အင်္ဂလိပ်စာကို ၀ါသနာပါလို့ ကျွန်ုပ်ပညာသင်ကြားခဲ့ရာ မန္တလေးမြို့မှာ သင်တန်းများစွာ တက်ဖြစ်ခဲ့ပါတယ်။တက်တာမှစုံလို့။ဒါပေမယ့် စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်း မရှိတာကြောင့်ရယ်။ဘုန်းကြီးစာလို တက်ထိုးသဘောမျိုးလုပ်တာကြောင့် ဘာမှအရာမထင်ခဲ့ပါဘူး။ဒါက ကိုယ့်အပိုင်း။ နောက် သင်ပေးတဲ့သူအပိုင်းကြည့်တော့ အင်္ဂလိပ်စကားပြောစာအုပ်ထဲမှာ နာမည်ရနေတဲ့ Breakthrough ၊Family album ၊Interchange စတဲ့ စာအုပ်တွေထဲက စကားပြောခန်းတွေကို ရှေ့ကနေချပေး တပည့်တွေက လိုက်ဆို အိမ်ကနေ အလွတ်ကျက်ခဲ့ ၊အတန်းပြန်ရောက်ရင် ကျက်ခဲ့တာကို နှစ်ယောက်စီ ထွက်ပြော၊နောက် တစ်ယောက်စီ စတိတ်ခုံပေါ်တက် အောက်က ကျောင်းသားတွေက မေးကြတာကို ဖြေ ၊ အချိန်တစ်နာရီစေ့တာနဲ့ကျောင်းဆင်းပေါ့လေ၊နောက် မန္တလေးတောင်ပေါ်ကိုတက်ပြီး တိုးရစ်တွေနဲ့လိုက်ပြော၊ ဒါပါပဲ။ဒီကြားထဲ အခြေအနေ အကြောင်းကြောင်းတွေကြောင့်ရယ်။ရွှေတွေရဲ့ဇွဲလုံ့လက ဆရာအောင်သင်းပြောသလို ခဲလုံးအဓိဋ္ဌာန်ဖြစ်တာရယ်ကြောင့် သင်တန်းတစ်ခုကို မပြီးပဲနဲ့၊ တစ်လတောင်မပြည့်ဘဲနဲ့ သင်တန်းတွေ ပြီးခဲ့တာလည်း မနည်းခဲ့ပါ။အခု သီရိလင်္ကာရောက်ပြန်တော့ နာမည်ကြီးတဲ့အင်္ဂလိပ်သင်တန်းနှစ်ခု ရှိတဲအထဲ SVS School for English ဆိုတဲ့ သင်တန်းက အင်္ဂလိပ်ဆရာစစ်စစ်တွေ သင်တဲ့ သင်တန်းဖြစ်တာကြောင့် ဒီသင်တန်းကိုပဲ ရွေးချယ်တက်ဖြစ်ခဲ့သည်။သင်တန်းမတက်ခင် ၀င်ခွင့်ဖြေပြီး စရံငွေ ရူးပီး နှစ်ထောင်(အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။)ပေးကာ စာရင်းအရင်သွင်းရသည်။ Elementary တန်း၊ Pre-Intermediate တန်း၊ Intermediate တန်းဆိုပြီး အတန်းသုံးတန်းရှိပါတယ်။ ကိုယ့်ရဲ့ ၀င်ခွင့် အမှန်အပေါ်မူတည်ပြီး တက်ရမယ့်အတန်းသတ်မှတ်ပေးပါတယ်။ နောက် မနက် ရှစ်ခွဲ ကနေ ဆယ်ခွဲ၊မနက်သင်တန်း၊ နေ့လည် ၁၁ နာရီကနေ ၁ နာရီထိ နေ့လည်သင်တန်း၊ ညနေ ၆ နာရီကနေ ၈ နာရီညနေသင်တန်းဆိုပြီး အချိန်သုံးချိန်မှာ ကိုယ်ကြိုက်တဲ့အချိန်ကို ရွေးချယ်နိုင်ပါတယ်။ သင်တန်းကြာချိန်ကတော့ နှစ်နာရီပါ နှစ်နာရီဆိုလို့ အကြာကြီးပဲ ပျင်းစရာကြီးလို့မထင်လိုက်ပါနဲ့။တကယ်တန်း တက်တဲ့အခါမှာ ပျင်းစရာဆိုတာ ရှာမရအောင်ကို ဖြစ်သွားပါလိမ့်မယ်။Module လို့ခေါ်တဲ့ ပို့ချမယ့် စာရွက်တွေ နေ့တိုင်းပေးပါတယ်။ အဲဒီစာရွက်ထဲက စာတွေကို မေးလိုက်၊ဖြေလိုက်လုပ်ခိုင်းတာတစ်မျိုး၊ ကွက်လပ်ဖြည့်စသည်တစ်ဖုံ၊ နောက် အသံဖွင့်ပြပြီး ကွက်လပ်ဖြည့်၊ဗွီဒီယိုဖွင့်ပြပြီး ဖြေခိုင်းတာ။နံရံမှာကပ်ထားတဲ့ အဖြေတွေကို လိုက်ရေးရတာ။ဒိုင်ယာလော့ တစ်ခုကို အတန်းသားတွေနှံ့နေအောင် လိုက်မေးစသဖြင့် စုံလင်စွာ လုပ်ကြရပါတယ်။ပို့ချတဲ့ဆရာကလည်း နည်းစနစ်ကောင်းကောင်း သွက်သွက်လက် တက်တက်ကြွကြွနဲ့ သင်ပြတာကြောင့် နှစ်နာရီဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်သွားလို့ကုန်သွားမှန်းမသိဖြစ်ရပါတယ်။
သင်တန်းတက်ရတာ ပျင်းရိမှုမရှိ ပျော်ရွှင်ရသလောက်၊မပျော်မရွှင် စိတ်ညစ်ချင်စရာကတော့ ကိုယ်နေထိုင်ရာကုလား ကျောင်းမှ သင်တန်းကျောင်းအသွား တစ်နာရီကြာ လိုင်းကားစီးရခြင်းပါ။မနက်ပိုင်းသင်တန်း တက်တယ်ဆို ပိုဆိုးပါတယ်။အလုပ်သွား၊ရုံးသွားတွေနဲ့ လိုင်းကားက ပြည့်ကျပ်နေပြီး သံဃာလာပြီဆို လူတွေက နဂိုအခြေကျထိုင်ပြီးသား ထိုင်ခုံကနေ ကိုယ်လာမှ ထပေးရတော့ အတော့်ကို အားနာစရာကောင်းလှပါတယ်။သူတို့လည်း ပိုက်ဆံပေးစီးကြတာပဲလေ။ ဘယ်ထပေးချင်ပါ့မလဲ။ဒါကြောင့် လိုင်းကားစီးရတာက ကြာ၊စီးရပြန်တော့လည်း အားနာနာနဲ့ဆိုတော့ စိတ်မချမ်းသာပါဘူး။လိုင်းကားမစီးချင်ရင် တက္ကစီငှားပြီး သွားပါလားလို့ပြောလာရင်လည်း မတတ်နိုင်ပါ ဖြေရုံကလွဲလို့....။

No comments:
Post a Comment