ မရှိဘူးမှတ်ပြီး တံခါးခေါက်မနေတော့ပဲ ချက်ချင်းဖွင့်ဝင်သွားမိပါတယ်။ ဆရာမက ဟဲလိုလို့ပြောပြီး သင်တန်းသားတွေကလဲ ကြောင်ပြီး ကြည့်နေကြပါတယ်။ကိုယ်လည်း ကြောင်သွားပြီး နောက်မှ မှားမှန်းသိမှ အပြင်ပြန်လည် ထွက်သွားရပါတယ်။ တော်တော်ကို ရှက်သွားတာပဲ။ တကယ်ဆို တံခါးကို အရင်ခေါက်ပြီးမှ ၀င်သင့်တာပါ။ ဘယ်သူနေနေ တစ်ခုခုပြောချင်ရင် ကိုယ်တိုင်တံခါးကို တွန်းမဖွင့်ကြပဲ တံခါးကို အရင်ခေါက်ပြီး ၀င်ခွင့်တောင်းကြတာပါ။ဒါမှ ယဉ်ကျေးပြီး တစ်ပါးသူကလည်း ကျေနပ်မှာပါ။ အင်း သင်ခန်းစာတော့ ကောင်းကောင်းရလိုက်ပါပြီ။ ဒါပေမယ့် ဆရာမကတော့ ဘာမှ မပြောပါဘူး။ အားနာလိုက်တာ ဆရာမရယ်။

Thursday, August 25, 2011

ဘာဘာညာညာ

19/08/2011 ရက်နေ့က မတိုင်မီ ရက်တွေက ရေချိုးခန်းတော်တော်ညစ်ပတ်နေလို့ တစ်ကိုယ်တော်သန့်ရှင်းရေးလုပ်တော့ သတ္တ၀ါငယ်လေးတွေလဲ ပူလို့ထင်ပါရဲ့ အအေးဓာတ်ရှိတဲ့ ရေချိုးခန်းထဲမှာ ပြုံနေကြလေရဲ့။ ထို့အတူ တီကောင်တွေလဲ တတွဲတွဲနဲ့ ပေါများနေလေရဲ့။ကြွေတိုက်တဲ့ ဆေးနဲ့အတူ သန့်ရှင်းလိုက်လို့ အများသုံးတဲ့ ရေချိုးခန်းလေး တောက်တောက်ပြောင်ပြောင် ဖြစ်လာမှာ သေချာပေမယ့် ရေချိုးခန်းကို တကယ့် ပျော်စရာ အိုအေစစ်တစ်ခုအဖြစ် ထင်မှတ်ထားခဲ့ကြတဲ့ သတ္တ၀ါလေးတွေကတော့ ဘုံပျက်ရုံတင်မက ဘ၀တွေပါ ပျက်ကြရတာပါ။ အဲဒါတွေကို သန့်ရှင်းတဲ့ကိုယ်တော်ဖြစ်တဲ့ ကိုယ်က မသိမဟုတ်သိပါတယ်။ ဒါပေမယ့် အရင်က ရှင်ကိုလဲ ကိုယ့်ကိုကိုက်နေတာတောင် မရိုက်ရက် ။ကြမ်းပိုးကိုလည်း မသတ်ရက်ခဲ့တဲ့ တစ်ချိန်က ကိုယ်ဟာ သူများတကာ အလွယ်တကူသတ်နေတာကို ကိုယ်တိုင်မြင်တွေ့ရတာကြောင့်ရော။မလွဲမရှောင်သာ ဖြစ်လာတာတစ်ကြောင်းတို့ကြောင့် သတ္တ၀ါလေးတွေ သတ်မိနေမိပါပြီ။ အဲဒါရဲ့ အကျိုးဆက်တွေကြောင့်ပဲ ထင်ပါရဲ့လေ ငယ်ငယ်က အဖျားအနာ သိပ်မရှိလှတဲ့ကိုယ်ဟာ အခုတော့ ဖျားနာခြင်းတွေလဲ အခါမလပ်ဖြစ်ပေါ်နေခဲ့ပါပြီ။ အဲဒီနေ့ သန့်ရှင်းရေးလုပ်တော့ အင်း ငါတော့ ဒီသတ္တ၀ါတွေ သတ်လိုက်ရတဲ့အတွက် ငါတော့ အကျိုးဆက်အနေနဲ့ ဖျားတော့မှာ သေချာတယ်လို့ကိုယ့်ကိုယ်ကိုယ် ကြိုသိနေလေရဲ့။ဟော အခုတော့ တကယ်ဖျားနေပါပြီ အရင်လို ရိုးရိုးဖျားတာ မဟုတ်သလိုပဲ။ ဒီတစ်ခါဖျားတာ ခေါင်းတွေ မမူးဖူးပါဘဲနဲ့ ဘာမှလည်း မသောက်ပါဘဲနဲ့ မူးမူးဝေေ၀ ဖြစ်နေခဲ့လေတော့ ဘာကြောင့်များလဲ အတွေးတွေ ပွားမိပါတယ်။

ဖျားနာနေစဉ်ကာလမှာ သင်တန်းတော့ တက်ဖြစ်ပါသေးတယ်။ဒါပေမယ့် ဖျားနာနေသူတစ်ယောက်ရဲ့အဖြစ်ဟာ ပကတိလူကောင်းလိုတော့ လန်းဆန်းမနေနိုင်ဘူးဆိုတာ သေချာပါတယ်။အဲဒီလို မလန်းမဆန်းနဲ့ မှုန်တေတေ ဖြစ်နေလို့မို့ ဆရာမကနေ မေးလိုက်ရင် မကောင်းပါဘူးလေ မမေးပါစေနဲ့ ဆုတောင်းမိကာမှ အရင်ကနဲ့မတူ ဆရာမကလည်း ကိုယ့်ကိုမေးနေလေရဲ့။ ကိုယ့်အိပ်ယာမှာသာ ခွေခွေယိုင်ယိုင် နွမ်းနွမ်းလျလျ ဖြစ်နေခဲ့ရပေမယ့်လည်း သင်တန်းမှာ မေးလိုက်ဖြေလိုက် ပြောင်လိုက်နောက်လိုက်နဲ့ဆိုတော့ ဘယ်ကနေ လာမှန်းမသိတဲ့ ခွန်အားတွေနဲ့ တက်ကြွနေလေရဲ့။ အတန်းထဲ ဆရာမကမေးရင် ဖြေတဲ့သူတွေထဲ ကိုယ်က အများဆုံးဖြေသလို ရှိပေမယ့် အမှတ်များတဲ့သူ စာရင်းထဲမှာတော့ ကိုယ်မပါတော့ပါဘူး။

ဖျားနာနေစဉ်အတောအတွင်းမှာပဲ နောက်ထပ်မှတ်မှတ်ရရ အနေနဲ့ လုပ်ဖြစ်တာက အိမ်ကို ဖုန်းဆက်တာပါ။အရင်ဆုံး ညီမဆီဖုန်းဆက်မယ် စိတ်ကူးပေါ်နေတာ သုံးရက်လောက်ရှိပြီ။ ဒါပေမယ့် နေ့ရွှေ့ ညရွှေ့ ရွှေ့နေတာကြောင့်ရယ်။ ဖျားနေတာရယ်ကြောင့် မဆက်ဖြစ်ဘူး။ မနေ့က ၂၂-၈-၂၀၁၁ နေ့ ညနေပိုင်းမှာတော့ ဆက်ဖြစ်သွားပါတယ်။ ဒါပေမယ့် ညီမက အဖေနေမကောင်းလို့ ရွာပြန်သွားတဲ့အကြောင်း အကြောင်းပြန်တာကြောင့် ချက်ချင်းပဲ ရွာကို ဖုန်းဆက်ရပါတယ်။ညီမဖြစ်သူကို ခေါ်ခိုင်းတော့ သူက ပြန်သွားပြီဖြစ်တဲ့အကြောင်း အခုဖုန်းလာကိုင်တာ အမဖြစ်တဲ့အကြောင်းပြောပါတယ်။ သူပြောတာက ချွေးငုပ်ပြီးဖျားနေတာ သုံးလေးရက်လောက် ရှိပြီ ဖြစ်တဲ့အကြောင်း အခုတော့ သက်သာနေပြီ ဖြစ်တဲ့အကြောင်း အမဖြစ်သူနဲ့ ပြောဖြစ်ပါတယ်။

နောက်နေ့ဖြစ်တဲ့ ဒီနေ့23-08-2011 မှာတော့ အမထက် လည်လည်ဝယ်ဝယ်ရှိတဲ့ ညီမဆီကို ဖုန်းဆက်ကြည့်တော့ တုတ်ကြီးတို့ ဆွမ်းကျွေးက အပြန် ရေချိုးမှားတာ အခုဆရာမင်းမင်းနဲ့ ကုတာ သက်သက်သာသာဖြစ်နေပြီ ဖြစ်တဲ့အကြောင်း ၊လေးခင်တုတ်တို့ အိမ်နားမှာ အိမ်ဝိုင်းလည်း တစ်သိန်းခွဲနဲ့ ၀ယ်ထားတဲ့အကြောင်း ပြန်လာရင် လာကြိုမလို့ ကြိုပြောအုံး စသဖြင့် ညီမက ဖြစ်ကြောင်းစုံလင်ကို ပြောပြပါတယ်။

ဖျားနာခြင်းနဲ့အတူ နောက်တစ်ခု ဖျားသွားတာကတော့ ပိုက်ဆံပါ။ဖျားနေတော့ ဘာမှ မစားချင်။တနင်္ဂနွေနေ့က ဆေးခန်းသွားထားတော့ ဆေးသောက်ရဦးမည်။ အစာရှိမှ ဖြစ်မယ်။ဒါနဲ့ အသင့်ဖျော်စား ခေါက်ဆွဲထုတ် နှစ်ထုတ် ၀ယ်။ အဲဒါတွေစားရတာ နည်းနည်း စိတ်မပါတော့လို့ ကိုယ်ကိုယ်တိုင်ပဲ သရီးဝှီးနဲ့ Food city သွား စွတ်ပြုတ်ထုတ် နှစ်ထုတ်ဝယ်၊ ရေနွေးနဲ့ဖျော်ရတဲ့ ခေါက်ဆွဲပုံစံအထုတ်မျိုး တစ်ထုတ်ရယ် ၀ယ်ရပါတယ်။ဒီနေ့လည်း စွတ်ပြုတ်ထုတ် နှစ်ထုတ် ၊အသင့်ဖျော် ခေါက်ဆွဲ တစ်ထုတ် ကိတ်မုန့်တစ်ထုတ်၊၀ယ်ရပါသေးတယ်။ နောက်သင်တန်းသွားတော့ အရင်လို လမ်းလျောက်ချင်စိတ်မရှိတာနဲ့ ကားဂိတ်ဆီ သရီးဝှိးငှားခ အပြန်သရီးဝှီးခ စသဖြင့် လူဖျားလိုက်တာနဲ့ ပိုက်ဆံတွေပါ လိုက်ဖျားကုန်တော့သည်။ကူကယ်ရာ မရှိတဲ့ နေရာဒေသမှာ ကိုယ်ထူကိုယ်ထ ဘ၀တွေထဲက အစိတ်အပိုင်းလေး တစ်ခုပါ။

မနေ့က ဆရာမက အတန်ထဲမှာ Guess game လုပ်တော့ ရှေ့ကနေ အမူအရာအမျိုးမျိုးလုပ်ပြသည်။ ငိုလိုက်ရယ်လိုက်အော်လိုက်နဲ့ နောက်တော့ တူမယောင်ရှိတဲ့ စကားလုံးတစ်တွဲစီ အသံထွက်တွေ လိုက်ဆိုခိုင်းတော့ကိုယ်က ဆရာမက ရှေ့ကနေ အော အာ အော အာ ဆိုပြီး ထပ်ကာဆိုနေတော့ ကိုယ်ကလည်း နောက်ကနေ အော အာ အော အာ နဲ့ လိုက်ဆိုမိပါတယ်။ ဒါပေမယ့် ဒီအသံတွေက ကြားရသူအဖို့ တစ်မျိုးကြီးဆိုတာ သိပါတယ်။ ဒါပေမယ့် ဆရာမက အဓိပ္ပါယ် တစ်မျိုးပေါက်သွားပြီး ကိုယ့်ကို ဘာတွေလျောက်ဆိုနေတာလဲ ဆိုတဲ့အကြည့်နဲ့ ကြည့်ပါလေရော….. အားနာလိုက်တာ ဆရာမရယ်။ ဒါပေမယ့် ဒီနေ့အဖို့မှာ ဆရမကို အမူအရာများစွာနဲ့ မြင်ရတဲ့ နေ့လို့ သတ်မှတ်လိုက်ပါတော့မယ်။

25-8-2011 နေ့ဆွမ်းစားပြီးတော့ ဘာဘာသရီးဝှီးနဲ့ အတူ ဘောရဲလားက Lady ရှော့ပင်းမောကြီးသို့ အနွေးထည် အ၀တ်အစားများ သွားဝယ်ရသည်။ အခုမှ အဖျားပျောက်တော့မလိုလိုရှိသေးတယ်။ မနေ့ညက အိပ်မပျော်ပဲ အေးသလိုလို ဖြစ်နေတာနဲ့ အရင်ဝတ်နေကျ အင်္ကျီတွေကလည်း စိုနေလို့ အံသကိုက်လေးနဲ့အိပ်တာ တော်တော်အေးနေသည်။ ဒါကြောင့် ခေါင်းရင်းမှာထားတဲ့ သူများအင်္ကျီကို ကောက်ဝတ်မိသည်။ ဒါပေမယ့် အခုတလေ ဘယ်လိုဖြစ်နေတယ်မသိ။ သူများဥစ္စာဆိုရင် ဘယ်လိုနည်းနဲ့ယူဖို့ သုံးစွဲဖို့ စိတ်ကူးမရှိတော့။ဒါကြောင့်လည်း ကိုယ်ကွန်ပြူတာတင်နေကျ ဖန်လေးဟာ မရှိတော့ ပိုင်ရှင်ပြန်ယူသွားတော့ အရင်ကိုယ်တော်ခဏပေးထားတာ ယူသုံးရင်ကောင်းလေမလား။ ဒီအတိုင်းမှေးသုံးရင် ကောင်းမလား စဉ်းစားနေစဉ်မှာပဲ သူများဥစ္စာကို ဘယ်လိုနည်းနဲ့မှ သုံးချင်စိတ်မရှိတော့တာနဲ့ ဒီကနေ့ ဘယ်သူ့ကိုမှ အဖော်ညှိမနေတော့ပဲ ဘာဘာသရီးဝှီးနဲ့ ငွေသောက်သောက်လဲ အကုန်ခံကာ သွားဖြစ်တာပါ။ဘောင်းဘီနဲ့ အင်္ကျီကတင် ရူပီး နှစ်ထောင်ကျော်ကုန်သည်။ဖန်က ရူပီး ခြောက်ရာ။ သရီးဝှီးခကလဲ ခြောက်ရာ။ ကျန်တာက ဆေးရောင်ခြယ် ဟိုက်လိုက်ဘောပင်နဲ့ တစ်ရှုးထုတ်။

မတတ်နိုင် ကျန်းမာရေးအတွက် ဒီလောက်တော့ ကုန်ကျရမှာပေါ့လေ။ ဖျားမှ နာမှဆိုရင် ပိုဆိုးနေလိမ့်မယ်။

Thursday, August 18, 2011

ကဲ တွေးကြည့် ရအောင်နော်

ငါတို့တစ်တွေဟာ နောက်နှစ်ပေါင်း ၆၀ လောက်ကျရင်။ သက်တမ်းတွေ ကုန်ဆုံးခဲ့ရင် ဘယ်သင်္ချိုင်းမှာ သို့မဟုတ်ဘယ်ဘုံဘ၀မှာ ရောက်နေကြလိမ့်မလဲ။ အသက်ရှင်နေသေးရင်တောင် အခုလို မာနတွေပြိုင်ကာ အလှအပတွေ မက်မောနေတာ ရသမျှလိုချင်နေတာ၊ နေရတကာမှာ ထောင်ထောင်လုပ်ချင်နေတာ စတာတွေ နဲ့ ပြောင်းပြန် သူများထူမှ ထရမယ့်၊ သူများကျွေးမှ စားရမယ့် အခြေအနေမျိုး ဖြစ်နေမှာ သေချာပါတယ်။ လောကကြီးမှာ ရှိတဲ့ အစားကောင်း အ၀တ်ကောင်းဆိုတာတွေက ကိုယ်နဲ့ ဘာမှမဆိုင်တော့သလို ဖြစ်သွားတော့မှာ သေချာပါတယ်။ အဲဒါကြောင့်မို့ အခုကတည်းက လုပ်သင့်တာတွေ ကြိုလုပ်ထားကြတာ အကောင်းဆုံးပါပဲနော်။ တွေးကြည့်လိုက်တော့လဲ ကြောက်စရာကြီးပါလားနော်။ ။ ။

Wednesday, August 17, 2011

Who move my cheese or place?

ဒီပုံပြင်လေးက စီးပွားရေးသမားတွေအတွက်ရည်ရွယ်ထားတာပါ။ ဒါပေမယ့် အခုခါမှာတော့ နေရာတိုင်းနဲ့သက်ဆိုင်သလိုဖြစ်နေပါပြီ။ ဝေးဝေးမကြည့်ပါနဲ့ အခု ကိုယ့်အဖြစ်ကို ကြည့်ကြည့်လိုက်လေ။ဘာပဲပြောပြော မနှစ်ကတော့ ကိုယ့်နေရာနဲ့ကိုယ်ဟုတ်လို့။အဲဒီလို ဟုတ်ပေမယ့်လည်း အင်တာနက်က မသုံးမနေရပုံစံမျိုးဖြစ်နေတာကြောင့် အင်တာနက်ထဲမှပဲ မျောပြီး အဓိကလုပ်ရမယ့်ဟာတွေ လွတ်ကုန်တာက တစ်ကြောင်း၊ ဒါနေးတွေ အသုဘတွေက ခဏခဏလာခေါ်ပြီး ကုလားစိတ်တိုင်းကျကြီး နေနေရတာတွေကြောင့် စိတ်ညစ်တာက တစ်ဖုံ။ နေရတဲ့ ကျောင်းခန်းလေးက ကျဉ်းပြီး မိုးမလုံတာက တစ်မျိုး စတာတွေကြောင့် ဘာပဲဖြစ်ဖြစ် ဒီကုလားကျောင်းကိုတော့ ငါမနေတော့ဘူးဆိုပြီး ကျောခိုင်းကာ စွန့်ခွါရစ်ခဲ့ပါတယ်။ အဲဒီလို ပုံသေနေရာရှိတဲ့ ကျောင်းကို စွန့်ခွါခဲ့ပေမယ့် နောက်နေရမယ့် ကျောင်းကတော့ အတိအကျ မရှိ၊ သေချာရေရာမှုမရှိခဲ့ပါဘူး။ ဒါနဲ့ သူများကုလားကျောင်းမှာ ခဏကပ်နေခဲ့မိပါတယ်။ ဒီလိုနဲ့ ၀ါဆိုနားနီးလာတော့ ကုလားကျောင်းတစ်ကျောင်း နေဖို့ ကုလားကျောင်း လိုက်လျောက်ပေးနေတဲ့သူတွေကို စာရင်းပေးထားခဲ့ပြီး နေရမယ်လို့လဲ ပြောပြီးခါကျမှ ကံဆိုးချင်လို့နဲ့တူပါရဲ့ ကမ္ဘောဒီးယားနှစ်ပါးက အဲဒီကျောင်းကို ဖြတ်ခုတ်သွားလေရဲ့။ ဒါကြောင့် လက်လျော့လိုက်ရပြီး လောလောဆယ်နေနေတဲ့ ကုလားကျောင်းမှာ နေခွင့်ရသလောက်လေး နေမယ်စိတ်ကူးပြီး နေနေစဉ်မှာပဲ ဖယ်ပေးပါ အသိပေးလျောက်ထားအပ်ပါတယ်။ဘာညာကွိကွ စသဖြင့် နှင်ထုတ်ခဲ့လေတော့ ထွက်ပေးလိုက်ရပါတယ်။ အဲဒီကုလားကျောင်းကလဲ စာလုပ်မယ်ဆို လုပ်လို့ကောင်းတဲ့ ကျောင်းတစ်ကျောင်းပါပဲ။ ဒါပေမယ့် အင်တာနက်ဖြတ်မယ် ဆုံးဖြတ်ထားကာမှ ဖြစ်ချင်တော့ အင်တာနက် လိုင်းတစ်လိုင်းက ကိုယ့်ကွန်ပြူတာကို လာမိနေလေရဲ့။အင်တာနက်မိတော့လဲ သတင်းကြည့်လိုက် ချက်တင်ထိုင်လိုက်နဲ့ စာမလုပ်ဖြစ်ဘူးပဲ ဆိုပါတော့။ အဲဒီကုလားကျောင်းကထွက်ပြီး ကုလားကျောင်းတွေ ပတ်လျောက်ကြည့်ပါသေးတယ်။ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ နောက်ဆုံးလက်နက်အနေနဲ့ ကိုယ့်သူငယ်ချင်းကျောင်းကို သွားလျောက်တော့ နောက်တစ်ပတ်လာခဲ့ပါခေါ်ပါတယ်။ အဲဒီလို တစ်ပတ်စောင့်နေစဉ်အတွင်းမှာပဲ ကိုယ့်တို့ထောင့်ခန်းက ဦးဥာဏိန်က အခန်းရပြီး သူက သူ့နေရာမှာနေလို့ ပြောတာကြောင့် ကဲကွာ ကုလားကျောင်းပြောင်းမနေတော့ဘူး။ကုလားကျောင်းက ကုလားစော်က နံသေး။နောက် သူ့အချိန်နဲ့သူ ကန့်သတ်ချက်နေတွ ရှိနေအုံးမှာ။ ဒီမှာနေတာပဲ အေးတယ်ဆိုပြီးနေနေတာ တကယ်စာလုပ်ဖြစ်သွားပါတော့တယ်။ ဘုရာခန်းထဲ စာကျက် တစ်ခါတလေ ဘုရားခန်းထဲမှာပဲ အိပ်၊သင်တန်းချိန် သင်တန်းသွားနဲ့ အခုမှပဲ ဘ၀က ပြေလည်သယောင်ယောင်ဖြစ်ခဲ့ပါတော့တယ်။
ဒါတွေကတော့ ပြောရမယ်ဆိုရင် ဒိန်ခဲအရွှေ့ခံလိုက်ရတဲ့ကြွက်လို ဘ၀ အကွေ့အကောက် အခက်အခဲများစွာကို ဖြတ်ကျော်ပြီးကာမှ အခုလိုပြေလည်မှုမျိုးကို ရလိုက်ရတာပါ။ ဒါဆို ငါ့လိုဒိန်ခဲကို ရွှေ့တဲ့သူဟာ ဘယ်သူပါလဲ...........။ ကျေးဇူးတင်လိုက်တာဗျာ.............။ ။

ဟဲ့ မက်ဆီ…ဟဲ့ ဖာဘရီဂက်စ်…အိုး ရက်စ် ရက်စ် … သို့မဟုတ် တပ်ဖွဲ့ဝင်သစ် ဖာဘရီဂက်စ်အတွက် မက်ဆီရဲ့ လက်ဆောင် စပိန်စူပါဖလား


မင်္ဂလာပါခင်ဗျား။ အားလုံးသိကြတဲ့အတိုင်း မြန်မာစံတော်ချိန်အားဖြင့် ဒီနေ့ မနက် (၃း၃၀ နာရီမှာ ကစားခဲ့ကြတဲ့ စပိန် စူပါဖလားပွဲမှာ စပိန်လာလီဂါက ထိပ်သီး ၂ သင်းဖြစ်တဲ့ (ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်) တို့ဟာ သူနိုင်ကိုယ်နိုင် စီးချင်း ထိုးခဲ့ကြပါတယ်။ အဲ…ပွဲရဲ့ အဖြေကတော့ ဘာစီလိုနာ ၃ ဂိုး - ရီးရဲမက်ဒရစ် ၂ ဂိုး ဖြစ်ပါတယ်။

ဘာစီလိုနာအတွက်တော့ အခုနှစ်တွေမှာ ကိုင်မိသမျှ ရွှေဖြစ်ပြီး၊ ကန်ခဲ့သမျှလည်း ဖလားဖြစ်အောင်လုပ်နိုင်တဲ့ “ဂွါဒီယို လာ” လို နည်းပြမျိုးရှိနေတာရယ်၊ ဘောလုံးရစ်သမ်မိနေကြတဲ့ (ဇာဗီ၊ အင်နီယေစတာ၊ မာရှေယာနို၊ မက်ဆီ) စတဲ့ ပလေယာကောင်းတွေကို ပိုင်သထားတာရယ်၊ အလုပ်ကောင်းကောင်းလုပ်သူတို့အတွက် တဆက်တစပ်တည်းရရှိအပ် တဲ့ ကံကောင်းလက်ဆောင်ကို လက်ဝယ်ပိုင်ပိုင် ရရှိကြတာရယ်အပြင် အခြားသော အကြောင်းတရားကောင်းကောင်း တွေကြောင့် နောက်ထပ်ဖလားတလုံးဖြစ်တဲ့ စပိန်စူပါဖလားကို ရသွားပြန်ပါပြီ။ ဒ်ီဖလားဟာ ဘာစီလိုနာက အခြားက စားသမားတွေထက်ကို အာဆင်နယ်မှာ (၆) နှစ်ကြာ အချိန်ဖြုန်းပြီး ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ “ဖာဘရီဂက်စ်” လို ဘာစီ လိုနာတပ်ဖွဲ့ဝင်သစ်အတွက်တော့ စိန်ပေါ်မှာပတ္တမြားအနားကွပ်သလို ဆွတ်ပျံ့ကြည်နူးလိုက်မယ်ဖြစ်ခြင်း။ (ဟုတ်ပါ့ဗျာ ….မြန်မာ-အိုမန်ဘောလုံးပွဲကို ကြည့်ရသလိုမျိုး။ ဇော်ဇော်တို့ကို ပရိသတ်ကမေတ္တာမိုးရွာသလိုမျိုး ဆွတ်ပျံ့ကြည်နူး လိုက်တာဗျာ ) တလက်စတည်းပြောရအုံးမယ်။ “ဖာဘရီဂက်စ်” ဆိုတာက ဘာစီလိုနာ လူငယ်အကယ်ဒမီကျောင်း ထွက် ငယ်မွေးခြံပေါက် ဖြစ်ခဲ့ပြီးမှ အသက် ၁၇ နှစ်လောက်မှာ ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းကို နည်းပြ အာဆင်ဝင်းဂါးက ခေါ်ယူလို့ ရောက်ရှိသွားသူမဟုတ်လား။


ဒီနေ့ပွဲမှာ ဘာစီလိုနာတပ်ဖွဲ့အတွက်ကော အာဆင်နယ်မှော်ရုံတောက တောပြောင်းလာတဲ့ နယူးတိုက်ဂါး “ဖာဘရီ ဂက်စ်” အတွက်ပါ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီကနေ ရယူပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင် ကတော့ ဟောဒီ စပိန်စူပါဖလားပါပဲ။ ဟုတ်တယ်လေဗျာ။ ဒီပွဲမှာ အရေးပါဆုံး ဒုတိယဂိုးနဲ့ ပွဲသိမ်း (နိဂုံးချုပ်) တတိယ ဂိုးကို သွင်းပေးလိုက်သူက မက်ဆီမှ မက်ဆီပါပဲဗျာ။ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးမှာသာ ခြေစွမ်းမပြနိုင်တာ ရှိရမယ်၊ ဘာစီလိုနာ ကလပ်အသင်းမှာတော့ တကယ့်ကိုဘောလုံးမှော်ဝင်နေသူပါပဲ။ မက်ဆီ ဘောလုံးမှော်ဝင်နိုင်အောင်လည်း ဘောလုံးပဉ္စလက်ဆရာလေးတွေဖြစ်တဲ့ ဇာဗီတို့၊ အင်နီယေစတာတို့က ၀န်းရံပံ့ပိုး နေတာမဟုတ်လား


အာဂျင်တီးနား အသင်းကြီးမှာက ဇာဗီတို့၊ အင်နီယေစတာတို့လို အစွမ်းရှိတဲ့ ကွင်းလယ် ဗိုလ်ချုပ် တွေ တယောက်တလေမှ ရှိမနေတော့ကာ မက်ဆီမှာ အာဂျင်တီးနား အသင်းအတွက် လူပိုသက်သက်ဖြစ်နေရတာ ပေါ့ဗျာ။


ကဲ…ဒီနေ့ပွဲမှာတော့ စပိန်စူပါဖလား ရသွားတဲ့ နိုင်သူ (ဘာစီလိုနာ) ကတော့ ပြုံးလို့ပျော်လို့ မော်လို့ဖြစ်နေချိန် မှာ တဘက်က ပြိုင်ဘက်ဖြစ်တဲ့ ရှုံးသူ (ရီးယဲလ်မက်ဒရစ်) ကတော့ အနီကဒ်နှစ်ကဒ် အပြခံလိုက်ရတယ်ဗျို့။ ရီးယဲလ် မက်ဒရစ်က နောက်ခံလူ မာဆယ်လိုကို ပွဲပြီးခါနီးမှာ အဖျက်ကြမ်းလို့ အနီကဒ်ပြပြီး ဒိုင်လူကြီးက ကွင်းထဲက ထွက်ခိုင်း တာကို ကွင်းအပြင် ထိုင်နေတဲ့ ရီးယဲလ်ကွင်းလယ်ကစားသမား အိုဇေးက ဒိုင်လူကြီးအပေါ် စောဒကတက်တာများ သွားတာကြောင့် သူလည်း အနီကဒ်အပြခံလိုက်ရတာဖြစ်ပါတယ်။

ဒီကနေ့ပွဲမှာ ဖာဘရီဂက်စ်ဟာ ဒုတိယပိုင်းမှာမှ လူစားလဲ ၀င်ကစားတာဖြစ်ပေမယ့် အရှင်မွေးတော့နေ့ချင်းကြီးဆိုသ လိုမျိုး။ ရာဇပလ္လင် ဖင်ကပ်ပါလာသလိုမျိုး စသဖြင့် ချန်ပီယံ ကျိန်းသေ ဖြစ်နိုင်တဲ့ ဘာစီလိုနာလို အသင်းမျိုးကို အခုမှ တောပြောင်းတာမဟုတ်ပဲ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်ကသာ ပြောင်းလာခဲ့ရင် အခုလောက်ဆို သူကိုင်မြှောက်ချင် တဲ့ ဆုဖလား (၃၊ ၄) လုံးလောက် ကိုင်မြှောက်နေရပြီပေါ့ဗျာ။ ငွေကြေး သုံးစွဲတဲ့နေရာမှာ ပြင်သစ်လူမျိုးဖြစ်ပါလျက်နဲ့
ကမ္ဘာပေါ်မှာ ကပ်စေးအနည်းဆုံး လူမျိုးတွေလို့ ကမ္ဘာကသတ်မှတ်ထားတဲ့ စကော့တလန်လူမျိုးနဲ့ အိန္ဒိယနိုင်ငံက ချစ်တီးကုလားတွေကတောင် ကပ်စေးဘိုးအေကြီးလို့ ခေါ်လည်းခေါ်။ အလေးလည်းပြုရတဲ့ အာဆင်နယ်နည်းပြ “အာဆင်ဝင်းဂါး” ဖာဘရီဂက်စ်ကို ဘာစီလိုနာလူငယ်အကယ်ဒမီ သင်တန်းကျောင်းကနေ အသက် ၁၇ နှစ် အရွယ်မှာ ခေါ်သွားခဲ့တာကိုရော။ ဖာဘရီဂက်စ်ဟာ အာဆင်နယ်အသင်းမှာ ၆ နှစ်လုံးလုံး ဘာဖလားမှ မရဘဲ အချိန်ကုန်ခဲ့ရတာ တွေကို ဒီနေရာမှာ သံဝေဂရစရာရှိပါတယ်။ ဒါပေမယ့်လည်း ၆ နှစ် လုံးလုံး အင်္ဂလန်မြေမှာ အချိန်သုံးခဲ့ရတဲ့ ဖာဘရီ ဂက်စ်အတွက် အမှန်တကယ်ပဲ အချိန်ဖြုန်းရာရောက်ခဲ့ပါသလား။ အခုဆိုရင် ဘာစီလိုနာအသင်းအတွက်သာမက စပိန်အသင်းကြီးအတွက်ပါ ကွင်းလယ်ကစားသမား တနေရာကို ရရှိထားတဲ့ ဖာဘရီဂက်စ်ဟာ အင်္ဂလန်အသင်းကို အနီးကပ်လေ့လာခွင့် ရခဲ့တဲ့ စပိန်အသင်းကြီးရဲ့ မြေအောင်းပွေးတကောင်လိုမျိုး မြှုပ်နှံမှုကောင်းခဲ့သူတဦးအနေနဲ့ရော ကျနော်တို့ စဉ်းစားဖို့ မလိုပေဘူးလား။

ကဲ…မိတ်ဆွေတို့ရေ….အားကစားပွဲတွေကို ကြည့်ရှုသူပရိသတ်တွေရဲ့ နိယာမအတိုင်း ဆိုရရင် အနိုင်ရယူသူကိုသာ နည်းလမ်းပေါင်းစုံနဲ့ ချီးကျူးကြ။ ဂုဏ်ပြုကြ။ အမွှန်းတင်ကြတာမဆန်းပါဘူး။ ဒီနေ့ မနက်စောစောမှာ အဆက်ချော ချော (မိုးဟေကိုက တမျိုး။ မာရီယာရှရာပိုဗာက တဖုံ။ အင်ဂျလီနာဂျိုလီက တနည်း။) မပြီးနိုင်။ မစီးနိုင်သော အတွေး များစွာတို့နဲ့ …...ဟဲ့ မက်ဆီ…ဟဲ့ ဖာဘရီဂက်စ်...အိုး ရက်စ် ရက်စ်……။

ကိုယ်ဟာ မာနမင်းသားပါ။

ငယ်ငယ်တုန်းက နှစ်တန်းကျောင်းသားဘ၀ကစပြီး လေးတန်းကျောင်းသားအထိ ဆရာမတွေနဲ့ လက်ပွန်းတတီးနေပြီး စာသင်ခဲ့ရဘူးပါတယ်။ နှစ်တန်းကျောင်းသားဘ၀က သင်တဲ့ဆရာမကတော့ အလှအပပဲဦးစားပေးပြီး စာသင်တာသိပ်မဟုတ်သလို ကိုယ်ကိုလဲ အရေးမလုပ်ပါ။နောက်ပြီး တောင်ကျောင်းနဲ့ ကိုယ်နေတဲ့ အနောက်ကျောင်းဆိုပြီး နှစ်ကျောင်းရှိတဲ့အထဲ ဆရာမက တောင်ဘက်ကျောင်းကိုပဲ အသွားများ တောင်ဘက်ကျောင်းကလည်း ကျွေးမွေးလေတော့ ကိုယ်တို့ကျောင်းကောင်းကြောင်းကို တစ်ခါမှ မပြောရုံမက အနောက်ကျောင်းက စောက်သုံးမကျဘူးလို့လဲ ပြောပါသေးတယ်။ သုံးတန်းရောက်တော့ အသစ်ထပ်ရောက်လာတဲ့ ဆရာမခင်မျိုးအေးကနေ ကိုယ်တက်နေတဲ့ သုံးတန်းကို သင်ပါတယ်။စာသင်တာလဲကောင်း နောက် ကိုယ့်ကိုလဲ ကျန်တဲ့ကျောင်းသားတွေထက် အရေးပေးလေတော့ စာသင်ရတာ သိပ်ပျော်ဖို့ကောင်းပါတယ်။လေးတန်းရောက်ပြန်တော့လဲ နောက်ထပ် အသစ်ဆရာမတစ်ယောက်တိုးပြီး၊ ဆရာကြီး သင်ရမယ့်အတန်းဖြစ်ပေမယ့် သူက စီပွားရေးတပိုင်းဖြစ်နေလို့ ကျောင်းသိပ်မလာတော့ ဆရာမခင်မျိုးအေးကပဲ လာသင်ပေးပြန်ပါတယ်။ဆရာမသုံးယောက်ဖြစ်သွားပြီး သူတို့က လေးတန်းစာသင်ခန်းထဲလာပြီး ကျောင်းသားတွေနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် စာသင်ပြပေးတော့ သိပ်ပျော်ဖို့ကောင်းတာပဲ။ အဲဒီတုန်းကပေါ့လေ။ အခုလဲ..........။ ကိုယ်တက်နေတဲ့ အင်္ဂလိပ်သင်တန်းမှာ ဆရာမ သင်ပြပေးတာပါ။ ဆရာမက စာသင်တော်သလို စိတ်လဲရှည်ပါတယ်။ငယ်ငယ်တုန်းက ကိုယ့်ထက် အသက်များစွာကြီးတဲ့ ဆရာမတွေလိုမဟုတ်တော့ပဲ အသက် ၂၈ နှစ်သာရှိသေးတော့ ကိုယ့်ညီမအရွယ်ပါ။ အဲဒီဆရာမက စာတွေမေးတဲ့အခါ ၊ သင်ပြတဲ့ အကြောင်းအရာထဲက နမူနာကို ဆိုခိုင်းတဲ့အခါမှာ ကိုယ်မှ တစ်ပါး ကျန်တဲ့သူတွေ အကုန်နီးပါးလိုလိုက ဆိုဖူးကြပါတယ်။ ဒါပေမယ့် ကိုယ်တစ်ပါးတည်းပဲ ကွက်ပြီးကျန်နေခဲ့တာပါ။တမင်ကလာများ လုပ်လေရော့သလား အောက်မေ့ရပါတယ်။ ကိုယ်ကလည်း အတန်းတွေထဲမှာ ဘာမှသာမဟုတ်တာ လူစွာလုပ်တတ်တဲ့ အကျင့်က ပါနေလေတော့ အခုလို ဘာမှ မပြောမဆိုနဲ့ နေနေရတော့ တော်တော်အောင့်တာပေါ့လေ။မနေ့ကပဲ မှတ်မှတ်ရရ ၁၆-၈-၂၀၁၁ ညနေသင်တန်းမှာ အတိတ်ဝါကျတွေ အကြောင်းပြောတော့ အကုန်ထခိုင်းပြီးအတိတ်ဝါကျ မေးခွန်းမေးမယ် ဖြေနိုင်တဲ့သူထိုင် မဖြေနိုင်တဲ့သူ ရပ်နေဆိုပြီးလုပ်ပါတယ်။ အဲဒီအခါမှာ သုံးပုံးတစ်ပုံလောက်မေးပြီး ကိုယ့်အလှည့်ကိုရောက်လို့ ကိုယ့်နာမည်ကိုခေါ်တော့ ကိုယ်က ခပ်တည်တည်နဲ့ ဆရာမကိုလည်းမကြည့် ကျန်တဲ့သူတွေကိုလဲ မကြည့်ပဲ ကိုယ့်ကို မခေါ်တာလိုလိုနဲ့ ခပ်တည်တည်ပဲနေနေပါတယ်။ အဲဒီအခါ ဆရာမက အရိယ အတန်းထဲပါတယ်မလားဆိုပြီး သင်တန်းသားစာရင်းစာရွက်ကို သွားကြည့်ပါတယ်။ ပါပါတယ်။ အရိယလို့ နောက်တစ်ခါခေါ်တော့မှပဲ ထူးလိုက်မိပါတယ်။ ကိုယ်က သိသိကြီးနဲ့ နေနေတာပါ။တစ်နည်းအားဖြင့် အရွဲ့တိုက်တဲ့ သဘောပါ။အရင်အခါတွေတုန်းက ကိုယ့်နာမည်ကို မခေါ်ရကောင်းလားဆိုပြီး တမင်မှတ်မိအောင် လုပ်ပစ်လိုက်တာပါ။တော်ပါသေးရဲ့ ကလေးဘ၀တုန်းကလိုသာဆိုရင်တော့ စာချဘုန်းကြီး လက်စာ ဒုတ်စာမိမှာသေချာတယ်။ အခုတော့ ဆရာမက သူ့အမှားလိုတောင် ထင်သွားသေးတယ်။ စာရင်းစာရွက်ကို တစ်ခါပြန်ကြည့်ရတာလေ။အဲဒီအခါကိုယ်လည်း အမျိုးအမည်မသိတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်မိလေရဲ့။ နောက်နေ့ ဖြစ်တဲ့ ဒီနေ့ကျတော့ နှိုင်းယှဉ်ဝါကျအကြောင်းသင်တဲ့အခါ အဲဒီစာကို ပထမဦးဆုံးဆိုခိုင်းခံရတဲ့သူဟာ ကိုယ်ဖြစ်သွားပါတော့တယ်။
တစ်ခါတလေကျတော့လဲ ဆရာ Nကြယ်မင်း စာသားလို နားမလည်တတ်တဲ့ နှလုံးသားကို ဂရုမစိုက်ခြင်း လက်သီးတွေနဲ့ ထိုးပစ်ရတယ် တဲ့။

Friday, August 12, 2011

ရှု့စားပေးပါအုံး...

သူများကင်မရာနဲ့ လျောက်ရိုက်ထားတဲ့ ပုံတွေကို ဗွီဒီယိုဖိုင် စမ်းလုပ်ရမ်းလုပ်ထားတာပါ။

Thursday, August 11, 2011

သင်ခဲ့ဘူးပါတယ်။ ပါဠိအက်ဆေးတစ်ခုမှာပေါ့။ လူအများစုဟာ ချေးယိုချင်မှ ချေးတွင်းရှာကြတယ်။ရောဂါဖြစ်မှ ဆေးကို ရှာကြတယ်။မိုးယိုမှ အမိုးဖာရမှန်း သိကြတယ်တဲ့။ အဲဒီလိုပါပဲ ဒုက္ခ သုက္ခတွေ ရောက်တော့မှ စိတ်ညစ်စရာတွေ ကျရှုံးမှုတွေ ကြုံတော့မှ ပရိတ်ရွတ်ရကောင်းမှန်း ပဋ္ဌာန်းရွတ်ရကောင်းမှန်း သိကြတဲ့ ငါတို့တွေကရော ဘယ်လိုလူစားမျိုးတွေလဲ စဉ်းစားဖို့တော့ ကောင်းလှပါတယ်။

Sunday, August 7, 2011

upset ဖြစ်လေတိုင်း အဲဒါဘ၀လို့ အလွယ်တကူမပြောလိုက်ပါနဲ့။

ဘ၀ ဘ၀ နဲ့ ဘလာ့ပေါ်တွေမှာရော ကိုယ်ဘေးပတ်ဝန်းကျင်ကပါ ပြောပြောနေကျတော့ မြင်ပြင်းကပ်လှပါတယ်။ ဒီတော့ သူတို့ကို ပြောလိုက်ချင်တာက တကယ်တော့ အဆင်ပြေမှု မပြေမှုဆိုတာက အကြောင်းရှိလို့ အကျိုးရှိလာမဟုတ်လား။ အဲဒါကို ဘာလို့ မသိချင်ဟန်ဆောင်တာလား။ မေ့နေတာလား။ ဆရာအောင်သင်းပြောသလို လူတွေဟာ ကိုယ့်ကိုယ်ကို သနားပြီး

ပြောအုံးလေ။

စိတ်ကူးရယ်ပေါက်ပါလို့ ....
လုပ်ချင်ရာလုပ်တယ်ကွယ်။
ဟုတ်ချင်မှ ဟုတ်မယ်လေ၊
မကောင်းဘူးဆိုရင်ဖြင့်။
ငါညံ့လို့သာမှတ်ထင်တော်မူပါ။
ကောင်းတာတွေ့ရင်တော့၊
အော်..........ငါ့ကို ဘေးမှာ ထားခဲ့ပါတော့လေး။းD

သွားပြီ

အခုလမှုာ မွတ်ဆလင်တွေ ဥပုသ်ဝင်နေကြပါတယ်။တစ်လလုံးလုံးလို့ဆိုပါတယ်။ မနက် ၄ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ ဘာမှ မစားမသောက်ပဲ နေနေရတာလို့ ဆိုပါတယ်။ မွတ်ဆလင်တွေရဲ့ အိမ်လမ်းကြားတွေဖြတ်လျှောက် သွားတော့ သူတို့လည်း သွေးနဲ့သားနဲ့ဆိုတော့ စာတဲ့အခါ စားချင် ။ သောက်တဲ့အခါ သောက်ချင်ကြမှာ ပဲလို့တွေးနေမိပါတယ်။ကလေးတွေကတော့ ဆော့ကစားနေကြပြီး လူကြီးတွေကတော့ အိမ်ရှေ့မှာထိုင်ပြီး မြန်မြန် ၆ နာရီခွဲပါစေ ဆုတောင်းနေရော့သလားမသိ။ သင်တန်းအပြန် တစ်ညနေမှာ မွတ်ဆလင် လူကြီးတစ်ယောက်ကို ဒီလိုမျိုးမစားမသောက် ဥပုသ်စောင့်တော့ဘာရလဲ လို့မေးတော့ ငါတို့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်တယ် စသဖြင့်ပြောပါတယ်။တိတိကျကျတော့ မပြောပါ။ အင်း သူတို့ကတော့ သွားပြီ။

သင်တန်းမှာ ထွေထွေရာရာ

အခုဆို အင်္ဂလိပ်သင်တန်းတက်နေတာ တစ်လပြည့်ရော့မယ်။ အင်္ဂလိပ်သင်တန်းက တစ်ပတ်တစ်ခါ လေ့ကျင့်ခန်းမေးခွန်းသေးသေးတွေဖြေရသလို တစ်လတစ်ခါမှာလည်း လေ့ကျင့်ခန်းမေးခွန်းအကြီးစားမေးပါတယ်။အဲဒါ ကြာသပတေးနေ့က ဖြေရပြီး သောကြာနေ့ကျတော့ အမှတ်စာရင်းနဲ့အတူ ကိုယ့်အဖြေလွှာကို ဆရာမကနေ ကျောင်းသားတွေကို ခဏကြည့်ခွင့်ပေးပါတယ်။နောက် မေးခွန်းတွေကို ဆရာမကနေ ဖြေပြပေးပါတယ်။ အဲဒီနေ့က ဖြေဆိုသူ နှစ်ဆယ်ကျော်လောက်ရှိတဲ့အထဲမှာ Star of this Class ထဲမှာ လေးယောက်မြောက်အနေနဲ့ ကိုယ့်နာမည်လေးပါလာပါတယ်အပတ်စဉ်သုံးခါ ဖြေခဲ့တုန်းကတော့ နှစ်ပတ်က အကြောင်းကြောင်းကြောင့်ပျက်သွားလို့ တစ်ပတ်ပဲ ဖြေလိုက်ရပါတယ်။ အဲဒီဖြေရတဲ့ တစ်ပတ်မှာလည်း Star of this Class ထဲ မပါခဲ့ပါဘူး။အတန်းထဲ ကိုယ့်လို ဒီသင်တန်းကို တက်ဖူးသူ ဘယ်နှစ်ယောက်ပါလဲတော့မသိ။ ကိုယ်က ဒီအတန်းသာ မတက်ဘူးပေမယ့် ဒီသင်တန်းက အခြားအတန်းတွေကိုတော့ တက်ပြီးသားလေ။အဲဒီလို တက်ထားတဲ့သူက Star စာရင်းထဲမပါတာတော့ သိပ်မဟုတ်သေးပါဘူး။မမိုက်သေးပါဘူး။အခုတော့ Big Test မှာ Star စာရင်းထဲ ကိုယ်ပါလာတော့ ၀မ်းသာရပါပြီ။ ကိုယ့်ဘေးနားက အင်္ဂလိပ်စာ တော်တော်အားနည်းတဲ့ ကိုယ်တော်တွေကတော့ Vocabulary အားနည်းတဲ့ အကြောင်း ညည်းညူနေကြပါတယ်။ ဒါကြောင့် သောကြာနေ့က ဆရာမကနေ စားစရာ တွေနဲ့ ပတ်သက်ပြီး စသင်တော့ ဆရာမက ဘောမှာ ရေးပြီး ရှင်ပြတဲ့ အစားအစာ ဝေါဟာရတွေဟာ နောက် Test တွေမှာ မေးလာနိုင်ကြောင်း ညည်းညူနေရှာတဲ့သူတွေကို သတိပေးလိုက်ရပါတယ်။ ကိုယ်လည်း ဆရာရှေ့က ရေးပြ။ ပြောပြတာတွေ ဂရုမစိုက်မှုကြောင့် Test တွေ ဖြေလေတိုင်း လွယ်ပါလျက်နဲ့ အမှတ်များများ မရဖြစ်ခဲ့တာတွေ ကြုံဘူးပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ဂရုစိုက်ပြီး ပြင်ဆင်သလို တစ်ခြားသူတွေကိုလည်း အခုကတည်းက သေသေချာချာလုပ်ဖို့ ပြောပြရပါတယ်။ သင်တန်းက အခုမှ အစပဲရှိသေးတယ်။နောက် Test တွေမှာ Star စာရင်းထဲ ပါအောင်တော့ ကြိုးစားပြီး လျှောက်လှမ်းရပါအုံးမယ်။ဒါနဲ့ မနေ့က အကွိုင်းနက်ဖြေခဲ့တဲ့ ဘုန်းကြီးတစ်ပါးကို ဖြေနိုင်ရဲ့လားမေးကြည့်မိတော့ အင်း......စာမေးပွဲက ရမ်းကျက်လို့ မဖြစ်ဘူး။ဘယ်လိုမေးလေ့ရှိတယ်။ဘယ်မေးခွန်းအတွက် ဘယ်နှမိနစ်နဲ့အပြီးရေးမယ်။ဘာကို အဓိကထားကျက်ရမယ်၊သင်သမျှစာတွေကိုတော့ အကုန်ကြည့်ထားရမယ်။စသဖြင့် သူ့အတွေ့အကြုံတွေကို ပြောသွားတော့လည်း ။အင်း...... အဲဒီလိုလည်း ဟုတ်ပေသားပဲလို့သာ မှတ်သားလိုက်ရပါတယ်။


Saturday, August 6, 2011

ကိုယ့်အရေး ကိုယ်ဆိုကြ။

တစ်နေ့တာကုန်ဆုံးချိန်၌ အကုသိုလ်လုံးဝ မပြုလုပ်မိရေး။
တစ်နေ့ကို အနည်းဆုံး ကုသိုလ်တစ်ခု ပြုလုပ်ရေး။
တစ်နေ့ကို စာတစ်ပုဒ် ရရှိရေး။

Wednesday, August 3, 2011

မင်းသမီးလေးရဲ့ပါးပြင်ကို မွှေးမွှေးမပေးခင်...........

နေသည် ကုလားကျောင်း။
စားသည် ကုလားစာ။
သင်သည် အင်္ဂလိပ်။
အိပ်သည် ညည့်နက်။
ထသည် နေထွက်။
ကိုင်သည် အင်တာနက်။

ကူညီတတ်သူများ အသက်ရှည်စေသတည်း...........။

မိတ်ဆွေတို့ ဘေးပတ်ဝန်းကျင်မှာလည်း ကြုံဘူးကြမှာ။ဒီလိုမျိုးတွေကို။ တစ်ချို့သူတွေက ရက်ရက်ရောရော ပေးလှူတတ်ကြသလို၊ တစ်ချို့သူတွေကျပြန်တော့ သူတစ်ပါးကို ဘာမျှော်လင့်ချက်မှ မထားပဲနဲ့ တကယ်စေတနာသန့်သန့်နဲ့ ကူညီတတ်ကြတာပါ။ကိုယ်တို့ တစ်တွေ သီရိလင်္ကာစရောက်ခါစ တုန်းကဆိုရင် ဗီဇာသက်တမ်းတိုးတော့ သံဃာတစ်ချို့ကနေ အစစ သူတို့ကပဲ ဒိုင်ခံပြီး ရုံးတွေမှာလုပ်စရာရှိတာတွေ အကုန်လုပ်ပေးပါတယ်။ကိုယ်က ဘေးမှာ အသာလေးထိုင်နေရုံပါပဲ။ ကိုယ်ကိုယ်တိုင် ဗီဇာတိုးဖို့ ရုံးတွေသွားတော့ ဘယ်နေရာ ဘာရှိမှန်း မသိတော့အောင် ဖြစ်ခဲ့ရပါသေးတယ်။ဝယ်စရာရှိတဲ့ ပစ္စည်းတွေကိုလည်း သူတို့က စီစဉ်ပြီး ကူညီပေးတာပါ။ နေစရာကျောင်းလည်းပဲ သူတို့ကပဲ ရှာပေးတာပါ။ တစ်ခါတရံ ကိုယ့်မှာပိုက်ဆံမပါခဲ့ရင်လည်း သူတို့ကပဲ စိုက်ပေး။ ချေးပေးပါတယ်။ ကျောင်းအပ်တော့လဲ လိုအပ်ရာရာတွေ အကုန်လုံး လိုက်လုပ်ပေးကြပါတယ်။ တော်တော် ကျေးဇူးတင်ထိုက်ပါပေစွတကား.........။
ကျေးဇူးတင်ထိုက်သူ အားလုံးကို ဒီနေရာကနေ တဆင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေ။

များများပေးဆပ်

" ဘ၀မှာ ပေးဆပ်မှုတွေ အားနည်းခဲ့ရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်သာမှတ်ပါ"တဲ့ ဆရာတော် ဦးလက္ခဏရဲ့ တရားစကားပါ။ ဟုတ်ပါတယ်။ ပေးဆပ်မှုဆိုတာ ပါဠိလို ပါရမီလို့ခေါ်ပါတယ်။ ပေးဆပ်ဆိုတဲ့စကားလုံးကလည်း ပြောရတာသာ လွယ်တာ။လက်တွေ့လုပ်ဖို့တော့ ခက်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်းကောင်း၏ ဆိုသည့်အတိုင်း တစ်စတစ်စ ကျင့်ယူရမှာပါ။မဖြစ်နိုင်တော့တဲ့ အရာတွေကို ဂွတ်ဘိုင်လို့ ပြောနေမယ့်အစား ဖြစ်နိုင်တာလေးတွေကို တစ်စစီ၊တစ်စိပ်စီ၊တစ်စက်စီ ဖမ်းဆုပ်ပြီး တစ်ခုခု လုပ်ကြရမှာပါ။ပေးဆပ်ကြရမှာပါ။ ဖြည့်ဆည်းကြရမှာပါ။ ဟုတ်တယ် ဟုတ်။ ဒီလို မပေးဆပ်ခဲ့၊ မဖြည့်ဆည်းခဲ့မိဘူးဆိုလို့ကတော့ ဘ၀စာမေးပွဲ ဖြေဆိုကြတဲ့အခါ ခေါင်းမီးတောက်အောင် ပူထူပြီး ကူကယ်မဲ့အဖြစ်နဲ့ နောင်တတွေတနင့်တပိုးပိုက်ပြီး ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ရတတ်ပါတယ်။ ဒီအပေါ် မိတ်ဆွေရဲ့ အမြင်လေးကကော ဘယ်လိုလဲ...........။ကျွန်ုပ်အမြင်နဲ့ အတူတူပဲလား၊ မတူကွဲပြားပဲလား။ ပြောပေးပါအုံး။

စိတ်မဆိုးနဲ့ ဒါ သဘာဝ

ငယ်ငယ်တုန်းကတော့ အတားလောဘကြီးသူတွေကို မြင်တွေ့ကြုံဆုံရရင် အတော်စိတ်ဆိုးမိပါတယ်။ ဥပမာ...ဘုံဆွမ်းလောင်းတွေမှာ ကိုယ့်နောက်ကနေ အတင်းတိုးဝှေ့ပြီး ကိုယ့်ရှေ့ကို ကျော်တက်သွားတာ။
မိန်းကလေးချောချောလှလှလေးတွေ့ရင် အတင်းကပ်ပြီး မျက်နှာချိုသွေး၊ ကျန်တဲ့သူကို ဂရုမစိုက်ပဲ ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတဲ့သူတွေကိုတွေ့ရင် အတော်စိတ်ဆိုးရပါတယ်။ အခုတော့ သဘောပေါက်ခဲ့ရပါပြီ။ ဒါသဘာဝတွေပဲလေ။ သာမန်ငပိ ပဲပြုတ်လောင်းရင် ဘယ်ကလာ ကိုယ့်ရှေ့ကို ကျော်တက်ပါ့မလဲ။လူဆိုတာက အကောင်းကြိုက်တဲ့သူချည်းပဲလေ။ အဖွားအိုကြီးနား ဘယ်သူကပ်ပြီး အရေးတယူလုပ်နေပါ့မလဲ။သူငယ်ချင်း တစ်ပါးက ပြောပြောနေတာရှိတယ်။ ယူတာထက် ပေးတဲ့အလုပ်က ပိုခဲယဉ်းတယ်တဲ့။ သူက ဒီလို ခဏခဏ ပြောပြောနေတော့ မခံနိုင်တော့တဲ့အဆုံး မင်းကလဲ မင်းတို့ငါတို့ မွေးလာကတည်းက ယူခြင်းရဲ့ တရားကိုယ်ဖြစ်တဲ့ လောဘက ကပ်ပါလာတာကွ။ ဒါကြောင့် အပေးထက် ရယူတာများကြတာ ဆန်းသလား လို့ ပြန်ပြောပစ်လိုက်ပါတယ်။
သဘာဝတရားကို မသိတဲ့ ဥမာလေး တစ်ခုကတော့ တောင်သူဦးကြီးတစ်ယောက်ဟာ သူ့စပါးတွေ နေပူမလှမ်းခင်တုန်းကတော့ ဘာမိုးသားတိမ်တောင်မှ မရှိဘူး။ စပါးတွေလဲ လှမ်းပြီး မကြာဘူး မိုးကရွာချပါလေရောတဲ့ ။ဒါနဲ့ တောင်သူဦးကြီးလဲ စိတ်တိုတိုနဲ့ မိုးကို နင်ပဲငဆ ဆဲဆိုပြီး မိုးကို သူ့ လယ်လုပ်ဒါးနဲ့ လှမ်းပစ်ပါသတဲ့။ အော်...........။ တော်တော် သနားဖို့ ကောင်းတာပဲနော်။ သဘာဝတရားကို မသိတော့။ လုပ်ချင်ရာလုပ်နေတယ်။ဒီလို အဖြစ်မျိုးတွေ လောကမှာ အများကြီးပါ။ ကိုယ့်တိုင်းကို နမော်နမဲ့သွားလို့ ခလုတ်တိုက်မိတာကို ခလုတ်ကို တိုက်ရကောင်းလား ဆိုပြီး နောက်တစ်ကြိမ် ထပ်တိုက်တာတို့။ လက်သီးနဲ့ ပစ်ထိုးတာတို့ လုပ်တတ်ကြပါတယ်။ အရာအားလုံးက သဘာဝ အတိုင်းပြီးနေတာနော်။ဒါကို သဘောပေါက်ကြဖို့ကောင်းပါတယ်။ သဘာဝတရားကို ဆန့်ကျင်ရင် သဘာဝတရားကလည်း ပြန်လည်တုန့်ပြန်တတ်တယ်တဲ့။

သတိ မထင်မှတ်တာတွေ ဖြစ်တတ်သည်။

အော်............။ လောကကြီးကလည်း မထင်မှတ်တာတွေ၊ထင်မှတ်မထားတာတွေ ဖြစ်တတ်တာပါလား။ ဒါကြောင့်မို့လားမသိ ရဖူးတဲ့ ပါဠိလေးကတော့ "အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ ၀ိနဿတိ၊လင်္ကာအနေနဲ့ဆိုရင် လောကီထုံးစံ လောကဓံကား မကြံလည်းဖြစ်၊ ကြံလည်းနစ်၏တဲ့။ ဟော.........ကြည့်လေ။အခုလည်း လွန်ခဲ့တဲ့ သုံးလလောက်တုန်းက အင်္ဂလိပ်သင်တန်းမှာ အတူတူစာသင်ကြရင်း ရယ်ကြမောကြ ပြောကြဆိုကြနဲ့ နေလာခဲ့ပြီး ရင်းနှီးသိကျွမ်းခဲ့ရတဲ့ လူတစ်ယောက် သင်တန်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်က နယ်ပယ်ခြင်းလည်းမတူ၊နေရပ်ခြင်းလည်း မတူကြတော့ ပြန်လည်ဆုံတွေ့ကြဖို့တော့ တော်တော်ကို မလွယ်ကူတော့ဘူးလို့ထင်မှတ်ထားခဲ့တာလေ။ ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့လေ..........။ သင်တန်းသုံးခု ရှိတဲ့သင်တန်းမှာ သူက သုံးခုစလုံးပြီးသွားပြီ ။ကိုယ်ကပြတ်တောင်းပြတ်တောင်းနဲ့ အထက်နှစ်တန်းပြီးသွားပေမယ့် အစဆုံးအတန်းက မတက်ပဲ ကျန်နေခဲ့သေးတာရယ်။ သင်နည်းစနစ်ရချင်တာရယ်ကြောင့် အခက်အခဲတွေ ကြားကနေ ပြန်လည်တက်ဖြစ်ပါတယ်။အခု သင်တန်းက တစ်လတောင် ပြည့်ရော့မယ်လေ။ သင်တန်းရောက်ရင် ကိုယ့်စာသင်ခန်းကိုပဲ တန်းတန်းမတ်မတ်သွား စာသင်ပြီးတော့လည်း ချက်ချင်းပြန်ဆိုတော့ ကျန်တဲ့သူတွေကို ဂရုစိုက်အား မရပါဘူး။ ဒီကနေ့ အပြန်လိုင်းကားစောင့်နေတုန်း တစ်ဖက်မှာလည်း ကားစောင့်နေသူကိုလည်း မျက်နှာချင်းးဆိုင်ဖြစ်နေလေတော့ အမြင်ကနေ ချက်ချင်းပဲ စိတ်ထဲမှာ ဒီလူဟာ အရင်ငါနဲ့သိကျွမ်းသူနဲ့တော်တော်တူတာပဲ လို့ချက်ချင်း ဦးနှောက်ကို မက်ဆေ့ပို့ပါတယ်။ အင်း တူတဲ့သူလည်း ဖြစ်နိုင်တာပဲလေလို့ သေသေချာချာ မဆုံးဖြတ်နိုင်ဖြစ်တုန်း အဲဒီလူက သူ့ဘက်က လိုင်းကားမစောင့်ပဲ ဒီဘက်ကို ကူးလာပါတယ်။ ဟော.......အခုတော့ ခုနက ချီတုံချတုံနဲ့ ဘယ်သူဘယ်ဝါ မသဲကွဲဖြစ်နေတာ ရှင်းရှင်းလင်းလင်းသိရပါပြီ။ ကိုယ်ကလည်း အံ့သြ၊သူကလည်း အံ့အားတသင့်ဖြစ်ရင်းကနေ မင်းအခု ဘယ်အတန်းမှာတက်နေလဲလို့မေးပါတယ်။ ငါအခု အင်လမင်ထရီ တက်နေတာလေ။ဘာဖြစ်လို့တုန်း အင်တာ ကို နှစ်ခါတက်ပါလားလို့သူကပြောတော့ ။ငါက အင်လမင်ထရီ မတက်ပဲ ကျန်နေခဲ့တာ သင်နည်းစနစ်လိုချင်လို့ပါ။လို့ ဖြေလိုက်ပါတယ်။အဲဒီလို ပြောနေရင်းက ဘတ်စကားက ကိုယ့်နားကို ဆိုက်လာတော့ သူက နောက်နေ့ကျ ပြောကျသေးတာပေါ့။ ငါလည်း ဟိုဘက်ဆိုင်ကို ၀ယ်စရာသွားဝယ်လိုက်အုံးမယ် ပြောပြီး နှုတ်ဆက်သွားလေရဲ့။
အဖြစ်အပျက်ကလေးကတော့ ဒါပါပဲ။ ဒါပေမယ့်လည်း အစက ပြောခဲ့သလိုပါပဲ။ လောကကြီးမှာ မထင်မှတ်တာ တွေ ဖြစ်တတ်တာ မိတ်ဆွေတို့လည်း ခဏခဏ ကြုံဘူးကြမှာပါ။ တစ်ခါက ဆရာတော် ဦးဥာဏိဿရရဲ့ အတ္ထုပ္ပတ္တိကို ဖတ်မိတော့ သူငယ်စဉ် စာသင်သားဘ၀တုန်းက ရန်ကုန်စာသင်တိုက်တစ်ခုမှာ အတူနေဖူးတဲ့ ဦးစန္ဒာသီရိဆိုတဲ့ ကိုယ်တော်ဟာ အလွန်ဘုဉ်းကံနည်းပြီး ဆွမ်းခံရင် ဆွမ်း ဆွမ်းဟင်းတွေ လောက်လောက်ငငမရပဲ ချို့တဲ့စွာနေနေရတာကြောင့် ဘုန်းကံကြီးမားတဲ့ သူကနေ ဆွမ်း ဆွမ်းဟင်းတွေကို အဲဒီကိုယ်တော်ကို မျှပေးခဲ့ရတဲ့ အကြောင်း ။ဒီလိုနေလာရင်း ကာလတွေ ရွေ့ပြီး အသက်တွေကြီး တစ်ယောက် တစ်နေရာစီရောက်ကြကုန်ပါတယ်တဲ့။ တစ်နေ့သောအခါမှာ ဆရာတော် ဦးဥာဏိဿရ နိုင်ငံခြားကို ကြွဖို့ သံဃမဟာနာယက ဆရာတော်တွေဆီက လက်မှတ်ပါရမယ်ဆိုလို့ ကမ္ဘာအေးက သံဃမဟာနာယက တွေဆီလက်မှတ်ထိုးသွားတော့ တိုက်တိုက်ဆိုင်ဆိုင် သူ ဆွမ်းခံကျွေးခဲ့ဘူးတဲ့ ဦးစန္ဒာသီရိဆိုသူက သံဃမဟာနာယက တစ်ပါးဖြစ်နေပြီး ကျန်တဲ့သံဃာတော်တွေ လက်မှတ်ပါရအောင် သူကကူညီပေးရှာပါသတဲ့။ ဆရာတော်က မထင်မှတ်ပဲ တစ်ချိန်ကဆင်းရဲ နွမ်းပါးစွာနေခဲ့ရပြီး အခု သံဃာ့ အဖွဲ့အစည်းမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲဝင်ဖြစ်နေတော့ အံ့သြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်တွေတောင် လည်ရပါတယ်တဲ့။ ဒီအခြင်းအရာကို ဆရာတော်က "ဘ၀ဆိုတာ မဟာလျှို့ဝှက်ချက်ကြီး"လို့ ခိုင်းနှိုင်းတော်မူပါတယ်။
ဒါကြောင့် ကိုယ့်နဲ့အတူနေသူတွေဟာ အကောင်းအဆိုးထဲကနေ တစ်နေ့ဘာကြီးဖြစ်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်သေချာစွာ မပြောနိုင်ကြပါ။အဲဒီလို မပြောနိုင်ကြတာကြောင့် ကိုယ့်ပတ်ဝန်းကျင်က သူတွေကို အလွယ်တကူအထင်သေးခြင်း၊ အထင်ကြီးခြင်းတွေ။ကြိုတင် ဟောကိန်းထုတ်ခြင်း။ နှိမ့်ချ ဆက်ဆံခြင်း။ အထင်လွဲခြင်းတွေ မလုပ်ကြပါနဲ့လို့............။

Tuesday, August 2, 2011

ကဲ ဖတ်ကြည့်ပါအုံး..........။

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား….?

အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။
ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အား ထုတ်စရာမလိုဘဲ
အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး
ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့
ဓါးမြှောင်ကို သွေးထဲမှာ
စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့Aတွက် ဖျံသွေးဟာအချိန်တိုအတွင်းမှာ
ခဲသွားပါတယ။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး
ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့
ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ လျှာနဲ့
စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို
လက်မလွတ်ချင်တာနဲ့ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။
ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့
သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။အကြောင်းက

သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို
လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို
မခံစားမိတော့ဘူး။
အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ
နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့
သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို
ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
- Hide quoted text -
ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို
ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။

ကိုယ့်တရားနဲ့ကိုယ်



လှေကားထစ်များကို တက်လာရ၍ အနည်းငယ် မောဟိုက်နေသော မင်းခန့် အတွက် အိမ်တံခါး ဆွဲအဖွင့်မှာ အနံ့တစ်ခုက ဆီးကြိုနေသည်။ ချဉ်စုတ်စုတ် ပုပ်အက်အက်အနံ့က တံခါးအဖွင့်မှာ အသက်ရှူလမ်းကြောင်းထဲ ပြေးဝင်လာ၏။ ထိုအနံ့ဆိုးကြောင့် ပို၍မောဟိုက်သွားရသလိုခံစားရသည်။ မကြာခဏ ရနေသော အနံ့ဖြစ်တာကြောင့် ထိုအနံ့ဆိုးမှာ မီးဖိုခန်းအတွင်းရှိ အမှိုက်ပုံးမှ ထွက်လာသည့် အနံ့ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ ထိုအခါ ငုပ်လျှိုနေသော ဒေါသစိတ်က အလိပ်လိုက်လှိုက်တက်လာတော့သည်။ မင်းခန့် အိမ်မပြန်လာဖြစ်တာ နှစ်ရက်ရှိပြီ။ သောကြာနေ့ ရုံးဆင်းချိန်ကတည်းက သူငယ်ချင်းတစ်ယောက်အိမ်တွင် အလည်အပတ် သဘောမျိုး သွားနေခဲ့သည်။

ယခုတနင်္ဂနွေနေ့ပြန်လာတော့ အမှိုက်ပုံးမှ အနံ့ဆိုးက ဆီးကြိုနေခဲ့ခြင်း ဖြစ်၏။ နှာခေါင်းပိတ် အသက်အောင့်ကာ အိပ်ခန်းထဲသို့ ခပ်မြန်မြန် ပြေးဝင်လိုက်ရသည်။ အခန်းထဲမှ မြင်ကွင်းကလည်း မင်းခန့် ကို နွေးထွေးစွာ ဆီးကြိုနေပြန်သည်။ သူ့အိပ်ယာမှ လွဲ၍ တခန်းလုံး နီးနီး ဖရိုဖရဲဖြစ်နေသည့် မြင်ကွင်းသည် သူ့သွေးတို့ကို ပို၍ ဆူပွက်စေပြန်သည်။

သည်အခန်းက မင်းခန့် တစ်ယောက်ထဲ နေသည့်အခန်းမဟုတ်။ အခန်းဖော် တစ်ယောက်နှင့် စပ်တူ ငှားထားသည့် အခန်းဖြစ်သည်။ အခန်းထဲမှ ဖရိုဖရဲ ရှုပ်ပွေနေသမျှသည်လည်း သူ့အခန်းဖော်၏ စွမ်းဆောင်ချက်များသာ ဖြစ်သည်။ အခန်းထဲရှိ နှစ်ဦးပိုင် စားပွဲပေါ်တွင် ဖတ်လက်စ မဂ္ဂဇင်းတစ်အုပ်နှင့် ဂျာနယ် နှစ်စောင်က စားပွဲနေရာ ပြည့်လုမတတ် နေရာယူထား၏။ သောက်ပြီးမဆေးရသေးသည့် ကော်ဖီခွက်တွင် ပုရွက်ဆိတ်များက ပျော်ပွဲစားထွက်နေကြ၏။


စာအုပ်များကို ဖတ်ပြီးလျှင် စင်ပေါ်တွင် ပြန်တင်ထားဖို့နှင့် သပ်ရပ်စွာထားရန် စံနမူနာအနေဖြင့် အကြိမ်ကြိမ်လုပ်ပြဖူးသည်။ သို့သော် အခန်းဖော်က မသိခဲ့ မမြင်ခဲ့။ ထိုအခါ အပြုဖြင့်မရလျှင် အပြောဖြင့်ရအံ့ဟု နောက်တဖန်ကြိုးစားပြန်သည်။ ကော်ဖီအတူသောက်ရင်း တီဗီအတူကြည့်ရင်း အခါအခွင့်သင့်သလို ပစ္စည်းများကို နေသားတကျ သပ်ရပ်စွာ ထားရန် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ ပြောပြဖြစ်သည်။ သူ့စကားတို့သည် နေရောင်မလာခင် တွဲခိုခွင့်ရသည့် နှင်းများပမာ ခဏသာ တည်မြဲခဲ့သည်။ အချိန်ကြာလာတော့ ထုံးစံအတိုင်း ရှုပ်မြဲ ပွမြဲသာဖြစ်သည်။

မင်းခန့် ၏စရိုက်က တစ်ခါမှ နှစ်ခါ ပြောရမှာ အင်မတန်ဝန်လေးသူဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် အလိုက်တသိဖြင့် နေထိုင်လိုသည့် စရိုက်ရှိသူဖြစ်သည်။ နှုတ်မှထုတ်ပြောနေရသည်မှာ ပိုပင်ပန်းသည်ဟု ခံစားမိကာ သူ့ဘာသူသာ အမြင်မတော်သည်များကို ကောက်သိမ်း ရှင်းလင်းခဲ့သည်။ အလုပ်တစ်ခုကို လူတစ်ယောက်ထဲမှ ဆက်တိုက်လုပ်ရလျှင် ထိုအလုပ်များသည် ထိုသူ၏ကိုယ်ပိုင်တာဝန် ဝတ္တရားများ ဖြစ်လာတတ်သည့် သဘောအတိုင်းပင် အိမ်၏ဝေယျာဝစ္စများ အားလုံးနီးနီးသည် မင်းခန့် ကိစ္စများသာဖြစ်လာတော့သည်။

ထိုသို့ဖြင့် မင်းခန့်သည် ယခင်ကထက် နားပိုပါးလာ၏။ အာရုံခံစားမှု ပိုအားကောင်းလာ၏။



တစ်ခန်းထဲတွင် နှစ်ယောက်အတူတူရှိလျက်နှင့်ပင် အမှိုက်ကားလာသည့် အသံကို မင်းခန့် သာ ကြားရသည်။ အခန်းဖော်က မကြား။ သောက်ရေဗူးထဲ ရေကုန်နေလျှင် မင်းခန့် သာသိသည်။ အခန်းဖော်က မသိ။ အမှိုက်ပုံးထဲမှ အနံ့အသက်များ ထွက်လာလျှင်လည်း မင်းခန့် သာ အနံ့ရသည်။ အခန်းဖော်က အနံ့မရ။ ထိုသို့ဖြင့် အာရုံခံစားမှုများ ပို၍ ဝေးကွာလာတော့သည်။ အခန်းတစ်ခုထဲတွင် စိတ်တည်ငြိမ်အေးဆေးစွာရှိသူနှင့် အာရုံကြောများထောင်ထနေကာ ဖြစ်လာသမျှ ဖြေရှင်းဖို့ ပြင်ဆင်ထားသူ ဟူ၍ လူနှစ်ယောက်အတူတကွ ရှိနေခဲ့ကြသည်။

အခန်းထဲမှ မြင်ကွင်းများကြောင့် စိတ်မောစွာဖြင့် ရေသောက်ရန် ရေခဲသေတ္တာဖွင့်လိုက်သည်။ ငပိစိမ်းစားအနံ့က ထောင်းခနဲထွက်လာပြန်သည်။ ငပိသုပ်ပန်းကန်ကို ပလပ်စတစ်မအုပ်ဘဲ ထည့်ထားသည်ကို မြင်လိုက်ရ၏။ ဟင်းပန်းကန်များအုပ်ရန် ပလပ်စတစ်အလိပ်များ ဝယ်ထားသော်လည်း အချည်းနှီးသာ။ ရေဗူးဆွဲထုတ်ပြီး ရေခဲသေတ္တာ တံခါးကိုသာ ဆောင့်ပိတ်ခြင်းဖြင့် ဒေါသစိတ်များ ဖြေဖျောက်လိုက်ရပြန်သည်။ မလွယ်သည်မှာ တကယ့်ကို မလွယ်ဟု မင်းခန့် တွေးနေမိသည်။

မချစ်မနှစ်သက် သူနှင့် ပေါင်းဖက်ရခြင်းသည် လောကငရဲဟုဆိုလျှင် အလိုက်မသိတတ်သူနှင့် တစ်သက်တာ နေထိုင်ရခြင်းသည်လည်း ငရဲကြီးရှစ်ထပ်ထဲမှ အသက်သာဆုံးငရဲတစ်ခုသာ ဖြစ်မည်ဟုထင်မိသည်။ ယခုဆိုလျှင် အတူနေရသည်မှာ ခြောက်လခန့်သာ ရှိသေးသော်လည်း မင်းခန့် စိတ်မောလှပါပြီ။ တကယ်တော့ လုပ်ရသည့် အလုပ်များက ပင်ပန်းလှသည်မဟုတ်။ တစ်ခုခြင်းအနေဖြင့်တွက်လျှင် မလေးမပင်သော ကိစ္စများသာ ဖြစ်သည်။ သို့သော် နှစ်ယောက်အတူတကွ ခံစားကြသော ကိစ္စများအတွက် တစ်ယောက်ထဲမှ ဒိုင်ခံလုပ်နေရလျှင် သွားကြားထိုးတံမျှပင် အလေးချိန်ရှိသည့် ကိစ္စဖြစ်လျှင်တောင် ကြာလာတော့ စိတ်ထဲက ငြိုငြင်လာမိသည့် သဘောမျိုးဖြစ်သည်။ လူအားဖြင့်မပင်ပန်း စိတ်ပင်ပန်းရခြင်းသာဖြစ်သည်။

ထိုသို့စိတ်ပင်ပန်းသည့်ဒဏ်ကို မခံနိင်တာကြောင့် ထမင်းပင်အတူမစားဖြစ်တော့။ ယခင်ကတော့ ထမင်းတစ်အိုးထဲအတူချက်ကာ စားဖြစ်ကြသည်။ အိမ်အရင်ရောက်နှင့်သူ ထမင်းချက်သည့် စနစ်ဖြစ်၍ မင်းခန့် အိမ်ပြန် နောက်ကျလျှင်တောင် ချက်ပြီးသား ထမင်းက အဆင်သင့်ရှိခဲ့သည်။ သို့သော်ခက်သည်က ချန်ထားသော ထမင်းသည် မင်းခန့် အတွက် လောက်ငှသည်မှာ ရှားသည်။ မလောက်မငှဖြင့် အသစ်ထပ်ချက်ရပြန်သည်။ မင်းခန့် အရင်စားဖြစ်၍ ကျန်သောထမင်းနည်းသွားသည့်အခါမျိုးတွင် အခန်းဖော် စားရန် နောက်တစ်အိုး ထပ်ချက်ထားပေးသော်လည်း မင်းခန့် အလှည့်တွင် ကိုယ်တိုင်သာ ထပ်ချက်ရပြန်သည်။ ကြာလာတော့ မင်းခန့် စိတ်ထဲတစ်မျိုးဖြစ်လာရတော့သည်။

“တောင်ကမိုဟာမက်ဆီမလာလျှင် မိုဟာမက်ကတောင်ဆီကိုသွားမည်” ဆိုသည့် စကားပုံအတိုင်း အခန်းဖော်ထံမှ အလိုက်သိတတ်မှုကို မရလာသည့်အခါ မင်းခန့် သူလုပ်နိင်တာကိုသာ လုပ်လိုက်တော့သည်။ ထိုအရာက ထမင်းဆိုင်တွင်ထွက်စားခြင်း၊ တစ်ခါတရံ ထမင်းထုပ်ဆွဲ၍ အိမ်ပြန်လာခြင်းဖြင့် စားရေးကိစ္စကို ဖြေရှင်းလိုက်သည်။ စားရေးကိစ္စမှာ အပြင်တွင် သီးသန့်ဖြေရှင်းနိင်သော်လည်း အိမ်တွင်းကိစ္စများကတော့ ယခင်အတိုင်း မကြာမကြာ တွေ့နေရမြဲသာဖြစ်သည်။ ယခုလည်း သူငယ်ချင်းအိမ်တွင် သွားအိပ်သည့် နှစ်ရက်အတွင်းတွင် မပစ်ထားခဲ့သည့် အမှိုက်ပုံးမှ အနံ့ဆိုးများ တလှိုင်လှိုင်ပေး၍ သတိပေးနေပြန်သည်။

တနင်္ဂနွေနေ့ဖြစ်၍ အခန်းဖော်က အခန်းထဲတွင်မရှိ။ အပြင်သွားနေသည်။ မင်းခန့် အဝတ်အစား လဲပြီးနောက် အမှိုက်ပုံး သိမ်းရန် မီးဖိုချောင်သွားရပြန်သည်။ အမှိုက်ပုံး အဖုံးကို ဆွဲအဖွင့်တွင် ဖြုတ်ကောင်များနှင့် အနံ့ဆိုးက ဝုန်းခနဲ ထပျံလာသည်။ အမှိုက်အိတ် နှုတ်ခမ်းတွင် ပိုးလောက်တို့က တွယ်စပြုနေ၏။ ပျို့တက်လာသော အော့အန်ချင်စိတ်ကို အသက်အောင့်ကာ ထိန်းရင်း အမှိုက်အိတ်ကိုင်းနှစ်ဖက်ကို စုချည်လိုက်ပြီး နောက်ထပ် အိတ်အသစ်တစ်လုံး ထပ်စွပ်ကာ လုံအောင် ချည်နှောင်လိုက်သည်။ အနံ့အသက်ဆိုးအနည်းငယ် သက်သာသွား၏။ အမှိုက်ကား မလာသေး၍ အခန်းပြင်တွင် အမှိုက်အိတ်သွားထားပြီး ပိုးလောက်တစ်ချို့နှင့် အနံ့ဆိုးများ ဆွဲကပ်နေသော အမှိုက်ပုံးကို ရေလောင်းချကာ နေရောင်ပြထားလိုက်ရသည်။ ထိုသို့ အမှိုက်ပုံးကို ရေဆေးရသည်အထိ ဖြစ်ရသည်မှာလည်း မကြာခဏ ကြုံတွေ့နေရသော ကိစ္စတစ်ခုဖြစ်သည်။

မင်းခန့်၏ အခန်းဖော်က အနေအေးသူဖြစ်သည်။ သို့သော်သူ၏ အေးဆေးပုံက အခြားသူများနှင့်မတူ။ ပူပန်ခြင်းမှ လွတ်ကင်းနေသည့် အေးဆေးပုံမျိုးမဟုတ်။ ပူပန်မှုဆိုသည်ကို မသိသော အေးဆေးပုံမျိုးသာဖြစ်သည်။ အနံ့ဆိုးအတွက်ပူပန်ခြင်း ၊ အမြင်မတော်ရှုပ်ပွပေရေ မှုများအတွက် ပူပန်ခြင်း၊ သဲ ဖုန် အမှိုက်များဖြင့် နေရမည်ကိုပူပန်ခြင်း စသည့် ပူပန်မှုများကို မသိသော အေးဆေးပုံမျိုးဖြစ်၏။ လာမထိမချင်း ထမပေါက်သော မြွေတစ်ကောင်၏ အေးဆေးပုံမျိုးဟု ဆိုလျှင်လည်း ထိုမြွေသည် အာရုံခံစားမှု အတော်အားနည်းသော မြွေမျိုးဖြစ်မည်။ အနေအေးသော မင်းခန့်၏ အခန်းဖော်သည် ဘုရား တရား ကိစ္စများကိုတော့ အာရုံစိုက်သူဖြစ်သည်။ နားနားနေနေ ရှိသည့်အချိန်တိုင်း တရားခွေတစ်ခွေကို ဖွင့်၍ ငြိမ်သက်စွာ နာယူနေလေ့ရှိသူလည်း ဖြစ်သည်။ ထိုအရာကိုတော့ ကောင်းကွက်ဟု သတ်မှတ်နိင်မည်ထင်သည်။

အမှိုက်ပုံးဆေးပြီးနောက် သူ့လက်ကို မင်းခန့် ဆပ်ပြာဖြင့်အထပ်ထပ်ဆေးသည်။ ယခင်အကြိမ်များအတိုင်း ထုတ်ပြောလိုက်ချင်သည့် စကားလုံးများကို ပြန်မျိုချကာ သက်ပြင်းကိုသာ မှုတ်ထုတ်နေမိတော့သည်။ အခါအခါ မျိုချထားရသော စကားလုံးများက နှလုံးသားပေါ် တအိအိဖြင့် ဖိကျလာနေခဲ့သည်။ စိတ်၏ညှိုးနွမ်းခြင်းဖြင့် နေ၍မပျော်တော့။ ရေချိုး အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့တော့သည်။ ထိုနေ့က အပြင်တွင်ထမင်းစားပြီး မင်းခန့် အိမ်ပြန်ရောက်လာချိန်က ကိုးနာရီကျော်နေခဲ့ပြီ။

အခန်းတံခါးနားရောက်တော့ အခန်းထဲမှ တရားသံ တိုးတိုးလေးက ပျံ့လွင့်လာသည်။ မီးရောင်မှိန်မှိန် ထွန်းထားသော အခန်းထဲတွင် မင်းခန့်၏ အခန်းဖော်က နံရံဘက် လှည့်ကာအိပ်ရင်း ဖွင့်ထားသည့် တရားသံတွင် အာရုံဝင်စားကာ တရားနာနေသည်။ အခန်းဖော်ကို မြင်တော့ ငြိမ်းသတ်လာသော ဒေါသမီးများက အငွေ့တလူလူ ပြန်ထွက်လာသည်။ ထုံးစံအတိုင်း သက်ပြင်းချပြီး အိပ်ယာပေါ် ပက်လက်လှဲကာ မျက်နာကျက်ကိုသာ မော့ကြည့်နေမိတော့သည်။

ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသော တရားသံနှင့် အတူ မင်းခန့်တွေးမိသည်။ ပုထုဇဉ်လူသားတစ်ယောက်အတွက် ပူလောင်ဖွယ် လောကီလူ့ဘုံမှ လွတ်မြောက်ရာဖြစ်သော လောကုတ္တရာတရားမှာ အရေးကြီးသလို နိဗ္ဗာန်မရောက်မှီစပ်ကြား လူအဖြစ်နှင့် နေရလျှင်လည်း လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေ နေထိုင်တတ်သည့် လောကီတရားကို တတ်ကျွမ်းနားလည်ဖို့မှာ အရေးကြီးကြောင်း တွေးနေမိသည်။ ပူလောင်မှုနှင့် အကုသိုလ်ဆိုသည့်အပင်သည် ကိုယ်တိုင်မစိုက်ပျိုးလျှက်နှင့်ပင် သူ့ရင်တွင်း၌ အညွှန့်တလူလူ အသီးတဝေဝေ ဖြစ်တတ်ကြောင်းလည်း မင်းခန့်သဘောပေါက်မိတော့သည်။

******

တရားသံ ခပ်တိုးတိုးပျံ့လွင့်နေသော အခန်းတစ်ခုထဲတွင် အတူနေ လူနှစ်ယောက် ကိုယ်စီကိုယ်စီ တရားပွားများနေကြသည်။ တစ်ယောက်က ပျံ့လွင့်နေသော တရားသံတွင် အာရုံဝင်စားကာ ငြိမ်းချမ်းစွာ လဲလျောင်းရင်း စိတ်၏ချမ်းသာခြင်း ကျေနပ်ဝမ်းမြောက်ခြင်းတည်းဟူသော ပီတိသောမနဿတရား ဆင်ခြင်ပွားများနေ၏။ နောက်တစ်ယောက်ကတော့ ပျံ့လွင့်နေသော တရားသံတို့သည် နားစည်သို့ပင် ရိုက်ခတ်ခွင့်မရနိင်ဘဲ စိတ်၏ဆင်းရဲခြင်း နှလုံးမသာယာတည်းဟူသော ဒေါမနဿ တရားကို ပွားများအားထုတ်နေသူဖြစ်သည်။

သြော်...နေတတ်သူသာ ငြိမ်းချမ်းလေစွပါတကား။