Wednesday, February 16, 2011

ဟောပြလိုက်ချင်တဲ့ တရားအတိုအထွာ

ဒီကနေ့ ဒို့ဒကာ၊ဒကာမတွေ သီလတွေဆောက်တည်လို့ ဒါနတွေပြုကြတယ်။ဒါဘာကြောင့်ပြုတာလဲဆိုရင် ကုသိုလ်ရချင်လို့ပါဘုရားလို့ဆိုရမှာ။ နောက်ပြီး မြတ်စွာဘုရားရှင်က သံသရာထဲမှာကျင်လည် နေသမျှဆင်းရဲနေအုံးမှာ။ဒါကြောင့် ဆင်းရဲတွင်းကနေ လွတ်မြောက်စေချင်တယ်။ဆင်းရဲတွင်းမှာ နေနေကြတဲ့ သတ္တ၀ါတွေကို အလွန်အင်မတန် သနားတော်မူတယ်။ဥပမာအားဖြင့် မိဘတွေဟာ ကိုယ့်သားသမီးတွေ ဆင်းရဲ ဒုက္ခရောက်မှာကို မတွေ့မမြင်ချင်ကြဘူး၊ဒါကြောင့်မို့ပဲ ငယ်ငယ်ကတည်းက အခက်အခဲတွေကြားထဲကနေ ပညာတွေသင်ပေးတယ်။ဒုက္ခရောက်မယ့် အလုပ်တွေ၊နေရာတွေကို မလုပ်စေချင် မသွားစေချင်ကြဘူး။ချမ်းသာစေမယ့် နေရာတွေ ချမ်းသာမယ့်အလုပ်တွေပဲ လုပ်စေချင်တယ်။အဲဒါတွေကိုပဲ တိုက်တွန်းလေ့ရှိပါတယ်။ ထိုနည်းတူပါပဲ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သတ္တ၀ါတွေကို သနားတော်မူလွန်းလို့ ဆင်းရဲဒုက္ခရောက်စေမယ့် လောဘ၊ဒေါသ၊မောဟ အလုပ်တွေကို မလုပ်စေချင်ဘူး။ ဆင်းရဲက လွတ်မြောက်စေမယ့် ဒါန၊သီလ ၊ဘာဝနာအလုပ်တွေကိုပဲ လုပ်စေချင်တယ်။ ဒါကြောင့် အဲဒီလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း အမြဲတိုက်တွန်းတော်မူလေ့ရှိပါတယ်။

Tuesday, February 15, 2011

အခုလောလောဆယ်တက်ဖြစ်နေတဲ့ သင်တန်းလေးအကြောင်း..

အင်္ဂလိပ်စာကို ၀ါသနာပါလို့ ကျွန်ုပ်ပညာသင်ကြားခဲ့ရာ မန္တလေးမြို့မှာ သင်တန်းများစွာ တက်ဖြစ်ခဲ့ပါတယ်။တက်တာမှစုံလို့။ဒါပေမယ့် စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်း မရှိတာကြောင့်ရယ်။ဘုန်းကြီးစာလို တက်ထိုးသဘောမျိုးလုပ်တာကြောင့် ဘာမှအရာမထင်ခဲ့ပါဘူး။ဒါက ကိုယ့်အပိုင်း။ နောက် သင်ပေးတဲ့သူအပိုင်းကြည့်တော့ အင်္ဂလိပ်စကားပြောစာအုပ်ထဲမှာ နာမည်ရနေတဲ့ Breakthrough ၊Family album ၊Interchange စတဲ့ စာအုပ်တွေထဲက စကားပြောခန်းတွေကို ရှေ့ကနေချပေး တပည့်တွေက လိုက်ဆို အိမ်ကနေ အလွတ်ကျက်ခဲ့ ၊အတန်းပြန်ရောက်ရင် ကျက်ခဲ့တာကို နှစ်ယောက်စီ ထွက်ပြော၊နောက် တစ်ယောက်စီ စတိတ်ခုံပေါ်တက် အောက်က ကျောင်းသားတွေက မေးကြတာကို ဖြေ ၊ အချိန်တစ်နာရီစေ့တာနဲ့ကျောင်းဆင်းပေါ့လေ၊နောက် မန္တလေးတောင်ပေါ်ကိုတက်ပြီး တိုးရစ်တွေနဲ့လိုက်ပြော၊ ဒါပါပဲ။ဒီကြားထဲ အခြေအနေ အကြောင်းကြောင်းတွေကြောင့်ရယ်။ရွှေတွေရဲ့ဇွဲလုံ့လက ဆရာအောင်သင်းပြောသလို ခဲလုံးအဓိဋ္ဌာန်ဖြစ်တာရယ်ကြောင့် သင်တန်းတစ်ခုကို မပြီးပဲနဲ့၊ တစ်လတောင်မပြည့်ဘဲနဲ့ သင်တန်းတွေ ပြီးခဲ့တာလည်း မနည်းခဲ့ပါ။အခု သီရိလင်္ကာရောက်ပြန်တော့ နာမည်ကြီးတဲ့အင်္ဂလိပ်သင်တန်းနှစ်ခု ရှိတဲအထဲ SVS School for English ဆိုတဲ့ သင်တန်းက အင်္ဂလိပ်ဆရာစစ်စစ်တွေ သင်တဲ့ သင်တန်းဖြစ်တာကြောင့် ဒီသင်တန်းကိုပဲ ရွေးချယ်တက်ဖြစ်ခဲ့သည်။သင်တန်းမတက်ခင် ၀င်ခွင့်ဖြေပြီး စရံငွေ ရူးပီး နှစ်ထောင်(အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။)ပေးကာ စာရင်းအရင်သွင်းရသည်။ Elementary တန်း၊ Pre-Intermediate တန်း၊ Intermediate တန်းဆိုပြီး အတန်းသုံးတန်းရှိပါတယ်။ ကိုယ့်ရဲ့ ၀င်ခွင့် အမှန်အပေါ်မူတည်ပြီး တက်ရမယ့်အတန်းသတ်မှတ်ပေးပါတယ်။ နောက် မနက် ရှစ်ခွဲ ကနေ ဆယ်ခွဲ၊မနက်သင်တန်း၊ နေ့လည် ၁၁ နာရီကနေ ၁ နာရီထိ နေ့လည်သင်တန်း၊ ညနေ ၆ နာရီကနေ ၈ နာရီညနေသင်တန်းဆိုပြီး အချိန်သုံးချိန်မှာ ကိုယ်ကြိုက်တဲ့အချိန်ကို ရွေးချယ်နိုင်ပါတယ်။ သင်တန်းကြာချိန်ကတော့ နှစ်နာရီပါ နှစ်နာရီဆိုလို့ အကြာကြီးပဲ ပျင်းစရာကြီးလို့မထင်လိုက်ပါနဲ့။တကယ်တန်း တက်တဲ့အခါမှာ ပျင်းစရာဆိုတာ ရှာမရအောင်ကို ဖြစ်သွားပါလိမ့်မယ်။Module လို့ခေါ်တဲ့ ပို့ချမယ့် စာရွက်တွေ နေ့တိုင်းပေးပါတယ်။ အဲဒီစာရွက်ထဲက စာတွေကို မေးလိုက်၊ဖြေလိုက်လုပ်ခိုင်းတာတစ်မျိုး၊ ကွက်လပ်ဖြည့်စသည်တစ်ဖုံ၊ နောက် အသံဖွင့်ပြပြီး ကွက်လပ်ဖြည့်၊ဗွီဒီယိုဖွင့်ပြပြီး ဖြေခိုင်းတာ။နံရံမှာကပ်ထားတဲ့ အဖြေတွေကို လိုက်ရေးရတာ။ဒိုင်ယာလော့ တစ်ခုကို အတန်းသားတွေနှံ့နေအောင် လိုက်မေးစသဖြင့် စုံလင်စွာ လုပ်ကြရပါတယ်။ပို့ချတဲ့ဆရာကလည်း နည်းစနစ်ကောင်းကောင်း သွက်သွက်လက် တက်တက်ကြွကြွနဲ့ သင်ပြတာကြောင့် နှစ်နာရီဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်သွားလို့ကုန်သွားမှန်းမသိဖြစ်ရပါတယ်။
သင်တန်းတက်ရတာ ပျင်းရိမှုမရှိ ပျော်ရွှင်ရသလောက်၊မပျော်မရွှင် စိတ်ညစ်ချင်စရာကတော့ ကိုယ်နေထိုင်ရာကုလား ကျောင်းမှ သင်တန်းကျောင်းအသွား တစ်နာရီကြာ လိုင်းကားစီးရခြင်းပါ။မနက်ပိုင်းသင်တန်း တက်တယ်ဆို ပိုဆိုးပါတယ်။အလုပ်သွား၊ရုံးသွားတွေနဲ့ လိုင်းကားက ပြည့်ကျပ်နေပြီး သံဃာလာပြီဆို လူတွေက နဂိုအခြေကျထိုင်ပြီးသား ထိုင်ခုံကနေ ကိုယ်လာမှ ထပေးရတော့ အတော့်ကို အားနာစရာကောင်းလှပါတယ်။သူတို့လည်း ပိုက်ဆံပေးစီးကြတာပဲလေ။ ဘယ်ထပေးချင်ပါ့မလဲ။ဒါကြောင့် လိုင်းကားစီးရတာက ကြာ၊စီးရပြန်တော့လည်း အားနာနာနဲ့ဆိုတော့ စိတ်မချမ်းသာပါဘူး။လိုင်းကားမစီးချင်ရင် တက္ကစီငှားပြီး သွားပါလားလို့ပြောလာရင်လည်း မတတ်နိုင်ပါ ဖြေရုံကလွဲလို့....။

Sunday, February 13, 2011

ကျွန်ုပ်တို့ရွာ အကြောင်း တစေ့တစောင်း......

သူများဘလော့တွေ လိုက်ကြည့်မိတော့ ဘလော့တစ်ခုမှာ သူ့ရွာလေး အကြောင်းကို ဂူဂယ်အတ်က ဓာတ်ပုံနှင့်တကွ တင်ပြထားတာတွေ့ရတော့ ကျွန်ုပ်မွးဖွားကြီးပြင်းခဲ့ရာ ရွာလေးကိုလည်း အပေါ်စီးကနေ တစ်ရွာလုံးမြင်ရတဲ့ပုံစံလေးနဲ့ ဂူဂတ်အတ်ကနေဓာတ်ပုံရိုက်ချင်နေမိသည်။ဒါပေမယ့် ဘယ်လိုလုပ်ရကိုင်ရမှန်းမသိပါ။ဟော ....ဒီနေ့တော့ ကွန်ပြူတာ အင်တာနက်တွေ မွှေနှောက်လေ့ရှိတဲ့ မောင်ဝေ ပုလ်နဲ့တိုးတော့ နှစ်ဦးသားပူးပေါင်းလုပ်လိုက်တာ အဆင်ပြေသွားခဲ့ရတော့သည်။

ဒါပဲပေါ့ဗျာ.........ကျွန်ုပ်ရဲ့ ရွာလေးဆိုတာ၊ အိမ်ခြေ၄၀၀ လောက်ရှိပြီး ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းရှိပါတယ်။ဆင်သေချောင်းကြီးကလည်း ရွာ့ အနောက်ဘက်နေ မြောက်ဘက်ကို ရစ်ခွေပြီး၊ အရှေ့ဘက်ဆင်သေဆည်ဘက်ကို စီးမျောသွားပါတယ်။ရွာရဲ့မြေပြင်ကတော့ နိမ့်လိုက်မြင့်လိုက်နဲ့ သိပ်မညီပါ။ရွာနီးချုပ်စပ်တွေကတော့ မြောက်ဘက်မှာ ရွာသစ်ရွာ၊အနောက်ဘက်မှာ သံပုရာကုန်းရွာနဲ့ အရှေ့ဘက်မှာ လယ်ဇပင်ရွာတို့တည်ရှိကြပါတယ်။တောင်ဘက်မှာတော့ လယ်ယာမြေတွေလုပ်ကိုင်တဲ့ တောကြီးသက်သက်ပဲ ဖြစ်ပါတယ်။စီးပွားရေးကလည်း သူများရွာတွေထက်စာရင် အတန်အသင့် အဆင်ပြေကြပါတယ်။အဓိကအားဖြင့်တော့ စပါး၊မြေပဲ၊နှမ်းတွေ စိုပျိုးကြပါတယ်။ကျန်တဲ့ နေကြာ၊ပဲစင်းငုံတွေစတာတွေလည်း စိုက်ပျိုးကြပါသေးတယ်။ရှေးလူကြီးတွေ ပြောပြချက်အရ ရွာဖြစ်ပေါ်လာပုံကတော့ ရွာအဖြစ်မတည်ရှိသေးမီ ရွာသစ်ရွာက လူတွေဟာ တဖြည်းဖြည်းနဲ့တောင်ဘက်က တောတွေ ချဲ့ထွင်လုပ်ကိုင်ရင်းကနေ လယ်ယာမြေတွေ စောင့်ရှောက်ဖို့ အစပထမတော့ တဲလေးတွေဆောက်၊အဲဒီကနေ မိုးရေတွေကြီးလာတော့ ချေင်းရေတွေစီးနေတာနဲ့ ရွာကို မပြန်နိုင်ဘဲ တောထဲမှာပဲနေနေကြရပါတယ်။ကြာလာတော့ တဲတွေများများလာပြီး မိုးရာသီဆို ကူးရသန်းရတာလည်း ခက်ခဲတာကြောင့် အဲဒီတဲတွေမှာသာ အနေများပြီး ရွာသေးသေးပုံစံဖြစ်တာကနေ စတယ်လို့ပြောပါတယ်။ရွာရဲ့နာမည်ကိုတော့ ရွာထိပ်မှာ ဖက်သန်းပင်ကြီးကလည်း ထီးမားမားရှိနေတာကြောင့် အဒီ ဖက်သန်းပင်ကြီးကို အစွဲပြုပြီး ဖက်သန်းတောင်ကျေးရွာဆိုတာ ဖြစ်လာတဲ့အကြောင်း ရှေးလူကြီးတွေက ပြောပြလို့သိရပါတယ်။စတည်ခါစတုန်းက အိမ်ခြေ လေးဆယ်လောက်ပဲရှိပြီး ဘုန်းကြီးကျောင်းလည်း တစ်ကျောင်းတည်းပဲ ရှိပါတယ်။အဲဒီကျောင်းမှာထိုင် တဲ့ ဘုန်းကြီးကလည်း ကျောင်းသားတွေကို အလွန်အရိုက်ကြမ်း၊ဆိုဆုံးမကြမ်းတယ်ဆိုပဲ။ဘွဲ့အမည်ကတော့ ဦးသဒ္ဓမ္မတဲ့၊ဒကာ ဒကာမတွေအပေါ်မှာလည်း ကြမ်းကြမ်းတမ်းတမ်းပဲ ဆက်ဆံလေ့ရှိသည့်အပြင် တရားဓမ္မနှင့်အညီ စည်းရုံးပြောဆိုမှုမလုပ်ပဲ တွေ့တဲ့အရာနဲ့ပစ်ပေါက်ကာ ငါမှငါ ငါပြောတာ ငါလုပ်တာမှမှန်တယ်၊ ငါ့အထက်မှာဘယ်သူမှမရှိဆိုတဲ့အတ္တနဲ့ ဆရာကို ဗဟိုပြုတဲ့ စနစ်မှားကို ကျင့်သုံးတာကြောင့် နောက်ဆုံးတစ်နေ့မှာတော့ ဆရာနဲ့ဒကာတို့ကြားမှာ အက်ကြောင်းအကြီးကြီးဖြစ်ပေါ်လာပြီး အဲဒီအက်ကြောင်းကြီးထဲ ရေခဲမြစ်ကြီးစီးဆင်းသွားခဲ့ပါတယ်။ဒီလိုနဲ့ ဆရာနဲ့ဒကာတို့ရဲ့ ခွဲခွါကြခြင်းဟာလည်း ကတ္တီပါလမ်းခွဲ မဖြစ်ခဲ့ပဲ၊ ညောင်ညိုပင်လမ်းခွဲပဲဖြစ်သွားခဲ့ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးတွေထွက်ကုန်ကြပါတော့တယ်။ဒကာတွေကလည်း ကိုယ့်တော့်ကို မကိုးကွယ်ရလည်း မြန်မာပြည်မှာ ကိုယ်တော်တစ်ပါးတည်း ရှိတာမဟုတ်ဘူး။ဘုန်းကြီးတွေပေါတယ်၊အခုပင့်အခုရတယ်ဆိုတဲ့ မာနနဲ့နေမှာပေါ့လေ၊ ဘုန်းကြီးအသစ်တစ်ပါးရှာပြီး(တပ်ကုန်းအနောက်ဘက်ကညာင်ပင်သာရွာကပါ)ကျောင်း သစ်ထောင်လိုက်တာကြောင့်အဲဒီကစပြီးကျာင်းနှစ်ကျောင်းစကွဲသွားတာ အခုထက်ထိပါပဲ။ကျောင်းဟောင်း ဘုန်းကြီးကို ကိုးကွယ်သူဆိုလို့ အနည်းအကျဉ်းပဲကျန်ရှိခဲ့ပြီး လူအများစုက ကျောင်းသစ်ကျောင်းကိုပဲ ကိုးကွယ်ဆည်းကပ်ကြပါတယ်။ဒါပေမယ့် ရွာနီးချုပ်စပ်ဂေါစရာမ် ဘုန်းကြီးကျောင်းတွေကတော့ ကျောင်းသစ်ကျောင်းနဲ့ ဆက်ဆံခြင်းမရှိပဲ ကျောင်းဟောင်းနဲ့သာ ဆက်ဆံကြပါတယ်။ဒါကြောင့် သာရေး ၊နာရေး အလှူပွဲကြီးတွေမှာ ကျောင်းဟောင်းဘက်က ဘေးရွာတွေကနေ သံဃာပင့်ရတာလွယ်သလောက် ကျောင်းသစ်ကျောင်းက တပ်ကုန်းဘက်ကသံဃာတွေကို လမ်းခရီးမကောင်းတဲ့ကြားကနေ ခက်ခက်ခဲခဲ ပင့်ကြရပါတယ်။တစ်ကျောင်းနဲ့တစ်ကျောင်း ဘုန်းကြီးချင်းရော လူအချင်းချင်းပါ မတည့်ကြပါ။မကင်းနိုင် မလွှဲသာတဲ့ သဘောအရ ဟိုဘက်ကျောင်းကိုးကွယ်သူ သားသမီးနဲ့ ဒီဘက်ကျောင်း ကိုးကွယ်သူ သားသမီးတို့ မင်္ဂလာဆောင်ပြီး အိုးအိမ်ခွဲကြတဲ့အခါ ယောက်ျားလေးဘက်လိုက်ပြီး ကိုးကွယ်မလား မိန်းကလေးကျောင်းဘက်လိုက်ပြီးကိုးကွယ်မလားဆိုပြီး ပြဿနာတက်လေ့ရှိပါတယ်။ အဲဒီလိုဖြစ်ရာမှာ တစ်ဖက်တည်းကိုပဲလိုက်သွားတာရှိသလို ကိုယ်ငယ်ငယ်က ခင်တွယ် ကျဉ်လည်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို မခွဲခွါချင်ကျတော့ နင်က နင်ကျောင်းသွားပြီး လှူစရာရှိတာ လှူ၊ငါကလည်းငါ့ကျောင်းသွားပြီးလှူစရာရှိတာလှူမယ်ဆိုပြီး စညားခါစ အိမ်ထောင်ရှင်တို့ ဘုန်းကြီးကျောင်းကိုးကွယ်မှုနဲ့စပ်ပြီး စိတ်ဝမ်းကွဲကြတာလည်း ရှိလေရဲ့။နောက်ပြီး အနှစ်နှစ်အလလ ကနေ တစ်ကျောင်းတည်းကို ကိုးကွယ်လာခဲ့ပြီးမှ အကြောင်းကြောင်းတွေကြောင့် ကိုယ့်ကျောင်းဘုန်းကြီးနဲ့ ပြဿနာ အကြီးအကျယ်တက်လာခဲ့ပြီဆိုရင်တော့ အဲဒီကျောင်းဘုန်းကြီးကို ခြေစုံကန်၊ကျောခိုင်းပြီး ဟိုဘက်ကျောင်းကို ပြောင်းပြီးကိုးကွယ်ကြတာလည်း ရှိပါတယ်။
လမ်းပန်းဆက်သွယ်ရေးအနေနဲ့ပြောရရင်ဆင်သေဆည်ကြိးမဆောက်ခင်ကတော့ ရွာနဲ့ နေပြည်တော် တပ်ကုန်းမြို့တို့ ၂၂ မိုင်ဝေးတဲ့ခရီးလေးကိုပင် ပို့ဆောင်ဆက်သွယ်ရေးအခြေအနေက ကမ္ဘာဦးအစကပုံစံမျိုးပဲ ဖြစ်နေလေတော့ တောကြမ်းခရီးမှာ ပဲခူးရိုးမတောင်ကိုကျော်၊ ချောင်းတွေကို ဖြတ်ကာ လှည်းနဲ့တစ်မျိုး၊ ခြေကျင်တစ်သွယ် ခရီးနှင်ကြရပါတယ်။ဆည်ဆောက်ပြီးပြန်တော့လည်း ကားလမ်းတွေပေါက်လာလို့ လှည်းနဲ့တအိအိသွားရတဲ့ ဒုက္ခ မရှိတော့ပေမယ့် ၊စီးရတဲ့ ကားက ဖြစ်သလို ခြောက်ကမ်းပါးတွေပေါလှတဲ့ တောင်ပေါ်လမ်း ရောက်ပြီဆို ဘုရားတနေရ စမြဲ ၊နောက်ပြီး ကားက ရှားတော့ ကားသမားမျက်နှာပဲ တစ်ကမ္ဘာထင်နေရခဲ့ပါတယ်။ကား ဒုက္ခကနေ လွတ်မြောက်ပြန်တော့ ဆည်ကြီးကို စက်လှေနဲ့ဖြတ်သန်းရပါတယ်။ရေလမ်းက တစ်ခုခု ဖြစ်ခဲ့ရင် ဘာမှ ကူကယ်ရာ မရနိုင်သည်မို့ စိတ်ချလက်ချ မစီးနိုင်ပါ။ဒါပေမယ့်လည်း ရွေးစရာလမ်းမရှိတော့ ဒီလိုပဲ သွားလာကြရပါတယ်။အခုတော့......အခုတော့လည်းလေ...........။ခေတ်စနစ်တွေက ပြောင်းလာတာ မြန်သလို ဖြစ် လာခဲ့ပြီမို့ ဆိုင်ကယ် ၊ကားတွေလည်း တော်တော်ပေါလာခဲ့ပါပြီ။ဘယ်လိုမှ ထင်မှတ်မထားတဲ့ ရန်ကုန် မန္တလေး အမြန်လမ်းမကြီးဟာလည်း ကျွန်ုပ်တို့ငယ်ငယ်က တကယ့်ကို တောခေါင်ခေါင်အရပ်ဘက်မှာ ဖောက်ထားသည်မို့မြို့သို့သာမက တောသွားရင်တောင် ဆိုင်ကယ်လေးတွေနဲ့ ဖြစ်နေကြပါပြီ။ကျွန်ုပ်လည်း ၁၃ နှစ်သားအထိ မိသားစုရှိရာဒီရွာမှာပဲ နေထိုင်ကျက်စားခဲ့ပါတယ်။ အဲဒီနောက်တော့ ဘ၀ဇာတ်ဆရာအလိုအရ မပြည့်သေးတဲ့ အိုးကို ဖြည့်ရင်း တစ်ခါတရံ အလည်အပတ်လေး ရောက်တာကလွဲလို့ အရောက်အပေါက်အနေအထိုင်တွေ ကျဲလာခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခေတ်စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း သတိရတဲ့ အထဲမှာ ရွာကလေးက ထိပ်ဆုံးစာရင်းမှာ အမြဲတမ်းပါဝင်ခဲ့ပါတယ်။ဒါကြောင့်မို့ ရွာနဲ့မိုင်ထောင်ချီအလှမ်းဝေးလှတဲ့ နိုင်ငံခြားရောက်နေပေမယ့်လည်း ရွာကလေးကို မမေ့နိုင်ဖြစ်ပြီး ဂူဂယ်အတ်ကနေ ခဏခဏ အလွမ်းပြေကြည့်နေခဲ့တာပေါ့လေ.............။ရွာကလေးရေ..ကျန်းမာပါစေ..........။

Friday, February 4, 2011

ရင်ကိုမှန်တဲ့ အုတ်ခဲတစ်လုံး

ကျွန်တော်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ စီနီယာ မန်နေဂျာ ရာထူးနဲ့အတူ ကောင်းမွန်တဲ့လစာ၊ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်မှာ စိတ်အေးချမ်းစွာ ရှိနေခဲ့ပါတယ်.. အပူအပင်သိပ်မရှိဘဲ သက်သောင့် သက်သာနဲ့ ဘ၀ကို ကျော်ဖြစ်ခဲ့တဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်.. ပြီးတော့ ၀ယ်ထားတာ ၂လဘဲ ရှိသေးတဲ့ အသစ်စက်စက် ပြောင်လက်နေတဲ့ အနက်ရောင် ဂျာဂွာကားသစ်လေးနဲ့ ကိုယ့်ကိုယ်ကို စတိုင်ကျကျနဲ့ သပ်ရပ် ကြော့မော့နေတတ်တဲ့ ကျွန်တော့်အတွက် အရာရာ အဆင်ကိုပြေနေတော့တာပါဘဲ။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရင်း အိမ်နဲ့ကုမ္ပဏီ သွားလိုက်လာလိုက်နဲ့ ကျွန်တော့ဘ၀လေးကို ကျေနပ်နေခဲ့ပါတယ်…
တစ်နေ့ ကျွန်တော် အလုပ်တွေပြီးတော့ ကုမ္ပဏီကနေ အိမ်အပြန် ကျွန်တော့်ရဲ့ ကားသစ်လေးနဲ့ မြို့ပြင်ဘက်ကို အပျင်းပြေ ကားမောင်းထွက်ခဲ့ပါတယ်.. အရှိန်ပြင်းပြင်းနဲ့ ကားကိုမောင်းနေရင်း မျက်လုံးကိုလည်း လျှင်လျှင် ထားရပါသေးတယ်.. ကားလမ်းမပေါ် ကလေးတွေ ရုတ်တရက် ဖြတ်ပြေးတာမျိုး၊ လမ်းကွေ့ကနေ ကားတွေ ချိုးကွေ့ထွက်လာတာမျိုး ဖြစ်မှာစိုးတာကြောင့်ပါ။ အရှိန်နဲ့ မောင်းနေရင်း ရှေ့နားမှာ Slow Down အချက်ပြတစ်ခုကို တွေ့လိုက်တာမို့ ကားကို အရှိန် လျော့လိုက်ပါတယ်.. အဲဒီမှာ မမျှော်လင့်ဘဲ ကျွန်တော့်ကားမှန်ကို တစ်စုံတစ်ခု လာရောက်ထိမှန်သံ ကြားလိုက်ရပါတယ်.. လှည့်ကြည့်လိုက်တော့ နောက်ခန်းထဲမှာ အုတ်ခဲကျိုး တစ်ခုက ရောက်နေခဲ့ပြီ။ ဘုရားရေ.. ကျွန်တော့်ရဲ့ တောက်ပ ပြောင်လက်နေတဲ့ ဂျာဂွာကားမှန်အသစ်ဟာ ကွဲသွားပါရောလား…
ကျွန်တော် ကားဘရိတ်ကို ဆောင့်နင်းပစ်လိုက်ပြီး တာယာကို အသံမြည်အောင် ကားကို ဆွဲကွေ့ပစ်ကာ ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူကို အပူတပြင်း လိုက်ရှာပါတယ်…. အုတ်ခဲနဲ့ ပေါက်လိုက်တဲ့ သူကိုလည်း တွေ့ရော ကားကို ထိုးရပ်လိုက်ပြီး ကားအပြင်ဘက်ကို ထွက်ကာ ဒေါသတကြီး ကားတံခါးကို ဆောင့်ပိတ်လိုက် ပါတယ်.. တကယ်တော့ ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူဟာ အလွန်ဆုံးရှိမှ အသက် ၁၂နှစ်လောက်ဘဲ ရှိဦးမှာပါ။ ကျွန်တော် သူ့ရဲ့ အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ပစ်လိုက်ပြီး လက်သီးနဲ့တစ်ချက် ထိုးချလိုက်ပြီးတဲ့နောက် မြေပြင်ပေါ်ကို ကြမ်းတမ်းစွာ ဆောင့်တွန်းပစ်လိုက်ပါတယ်..
“ ပြောစမ်း.. မင်းဘယ်သူလဲ.. မင်းက ဘယ်လောက်သတ္တိရှိလို့ ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ… မင်း ဒီလိုဘဲ သူများတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တတ်တဲ့ကလေးလား.. အခု မင်းအုတ်ခဲနဲ့ထုလိုက်လို့ ငါ့ကားမှန်ကွဲသွားပြီ.. ဒီကားမှန် တစ်ချပ် ဘယ်လောက်တန်တယ်ဆိုတာ မင်းသိရဲ့လား.. ဟင်… မင်း လျော်နိုင်လို့လား.. ပြောစမ်း.. ငတုံးရဲ့”
“ကျ.. ကျ.. ကျွန်တော် တောင်းပန်ပါတယ်ဗျာ… ခဏလောက် ကျွန်တော် ပြောတာ နားထောင်ပေးပါခင်ဗျာ. ဒီလိုမှ မလုပ်ရင် မဖြစ်လို့ပါ။ ဒီနေရာမှာ ကျွန်တော် ကားတွေတားတာ ဘယ်ကားမှ ရပ်မပေးကြလို့ ဘာလုပ်ရမယ်မှန်း မသိတော့တာကြောင့် ခုလို လုပ်လိုက်မိတာပါ။ ”
ကျွန်တော်ရဲ့ ဒေါသတွေနဲ့ ကြမ်းတမ်းလှတဲ့ အမေးကို မြေပြင်ပေါ်လဲကျနေတဲ့ ကောင်လေးက တုန်လှုပ် ခြောက်ခြားစွာ ဖြေနေပါတယ်. သူ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက စီးကျလို့ လူတစ်ကိုယ်လုံးလဲ တုန်ရီနေခဲ့ပါတယ်.. ပြီးတော့ တစ်နေရာကို လက်ညိုးညွှန်လိုက်ပြီး “ဟိုမှာ ကျွန်တော့်ရဲ့ အစ်ကိုပါ.. သူ့ရဲ့ ၀ီးချဲဟာ ဒီလမ်းပေါ်ကနေ ကျော်ပြီး ကုန်းအဆင်းလေးကို အရှိန်နဲ့ လိမ့်ဆင်းသွားပြီး မှောက်သွားပါတယ်.. နဂိုကလည်း လမ်းမလျှောက်နိုင်ပါဘူး.. အခုလည်း သူ့မှာ ဒဏ်ရာ ရထားပါတယ်.. သူ့ကိုယ်က သိပ်လေးတော့ ၀ီးချဲပေါ် ပြန်တင်ဖို့ ကျွန်တော် မနိုင်ဘူး ပြီးတော့လဲ ဒီနေရာကို ရောက်အောင်ဝီးချဲကို ပြန်တွန်းတက်လာဖို့လည်း မနိုင်ဘူးဖြစ်နေလို့ပါ.. ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့အစ်ကိုကို ၀ီးချဲဆီ ပြန်တင်ပေးပါလား ခင်ဗျာ.. အစ်ကိုကြီးရယ် ကျွန်တော့်ကို ကူညီပါလို့ တောင်းပန်ပါတယ်ဗျာ”
ငိုရှိုက်ရင်းပြောနေတဲ့ ကလေးရဲ့ အသံနဲ့ တုန်ရီနေတဲ့ ကိုယ်ခန္ဓာလေးက ကျွန်တော့်ရင်ထဲက ကြမ်းရိုင်းနေတဲ့ ဒေါသမုန်တိုင်းတွေကို လွှင့်ပါးသွားစေခဲ့တယ်.. ကျွန်တော်မှားသွားခဲ့ပြီ။ ကျွန်တော့်အမှားအတွက် လည်ပင်းထဲမှာ အလုံးကြီးတစ်လုံးက လာဆို့နေသလို ခံစားရပြီး တံတွေးကိုတောင် ခက်ခက်ခဲခဲ မြိုချလိုက်ရပါတယ်.. ကျွန်တော်ဟာ ကိုယ့်ပစ္စည်း ဆုံးရှုံးခံလိုက်ရတာနဲ့ဘဲ မေးမြန်းစူးစမ်းခြင်းမရှိဘဲ ကလေးတစ်ယောက်ကို အနိုင်ကျင့်မိသလို ဖြစ်သွားခဲ့ရပါပြီ။ စိတ်မကောင်းခြင်း နောင်တရခြင်းတွေနဲ့ ကောင်လေးရဲ့ အစ်ကို လဲကျနေတဲ့နေရာကို သွားရောက်ပြီး သူ့ကို ထူမပေးကာ ၀ီး ချဲပေါ် တင်ပေးလိုက်ပါတယ်.. ပြီးတော့ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနာတရ ပွန်းပဲ့ရာတွေကို တွေ့ရတော့ ကျွန်တော့်ကားထဲမှာ အမြဲပါတတ်တဲ့ ဆေးသေတ္တာလေးကို သွားယူလာပြီး အရက်ပျံနဲ့ဆေးကြောလို့ ဆေးတွေ ထည့်ပေးမိပါတယ်.. ပြီးတော့ အားလုံး အိုကေပြီးဆိုတော့မှ ၀ီးချဲကို လမ်းမကြီးပေါ်ရောက်အောင် တွန်းတင်ပေးလိုက်ပါတယ်..
ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောပြီးနောက်မှာ ကောင်လေးနှစ်ယောက်ဟာ ကျွန်တော့်ရှေ့ကနေ ထွက်ခွာသွားကြပါတယ်..
တွန်းလှည်းလေးရဲ့ ဘီးကို သူ့အစ်ကိုက လက်တစ်ဖက်နဲ့ တွန်းပြီး လှည့်နေသလို သူ့ညီငယ်လေးဟာလည်း အနောက်ကနေ တွန်းကူပေးနေရင်း လမ်းမကြီးရဲ့ဘေး တစ်နေရာက သူတို့အိမ်ကလေးရှိရာကို တရွေ့ရွေ့ သွားနေကြတဲ့ ညီအစ်ကို နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ တစ်ဆို့ပြီး ကျန်ခဲ့ပါတယ်.. ကျွန်တော်ဟာ အကောင်းစား ဂျာဂွာကားကြီး စီးနေချိန်မှာ ကိုယ့်ကိုယ်ကိုတောင် ထူမတ်ခြင်းငှာ မစွမ်းသာတဲ့ ၀ီးချဲပေါ်က ကောင်လေးတွေလို မသန်စွမ်းတဲ့သူတွေလဲ ရှိပါသေးလား ဆိုတာ သိလိုက်ရပါတယ်.. ကိုယ့်ကမ္ဘာ ကျဉ်းကျဉ်းလေးမှာဘဲ ကျေနပ်နေတဲ့ ကျွန်တော်ဟာ လူမှုရေး၊ ပရဟိတ ဆိုတာတွေကို စိတ်မ၀င်စားခဲ့မိပါဘူး။ ပြီးတော့လဲ ကိုယ့်ပစ္စည်းထိတာနဲ့ ဒေါသတကြီး မစူးစမ်း အဆင်ခြင်ဘဲ စိတ်မြန်လက်မြန် ကိုယ့်ဒေါသကို ဖောက်ခွဲပစ်ဖို့ ကလေးတစ်ယောက်ကို ကိုယ်ထိ လက်ရောက် ပြုလုပ်ဖို့လဲ ၀န်မလေးတတ်သူ တစ်ယောက် ဖြစ်နေခဲ့တာ သိလိုက်ရပါတယ်.
ကျွန်တော့်ကားရှိရာကို ပြန်လျှောက်လာတဲ့ခြေလှမ်းတွေဟာ လေးကန်ဖင့်နွဲနေခဲ့တယ်.. ကားဆီကိုရောက်တော့ ကွဲနေတဲ့ ကားမှန်ကို တွေ့လိုက်တော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်.. ဒီကားမှန်ကို ကျွန်တော် ဘယ်တော့မှ အသစ်ပြန်မလဲတော့ပါဘူး… ဒီမှန်ကွဲနေတာလေးကို မြင်တိုင်း ကျွန်တော် ကားကို ဘယ်တော့မှ အမြန်မမောင်းဖို့၊ အရေးတကြီး အကူအညီ လိုအပ်နေတဲ့သူတွေကို မသိလိုက်ဘဲ ကျော်ဖြတ်သွားမိတာမျိုး မဖြစ်အောင် သတိထားနေမိတော့မှာပါ။ ပြီးတော့လဲ ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသကို အလျင်စလို မထွက်တတ်အောင်လဲ ဆင်ခြင်ဖို့ အသိတရားတွေ ရလိုက်ပါတယ်.. ကားမရပ်ပေးလို့ အုတ်ခဲနဲ့ပေါက်ပြီး တားရတဲ့ အကူအညီတောင်းရသူတွေရဲ့ အဖြစ်ကို ကျွန်တော် ကောင်းကောင်းကြီး ခံစား နားလည်နိုင်ခဲ့ပါပြီ။ တကယ်တော့ ချာတိတ်လေးပေါက်လိုက်တဲ့ အုတ်ခဲဟာ ကျွန်တော့်ကားမှန်ကို ထိရုံသာမဟုတ်ဘဲ ကျွန်တော့်ရင်ကိုပါ လာရောက်ထိမှန်တဲ့ အုတ်ခဲတစ်လုံးသာ ဖြစ်ပါတယ်။ ဒီအုတ်ခဲနဲ့အတူ ကျွန်တော် သိလိုက်ရတာက လောကမှာ အကူအညီ လိုအပ်နေသူတွေ အများကြီး ရှိနေတယ် ဆိုတာပါဘဲ။ ဒီလို အကူအညီ လိုအပ်နေသူတွေကို တွေ့ရင် မျက်နှာလွဲပစ်တာမျိုး၊ မသိလိုက် မသိဖာသာ ကျော်သွားတာမျိုး မလုပ်ကြဘဲ တတ်နိုင်သမျှ ကူညီနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ် မဟုတ်ပါလားဗျာ။
ချော အစိမ်းရောင်လွင်ပြင်

Thursday, February 3, 2011

လေဖြတ်ရောဂါအကြောင်း သင်သိပါသလား

လေဖြတ်ခြင်း (Stroke) ဆိုတာ အရမ်းကို ကြောက်စရာ ကောင်းတဲ့ မတွေးဝံ့စရာ ရောဂါ တစ်ခု ဆိုတာ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။ အင်္ဂလိပ်လို Stroke လို့ ခေါ်တဲ့ ဝေါဟာရ အတိုင်းပါပဲ။ သက်ရှိ လူသားတစ်ယောက်ရဲ့ ဘ၀အပေါ် ပြင်းထန်စွာ ထိုးနှက်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုံမှန် သွားလာလှုပ်ရှားနေတဲ့ လူကောင်း တစ်ယောက်ဟာ သက်မဲ့ အရာတစ်ခုလို အိပ်ရာပေါ် လဲပြီး ဝေဒနာတွေ ခံစားရင်းနဲ့ အသက်ဆုံးရှုံး သွားနိုင်သလို ကံကောင်းလို့ (ဒီ ကံကောင်းလို့ ဆိုတဲ့ အသုံးအနှုန်းကို အောက်မှာ ပြန်ရှင်းပြပါ့မယ်) ပြန်ကောင်းရင် တောင်မှ ပုံမှန် သွက်လက် သန်စွမ်းမှုမျိုး ပြန်ရတာ တော်တော်ရှားပါတယ်။ တစ်ခါ ဖြစ်ပြီးတဲ့ သူဟာ နောက်တစ်ခါ ပြန်ဖြစ်သွားဖို့ အရမ်းလည်း နီးစပ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်အပြီးမှာ mmDailyNews ရဲ့ စာဖတ်ပရိသတ်များ အနေနဲ့ လေဖြတ်ခြင်း ရောဂါ အကြောင်း သိရှိပြီး အရေးပေါ် အခြေအနေတွေမှာ လူနာကို S, T, R, OK, E နည်းစနစ် နဲ့ ခွဲခြားစစ်ဆေးနိုင်မှာပါ။ ပြီးတော့ လေဖြတ်ရောဂါ ခံစားရခြင်းမှ ကင်းဝေးစေတဲ့ ကျန်းမာရေး နဲ့ ညီညွတ်သော နေပုံထိုင်ပုံ နည်းလမ်းများ (Healthy Lifestyle) ကို နားလည် သဘောပေါက် ကျင့်သုံးနိုင်သွားမှာပါ။

လေဖြတ်ခြင်းဆိုတာ ဘာလဲ
လေဖြတ်ခြင်း လို့ မြန်မာလို ဝေါဟာရ ပြုထားတဲ့ ရောဂါဟာ ဦးနှောက်တွင်း ဧရိယာ တစ်ခုကို သွေးထောက်ပံ့မှု ပျက်ယွင်းသွားလို့ အဆိုပါ ဧရိယာနဲ့ ဆိုင်တဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ရုတ်တရက် လျင်မြန်စွာ ပျောက်ဆုံး ချို့ယွင်း သွားခြင်း ဖြစ်ပါတယ်။ ဦးနှောက် ဧရိယာ တစ်ခုခု သွေးမရတော့တဲ့ အကြောင်းရင်းတွေက အကြမ်းဖျဉ်း ပြောရရင် (၂) ခု ရှိနိုင်ပါတယ်။

(၁) ထောက်ပံ့ပေးတဲ့ သွေးကြော ပေါက်သွား၍ လေဖြတ်ခြင်း (Haemorrhagic Stroke)
(၂) ထောက်ပံ့ပေးတဲ့ သွေးကြော ပိတ်သွား၍ လေဖြတ်ခြင်း (Ischaemic Stroke) လို့ ခွဲခြားနိုင်ပါတယ်။



ဒီနှစ်ခု စလုံးက ယေဘုယျ မျက်မြင် လက္ခဏာတွေမှာ ဘာမှ မကွာခြားပါဘူး။ လေဖြတ်ရောဂါဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆီများခြင်း၊ ဆီးချိုရောဂါ စတာတွေနဲ့ အထူးသဖြင့် ဆက်စပ်ပါတယ်။ ဒီရောဂါတွေ ရှိနေတဲ့အတွက် သွေးကြောတွေနဲ့ သွေးရဲ့ ခဲစေမှု သဘာဝ မကောင်းတော့လို့ ဖြစ်ရတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာပဲ အများဆုံး ဖြစ်တာ ရှေးယခင်က တွေ့ရခဲ့ပါတယ်။ ဒါပေမဲ့ ယခုအခါမှာ ပြောင်းလဲလာတဲ့ လူနေမှု စနစ်ရဲ့ အစားအသောက် အနေအထိုင် ပုံစံတွေကြောင့် အထက်ပါ ရောဂါတွေဟာ လူငယ် လူလတ်ပိုင်း တွေမှာလည်း ရှိမှန်းမသိ ရှိနေကြပြီး အနေအထိုင် မဆင်ခြင်ကြတဲ့ အတွက် လူငယ် လူလတ်ပိုင်းတွေ လေဖြတ်မှု ရှေးယခင်ကထက် များလာတာ တွေ့နိုင်ကြပါတယ်။

ဘာကြောင့် လေဖြတ်တာလဲ
သွေးတိုးရောဂါ လို့ခေါ်တဲ့ သွေးပေါင်ချိန် ပုံမှန်ထက် မြင့်မားနေတဲ့ ရောဂါဖြစ်နေတာ နှစ်ရှည်လများ ကြာလာရင် သွေးကြောတွေဟာ သွေးဖိအား များမှုဒဏ် ခံရတာ အရမ်းများနေလို့ ပျက်စီးနေကာ နောက်ဆုံးမှာ သွေးဖိအားဒဏ် မခံနိုင်ဘဲ ပေါက်ထွက်သွားတာ ဖြစ်ပါတယ်။ ဆီးချိုရောဂါ ရှိခြင်းနဲ့ ဆေးလိပ် သောက်ခြင်း တို့ဟာလည်း သွေးကြောတွေကို အထူး ပျက်စီးစေတာမို့ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ အာနိသင် တူညီစွာ ရှိပါတယ်။

သွေးကြော ပိတ်သွားစေတဲ့ အကြောင်းရင်းတွေက ကျတော့ အများကြီး ရှိပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောခေါ် အဆီဓာတ်တွေ များနေရင် သွေးကြောနံရံတွေမှာ သွားရောက် အနည်ကျကာ ပိတ်ဆို့ခြင်း၊ ခန္ဓာကိုယ်တွင်း အကြောင်းတစ်ခုခုကြောင့် ပုံမှန်မဟုတ်ဘဲ သွေးခဲ ဖြစ်ပေါ်ကာ ဦးနှောက်အတွင်း ပိတ်မိခြင်း၊ နှလုံးရောဂါ ပြင်းထန်လာပြီး သွေးဝင်ခန်း မူမမှန်တုန်ခါခြင်း (Atrial Fibrillation) ၀င်လာပြီး နှလုံးတွင်းရှိ သွေးခဲ တစ်ခုခုမှ သွားပိတ်ခြင်း စသဖြင့် အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်လေ ကံဆိုးစွာ သွေးပေါင်အရမ်းကျပြီး ရှော့ခ်ဖြစ်တဲ့ အချိန်မှာ လေဖြတ် သွားတတ်တာမျိုးလဲ ရှိပါတယ်။ ဒါကတော့ ဖြစ်ခဲပါတယ်။ တစ်ခု သိထားဖို့က လေဖြတ်တဲ့ လူနာတွေ အားလုံးရဲ့ ၈၇% ဟာ သွေးကြောပိတ်လို့ ဖြစ်ရတာ ဆိုတာပါပဲ။
ဒီတော့ လေဖြတ်စေတဲ့ အကြောင်းရင်းတွေကို သေချာ စီစစ် ဆင်ခြင် ကြည့်ရင် အဓိကအားဖြင့် လေးမျိုးပဲ ရှိတာ တွေ့ရပါမယ်။


(၁) Atherosclerosis လို့ခေါ်တဲ့ သွေးကြောနံရံတွေ မာကြောပိတ်ခဲလာခြင်း (ဒါဆို တစ်ချိန်မှာ ပိတ်သွားနိုင်ပါတယ်။ အ၀လွန်သူတွေ၊ သွေးတွင်း ကိုလက်စထရော ပမာဏ များသူတွေဟာ သေချာပေါက် Atherosclerosis ဖြစ်နေကြပြီ လို့ ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါ ရှိနေခြင်းကလည်း ကြာလာရင် သွေးကြောတွေကို ပျက်စီးစေလို့ Atherosclerosis ဖြစ်စေဖို့ အားပေးပါတယ်။ ဒါကြောင့် အချို၊ အဆီ၊ အငန်တွေ လျှော့စားကာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါကို ကာကွယ်ဖို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက အသက် ၅၀ ကျော်ပြီးသူတိုင်း အသည်းရောဂါ တစ်ခုခု မရှိရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ချပေးတဲ့ Statins ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်တယ်လို့ အကြံပြုထားကြပါတယ်)

(၂) သွေးပေါင်ချိန် အရမ်းတက်ခြင်း (ဒါဆို တစ်ချိန်မှာ ပေါက်သွားနိုင်ပါတယ်။ သွေးတိုးကို ထိန်းညှိပေးဖို့ ဆေးမှန်မှန် သောက်ရမှာ ဖြစ်ပြီး အထက်က ပြောခဲ့တဲ့ အချက်တွေကို လိုက်နာသင့် ပါတယ်။ သွေးတိုးခြင်းဟာ ချက်ချင်း သွေးကြောပေါက်တဲ့ လေဖြတ်ခြင်း ခံစားရစေနိုင်သလို အချိန်ကြာလာတာနဲ့အမျှ မြင့်မားတဲ့ သွေးဖိအားကြောင့် သွေးကြောနံရံတွေ ပျက်စီးကာ အမာရွတ်ပေါ်သလို ဖြစ်ပြီး အဲဒီနေရာကို အဆီခဲတွေ လာအနည်ကျပြီး ပိတ်နိုင်လို့ သွေးတိုးရောဂါ ရှိသူတွေနဲ့ ဆေးလိပ်သောက်သူတွေဟာ တစ်ချိန်မှာ သေချာပေါက် လေဖြတ်ဖို့ အရမ်းနီးစပ်ပါတယ်)

(၃) ဦးနှောက်တွင်း မွေးရာပါ (သို့) နောက်မှဖြစ်သော သွေးကြောဖောင်းပွပါးလှပ်သော နေရာ (Cerebral Aneurysm) ရှိနေခြင်း (ဒါကတော့ စစ်ဆေးမကြည့်ဘဲ မသိနိုင်ဘူးပေါ့နော်။ ဒါပေမယ့် လူတိုင်းဟာ သွေးတိုးရောဂါ မဖြစ်အောင် ထိန်းသိမ်းသွားမယ်ဆိုရင် သွေးကြောပေါက်ထွက်ခြင်း ပိတ်ခြင်းဘေးတွေကနေ ကင်းဝေးမှာ ဖြစ်ပါတယ်)

(၄) ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း (ဒါကလည်း သွေးကြောတွေ ပေါက်ပြီး သွေးခဲတွေက ဦးနှောက်ကို ဖိစေလို့ အကြောသေလေဖြတ်ခြင်းဝေဒနာ ဖြစ်စေနိုင်ပါတယ်)

ဘယ်လိုလူတွေ လေဖြတ်နိုင်ဖို့ နီးစပ်သလဲ
အခုနက ပြောခဲ့တဲ့ အချက် ၄ ချက်နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ သွေးတိုးရောဂါ ရှိသူတွေ၊ လေဖျန်းခြင်း (Transient Ischaemic Attack, TIA) ဖြစ်ဖူးတဲ့ သူတွေ၊ ဆီးချိုရောဂါ ရှိသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆမတန် မြင့်မားနေသူတွေဟာ အန္တရာယ် အများဆုံး သူတွေ ဖြစ်ပါတယ်။

နောက်ပြီး မွေးရာပါ ဦးနှောက်ထဲက သွေးကြောကြီးတွေမှာ သွေးကြောဖောင်း ပါလာတဲ့ သူတွေဟာလည်း တစ်ချိန်မှာ ဒီသွေးကြောဖောင်း ပေါက်ထွက်ရင် လေဖြတ်နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကတော့ ခေတ်မီ စက်ကိရိယာတွေနဲ့ သေချာ စစ်ဆေး ကြည့်မှပဲ သိနိုင်တဲ့ ချို့ယွင်းချက်တစ်ခုပါပဲ။

အထက်မှာ ဆိုခဲ့တဲ့ အချက်တွေဟာ လေဖြတ်ခြင်းကို အထူးအားပေးတဲ့ အချက်တွေ ဆိုပေမယ့် လေဖြတ်ရောဂါ ခံစားခဲ့တဲ့ လူနာတွေကို လိုက်ကြည့်ရင် ဒီရောဂါတွေ ရှိတဲ့ လူတွေ အပြင် အထူးကျန်းမာရေး ချို့ယွင်းမှု မရှိတဲ့ လူလတ်ပိုင်းတွေလည်း တစ်ခါတစ်လေ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီလူတွေ ဘာလို့ လေဖြတ်ရသလဲဆိုတော့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က ဒီရောဂါတွေ ရှိမှန်း မသိလို့ မကုသဘဲ ပေတေ နေရာကနေ လေဖြတ်သွားတာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အပူအအေး အရမ်းအစွမ်းရောက်နေတဲ့ အချိန်တွေ (ဥပမာ ဆောင်းတွင်းညနေ ညဖက်၊ နွေနေ့လည် ညဖက် စတဲ့ အချိန်တွေ) မှာ ခေါင်းလျှော်ရေချိုး အအေးခံ ကြလိ့ ပါပဲ။ အရမ်းအေးနေတဲ့ အချိန်မှာ ရေချိုး ခေါင်းလျှော်မယ် ၊ ရာသီဥတု အရမ်း ပူတဲ့အချိန်မှာ ဒါကို အန်တုဖို့ ရေအရမ်းစိမ်ချိုးတာ၊ ရေစိုဝတ်တွေ ထိပြီး အိပ်တာတွေ လုပ်မယ် ဆိုရင် သွေးကြောပိတ်တဲ့ အနေအထားနဲ့ လေဖြတ်ဖို့ အရမ်းနီးစပ်ပါတယ်။

အပြင်က ပြန်လာလာချင်း ခန္ဓာကိုယ် တဖြည်းဖြည်း အေးသွားအောင် မစောင့်ဘဲ ရေတန်းချိုးတာ ၊ သွေးအရမ်းတိုးနေတဲ့ အချိန် ရေချိုးတာ ၊ ရာသီဥတု အရမ်းပူတဲ့အချိန် အရက်သေစာကို အလွန်အကျွံ သောက်သုံးတာ တွေဟာ သွေးကြော ပေါက်ထွက်တဲ့ နည်းနဲ့ လေဖြတ်စေဖို့ အထူးအားပေးပါတယ်။ ဒါကြောင့် ဘယ်သူတွေ လေဖြတ်ဖို့ အန္တရာယ် အများဆုံးလဲလို့ မေးရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဆီပိတ် အ၀လွန် စတဲ့ ရောဂါတွေ ရှိတဲ့ သူတွေနဲ့ တန်းတူ ရာသီဥတုနဲ့ လိုက်လျောညီထွေ ရှိအောင် မနေတဲ့ သူတွေ ပါတယ်လို့ ပြောလိုပါတယ်။ လေဖြတ်ခြင်း သာမက ဘယ်ရောဂါမဆို မဖြစ်ရလေအောင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါး မျှတ ညီညွတ် အောင် နေသင့်ပါတယ်။


လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ
လေဖြတ်ခြင်းရဲ့ ရောဂါ လက္ခဏာတွေဟာ ထိခိုက်သွားတဲ့ ဦးနှောက် နေရာပေါ် မူတည်ပြီး ကွဲပြားခြားနား ပေမယ့် ရုတ်တရက် ပေါ်ပေါက်လာကြတာ ချင်းတော့ တူတူပါပဲ။ ဒီလိုပဲ ပြန်ကောင်းဖို့ လိုအပ်တဲ့ အချိန် အရှည် အတို၊ ပြန်ကောင်းပြီးရင်လည်း ဘယ်လောက်အတိုင်းတာအထိ နဂိုအတိုင်း ပြန်ကောင်းမလဲ ဆိုတဲ့ ကံဟာ သွေးကြောပေါက်/ပိတ် ဖြစ်သွားလို့ သွေးထောက်ပံ့မှု မရတော့ဘဲ တာဝန်တွေ ရပ်ဆိုင်းပျက်စီးသွားတဲ့ ဦးနှောက်ရဲ့ နေရာတွေ အပေါ် မူတည်ပါတယ်။
ဦးနှောက်ဆဲလ်တွေ သွေးမရလို့ သေဆုံးသွား တဲ့ နေရာ (Site of Infarct Area) တွေက အရေးမကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်သလို ဒီနေရာတွေရဲ့ အရွယ်အစား (Size of Infarct Area) ကလည်း သေးတဲ့ သူတွေကျတော့ မြန်မြန် ပြန်ကောင်းပြီး ချို့ယွင်းချက် အများကြီး မကျန်ကြပေမယ့် နေရာ ကလဲ အရေးကြီးတဲ့ နေရာ၊ အရွယ်အစားကလဲ အကြီးကြီး ဆိုရင်တော့ အသက်အန္တရာယ်တောင် ရှိပါတယ်။ ဒါက ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ ကံကောင်းလို့ ဆိုတဲ့ စကားကို ပြန်လည် ရှင်းလင်းတာ ဖြစ်ပါတယ်။

ရုတ်တရက် ပေါ်လာတတ်တဲ့ လေဖြတ်ခြင်းရဲ့ လက္ခဏာတွေကတော့
• ရုတ်တရက် ကိုယ်တစ်ပိုင်း သေသွားခြင်း (သို့) အားနည်းသွားခြင်း
• ခြေလက်များ ထုံကျင် လေးလံခြင်း
• မျက်နှာ ကြွက်သားများ ပုံပျက်ခြင်း (အာရွဲ့ခြင်း၊ ပါးရွဲ့ခြင်း)
• ထိတွေ့မှု ၊ တုန်ခါမှုတို့တွင် အာရုံခံစားနိုင်မှု လျော့သွားခြင်း
• စကားမပြောနိုင်တော့ခြင်း
• လမ်းမလျှောက်နိုင်တော့ခြင်း

ဒီထက် ပိုဆိုးရင်
• အမြင်၊ အကြား၊ အနံ့ခံ၊ အရသာခံ အာရုံများ ပြောင်းလဲ ချို့ယွင်းသွားခြင်း
• မျက်ခွံ တွဲကျ ဖွင့်ရခက်ခြင်း
• ခေါင်းကို ဟိုဖက် သည်ဖက် မလှည့်နိုင်တော့ခြင်း
• လျှာကို မထုတ်နိုင်တော့ခြင်း၊ မလှုပ်နိုင်တော့ခြင်း
• ပြောသောစကားကိုပါ နားမလည်တော့ခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။ သွေးကြောပိတ် လေဖြတ်ခြင်းထက် သွေးကြောပေါက် လေဖြတ်ခြင်းမှာ ပိုပြီး ထင်ရှားတဲ့ လက္ခဏာတွေကတော့ ခေါင်းအရမ်း ကိုက်ခြင်း၊ ရုတ်တရက် သတိလစ် မေ့မြောသွားခြင်း၊ မပျို့ဘဲနဲ့ ထိုးအန်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီတော့ လူတစ်ယောက်ဟာ ဘာမှန်းမသိဘဲ ခြေတွေ လက်တွေ မလှုပ်နိုင်တော့ဘဲ သတိလစ်သွားတယ် ဆိုရင် အနီးဆုံး ဆေးရုံဆေးခန်းကို အမြန်ဆုံး ရောက်အောင် ပို့ပေးမှသာ သူ့ရဲ့ အသက်နဲ့ ဘ၀ကို ကယ်တင်နိုင်မှာပါ။

အပေါ်မှာ ကျွန်တော် ရေးပြခဲ့တဲ့ လက္ခဏာတွေဟာ လေဖြတ်ခြင်းရဲ့ ယေဘုယျ လက္ခဏာများသာ ဖြစ်ပြီး လူနာဟာ လေဖြတ်ခြင်း တကယ်ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ဆရာဝန်များသာ သိတဲ့ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Physical Examination) အချို့ လုပ်ရမှာ ဖြစ်လို့ ဘေးကလူတွေအတွက် အဖြစ်မှန်ကို အမြန်ဆုံး ခန့်မှန်းနိုင်ပြီး ဆေးရုံတင်ပေးဖို့သာ အဓိက လိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လေဖြတ်ခြင်း ဟုတ်မဟုတ် ခွဲခြားရ အလွယ်ဆုံး မှတ်သားနည်းလေး တစ်ခု ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို အတိုကောက်မှတ်ချင်ရင် သူ့ ရောဂါရဲ့ နာမည်အတိုင်း STROKE လို့ မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ ရုတ်တရက် လူတစ်ယောက်ဟာ ခြေတွေလက်တွေ မလှုပ်နိုင်တော့ဘဲ သတိတော့ ရသေးရင် အရင်ဆုံး လူနာကို S,T,R ဆိုပြီး သုံးခုခိုင်းကြည့်ပါ။

S=Smile
လူနာကိုပြုံးခိုင်းပါ။ ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ။
T=Talk
စကားပြောခိုင်းပါ။ ပြောနိုင်လား မပြောနိုင်ဘူးလား၊ ပုံမှန်လား လေးနေ မပီမသ ဖြစ်နေလား ကြည့်ပါ။
R=Raise both arms
လက်နှစ်ဖက်မြှောက်ခိုင်းပါ။

ဒါတွေအကုန် ချောချောမွေ့ မွေ့ လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့  OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့

E=Emergency
အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။ နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ အရမ်းစိုးရိမ်ရလို့  အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။ ဒီတော့ဒီဆောင်းပါးမှာပါတဲ့ အချက်တွေကို သင်ကိုယ်တိုင်လဲ မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအ၀င် လူပေါင်းများစွာရဲ့  အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S, T, R, OK, E လို့ သေချာ မှတ်ထားပေးပါ။

ဘယ်လို ကာကွယ်မလဲ

လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ဘ၀တစ်သက်တာမှာ လေဖြတ်ခြင်း မခံစားရချင်ရင် လက်တွေ့ကျကျ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အမေရိကန် အမျိုးသား လေဖြတ်ရောဂါ ကာကွယ်ကုသရေး အသင်း (National Stroke Association) မှ ကျန်းမာရေး ပညာရှင်များက ထုတ်ပြန်ထားပါတယ်။ အဲဒါတွေကို လိုတိုရှင်း ဖော်ပြပေးရရင် .........

(၁) ဆေးလိပ် စွဲနေရင် ဖြတ်ပါ။ (ဖြတ်ပြီးသွားတဲ့ သူတွေဟာ ဆက်သောက်နေသေးတဲ့ သူတွေထက် လေဖြတ်ဖို့ ဖြစ်တန်စွမ်း တကယ်ကျဆင်းသွားတာ သုတေသန ရလဒ်များအရ သိရှိအတည်ပြုနိုင်ပါတယ်)

(၂) အရက်ကို သောက်တဲ့ရက်/ အကြိမ်အရေအတွက်/ ပမာဏ လျှော့သောက်ပါ။

(၃) သွေးတိုးရောဂါ ရှိရင် ထိန်းချုပ်နိုင်ပြီး ရောဂါ ခဏခဏ မဖောက်အောင် သေချာ ကုသထားပါ။ ကာလအပိုင်းအခြား တစ်ခု ကြာတိုင်း သွေးပေါင်ချိန် မှန်မှန် ချိန်ပေးတဲ့ အကျင့်ကို မွေးမြူပါ။

(၄) ဆားပါဝင်မှု များတဲ့ အစားအသောက်တွေ တတ်နိုင်သမျှ လျှော့စားပါ။

(၅) သွေးလှည့်ပတ်မှုနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ရှိနေသလားဆိုတာ ဝေဒနာ တစ်ခုခု ပေါ်တိုင်း အလျဉ်းသင့်သလို ဆရာဝန် ပြပေးပါ။

(၆) ဆီးချို ရောဂါ ရှိနေတဲ့သူတွေ သွေးတွင်းသကြား ပမာဏကို တည်ငြိမ်နေအောင် ထိန်းထားဖို့ ထိရောက်စွာ ကုသမှု ခံယူထားပါ။ မကြာခဏ သွေးဖောက်ပြီး သကြားဓာတ် စစ်ဆေးပါ။

(၇) တစ်ပတ်ကို ၃ ရက်နဲ့အထက် ကိုယ်လှုပ်ရှားမှု လေ့ကျင့်ခန်း စနစ်တကျ လုပ်ပေးပါ။ တစ်ခါလုပ်ရင် အနည်းဆုံးတော့ နာရီဝက် ကြာပါစေ။ (ရွရွပြေးခြင်း ၊ စနစ်တကျ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း ၊ ယောဂကျင့်စဉ် စတာတွေဟာ မှန်မှန် လုပ်ရင် လေဖြတ်ခြင်းသာမက ဆီးချို၊ နှလုံး၊ သွေးတိုး ရောဂါမျိုးစုံကို ကာကွယ်ပေး နိုင်တာ တွေ့ရှိ အတည်ပြုထားပါတယ်။ ဒီနေရာမှာ ထိုင်ပြီး အလုပ်အများဆုံး လုပ်ရတဲ့ ဥာဏလုပ်သားများဟာ ပုံမှန်လူတွေထက် ရောဂါမျိုးစုံ ရဖို့ ပိုပြီး နီးစပ်လို့ ပိုပြီး လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်တယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။
(၈) အသက် ၃၅ နှစ် ကျော်ပြီးသူတိုင်း သွေးတွင်း ကိုလက်စထရော မျိုးစုံ ပမာဏ (Lipid Profile) စစ်ပေးနိုင်ရင် အကောင်းဆုံးပါ။ တက်နေတယ်ဆိုရင် ဆရာဝန်နဲ့ အချိန်မီ တိုင်ပင် ကုသခြင်းဖြင့် လေဖြတ်ခြင်း အပါအ၀င် ရောဂါမျိုးစုံကို ကာကွယ်နိုင်မှာပါ။

(၉) သင်ဟာ သွေးဆုံးပြီး / သွေးဆုံးကာနီး အမျိုးသမီး တစ်ယောက် ဖြစ်တယ် ဆိုရင် ဟော်မုန်းပြည်လည်ဖြည့်တင်းကုသမှု ( Hormone Replacement Therapy, HRT) ကို ခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးမဆုံးခင် အမျိုးသမီးတွေမှာ အီစထရိုဂျင်လို့ ခေါ်တဲ့ အမျိုးသမီး သက်စောင့်ဟော်မုန်း ပမာဏ ပုံမှန် ရှိနေသေးလို့ သွေးကြောနဲ့ သွေးလှည့်ပတ်ခြင်း ဆိုင်ရာ ရောဂါ တွေ (ဥပမာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ လိုမျိုး ရောဂါတွေ) ဝေးနေသေးပေမယ့် သွေးဆုံးပြီးလို့ အီစထရိုဂျင် ပမာဏ လျော့နည်းသွားတာနဲ့ ဒီရောဂါတွေ ဖြစ်နိုင်စွမ်း အရမ်းမြင့်မားလာလို့ HRT ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ယူရပါမယ်။

(၁၀) ready-made စားသောက်ကုန်တွေကို မဖြစ်မနေ အခြေအနေတွေမှာပဲ စားပြီး တတ်နိုင်သမျှ သဘာဝထဲက အစားအသောက်တွေကိုပဲ စားသင့်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ လေဖြတ်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။


Written by : ဒေါက်တာသီဟသစ်