Sunday, February 13, 2011

ကျွန်ုပ်တို့ရွာ အကြောင်း တစေ့တစောင်း......

သူများဘလော့တွေ လိုက်ကြည့်မိတော့ ဘလော့တစ်ခုမှာ သူ့ရွာလေး အကြောင်းကို ဂူဂယ်အတ်က ဓာတ်ပုံနှင့်တကွ တင်ပြထားတာတွေ့ရတော့ ကျွန်ုပ်မွးဖွားကြီးပြင်းခဲ့ရာ ရွာလေးကိုလည်း အပေါ်စီးကနေ တစ်ရွာလုံးမြင်ရတဲ့ပုံစံလေးနဲ့ ဂူဂတ်အတ်ကနေဓာတ်ပုံရိုက်ချင်နေမိသည်။ဒါပေမယ့် ဘယ်လိုလုပ်ရကိုင်ရမှန်းမသိပါ။ဟော ....ဒီနေ့တော့ ကွန်ပြူတာ အင်တာနက်တွေ မွှေနှောက်လေ့ရှိတဲ့ မောင်ဝေ ပုလ်နဲ့တိုးတော့ နှစ်ဦးသားပူးပေါင်းလုပ်လိုက်တာ အဆင်ပြေသွားခဲ့ရတော့သည်။

ဒါပဲပေါ့ဗျာ.........ကျွန်ုပ်ရဲ့ ရွာလေးဆိုတာ၊ အိမ်ခြေ၄၀၀ လောက်ရှိပြီး ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းရှိပါတယ်။ဆင်သေချောင်းကြီးကလည်း ရွာ့ အနောက်ဘက်နေ မြောက်ဘက်ကို ရစ်ခွေပြီး၊ အရှေ့ဘက်ဆင်သေဆည်ဘက်ကို စီးမျောသွားပါတယ်။ရွာရဲ့မြေပြင်ကတော့ နိမ့်လိုက်မြင့်လိုက်နဲ့ သိပ်မညီပါ။ရွာနီးချုပ်စပ်တွေကတော့ မြောက်ဘက်မှာ ရွာသစ်ရွာ၊အနောက်ဘက်မှာ သံပုရာကုန်းရွာနဲ့ အရှေ့ဘက်မှာ လယ်ဇပင်ရွာတို့တည်ရှိကြပါတယ်။တောင်ဘက်မှာတော့ လယ်ယာမြေတွေလုပ်ကိုင်တဲ့ တောကြီးသက်သက်ပဲ ဖြစ်ပါတယ်။စီးပွားရေးကလည်း သူများရွာတွေထက်စာရင် အတန်အသင့် အဆင်ပြေကြပါတယ်။အဓိကအားဖြင့်တော့ စပါး၊မြေပဲ၊နှမ်းတွေ စိုပျိုးကြပါတယ်။ကျန်တဲ့ နေကြာ၊ပဲစင်းငုံတွေစတာတွေလည်း စိုက်ပျိုးကြပါသေးတယ်။ရှေးလူကြီးတွေ ပြောပြချက်အရ ရွာဖြစ်ပေါ်လာပုံကတော့ ရွာအဖြစ်မတည်ရှိသေးမီ ရွာသစ်ရွာက လူတွေဟာ တဖြည်းဖြည်းနဲ့တောင်ဘက်က တောတွေ ချဲ့ထွင်လုပ်ကိုင်ရင်းကနေ လယ်ယာမြေတွေ စောင့်ရှောက်ဖို့ အစပထမတော့ တဲလေးတွေဆောက်၊အဲဒီကနေ မိုးရေတွေကြီးလာတော့ ချေင်းရေတွေစီးနေတာနဲ့ ရွာကို မပြန်နိုင်ဘဲ တောထဲမှာပဲနေနေကြရပါတယ်။ကြာလာတော့ တဲတွေများများလာပြီး မိုးရာသီဆို ကူးရသန်းရတာလည်း ခက်ခဲတာကြောင့် အဲဒီတဲတွေမှာသာ အနေများပြီး ရွာသေးသေးပုံစံဖြစ်တာကနေ စတယ်လို့ပြောပါတယ်။ရွာရဲ့နာမည်ကိုတော့ ရွာထိပ်မှာ ဖက်သန်းပင်ကြီးကလည်း ထီးမားမားရှိနေတာကြောင့် အဒီ ဖက်သန်းပင်ကြီးကို အစွဲပြုပြီး ဖက်သန်းတောင်ကျေးရွာဆိုတာ ဖြစ်လာတဲ့အကြောင်း ရှေးလူကြီးတွေက ပြောပြလို့သိရပါတယ်။စတည်ခါစတုန်းက အိမ်ခြေ လေးဆယ်လောက်ပဲရှိပြီး ဘုန်းကြီးကျောင်းလည်း တစ်ကျောင်းတည်းပဲ ရှိပါတယ်။အဲဒီကျောင်းမှာထိုင် တဲ့ ဘုန်းကြီးကလည်း ကျောင်းသားတွေကို အလွန်အရိုက်ကြမ်း၊ဆိုဆုံးမကြမ်းတယ်ဆိုပဲ။ဘွဲ့အမည်ကတော့ ဦးသဒ္ဓမ္မတဲ့၊ဒကာ ဒကာမတွေအပေါ်မှာလည်း ကြမ်းကြမ်းတမ်းတမ်းပဲ ဆက်ဆံလေ့ရှိသည့်အပြင် တရားဓမ္မနှင့်အညီ စည်းရုံးပြောဆိုမှုမလုပ်ပဲ တွေ့တဲ့အရာနဲ့ပစ်ပေါက်ကာ ငါမှငါ ငါပြောတာ ငါလုပ်တာမှမှန်တယ်၊ ငါ့အထက်မှာဘယ်သူမှမရှိဆိုတဲ့အတ္တနဲ့ ဆရာကို ဗဟိုပြုတဲ့ စနစ်မှားကို ကျင့်သုံးတာကြောင့် နောက်ဆုံးတစ်နေ့မှာတော့ ဆရာနဲ့ဒကာတို့ကြားမှာ အက်ကြောင်းအကြီးကြီးဖြစ်ပေါ်လာပြီး အဲဒီအက်ကြောင်းကြီးထဲ ရေခဲမြစ်ကြီးစီးဆင်းသွားခဲ့ပါတယ်။ဒီလိုနဲ့ ဆရာနဲ့ဒကာတို့ရဲ့ ခွဲခွါကြခြင်းဟာလည်း ကတ္တီပါလမ်းခွဲ မဖြစ်ခဲ့ပဲ၊ ညောင်ညိုပင်လမ်းခွဲပဲဖြစ်သွားခဲ့ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးတွေထွက်ကုန်ကြပါတော့တယ်။ဒကာတွေကလည်း ကိုယ့်တော့်ကို မကိုးကွယ်ရလည်း မြန်မာပြည်မှာ ကိုယ်တော်တစ်ပါးတည်း ရှိတာမဟုတ်ဘူး။ဘုန်းကြီးတွေပေါတယ်၊အခုပင့်အခုရတယ်ဆိုတဲ့ မာနနဲ့နေမှာပေါ့လေ၊ ဘုန်းကြီးအသစ်တစ်ပါးရှာပြီး(တပ်ကုန်းအနောက်ဘက်ကညာင်ပင်သာရွာကပါ)ကျောင်း သစ်ထောင်လိုက်တာကြောင့်အဲဒီကစပြီးကျာင်းနှစ်ကျောင်းစကွဲသွားတာ အခုထက်ထိပါပဲ။ကျောင်းဟောင်း ဘုန်းကြီးကို ကိုးကွယ်သူဆိုလို့ အနည်းအကျဉ်းပဲကျန်ရှိခဲ့ပြီး လူအများစုက ကျောင်းသစ်ကျောင်းကိုပဲ ကိုးကွယ်ဆည်းကပ်ကြပါတယ်။ဒါပေမယ့် ရွာနီးချုပ်စပ်ဂေါစရာမ် ဘုန်းကြီးကျောင်းတွေကတော့ ကျောင်းသစ်ကျောင်းနဲ့ ဆက်ဆံခြင်းမရှိပဲ ကျောင်းဟောင်းနဲ့သာ ဆက်ဆံကြပါတယ်။ဒါကြောင့် သာရေး ၊နာရေး အလှူပွဲကြီးတွေမှာ ကျောင်းဟောင်းဘက်က ဘေးရွာတွေကနေ သံဃာပင့်ရတာလွယ်သလောက် ကျောင်းသစ်ကျောင်းက တပ်ကုန်းဘက်ကသံဃာတွေကို လမ်းခရီးမကောင်းတဲ့ကြားကနေ ခက်ခက်ခဲခဲ ပင့်ကြရပါတယ်။တစ်ကျောင်းနဲ့တစ်ကျောင်း ဘုန်းကြီးချင်းရော လူအချင်းချင်းပါ မတည့်ကြပါ။မကင်းနိုင် မလွှဲသာတဲ့ သဘောအရ ဟိုဘက်ကျောင်းကိုးကွယ်သူ သားသမီးနဲ့ ဒီဘက်ကျောင်း ကိုးကွယ်သူ သားသမီးတို့ မင်္ဂလာဆောင်ပြီး အိုးအိမ်ခွဲကြတဲ့အခါ ယောက်ျားလေးဘက်လိုက်ပြီး ကိုးကွယ်မလား မိန်းကလေးကျောင်းဘက်လိုက်ပြီးကိုးကွယ်မလားဆိုပြီး ပြဿနာတက်လေ့ရှိပါတယ်။ အဲဒီလိုဖြစ်ရာမှာ တစ်ဖက်တည်းကိုပဲလိုက်သွားတာရှိသလို ကိုယ်ငယ်ငယ်က ခင်တွယ် ကျဉ်လည်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို မခွဲခွါချင်ကျတော့ နင်က နင်ကျောင်းသွားပြီး လှူစရာရှိတာ လှူ၊ငါကလည်းငါ့ကျောင်းသွားပြီးလှူစရာရှိတာလှူမယ်ဆိုပြီး စညားခါစ အိမ်ထောင်ရှင်တို့ ဘုန်းကြီးကျောင်းကိုးကွယ်မှုနဲ့စပ်ပြီး စိတ်ဝမ်းကွဲကြတာလည်း ရှိလေရဲ့။နောက်ပြီး အနှစ်နှစ်အလလ ကနေ တစ်ကျောင်းတည်းကို ကိုးကွယ်လာခဲ့ပြီးမှ အကြောင်းကြောင်းတွေကြောင့် ကိုယ့်ကျောင်းဘုန်းကြီးနဲ့ ပြဿနာ အကြီးအကျယ်တက်လာခဲ့ပြီဆိုရင်တော့ အဲဒီကျောင်းဘုန်းကြီးကို ခြေစုံကန်၊ကျောခိုင်းပြီး ဟိုဘက်ကျောင်းကို ပြောင်းပြီးကိုးကွယ်ကြတာလည်း ရှိပါတယ်။
လမ်းပန်းဆက်သွယ်ရေးအနေနဲ့ပြောရရင်ဆင်သေဆည်ကြိးမဆောက်ခင်ကတော့ ရွာနဲ့ နေပြည်တော် တပ်ကုန်းမြို့တို့ ၂၂ မိုင်ဝေးတဲ့ခရီးလေးကိုပင် ပို့ဆောင်ဆက်သွယ်ရေးအခြေအနေက ကမ္ဘာဦးအစကပုံစံမျိုးပဲ ဖြစ်နေလေတော့ တောကြမ်းခရီးမှာ ပဲခူးရိုးမတောင်ကိုကျော်၊ ချောင်းတွေကို ဖြတ်ကာ လှည်းနဲ့တစ်မျိုး၊ ခြေကျင်တစ်သွယ် ခရီးနှင်ကြရပါတယ်။ဆည်ဆောက်ပြီးပြန်တော့လည်း ကားလမ်းတွေပေါက်လာလို့ လှည်းနဲ့တအိအိသွားရတဲ့ ဒုက္ခ မရှိတော့ပေမယ့် ၊စီးရတဲ့ ကားက ဖြစ်သလို ခြောက်ကမ်းပါးတွေပေါလှတဲ့ တောင်ပေါ်လမ်း ရောက်ပြီဆို ဘုရားတနေရ စမြဲ ၊နောက်ပြီး ကားက ရှားတော့ ကားသမားမျက်နှာပဲ တစ်ကမ္ဘာထင်နေရခဲ့ပါတယ်။ကား ဒုက္ခကနေ လွတ်မြောက်ပြန်တော့ ဆည်ကြီးကို စက်လှေနဲ့ဖြတ်သန်းရပါတယ်။ရေလမ်းက တစ်ခုခု ဖြစ်ခဲ့ရင် ဘာမှ ကူကယ်ရာ မရနိုင်သည်မို့ စိတ်ချလက်ချ မစီးနိုင်ပါ။ဒါပေမယ့်လည်း ရွေးစရာလမ်းမရှိတော့ ဒီလိုပဲ သွားလာကြရပါတယ်။အခုတော့......အခုတော့လည်းလေ...........။ခေတ်စနစ်တွေက ပြောင်းလာတာ မြန်သလို ဖြစ် လာခဲ့ပြီမို့ ဆိုင်ကယ် ၊ကားတွေလည်း တော်တော်ပေါလာခဲ့ပါပြီ။ဘယ်လိုမှ ထင်မှတ်မထားတဲ့ ရန်ကုန် မန္တလေး အမြန်လမ်းမကြီးဟာလည်း ကျွန်ုပ်တို့ငယ်ငယ်က တကယ့်ကို တောခေါင်ခေါင်အရပ်ဘက်မှာ ဖောက်ထားသည်မို့မြို့သို့သာမက တောသွားရင်တောင် ဆိုင်ကယ်လေးတွေနဲ့ ဖြစ်နေကြပါပြီ။ကျွန်ုပ်လည်း ၁၃ နှစ်သားအထိ မိသားစုရှိရာဒီရွာမှာပဲ နေထိုင်ကျက်စားခဲ့ပါတယ်။ အဲဒီနောက်တော့ ဘ၀ဇာတ်ဆရာအလိုအရ မပြည့်သေးတဲ့ အိုးကို ဖြည့်ရင်း တစ်ခါတရံ အလည်အပတ်လေး ရောက်တာကလွဲလို့ အရောက်အပေါက်အနေအထိုင်တွေ ကျဲလာခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခေတ်စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း သတိရတဲ့ အထဲမှာ ရွာကလေးက ထိပ်ဆုံးစာရင်းမှာ အမြဲတမ်းပါဝင်ခဲ့ပါတယ်။ဒါကြောင့်မို့ ရွာနဲ့မိုင်ထောင်ချီအလှမ်းဝေးလှတဲ့ နိုင်ငံခြားရောက်နေပေမယ့်လည်း ရွာကလေးကို မမေ့နိုင်ဖြစ်ပြီး ဂူဂယ်အတ်ကနေ ခဏခဏ အလွမ်းပြေကြည့်နေခဲ့တာပေါ့လေ.............။ရွာကလေးရေ..ကျန်းမာပါစေ..........။

No comments:

Post a Comment