ဟိုး…ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းမှစလို့ အသက်အရွယ်နည်းနည်းရလာသည်အထိ တစ်ယောက်နဲ့တစ်ယောက် တစ်အိမ်နဲ့တစ်အိမ် တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ရေး ကိရိယာတွေ ထွန်းကားမှု မရှိတဲ့အတွက်ကြောင့် တစ်စုံတစ်ခုကို သိရဖို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ တော်တော်စောင့်ခဲ့ရသည်။အချိန်အား ငွေအားကုန်သလောက် ချက်ချင်းမသိနိုင်၊ မဆက်သွယ်နိုင်ခဲ့ ။ ကိုယ့်နေရာကနေ တစ်ခြားတစ်နေရာသို့ လူကိုယ်တိုင်ခက်ခက်ခဲခဲ သွားလာခဲ့ရသည်။ ယနေ့ ခေတ် အခါ မှာတော့ဖြင့် အားလုံးသိပြီးဖြစ်တဲ့အတိုင်း အင်တာနက်ကမ္ဘာ့အမြန်လမ်းမကြီးပေါ်ကနေ မိမိရဲ့ကွန်ပြူတာ အမြန်ကားလေးနဲ့ မိမိသွားချင်တဲ့အရပ်ဆီသို့ ချက်ချင်း မောင်းပြီး ဆက်သွယ်နိုင် သိနိုင်ကြပါပြီ။အခုလဲ စာရေးသူကို မြန်မာနိုင်ငံ စာသင်တိုက်တစ်ခုမှာ ပညာသင်နေပြီး နိုင်ငံခြားထွက်ချင်နေတဲ့ ဦးဇင်းတစ်ပါး ကနေ အင်တာနက် ဂျီတောမှတဆင့် နိုင်ငံခြား(သီရိလင်္ကာနိုင်ငံ)ပညာသင်ခရီး အကြောင်း မေးမြန်းလာ သည်။ ဒီက သီရိလင်္ကာရောက်နေတာ တစ်နှစ်ကျော်သွားပြီဆိုတော့ သိသလောက် တွေ့ရှိသလောက် ပြောပြလိုက်ရသည်။
ဟလို ဦးဇင်း တပည့်တော် တေဇဗလပါဘုရား
အေး ပြော။
မေး= တပည့်တော် ဒီနှစ် ဓမ္မာစရိယ နှစ်ကျမ်းစွဲတယ်ဘုရား၊နောက်နှစ်ကျမ်းပြီးရင် တပည့်တော် ရဟန်းဒကာ,ဒကာမတွေက နိုင်ငံခြားပညာသင်ထွက်ဖို့ ပြောနေတယ်ဘုရား။ အဲဒါကြောင့် တပည့်တော် နောက်နှစ် တပည့်တော် သီရိလင်္ကာကို လာချင်တယ်ဘုရား။ ဘာတွေ လုပ်ရမလဲ ပြောပါအုံးဘုရား။
ဖြေ = ပထမဦးဆုံးအနေနဲ့ကတော့ နိုင်ငံခြားထွက်မည့်သူအတွက် နိုင်ငံကူးလက်မှတ်လို့ခေါ်တဲ့ ပတ်စပို့မရှိသေးသူအတွက် ပတ်စပို့ အရင်ဆုံးလုပ်ရမှာပေါ့။နောက်မှ ဗီဇာရဖို့ သီရိလင်္ကာမှာနေတဲ့ တစ်ပါးပါးဆီကနေ စပွန်စာလှမ်းတောင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ သီရိလင်္ကာသံရုံးမှာ ဗီဇာလျှောက် အသွားအပြန် လေယဉ်လက်မှတ်ဖြတ်ပေါ့လေ ။ နောက် မမေ့ဖို့က ဓမ္မာစရိယအောင်လက်မှတ်ကို မူရင်းကော မိတ္တူတွေပါ ယူခဲ့ဖို့ပါ။နောက် ဓမ္မာစရိယ အောင်လက်မှတ်က တက္ကသီလ ဓမ္မာစရိယ အောင်လက်မှတ်လို အင်္ဂလိပ်လိုဘာသာပြန်မပါတော့ နိုထြီ ပြန်ခဲ့ပါအုံး။ဒါမှ ကျောင်းအပ်လို့ ရနိုင် မှာလေ။နောက် ကိုယ်တက်တဲ့ တက္ကသိုလ်ရဲ့ လုပ်သင့်တာတွေကို ဆက်လုပ်ရုံပါပဲ။
မေး = တက္ကသိုလ်တက်ရဖို့ မြန်မာနိုင်ငံကနေ ဘွဲ့တစ်ခုခု ရမှ လက်ခံတာလားဘုရား။ ကျောင်းအပ်ချိန် ကရော ဘယ်အချိန်လဲဘုရား။
B.A တန်းအတွက်တော့ ဘွဲ့မရလည်း ရပါတယ်။ ဒါပေမယ့် M.A တန်းအတွက်ကျတော့ အစိုးရဓမ္မာစရိယ၊တက္ကသီလဓမ္မာစရိယ၊သီတဂူ နဲ့ သာဓုတက္ကသိုလ်တို့မှ B.A တန်းတွေကို
အောင်ခဲ့ရပါမယ်။ ဒါပေမယ့် အစိုးရလူတက္ကသိုလ်တို့မှ B.Aတန်းကို မြန်မာစာအထူးပြု( သို့မဟုတ်) အရှေ့တိုင်းအထူးပြုတို့ဖြင့်အောင်မြင်ခဲ့လျှင်လည်း M.A တန်းကို တိုက်ရိုက် ၀င်ခွင့်ရှိပါတယ်။ ကျောင်းအပ် ချိန်အကောင်းဆုံးကတော့ ဖေဖော်ဝါရီလကနေ မတ်လအထိပါပဲ။
မေး = တပည့်တော် အင်္ဂလိပ်စာတော့ အားနည်းနေသေးတယ်ဘုရား။ လာလို့ရလောက်ပါ့မလားဘုရား။
ဖြေ = ဒီလိုဆိုရင်တော့ အင်္ဂလိပ်စာကို သေချာပြင်ဆင်ခဲ့အုံးဟေ့။ဘာပြုလို့လဲဆိုတော့ စာသင်တဲ့နေရာနဲ့ ကိုယ့်မြန်မာလူမျိုးကလွဲလို့ ဒီနိုင်ငံသားတွေအပါအ၀င် တစ်ခြားနိုင်ငံခြားသားတွေကို ဆက်ဆံတဲ့နေရာမှာ ကိုယ့်မြန်မာစကားက ဘာမှလုပ်လို့မရ၊သုံးလို့မရတော့ဘူးလေ။ ဒါကြောင့် အပြောပိုင်းရော၊ အရေးပိုင်းပါ သေသေချာချာ လုပ်ခဲ့ပါ။
မေး =ပိုက်ဆံကော ဘယ်လောက်ယူခဲ့ရမလဲဘုရား။
ဖြေ= အင်း အဲဒါကတော့ အတိအကျပြောဖို့ခက်ပါတယ်။ ကွန်ပြူတာတို့ ဖုန်းတို့ကို အဖြစ်လောက်သာ ၀ယ်ကိုင်မယ်၊ နေစရိတ် စားစရိတ် မပေးရတဲ့ ကုလားကျောင်းလိုမျိုးမှာ နေမယ်ဆိုရင်တောင် အမေရိကန် ဒေါ်လာထောင့်ငါးရာလောက်ကတော့ အောက်ထစ်ဆုံးထားပြီး ယူခဲ့ပေါ့လေ။ ကျောင်းအပ်ခနဲ့ သင်တန်း တွေတက်အုံးမယ်ဆိုရင် သင်တန်းခတွေက ပေးရအုံးမှာကိုး။
မေး = မှန်ပါဘုရား။ နိုင်ငံခြားဆိုတော့ တပည့်တော်တို့နိုင်ငံနဲ့ ဘာတွေကွာခြားလဲဘုရား။ အဲဒီနိုင်ငံက မြန်မာနိုင်ငံနဲ့ တော်တော်ဝေးလားဘုရား။
ဖြေ = နိုင်ငံခြားဆိုတဲ့အတိုင်း ကိုယ့်နိုင်ငံနဲ့ ရေမြေတွေခြားရုံတင်မကပဲ ဘာသာစကား ယာဉ်ကျေးမှု ရာသီ ဥတုအစားအသောက်ကအစ မတူတော့ဘူးလေ။ မြန်မာနိုင်ငံနဲ့က အလွန်ကြီးမဝေးလှပါဘူး။ လေယာဉ်စီး ရတဲ့ အချိန်လေးက မြန်မာနဲ့ထိုင်း ၁ နာရီ။ ထိုင်းနဲ့သီရိလင်္ကာ ၃နာရီ အားလုံးပေါင်းမှ ၄ နာရီလောက်ပါပဲ။ အင်း တိုက်ရိုက်မဟုတ်လို့ ထိုင်းလေဆိပ်မှာ စောင့်နေရတာသာ ကြာတာပါ။ အကယ်၍ ဘယ်ကိုမှမ၀င်ပဲ မြန်မာနိုင်ငံကနေ သီရိလင်္ကာကို တိုက်ရိုက်လေယာဉ်ရှိရင်တော့ သိပ်ကြာမှာမဟုတ်ပါဘူး။ အခုတော့ ထိုင်းကနေ သို့မဟုတ် မလေးရှားကနေ တစ်ဆင့်ဆိုတော့ ခရီးထောက်သွားတော့ နည်းနည်းကြာသလိုဖြစ် သွားတာပေါ့လေ။
မေး = မြန်မာနိုင်ငံကနေ လေယာဉ်စီးလို့ သီရိလင်္ကာလေယာဉ်ကွင်းကို ရောက်သွားပါပြီတဲ့ ဘယ်ကိုသွား လို့ ဘယ်ကိုလာရမလဲဘုရား။
ဖြေ = အခုလိုပဲ အွန်လိုင်းကနေတစ်ဆင့် သီရိလင်္ကာမှာနေနေတဲ့ မိမိရဲ့သူငယ်ချင်း ဒါမှမဟုတ် စပွန်စာ ပေးတဲ့ကိုယ်တော်ကို ဘယ်နေ့မှာ မြန်မာနိုင်ငံကနေထွက်ခဲ့မယ် ဘယ်နှနာရီ လေယာဉ်စီးခဲ့မယ်ဆိုတာ တွေကို ကြိုပြောထားရပါမယ်။ အဲဒီလို ကြိုပြောထားရင် လူ၁၀ ယောက်လောက်ဆန့်တဲ့ ကားလေးနဲ့ လာကြိုပြီး ပထမဆုံး ကိုလံဘိုမြို့မှာရှိတဲ့ မြန်မာကျောင်းကို သွားနေရမှာပါ။ အရင်ဆုံးတော့ မကုဋာရာမလို့ ခေါ်တဲ့မြန်မာကျောင်း အဆောင်သစ်ရဲ့ နယူးကမ်းမားအခန်းထဲမှာ ကိုယ့်လိုပဲလောလောလတ်လတ် စာသင်လာပြီး နေရာမရသေးသူတို့နဲ့အတူ ခဏတာ အတောအတွင်း နေရအုံးမှာပါ။ အဲဒီမှာ ကိုယ့်အရင် ရောက်နှင့်နေကြတဲ့ မြန်မာရဟန်းတော်တွေရဲ့ နေထိုင်သွားလာ စားသောက်နေကြရတာတွေကို မြင်တွေ့ရမှာပါ။
မေး =နောက်ထပ်ကော ဘာတွေလုပ်ရအုံးမလဲဘုရား။
ဖြေ = အင်းနောက်ထပ်လုပ်ရမှာတွေကတော့ ကိုလံဘိုမှာရှိတဲ့ မြန်မာသံရုံးကို သွားပြီး ရောက်ရှိကြောင်း သွားပြော။ နောက် မိမိသက်ဆိုင်တဲ့ နာယက ဘုန်းကြီး တစ်ပါးပါးဆီမှာ စာရင်းသွားပေးရမှာပါ။ နာယက ဘုန်းကြီးဆိုလို့ မြန်မာနိုင်ငံကလို တကယ့်ကျောင်းထိုင် ဆရာတော်လို ပုဂ္ဂိုလ်မျိုးကြီးမဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းထဲကပဲ နာယက လုပ်ချင်သူကိုမဲပေး မဲများတဲ့သူကို ရွေးချယ်ပြီး နာယကတင်မြှောက် ထားကြတာလေ။ အဲဒီနာယကဘုန်းကြီးကလဲ ရန်ကုန်၊မန္တလေး၊မွန်၊ရှမ်း ဆိုတဲ့အဖွဲ့လေးဖွဲ့မှာ တစ်ပါးစီ ရှိကြပါတယ်။ နောက်ထပ်လုပ်ရမှာကအားလုံးက အလည်အပတ်ဗီဇာနဲ့ လာကြရတာဆိုတော့ လောင်းဗီဇာ ရရှိဖို့အတွက် အရင်ဆုံး ဗီဇာဖောင်ဖြည့်ပြီး နာယကဘုန်းကြီးရဲ့ထောက်ခံစာနှင့်အတူ မြန်မာကျောင်း နဲ့နီးတဲ့ မြို့နယ်သံဃနာယကရဲ့ ထောက်ခံစာကို အရင်ယူ။ အကယ်၍ ကျောင်းသားဗီဇာတင်မယ်ဆိုရင် ကိုယ်တက်မယ့် တက္ကသိုလ်ပါမောက္ခရဲ့ ထောက်ခံစာယူ၊ ဘာသာရေးဗီဇာယူမယ်ဆိုရင်တော့ တိုင်းရုံးကို သွားပြီး ထောက်ခံစာယူ၊ နောက် သာသနာရေးရုံးကိုသွား နောက် လူဝင်မှုကြီးကြပ်ရေးရုံးကိုသွားပြီး တင်။ တစ်ပတ်လောက်နေတော့မှ လောင်းဗီဇာ ရ မရ သိရပါပြီ။
မေး = တက္ကသိုလ်အပ်တော့ရော ဘယ်လိုအပ်ရမလဲဘုရား
ဖြေ = တက္ကသိုလ်ကတော့ ဒါလည်း တက္ကသိုလ်ကပေးတဲ့ ဖောင်ဖြည့်၊အောင်လက်မှတ် ဓမ္မာစရိယအောင် လက်မှတ်ဖြစ်စေ၊တက္ကသီလဓမ္မာစရိယ အောင်လက်မှတ်ဖြစ်စေ တစ်ခုခုကို မူရင်းကော မိတ္တူပါ သတ်မှတ် ထားတဲ့ ငွေကြေးနှင့်အတူ ပေးလိုက်ရုံပါပဲ။ နောက်သူက လက်ခံရင် အဲဒီတက္ကသိုလ်ရဲ့ကျောင်းသား ဖြစ်သွားပြီး ကျောင်းသားကဒ်ပေးပါလိမ့်မယ်။
မေး = ဘာသာရပ်တွေကကော ဘာတွေ သင်လဲဘုရား။
ဖြေ= အင်း….တက္ကသိုလ်တစ်ခုနဲ့ တစ်ခုကတော့ မတူပါဘူး။ ဒါပေမယ့် မြန်မာသံဃာတွေ အတက်များတဲ့ တက္ကသိုလ်တွေက ဘာသာရပ်တွေကို တင်ပြရမယ်ဆိုရင်တော့ Buddhist and Pali University ရဲ့ ဘာသာရပ်တွေကတော့..
1. Buddhist Art and Architecture
1. The Social Philosophy of Buddhism and Modern Word
2. Early Buddhism and Problems of Interpretation
3. Buddhism and Contemporary Religions
4. Fundamentals of the Social Philosophy of Buddhism
5. The Philosophy and Practice of the Bodhisatva
မေး = နောက်အင်္ဂလိပ်စာအတွက် အပြင်သင်တန်းတွေရော ရှိလားဘုရား။
ဖြေ = ရှိပါတယ်။ အခုမြန်မာတွေ အတက်များတဲ့ သင်တန်းတွေကတော့ SVS အင်္ဂလိပ်စာ သင်တန်း ဒီသင်တန်းကတော့ ဆရာတွေကအင်္ဂလိပ်စစ်စစ်တွေ ဖြစ်တာကြောင့်ရယ် ဈေးနှုန်းကလည်း သင်တန်း တစ်ခုကို မြန်မာငွေ တစ်သိန်းအောက်မှာ ရှိတာရယ်ကြောင့်ပါ ။ နောက် သင်တန်းတစ်ခုက အကွိုင်းနက် အင်္ဂလိပ်စာသင်တန်း။ ဒီသင်တန်းကတော့ ဒီနိုင်ငံမှာ နာမည်တော်တော်ကြီးပါတယ်။ သင်တာကတော့ ဒီနိုင်ငံက ဆရာတွေပဲ သင်ကြတာပါ။ဈေးနှုန်းကလည်း SVS နဲ့သိပ်မကွာပါဘူး။ မြန်မာကျောင်းသားရ ဟန်းတော်အချို့တက်နေတဲ့ ဗြိတိသျှကောင်စယ်အင်္ဂလိပ်စာသင်ကျောင်းကြီးလဲ ရှိပါသေးတယ်။ဒါပေမယ့် အဲဒါက ဈေးကြီးလွန်းလှပါတယ်။ သင်တန်းတစ်ခုကို အမေရိကန် ဒေါ်လာ သုံးရာလောက်ရှိတယ်။ ဒါကြောင့် တတ်နိုင်တဲ့သူတွေပဲ တက်တာများပါတယ်။ နောက် ဒီနိုင်ငံမှာ အင်္ဂလိပ်လို ထုတ်ဝေတဲ့ Sunday observer,Sunday Times,Daily mirror စတဲ့ အင်္ဂလိပ်သတင်းစာတွေလဲပေါပါတယ်။ အဲဒီသတင်းစာ တွေကို ဖတ်ဖြစ်အောင်ဖတ်မယ်ဆိုရင်လဲ အင်္ဂလိပ်စာအပြင် ဒေသဆိုင်ရာ ဗဟုသုတတွေ ဘာသာရေး ဆိုင်ရာမီးနင်းတွေ တိုးလာမှာသေချာပါတယ်။
မေး = တပည့်တော် နောက်ထပ်သိချင်သေးတာက အဲဒီကျတော့ နေရေးထိုင်ရေးက မြန်မာကျောင်းမှာပဲ နေရမှာလားဘုရား။ ဘယ်မှာ နေလို့ရသေးလဲဘုရား။
မြန်မာကျောင်းမှာ သံဃာနေနိုင်တဲ့ အဆောက်အဦးက အခုပြုပြင်နေဆဲ ပင်မနှစ်ထပ်ကျောင်းဟောင်း ကြီးရယ်၊ ကျောင်းသစ်နှစ်ထပ်ဆောင်ရယ် ညောင်ပင်နားက တစ်ထပ်အခန်းတွဲလေးရယ် ဒါပဲရှိတာလေ။ ကျန်တာက သံဃာတော်တွေ ဆွမ်းစားဖို့နဲ့ စည်းဝေးပွဲတွေလုပ်တဲ့ ဆွမ်းစားကျောင်းပါ။ ပြန်လည်ပြုပြင် နေတဲ့ကျောင်းကြီးကတော့ မောင်ရင်လာတဲ့အချိန်ဆို အသစ်ပုံစံနဲ့မြင်တွေ့ရမှာပါ။ ဒါကြောင့် မြန်မာကျောင်းမှာက အားလုံးနေနိုင်မှ အပါး ၆၀ ကျော်ပါပဲ။ ကျောင်းသားအဟောင်းတွေကို ထားလိုက်အုံး။ တစ်နှစ် တစ်နှစ်ကို ပညာလာသင်ကြတဲ့ သံဃာအသစ်ကတင် အပါးတစ်ရာလောက်ရှိတယ်လေ။ ဒါကြောင့်ပဲ မြို့ထဲမှာပဲရှိတဲ့ ဒေသခံဘုန်းကြီးကျောင်း (မြန်မာအခေါ်ကုလားကျောင်း)တွေကို နေခွင့် တောင်းပြိး နေရကြရတာပါ။ကုလားကျောင်းမှာနေမယ်ဆိုရင်တော့ ဒါနေးနဲ့ အသုဘ တွေကို လိုက်ပေးရမှာပါ။
မေး = စားရေး သောက်ရေး အနေနဲ့ကော ဘယ်လိုလဲဘုရား
ဖြေ = စားရေးသောက်ရေးအနေနဲ့ ပြောရရင် နှစ်ပိုင်းရှိမှာပါ။ မြန်မာကျောင်းမှာ နေရမယ်ဆိုရင်တော့ နေတဲ့သံဃာတွေအားလုံး လစဉ်ငွေထည့်ပြီး အလှည့်ကျချက်ရမှာပါ။ မြန်မာတွေချက်တော့ မြန်မာအစား အစာတွေ စားရမယ်ဆိုတာ ထင်ရှားပါတယ်။ အကယ်၍ ကုလားကျောင်းမှာနေရမယ်ဆိုရင်တော့ သူတို့ကုလားဘုန်းကြီးတွေ စားတဲ့အစားအစာကိုပဲ စားရမှာပါ။ ဒါပေမယ့် တစ်ချို့ကုလားကျောင်းတွေက နေရာပေးရုံသက်သက်လေးပါ။ ဒါကြောင့် စားရေးအတွက်က ကိုယ်တိုင်းကို စီမံချက်ပြုတ်ရမှာပါ။ အဲဒီအခါ ကိုယ်ကြိုက်သလို ချက်စားလို့ ရပါတယ်။ ရောက်ရောက်ချင်း မြန်မာအစားအစာလေးတွေ စားချင်ကြတော့ လာတဲ့ကိုယ်တော်တိုင်းက မြန်မာနိုင်ငံကနေ အကြော် အလှော်လေးတွေ သယ်လာခဲ့ ကြတယ်လေ။ မောင်ရင်လဲ မြန်မာအစားအစာလေးတွေ စားချင်သပဆိုရင် မြန်မာပြည်ကနေ အကြော်အလှော်တွေ ထည့်ခဲ့ပေါ့။
မေး = မြန်မာနိုင်ငံမှာလိုရော ဆွမ်းစားကွမ်စားတွေ ရှိလား။ လိုက်ရလားဘုရား။
ဖြေ = ကုလားကျောင်းမှာနေမယ်ဆိုရင် သေချာပေါက် ဆွမ်းစားကွမ်းစားတွေ လိုက်ရမှာပါ။ သူတို့က များသောအားဖြင့် ရက်လည်ဆွမ်းကပ် လလည်ဆွမ်းကပ် နှစ်လည်ဆွမ်းကပ်တွေ လုပ်တာများပါတယ်။ တစ်ခါတရံမှသာ အိမ်သစ်တက်ဆွမ်းကပ် မင်္ဂလာဆွမ်းကပ် ညပရိတ်ရွတ်ပြီး နောက်နေ့ဆွမ်းကပ်တွေ လုပ်လေ့ရှိပါတယ်။ ကပ်တဲ့ဆွမ်း၊ ဆွမ်းဟင်းတွေကတော့ သူတို့အတွက် ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အစား အစာတွေပဲ ကပ်တာပါ။ ကပ်တဲ့နေရာမှာတော့ မြန်မာနိုင်ငံမှာလို ၀ိုင်းနဲ့မကပ်ပါဘူး။ တန်းစီထိုင်ပြီး ပန်းကန်ပြားနဲ့ ပန်းကန်လုံး ဒီနှစ်ခုပဲကပ်ပြီး ပန်ကန်ပြားထဲ ထမင်းနဲ့ ဟင်းတွေ ထည့်ပေးပြီး ပန်းကန်လုံးထဲ လက်ဆေးရေ။ ပြီး အုံးရေ သို့မဟုတ် ရေနွေးဖြူတွေ ထည့်ပေးပါလိမ့်မယ်။ တစ်ခါတရံ ဆွမ်းမဘုဉ်းပေး သးခင် အတို့အမြှုပ်တွေကို အရင်လာကပ်ပြီး ဘုန်းပေးရတာလည်း ရှိပါတယ်။ သူတို့ဆွမ်းကပ်တွေတိုင်း ပါနေကျဟင်းတွေကတော့ ခပ်ထူထူ ငါးဟင်းတွေရယ်။ မြင်းခွာရွက်သုပ်ရယ်။ အရည်ကျဲကျဲနဲ့ ချက်ထားတဲ့ အာလူးဟင်းရယ်၊ ငါးမုန့်ကြော်ပုံစံမျိုးလေးရယ် စတဲ့ဟင်းတွေပါပဲ။ ကြက်သား ၀က်သားတွေကတော့ ကပ်ခဲပါတယ်။ အမဲသားကတော့ ဝေးရော။ ဆွမ်းကပ်ပြီးရင်တော့ သစ်သီးမျိုးစုံနဲ့ သူတို့ရိုးရာမုန့််တွေနဲ့အတူ (ခိရီ)ဒိန်ချဉ်ကိုလည်းကပ်လေ့ရှိပါတယ်။နောက် ဆွမ်းကပ် ကွမ်းကပ် ဆိုတဲ့ မြန်မာစကားလို ဆွမ်းကပ်တိုင်းမှာ ကွမ်းလဲကပ်ပါသေးတယ်။ ထူးခြားတာက ဆွမ်းမစားခင် တရားတစ်ခါဟော ဆွမ်းစားပြီး တရားတစ်ခါဟောရပါတယ်။ ပြီးမှ ရေစက်ချပေါ့။တစ်ချို့အိမ်တွေမှာတော့ ပရိတ်ရွတ်ပြီး ပရိတ်ကြိုးလေး တွေကို လက်မှာ စည်းပေးရတာတွေ ရှိပါတယ်။အောက်က တရားနာကြတဲ့ ဒကာ ဒကာမတွေက ထိုင်တာက ခြေထောက်တွေကို သက်သက်သာသာ ဖြစ်သလို ထိုင်ကြတာဆိုတော့ မြန်မာဘုန်းကြီးတွေရဲ့ မျက်လုံးနဲ့ကြည့်ရင်တော့ တစ်မျိုးကြီးပေါ့လေ။သူတို့က ခပ်၀၀ကြီးတွေဆိုတော့ ကြာကြာမထိုင်နိုင်တာ လည်းဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးတွေကို မရိုသေတဲ့ သဘောမျိုးဟုတ်ဟန်မတူပါ။ လှူတာကတော့ မြန်မာနိုင်ငံမှာလို ဆွမ်းကပ်တိုင်း စာအိပ်မပါပါဘူး။ သင်္ကန်း တဘက် ထီး နို့မှုန့် ဆပ်ပြာ သွားတိုက်တံ စသည်တို့ကိုပဲ လှူဒါန်းတာများပါတယ်။
မေး = မီးတို့ရေတို့ကော အဆင်ပြေလား ဘုရား။
ဖြေ = မီးကတော့ ပျက်တယ်ရယ်လို့ မရှိသလောက်ပါပဲ။တကယ့် မိုးတွေအတားရွာပြီး လျှပ်စီးတွေလက် သိမ့်သိမ့်တုန်အောင် မိုးကြိုးချိန်းနေတာတောင် မပျက်ပါဘူး။ အကယ်၍ မဖြစ်မနေ မီးပျက်မယ်ဆိုရင်လည်း ကြိုတင်အကြောင်းကြားပေးပါတယ်။ မီးရမှတော့ ရေလည်း ရပါပြီ။ တစ်ခါက တပည့်တော်သူငယ်ချင်း ကုလားဦးဇင်းရွာကို အလည်လိုက်တော့ ကိုယ့်ရွာလိုပဲ မှောင်မှောင်မိုက်မိုက်ကြီးနေရမယ်မှတ်နေတာ အထင်နဲ့ လက်တွေ့ ကတော့ ပြောင်းပြန်ပါပဲ။ မီးကော ရေကော မြို့လိုပဲ မပျက်ဘူး။ လမ်းတွေလည်း ကောင်းမှကောင်းပဲ။
မေး = သွားရေးလာရေးလေးလဲ ပြောပြပါအုံးဘုရား။
ဖြေ = သွားရေး လာရေးအတွက် အားလုံးနီးပါး အသုံးပြုနေတာကတော့ လိုင်းကားနဲ့ သရီးဝှီးလို့ခေါ်တဲ့ သုံးဘီးကိုပဲ အသုံးများပါတယ်။ လိုင်းကားကတော့ အိန္ဒိယနိုင်ငံ တာတာ ကားကုမ္ပဏီကထုတ်တဲ့ ဒီဇိုင်းအားနည်းတဲ့ မှန်လုံကားကြီးတွေပါ။ ဒါပေမယ့် အဲယားကွန်းတော့ မပါပါဘူး။ အဲယားကွန်းပါတဲ့ကားကလဲ အလွန်အင်မတန် နည်းပါတယ်။ အဲဒီလိုင်းကားတွေရဲ့ ရှေ့ဆုံးကခုံမှာ This seat is reserved for clergy လို့ရေးထားတာ တွေ့ရပါလိမ့်မယ်။ သံဃာတော်တွေ အတွက် ခုံကို သီးသန့်ထားပေးပါတယ်။ သံဃာတွေ တက်လာရင် ဖယ်ပေးကြပါတယ်။ ကားခကတော့ မများပါဘူး။တစ်ခါတလေ ပေးသော်လည်း မယူတာတောင်ရှိပါတယ်။ သရီးဝှီးကတော့ ဝေးလေ ဒါမှမဟုတ် စောင့်ခိုင်းရလေ များများပေးရလေပါပဲ။ တစ်ခုသတိထားရမှာက ကိုယ်သွားမယ့် နေရာကို တိတိကျကျ သိထားရင် ပိုကောင်းပါတယ်။ ဒါမှ သရီးဝှီးသမားက မရစ်မှာပါ။ နို့မဟုတ်ရင် ပိုတောင်းတတ်ပါတယ်။ နောက်ပြီး သရီးဝှီးပေါ်မတက်ခင် ကိုယ်သွားမယ့် နေရာကိုပြောပြီး ဘယ်လောက်ကျလဲ လို့ ဈေးကို တစ်ခါတည်းမေးပြီး ကြိုတင်ဈေးညှိပြီး များရင် မလိုက်ဘူး နောက်တစ်စီးငှားမယ် လိုင်းကားနဲ့ပဲသွားမယ် စသည်ပြောပါ။ ဘာမှ မပြောပဲနဲ့စီးလာပြီး နေရာရောက်ကာမှ ဈေးအတားများနေရင် ပြောရခက်သွားပါပြီ။ သဘောကောင်းတဲ့ သရီးဝှီးသမားလည်း ရှိတတ်ပါတယ်။
မေး = ကိုယ်ကနေ အင်္ဂလိပ်လို ပြောတဲ့အခါ သူတို့က နားလည်ရဲ့လားဘုရား။
ဖြေ = သီရိလင်္ကာနိုင်ငံရဲ့ လူတိုင်းနီးပါးက အင်္ဂလိပ်လို ပြောတတ်ကြပါတယ်။ကိုယ်ကိုယ်တိုင်သာ အင်္ဂလိပ်လို ပြောနိုင်၊ရေးနိုင်၊အောင်လုပ်ခဲ့ပါ။ကိုယ်က ပြောတတ်ရယ်သားနဲ့ သူတို့ကနားမလည်မှာ ပူမနေပါနဲ့။ မူရင်းအင်္ဂလိပ်လူမျိုးတွေမဟုတ်တော့ အင်္ဂလိပ်စကားပြောတဲ့အခါသူတို့စကားဘက်ကို နည်းနည်းဝဲတာပေါ့လေ။ သူတို့စကားထဲမှာလဲ ပါဠိတွေက ၃၂ ရာခိုင်နှုန်းပါနေတော့ ပါဠိသင်ထားသူအဖို့ အနည်းအကျဥ်းနားလည်နိုင်မှာပါ။
မေး = ဒါနဲ့ ရပ်ထဲရွာထဲ သွားတဲ့အခါ ဘယ်လိုသွားရတာလဲဘုရား။
ဖြေ = အရင်နေဘူးတဲ့ နောင့်တော်နောင်တော်ကြီးတွေရဲ့ ညွှန်ကြားချက်အရ သင်္ကန်းရုံရင်လည်းရ မရုံလည်း ကိစ္စမရှိပါ။ ဒါပေမယ့် လွယ်အိတ်နဲ့ ထီးယူရပါတယ်။ဒါမှ ရဟန်းကောင်းလို့ ယူဆတာတဲ့။ နေပူ မိုးရွာတဲ့အခါမှာ သင်္ကန်းခေါင်းမြီး မခြုံရပါဘူး။ ဒါကြောင့် ထီးကို မြို့ထဲသွားမယ်ဆို ယူသွားရပါတယ်။ ဒါနဲ့တစ်ဆက်တည်း ဈေးဝယ်မယ်ဆို ကိုယ်နဲ့သင့်လျော်ရာ ၀ယ်လို့ရပါတယ်။ ဒါပေမယ့် အသားတွေကိုတော့ ကိုယ်ကိုယ်တိုင် ၀ယ်လို့မရပါဘူး။ ဒကာတစ်ယောက်ယောက်ကို သာ ၀ယ်ခိုင်းပါ။
မေး = တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ရယ် အိမ်ကိုပြန်ပြီး သာကြောင်းမာကြောင်းပြောဖို့ ဖုန်းတွေကော ၀ယ်လို့ အဆင်ပြေလားဘုရား။
ဖြေ = ကျန်တဲ့ တိုးတက်ပြီးတဲ့ နိုင်ငံတွေထက်တောင် လွယ်တယ်လို့ပြောရမလားပါပဲ။ ဟန်းဆက်ကတော့ အရင်ဆုံးမြန်မာနိုင်ငံကနေ ၀ယ်ခဲ့ဝယ်ခဲ့ ဒါမှမဟုတ် ဒီကနေ ၀ယ်ချင်ဝယ်ပေါ့လေ။ဒီမှာတော့ မြန်မာငွေနဲ့ သုံးသောင်းတန်လောက် ဟန်းဆက်က အောက်ဆုံးအဆင့်ပါ။ ပြီးတော့ ဆင်းကဒ်ဝယ်ထည့်လိုက်ရင် ပြည်တွင်းအချင်းချင်းကို သာမက ကြိုက်တဲ့နိုင်ငံကိုဆက်သွယ်လို့ရပါပြီ။ဆင်းကဒ်ကုမ္ပဏီတွေလည်း Airtel,Mobitel,Dialog,Etisalat,စသဖြင့် များစွာရှိပါတယ်။ အဲဒီလို အများကြီးရှိလို့ ဆင်းကဒ် အလကားပေးတာ ဈေးလျှော့ရောင်းတာတွေရှိပါတယ်။ ဆင်းကဒ် တစ်ကဒ်ကို အလွန်ဆုံးပေးရ သီရိလင်္ကာရူပီး ၁၀၀ မြန်မာငွေနဲ့ဆို တစ်ထောင်ပါပဲ။ဒီထက်မပိုပါဘူး။ သွားဝယ်မယ်ဆိုရင်လဲ လွယ်မှလွယ် ပတ်စပို့မိတ္တူကူးပြီး လမ်းလျောက်ကာ လမ်းဘေးက ဖုန်းဆိုင်မှာ သွားဝယ်လိုက်ရုံပါပဲ။
မေး = အင်တာနက်ရော ဘယ်လိုသုံးကြလဲဘုရား။
အင်တာနက်ကတော့ အသုံးပြုသူများတယ်ဆိုရင် ကြိုးဖုန်းကနေတစ်ဆင့်ယူတာ ရှိသလို ၀ါယာလက်ကနေ တစ်ဆင့်သွယ်ပြီး သုံးတာလည်း ရှိပါတယ်။ အဲဒီနေရာမှာလည်း အင်တာနက် မြန်နှုန်း သုံးမျိုးသုံးစားရှိပါတယ်။ ရုံးသုံး အိမ်သုံး ဆိုပြီး ရှိပါတယ်။ အိမ်သုံးက သက်သာပြီး ရုံးသုံးက မြန်နှုန်းမြင့်သလို ဈေးလည်း ပိုပေးရပါတယ်။ အင်တာနက်စတင်တပ်ဆင်ခနဲ့ ပစ္စည်းဝယ်ခ ရူပီး တစ်သောင်းကျော် မြန်မာငွေနဲ့ဆို တစ်သိန်းလောက်ပဲကျတယ်လို့ အရင်အင်တာနက်ဆင်ဖူးသူတွေက ပြောပြကြပါတယ်။ ဒါမှမဟုတ် တစ်ဦးတည်းအတွက်သာ သုံးမယ်ဆိုရင်တော့ စတစ်နဲ့သုံးလို့လည်း ရပါတယ်။စတစ်ကတော့ အနိမ့်ဆုံးရူပီး ၅၀၀၀ မြန်မာငွေနဲ့ဆို ငါးသောင်းလောက်ပေးရပါတယ်။ဒါကတော့ ကိုယ်သုံးရင် သုံးသလောက်ပဲပေးရတာပါ။ နောက် သတိပေးလိုက်ချင်တာက ဒီမှာ မိုးတွေရွာပြီး လျှပ်စီးတွေလက် မိုးတွေချိန်းနေပြီဆိုရင်ဖြင့် ကွန်ပြူတာပိတ်ဖို့ အင်တာနက်ပိတ်ဖို့ မမေ့လိုက်ပါနဲ့။ အဲဒီလို မပိတ်မိလို့ ကွန်ပြူတာ ပျက်သွားတဲ့သူတွေ မနည်းတော့ဘူးလေ။
မေး = သီရိလင်္ကာနိုင်ငံရဲ့ ယာဉ်ကျေးမှု နဲ့ လူနေမှုအဆင့်အတန်းတို့ကိုလည်း ပြောပြပေးပါအုံးဘုရား။
ဖြေ = ယဉ်ကျေးမှုကတော့ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ တိုင်းပြည်ဖြစ်တော့ ဗုဒ္ဓအဆုံးအမနှင့်အညီ အေးအေးချမ်းချမ်း နဲ့ ယဉ်ကျေးသိမ့်မွေ့စွာ နေထိုင်ကြပါတယ်။ လူနေမှုအဆင့်အတန်းကတော့ အရှေ့တောင် အာရှမှာ ဖွံ့ဖြိုးတိုးတက်နေကြတဲ့ ထိုင်း စင်္ကာပူ မလေးရှားတို့နဲ့ နှိုင်းယှဉ်ရင် အများကြီး နိမ့်ကျနေပါသေးတယ်။အဲဒီနိုင်ငံတွေမှာ မိုးမျှော်တိုက်တာ အဆောက်အဦးတွေနဲ့ ပြည့်နေတာ မြင်နိုင်ပေမယ့် ဒီနိုင်ငံမှာတော့ အထပ်မြင့် အဆောက်အဦးကြီးတွေက နေရာတစ်ချို့လောက်သာ အနည်းအကျဉ်းတွေ့နိုင်ပြီး ကျန်နေရာများမှာတော့ တစ်ထပ် နှစ်ထပ်တိုက်များသာ တွေ့ရမှာပါ။ သဘာဝထွက်ကုန်ကလည်း သိပ်မရှိ။စက်ရုံအလုပ်ရုံတွေကလည်းနည်းပါးလွန်းလို့ အလုပ်အကိုင် အခွင့်အလမ်းကလည်း နည်းပါးလွန်းတယ်။ ဒါကြောင့် ဒီနိုင်ငံသားတွေဟာ ယူအေအီး ကူဝိတ် ကာတာ အိုမန်စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ သွားပြီး အလုပ်လုပ်ကြတာများပါတယ်။ မလေးရှား သြစတေးလျ နိုင်ငံတွေဆီလည်း သွားပြီး အလုပ်လုပ်ကြတာတွေ့ရပါတယ်။ ထည်ထည်ဝါ၀ါနဲ့နေနိုင်သူ ကတော့ အနည်းစုသာဖြစ်ပါတယ်။
မေး = မြို့ပြအနေအထားနဲ့ လူနေမှုစနစ်တွေကိုလည်း ပြောပြပါအုံးဘုရား။
မြို့ပြအနေအထားကတော့ ကျဉ်းမြောင်းတဲ့လမ်းတွေပေါ်မှာ ရှုပ်ထွေးနေတဲ့ သရီးဝှီးယာဉ်တွေရယ်။ ဘတ်စကားကြီးတွေရယ် ကျန်တဲ့ကားတွေရယ်စသဖြင့်ပေါ့။ လမ်းတစ်လျောက်မှာတော့ Airtle ,Dialog စတဲ့ တယ်လီဖုန်းကုမ္ဗဏီကြော်ငြာတွေပဲ အများဆုံးတွေ့ရမှာပါ။ နောက် စတိုးဆိုင် စားသောက်ဆိုင်တွေအပြင် ရပ်ကွက်တိုင်းလိုလိုမှာ Food City လို့ခေါ်တဲ့ အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေရောင်းတဲ့ ဆိုင်ကြီးတွေကိုလည်း တွေ့မြင်နိုင်ပါတယ် Majestic City လို့ခေါ်တဲ့ ဈေးရုံကြီးက တော့ ကြီးကျယ်ခမ်းနားတဲ့ ဈေးကြီးတစ်ခုပါပဲ။ ဒီနိုင်ငံက သစ်သားရှားပါးလွန်းတော့ ရိုးလွန်းတဲ့ ဒီဇိုင်း တွေနဲ့ ၀ရံတာမပါ ဘဲနဲ့ လေ၀င်လေထွက်သိပ်မရှိလှတဲ့ လေးထောင့်ပုံ နှစ်ထပ် သုံးထပ်စတဲ့ တိုက်အိမ်တွေပါ။ သူတို့အိမ်တွေက သစ်သားရှားပါးတဲ့ အတွက်ကြောင့် တိုက်အိမ်ချည်းပဲဖြစ်သလို သစ်သားမခင်းနိုင်တော့ ကြွေပြားတွေ ခင်းထားတာချည်းပါပဲ။ အမိုးကျပြန်တော့ အပူသက်သာအောင် ထင်ပါရဲ့ အုတ်ကြွပ်တွေပဲ မိုးထားတာ တွေ့ရပါတယ်။အိမ်အများစုရဲ့အပြင်ပန်း ဒီဇိုင်းတွေ မတောက်ပ မလှပေမယ့် အတွင်းပိုင်းမှာကျပြန်တော့ ဆေးတွေနဲ့ချယ်သထားပြန်ရော။ ချမ်းသာတဲ့သူတွေကျတော့ လုံးချင်းတွေနဲ့ ထည်ထည်ဝါ၀ါ နေကြတာလည်း ရှိပါတယ်။ဒီနိုင်ငံမှာ TV လိုင်းက ၁၂ လိုင်း၊ရေဒီယို လိုင်းတွေလဲ အများကြီးရှိပါတယ်။နော်က် ဘဏ်တွေဆိုရင်လည်း C.B , B.O.C,H.S.B.C စသဖြင့် အများ ကြီးရှိပါတယ်။ပိုက်ဆံတွေကို ကိုယ့်လက်ထဲ များများ မထားချင်ရင် အဲဒီဘဏ်တွေမှာ သွားအပ်ထားပြီး ကိုယ်လိုတဲ့အချိန်မှာ ထုတ်နိုင်ပါတယ်။အားကစား အနေနဲ့လည်း ခရစ်ကတ်ပဲ အများဆုံး ကစားကြပြီး ခရစ်ကတ်ကွင်းတွေလည်း တော်တော်များများရှိပါတယ်။
မေး = ဒါနဲ့ စကားဖြတ်ပြီး ပြောပါရစေဘုရား။ သီရိလင်္ကာနိုင်ငံက ထေရ၀ါဒ နိုင်ငံပဲလားဘုရား။ သီရိလင်္ကာမှာရှိတဲ့ သံဃာတွေကော တပည့်တော်တို့နိုင်ငံမှာလိုပေါလားဘုရား။
ဖြေ = ဟုတ်တယ်လေ။ ထေရ၀ါဒ စစ်စစ်ပါပဲ။ဒါပေမယ့် ဒို့နဲ့တူတာတွေ ရှိသလို မတူတာတွေလည်း တော်တော်များများရှိပါတယ်။ မူလ အားဖြင့်တော့တူညီတာ များပါတယ်။ ပြောခဲ့သလို ဒို့နိုင်ငံက ဆွမ်းခံထွက်တာတွေ တော်တော်များများရှိပေမယ့်။ဒီမှာတော့ ဆွမ်းခံတဲ့ကျင့်ဝတ် မရှိတော့ဘူး လေ။တစ်နိုင်ငံလုံးပေါင်းမှ သုံးသောင်းလောက်ပဲရှိပါတယ်။ ဒို့နိုင်ငံသံဃာတော်တွေရဲ့ ထက်ဝက်တောင် မရှိပါဘူး။ စာတွေ တညံညံကျက်နေတဲ့ စာသင်တိုက်တွေ ဆိုတာကလည်း အလွန်အင်မတန် တွေ့ရခဲပါတယ်။တရားပြ တရားထိုင်လုပ်တဲ့ ရိပ်သာကလည်း တော်တော်နည်းပါတယ်။ နောက် သူတို့မှာလည်း ရွှေကျင်ဂိုဏ်း ၊အမပူရဂိုဏ်း၊ ရှမ်းဂိုဏ်းစတဲ့ ဂိုဏ်းကွဲတွေလည်း ရှိနေလေရဲ့။နောက် သူတို့ကျောင်းတိုင်းမှာ တနင်္ဂနွေနေ့တိုင်း မြို့ထဲ၊ရပ်ကွက်တွေထဲက ကလေးတွေဟာ ဘုန်းကြီးကျောင်း တွေဆီလာပြီး Sunday School တက်ကြပါတယ်။ဘုန်းကြီးအများစုက ဘုန်းကြီးကျောင်းထဲရှိ ဓမ္မာရုံမှာ အဲဒီကလေးတွေကို သင်ပေးကြပါတယ်။တစ်ချို့ဘုန်းကြီးတွေဆို လူတန်းကျောင်းတွေမှာ လခယူပြီး ဆရာလုပ်တာတောင် ရှိကြပါတယ်။ နောက် သူတို့က အပြင်တွေ သိပ်မထွက်ပဲ ကျောင်းထဲမှာပဲ သိုသိုသိပ်သိပ်နေကြတာပဲ များပါတယ်။ နောက် ဇိမ်ခံပစ္စည်းတွေ သုံးတာလည်း သိပ်မတွေ့ရပါဘူး။ ဒါပေမယ်လို့ သူတို့နိုင်ငံက သံဃာတွေကို ကမ္ဘာကတော်တော်သိကြတယ်လေ။သူတို့က ပါဠိပိဋကတ် ကိုသာ နှံ့နှံ့စပ်စပ် မတတ်ချင်နေမယ်။အင်္ဂလိပ်ပိုင်းအနေနဲ့ မြန်မာနိုင်ငံက ကိုယ်တော်တွေထက် သာတယ်ဆိုတာကတော့ What the Buddha Taught စတဲ့ ဘာသာရေး စာအုပ်တွေရေးသားခဲ့တဲ့ ကမ္ဘာကျော် ဒေါက်တာဝါပိုလာရာဟုလာရယ်။ အခုခေတ်လူသားတွေနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ စိတ်ဝင် စားဖွယ် စာအုပ်တွေ ရေးသားခဲ့တဲ့ ကမ္ဘာကျော် ကေ ဆရီ ဓမ္မာနန္ဒ ဆရာတော်တွေက သက်သေခံနေ ပါတယ်။
မေး = ဒါနဲ့ သီရိလင်္ကာနိုင်ငံက ဘယ်နားမှာလဲဘုရား၊ မြန်မာနိုင်ငံလောက်ကြီးလား၊ရာသီဥတုရော မြန်မာနိုင်ငံနဲ့တူလားဘုရား။
ဖြေ = သီရိလင်္ကာနိုင်ငံဆိုတာ အိန္ဒိယနိုင်ငံကြီးရဲ့ တောင်ဘက်အစွန်လေးမှာ တည်ရှိပြီး၊မြန်မာနိုင်ငံထက် အများကြီးငယ်ပါတယ်။ ဒါဆို ကမ္ဘာ့မြေပုံကြည့် လိုက်ရင်တော့ ပိုပြီးသိသာ ထင်ရှားသွားမှာပါ။ ရာသီဥတုကတော့ နွေရာသီနဲ့ မိုးရာသီပဲ ရှိပါတယ်။ဒါကြောင့် စောင်တွေ သယ်မလာခဲ့ပါနဲ့။ မိုးအေးရင် ခြုံဖို့ ခြုံထည်တစ်ထည်လောက်ပဲ ယူခဲ့ပါ။
မေး =ကျန်တဲ့ ခေါင်းအုံးတို့ ခြင်ထောင်တွေရော ယူခဲ့ရအုံးမလားဘုရား။
ဖြေ = ခေါင်းအုံးကတော့ ဒီမှာဝယ်ရင်လဲ ဈေးသိပ်မရှိတော့ သယ်ရတာရှုပ်နေရင် မသယ်ခဲ့ပါနဲ့။ ခြင်ထောင်ကတော့ သယ်ခဲ့မှ ပိုအဆင်ပြေမယ်ထင်တယ်။ ဒီကခြင်ထောင်တွေက တရားထိုင်တဲ့ ခြင်ထောင်ဝိုင်းတွေလေ အဲဒီခြင်ထောင်တွေနဲ့ အိပ်ရတာ သိပ်အဆင်မပြေချင်ဘူး။
မေး = စာအုပ်တွေ ဘာတွေရော သယ်ခဲ့ရအုံးမလားဘုရား။
ဖြေ = စာအုပ်ကတော့ တကယ်အသုံးဝင်မယ့် စာအုပ်လောက်ပဲသယ်ခဲ့ပေါ့။ ဥပမာ ကိုယ်လေ့လာနေတဲ့ ဂရမ်မာ စာအုပ်၊အင်္ဂလိပ်လိုရေးထားတဲ့ ပိဋကတ်နဲ့ဆက်စပ်တဲ့စာအုပ်။ စတာတွေပေါ့။ အဘိဓာန်အနေနဲ့ ကတော့ အိပ်ဆောင် အင်္ဂလိပ် မြန်မာ အဘိဓာန်လေးပဲ မဖြစ်မနေယူခဲ့ပါ။ အင်တာနက်ထဲမှာက ကိုယ်ရှာ ချင်တဲ့ အကြောင်းအရာတွေ အကုန်နီးပါး ရနေမှတော့ စာအုပ်မှန်သမျှ အကုန်သိမ်းကျုံးပြီး သယ်နေစရာ မလိုပါဘူး။
မေး = သီရိလင်္ကာက လူတွေကကော မြန်မာတွေလိုပဲလား အသားမဲလား ဖြူလား ဘယ်လိုကြီးတွေလဲဘုရား။
ဖြေ = ထင်တာမြင်သာရှိအောင် ပြောရမယ်ဆိုရင်တော့ ဒို့နိုင်ငံမှာရှိနေတဲ့ ကုလားလူမျိုးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ အိန္ဒိယနိုင်ငံနဲ့နီးတော့လေ။ဒါကြောင့် မြန်မာရဟန်းတော်တွေက သံဃာတော် တွေအပါ အ၀င် ဒီနိုင်ငံသူ နိုင်သားအားလုံးကို ကုလားလို့ပဲခေါ်ကြတာလေ။ များသောအားဖြင့်တော့ ဗုဒ္ဓဘာသာ ယောင်္ကျားတွေက မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ ရိတ်ကြပြီး မွတ်ဆလင်တွေကတော့ အရှည်ထားကြ တာလေ။ နောက် ယောင်္ကျားလေးတွေက ဘောင်းဘီဝတ်တာများပါတယ်။ ပုဆိုးကတော့ တစ်ချို့တလေပဲ ၀တ်ကြတာပါ။ မိန်းကလေးတွေကတော့ စကတ်ရှည်နဲ့ ဘောင်းဘီဝတ်တာများပါတယ်။ တစ်ချို့တလေ ထဘီဝတ်တာတွေ့ရပါတယ်။မိန်းကလေးတိုင်း နားတောင်းတွေ ၀တ်တာကိုလည်း သတိပြုမိပါတယ်။
မေး = ဦးဇင်း သီရိလင်္ကာအနှံ့ လျှောက်လည်ပြီးပြီလားဘုရား ။ထူးထူးခြားခြား ဘာတွေ ရှိလဲဘုရား။
ဖြေ = အကျဉ်းချုံးပြောရရင်တော့… ကျွန်းနိုင်ငံဆိုတဲ့အတိုင်း လူဝတ်ကြောင်တွေအတွက် အပန်းဖြေစရာ သာယာလှပတဲ့ ကမ်းခြေတွေတော့ ပေါတာပေါ့လေ။ ဘာသာရေးပုဂ္ဂိုလ်တွေအတွက်ကတေ့ ဒီမှာလည်း ဗုဒ္ဓဘာသာက အများစုဆိုတော့ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ လည်စရာပတ်စရာတွေက ကိုယ့်နိုင်ငံလိုပဲ ရှေးဟောင်းဘုရားတွေ၊ အထင်ကရဘုရားစေတီတွေ၊ပေါမှပေါပဲလေ။ ဒုတိယမြို့တော် ကန္ဒီမှာဆိုရင် တကယ့် အထင်ကရ ဗုဒ္ဓမြတ်စွယ်တော် ရှိတယ်လေ။ ကိုလံဘိုမြို့တော်မှာပဲ ရှိတဲ့ ကလျာဏီသိမ် ။ရှေးဟောင်းမြို့တော် အနုရာဓပူရမှာတော့ မဟာစေတီ၊ နောက် ဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံ မူရင်းဗောဓိညောင်ပင်ကနေ တောင်ဘက်ကိုင်းဖြစ်တဲ့ မဟာဗောဓိပင်၊အဘယဂိရိဝိဟာရ၊ ဇေတ၀န် ကျောင်းတော်၊ ထိုင်တော်မူ ဆင်းတုတော်ကြီးတွေ ၊မတ်တပ်ရပ် ဆင်းတုတော်ကြီးတွေလဲ ရှိပါတယ်။ တစ်ချို့ဘုရားဝင်းတွေထဲမှာတော့ နံရံတွေမှာ ဘုရားဖြစ်တော်စဉ် ဇာတ်တော်တွေကို ပန်းချီဆေးရေးတွေ ရေးချယ်ထားပါတယ်။အခုနောက်ပိုင်းနှစ်တွေကျမှ သွားကြတဲ့ ခရီးစဉ်ကတော့ အရင်က စစ်ပွဲတွေကြောင့် အသွားအလာ မရှိခဲ့တဲ့ ထန်းပင် ထန်းတောတွေပေါများတဲ့ ဂျဖနာမြို့ပါ။ ဘာမှ အထွေအထူးမရှိပေမယ့် နိုင်ငံ မြောက်ဖက်ဆုံးလည်း ဖြစ်ပြန် အဲဒီနားက နာဂဒီပကျွန်းဟာလည်း အထင်ကရနေရာတစ်ခု ဖြစ်နေတာ က တစ်ကြောင်းပေါ့လေ။အဲဒီက လူတွေကတော့ ဟိန္ဒူဘာသာဝင်တွေများပါတယ်။ ဒါ ကြောင့်ပဲ ဟိန္ဒူဘုရားကျောင်းတွေ တော်တော်များများကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း ကတော့ တွေ့ရခဲပါတယ်။
ဒီထက်ပြည့်ပြည့်စုံစုံ သိချင်သပဆိုရင်တော့ Ven.S.Dhammika ရေးထားတဲ့ Sacred Island စာအုပ်ဖတ်လိုက်ရင်ဖြင့် ဒီနိုင်ငံရဲ့ လည်စရာပတ်စရာတွေ တစ်ပုံကြီးတွေ့ပါလိမ့်မယ်။
မေး= သူတို့မှာ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲလမ်းသဘင်တွေရှိလားဘုရား။ ဘယ်အချိန်တွေမှာ လုပ်လဲဘုရား။
လပြည့်နေ့ (သူတို့အခေါ် ပေါယဒေး) တိုင်းမှာတော့ မြန်မာနိုင်ငံက အခါကြီးရက်ကြီးပုံစံအတိုင်းပါပဲ။ လူကြီး လူငယ် လူလတ်ကျား မမျိုးစုံတွေဟာ အဖြူရောင် ၀တ်စုံတွေ ၀တ်လာပြီး မနက်စောစော ဘုန်းကြီးကျောင်းကိုလာပြီး သီလယူ တရားနာနဲ့ကျောင်းမှာတင်ပဲ ထမင်းစားပြီး တရားနာနေကြတာ တစ်နေကုန်ပါပဲ။အဖြူရောင် အ၀တ်ကတော့ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ ၀တ်ကြတာများပါတယ်။ ညနေ ကျပြန်တော့ ဘုရားပန်းကပ် ဆီမီးထွန်း ဘုရားဝတ်တက်ကျနဲ့ ည ၁၀ နာရီလောက်မှ လူပြတ်သွားတော့ တာလေ။
နောက်ထပ် မြင်ရသူတိုင်း တအံ့တသြဖြစ်လောက်အောင် ကျင်းပကြတဲ့ပွဲ ကတော့ ဗုဒ္ဓ နေ့ကျင်းပတာပါပဲ။ လမ်းတိုင်း အိမ်တိုင်း မှာ သာသနာ့အလံတွေချိတ်ဆွဲလို့၊နောက် မီးပုံး မီးဆိုင်းတွေကလည်း ထွန်းထားလိုက်တာ တကယ့် နတ်ပြည်ကနေကြွလာတဲ့ သက်ရှိဘုရားကို ကြိုဆိုနေကြတဲ့အတိုင်းပါပဲ။ ရပ်ကွက်တိုင်းလောက်မှာလဲ ဘုရားပုံပါတဲ့ ခပ်မြင့်မြင့်မဏ္ဍပ်စင်ကြီးဆောက်ပြီး မီးရောင်စုံထွန်းညှိပြီး ဓမ္မ သီချင်းတွေဖွင့်ထားတာက ကြည်နူးစရာပါပဲလေ။နောက် အရှင် မဟိန္ဒသီရိလင်္ကာကို စတင်ရောက်တဲ့ နေ့မှာလည်း တခမ်းတနားကျင်းပကြပါတယ်။ ကန္နီစွယ်တော်လှည့်ပွဲကလည်း တကယ့်ကို ဆင်အကောင်ရေ တစ်ရာရယ်၊အကအဖွဲ့တွေရယ် ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတာပါ။ စွယ်တော်ကို လာရောက်ဖူးမြှော်သူတွေကလည်း တိုးဝှေ့ပြီးဖူးမြှော်နေကြတာ အလုအယက်ပါပဲ။
ဒါဆို လုံလောက်ပြီမို့လား တပည့်တော်လည်း ကျောင်းသွားရအုံးမှာမို့ နောက်မှတွေ့ကြသေးတာပေါ့။
မှန်ပါဘုရား……။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။
အေးအေး…….ကောင်းပါပြီ ။ ဒါနဲ့ သီရိလင်္ကာကို လာချင်တဲ့ မောင်ရင့် သူငယ်ချင်းတွေကိုလဲ ဒီအကြောင်း လေးတွေကို ပြောပြထားလိုက်ပါအုံး။
ရေးသားသူ
အရှင်အရိယ၀ံသ(ဥယျာဉ်)
No comments:
Post a Comment