မုံရွာမြို့၊ မွေးရပ်မြေသို့ နောက်တစ်ခေါက်ခြေချမိပြီ။ နှစ်တွေဒီလောက် ကြာခဲ့ပေမယ့် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားသည်တော့ မရှိ။ စက်ဘီး၊ ဆိုင်ကယ်တို့က အရင်တိုင်း တရစပ်သွားလာမောင်းနှင်နေကြသည်။ အလည်အပတ်လည်း မရောက်ဖြစ်ခဲ့။ ရန်ကုန်မှာ ဆေးကျောင်းပြီးတော့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ဖို့ ပညာသင်ဆုရခဲ့သည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ စူးစူးစိုက်စိုက် ပညာဆုံးခန်းတိုင်အောင် သင်ပြီးလို့ ခု တာဝန် ကျရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီကိုမှ ရောက်လာသည်။ ကျွန်တော်တာဝန်ကျစဉ် နေရမည့် အိမ်ကိုပင်ရောက်လာပြီ။ အိမ်က နှစ်ထပ်တိုက်လေးဖြစ်သည်။ လူခေါ်ဘဲလ်လေးနှိပ်လိုက်သည်နှင့် အထဲမှ အသက်လေးဆယ်ကျော်ခန့် လူတစ်ယောက်ထွက်လာသည်။
'ဆရာကိုကျော်စွာဆိုတာ ထင်တယ်ဗျ။ ကျွန်တော်က မောင်စိုးပါ' ဟုမိတ်ဆက်ရင်း အိတ်တွေကျွန်တော့ပေး' ဆိုကာ အိမ်ထဲသို့ ခေါ်ဆောင်သွားလေသည်။
'ဟုတ်ကဲ့ ကျွန်တော်ကျော်စွာပါ။ နည်းနည်းစောပြီးရောက်လာတာ အဆင်ပြေရဲ့လားမသိဘူး'
'ကိစ္စမရှိဘူး ဆရာ။ ကျွန်တော် အိမ်သန့်ရှင်းရေးကအစ အကုန်လုပ်ထားပြီးသား။'
'ကျေးဇူးဘဲ ကိုစိုး။ ဆရာတော့တပ်မခေါ်ပါနဲ့ဗျာ နည်းနည်းအနေရကျပ်သလိုဘဲ။'
'ဆရာက ကျွန်တော့ထက် ပညာတွေလည်း အများကြီးတတ်၊ အထူးကုဆရာဝန်ကြီးဆိုတဲ့ ဂုဏ်လည်း ရှိတော့။ ဒါပေမဲ့ဆရာက သုံးဆယ်တောင် မရှိလောက်သေးတော့ ဆရာ မခေါ်စေချင်ရင် ကိုကျော်စွာလို့ဘဲ ခေါ်ပါ့မယ်။ ဆရာခရီးပန်းလာတော့ နားချင်မှာဘဲ။ လိုတာရှိရင် ခေါ်သာခေါ်လိုက်၊ အားမနာနဲ့'
ဟုတ်သည်။ ရန်ကုန်က ကားတောက်လျှောက်မောင်းလာတော့ နားချင်သည်ကတော့ အမှန်။ အချိန်ကလည်း လင့်နေပြီဆိုတော့ အိပ်စက်အနားယူလိုက်သည်။ နောက်တစ်နေ့မနက် ကိုစိုးက မြို့ကို လှည့်ပတ်ပြမည် ဆိုသော်လည်း လမ်းကြိုလမ်းကြားကအစ ရင်းနှီးနေသူမို့ တစ်ယောက်တည်းသာ ထွက်ခဲ့သည်။ ခုလည်း ခါတိုင်းသွားနေကျ 'စိန်အိုးကြီး' လဘ္ဘက်ရည်ဆိုင်ဆိုသို့ တန်းတန်းမတ်မတ်ရောက်သွားသည်။ ဆောင်းတွင်းမို့ မနက်လမ်းလျှောက်ပြန်လာသူများ၊ မိသားစုလိုက် မနက်စာလာစားသူများနှင့် စည်ကားနေသည်။ ကျွန်တော်ကစိတ်ကြိုက် ပဲပလာတာနှင့် လဘ္ကက်ရည်မှာလိုက်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။ ငေးမိငေးရာ ငေးနေရင်းက လဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ယောက် ကိုသတိထားမိသည်။ အမှတ်မထင်မို့ မျက်နှာကို မမြင်လိုက်ဘဲ ကျောဘက်ကိုသာ တွေ့လိုက်ရသည်။ ဘာရယ်မှန်းမသိဘဲ သူ့ရဲ့အတိတ်က တစ်စုံတစ်ယောက်ကို သတိရသွားသည်။ မန္တဆေးတက္ကသိုလ်ကြီးမှာ သူတို့တွေ တွေ့ခဲ့ကြသည်၊ ပြီးတော့ ကွဲကွာသွားခဲ့သည်။ တစ်ယောက်ကိုတစ်ယောက်လည်း နှစ်နှစ်ကာကာ မြတ်နိုးခဲ့ပါလျက်နှင့် ရှင်ကွဲကွဲခဲ့ရခြင်းအတွက် ခုထိဘ၀င်မကျနိုင်သေး။ သူမကို ကျွန်တော်သဘောကျသည်မှာ သူမရဲ့အပြုံး၊ သူမက အခက်အခဲတွေ ဘယ်လောက်ကြုံရ၊ ကြုံရ အပြုံးမပျက်တတ်။ ပျော်ခဲ့ကြသည့် နှစ်နှစ်ကျော် သုံးနှစ်တာအတွင်းမှာ သူမ အပြုံးကြောင့် တစ်ခါတလေ စိတ်နွမ်းတတ်သည့် ကျွန်တော်ပင် အမောပြေရသည်။
ကျွန်တော်မှတ်မိသေးသည်။ ထိုရက်ပိုင်းအတွင်း သူမ စိတ်နွမ်းနေသယောင်၊ ကျွန်တော့်ကိုသာ အားယူပြုံးပြနေသည်ဟု ထင်သည်။ ကျွန်တော်လည်း သတိထားမိသည်။ သူမ မမူမှန်။ ဟိုတစ်နေ့က ကျောင်းဆောင် တစ်ခုက ထွက်အလာ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်မြင်လိုက်ပါလျက်နဲ့ မသိချင်ယောင်ဆောင်ကာ ထွက်သွားသည်။
ကျွန်တော် မနေနိုင်တော့....
'သဇင်... ခုတစ်လော ဘာတွေဖြစ်နေတာလဲ'
'သဇင် တစ်ခုခုကို အကြာကြီး အချိန်ယူစဉ်းစားနေတာ၊ မောင်။ ဘယ်လိုမှ ပြောမထွက်တဲ့ စကားတွေ ရှိနေတယ်။ မောင့်ကို သဇင်ချစ်ပါတယ်... ဒါပေမဲ့ ဘ၀က အခြေအနေမပေးတော့ တို့နှစ်ယောက်ဇာတ်လမ်း ဒီမှာဘဲ အဆုံးသတ်သင့်ပြီထင်တယ် မောင်'
'သဇင် ဘာတွေပြောနေတာလဲ.. ကိုယ် တစ်ခုမှ နားမလည်ဘူးကွာ'
'သဇင် ဆုံးဖြတ်ချက်ချပြီးသွားပြီ။ သဇင့်ကို မောင် တစ်သက်စာ ရည်ရွယ်ခဲ့မှန်း နားလည်တယ်။ သဇင့်မှာ ချို့ယွင်းချက်တွေ ရှိနေရင်လည်း မောင်က လက်ခံမှာဘဲ။ ဒါကြောင့်မို့လည်း ရှေ့မဆက်သင့်ဘူး။ ရှေ့အပတ်ထဲမှာ သဇင်ဆေးတက္ကသိုလ်က ထွက်မယ်။ သဇင်တို့မှာ မိသားစုတစ်ခုတည်ထောင်နိုင်မယ့် အခွင့်အရေးလည်း မရှိဘူး။ သဇင်တို့ခွဲခွာခြင်းဟာ အမုန်းမပါပါဘူး။ ဘာအကြောင်းကြောင့်လည်းတော့ မောင် မသိချင်ပါနဲ့တော့။ မောင် နားလည်ပေးမယ်လို့ ယုံကြည်တယ်နော်'
အဖြစ်အပျက်တွေက နားလည်ဖို့ မြန်ဆန်လွန်းလှသလို ကျွန်တော့်အိပ်မက်တွေလည်း ထိုနေ့မှာဘဲ အဆုံးသတ်သွားသည်။ သူမရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားသည်။ သူက မိန်းမသားပေမယ့် ကျွန်တော့်ထက် စိတ်ဓာတ်ပြတ်သားသည်။ စောဒကတက် မေးခွန်းမထုတ်နိုင်ခင်မှာပင် အရာအားလုံးပြီးဆုံးသွားသည်။ ကျွန်တော်ကတော့ နောက်ဆုံးနှစ်တွေကို ရန်ကုန်ဆေးမှာ တက်ခဲ့သည်။ ပြီးတော့ နိုင်ငံခြားတွင် ဘာသာရပ်တစ်ခု အထူးပြုယူကာ ပါရဂူဘွဲ့ရယူခဲ့သည်။ ပျက်စီးသွားခဲ့သော အိပ်မက်အပိုင်းအစတွေကတော့ ရင်ထဲမှာ ရှိနေဆဲ။ တစ်ချိန်ချိန်များ ကုစားခွင့်ရသေးရင် ဟူသော အတွေးနဲ့ပေါ့....
'အစ်ကို ဘာလိုသေးလဲ' ပြောရင်း စားပွဲထိုးလေးက မှာထားသည်တို့ လာချမှ အတွေးစပြတ်သွားသည်။ စားစရာရှိသည်တို့ စားသောက်ပြီး အိမ်ပြန်နားနားနေနေ နေသည်။ နက်ဖြန် အမိမြေမှာ ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ရမည်ဆိုတော့ စိတ်လှုပ်ရှားဖို့ကောင်းသည်။
ဆေးရုံဆေးခန်းဆိုသည်က လူတွေ မလာချင်ဆုံးသော နေရာ။ သို့ပေမဲ့ ပထမဆုံးစထိုင်သည့် ရက်မှာပင် လာပြသည့်လူတွေ များသည်။ ကူညီလုပ်ကိုင်ပေးနေရတော့လည်း ကျွန်တော် ကျေနပ်သည်၊ ကိုယ့်ရေမြေမှာ ကိုယ့်လူမျိုးတွေကို ကုသပေးရသည်မှာ ဂုဏ်ယူဖွယ်ရာပင်။ လူနာတွေ အဆက်မပြတ်သည်က ညနေပင်စောင်းလုပြီ။ အပြင်မှ ဆရာမ တစ်ယောက်က လူနာနာမည်တွေခေါ်ပေးနေသည်။ ရုတ်တရက် 'မခိုင်သဇင်' ဟုကြားလိုက်ရရာ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။ နာမည်တူ၊ လူတူမရှားရှိတတ်တာဘဲဟုသာ စိတ်ဖြေလိုက်ရသည်။ တံခါးပေါက်ဆီကိုတော့ စိတ်လှူပ်ရှားစွာ စောင့်ကြည့်နေမိသည်။ ၀င်ရောက်လာသည်က ကျွန်တော်ရင်းနှီးနေသော၊ အင်း.... ရင်းနှီးခဲ့ဖူးသော အပြုံးတစ်ပွင့်နှင့် သဇင်။ သဇင်မှ သဇင်ပါ။ ဘယ်လိုနည်းနဲ့မှ မမှားနိင်ဘူး။ ရင်ထဲမှ အမည်မသိ အပျော်တစ်မျိုး ပျံ့နှံ့သွားသည်။ သူမကတော့ အမြဲတမ်းပြုံးဆဲပါလားနော်။ ပြီးမှ ကိုယ်နဲ့မှ မဆိုင်တော့သူတစ်ယောက်ဆိုတာ သတိဝင်သွားသည်။ ကျွန်တော်ကဘဲ အရင်နှုတ်ဆက်လိုက်သည်...
'သဇင် မတွေ့တာကြာပြီနော်။ ဒီရက်တွေမှာ နေမှကောင်းရဲ့လား'
'ရှင် ကျွန်မ ခိုင်သဇင်ပါ။ ဆရာက ကျွန်မကို သိနေတာကိုး။ ဟို... စိတ်မရှိပါနဲ့နော်။ကျွန်မက ဘယ်သူဆိုတာ မမှတ်မိဘူးရှင့်... "
မမျှော်လင့်မိသော တုန့်ပြန်မှူကြောင့် အံ့သြစိတ်နှင့်အတူ ခံပြင်းသလို ဖြစ်မိသည်။ ကျွန်တော့ရှေ့တွင်ရှိနေသူမှာ ကျွန်တော့်ရဲ့တစ်ချိန်တုန်းက သဇင်ပါ။ သူငယ်ချင်းတစ်ယောက်အနေနှင့် နှုတ်ဆက်သည်ကို ဘာလို့များ သူစိမ်းစိမ်း ဆန်ဆန် ငြင်းဆန်နေပါသနည်း။ အင်းလေ... သူမှ မမှတ်မိချင်တော့သည်ကို ဘာများတတ် နိုင် အုံးမည်နည်း။ ကိုယ့်မှာလည်း မာနရှိပါတယ်။
'သဇင် မမှတ်မိချင်တော့ဘူးဆိုရင်လည်း ရပါတယ်။ ကိုယ်တို့အကြောင်းက ပြီးခဲ့ပြီ မဟုတ်လား'
တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
'ဆရာ့ကို သဇင် မမှတ်မိနိုင်တာကို ခွင့်လွှတ်ပါ။ သဇင် ဒီဆေးခန်းကို လာခဲ့တာကလည်း သဇင်ခံစားနေရတဲ့ ဝေဒနာအကြောင်းကို ဆရာနဲ့ဆွေးနွေးချင်လို့ပါ။ တစ်နေ့ကမှ ဒီဆေးခန်းမှာ နိုင်ငံခြားပြန် အထူးကုဆရာဝန်ကြီးတစ်ယောက် စထိုင်မယ်ကြားလို့ သဇင့်အတွက် မျှော်လင့်ချက်ရှိမလားလို့ လာပြကြည့်တာပါ'
သဇင်က သူ့အကြောင်းကို စ၍ပြောသည်။
'သဇင်ငယ်ငယ်တည်းက လူတွေကို သိပ်မမှတ်မိဘူး။ မေ့တတ်တယ်ဆိုပါတော့ ဆရာ။ နာမည်နဲ့ လူနဲ့မတွဲမိတာမျိုး။ ဒါကတော့ လူတိုင်းကြုံတတ်တာဘဲ ဆိုတော့ အမှူမဲ့အမှတ်မဲ့ နေမိပါတယ်။ သဇင်ဆေးကျောင်းစတက်ချိန်အထိ အဆင်ပြေနေပါသေးတယ်။ အဲ့တစ်နေ့၊ အဲ့ရောဂါဆိုးကြီး မရောက်လာခင်ထိပေါ့။' စသည်ဖြင့် သူမ ဝေဒနာ အရင်းခံလာပုံကို ပြောပြသည်။
ပြုံးနေသော သူမကပင်....
'သဇင်က ဒီဘ၀နဲ့နေလာတာ ကြာပါပြီ။ သဇင်ရဲ့အချစ်ဆုံးသူကို စွန့်လွှတ်ခဲ့ရတယ်။ မိသားစုဝင်တွေကိုလည်း အိမ်မှာသာ ဘယ်သူကဖြင့် ဘယ်လိုနေထိုင်ပြောဆိုတတ်တယ် ဆိုတာသာ မှတ်သားပြီး ခွဲနေရတယ်။ အပြင်မှာ သူတို့နဲ့တွေ့ရင် ဘယ်လိုမှ မမှတ်မိဘူး ဆရာ။ သဇင် မျှော်လင့်ချက်တော့ ပျက်မသွားပါဘူး။ ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးတွေလာတိုင်း သဇင်လာပြီး စုံစမ်းတိုင်ပင်လေ့ရှိပါတယ်။ အခု ဆရာက အထူးကုပါရဂူကြီးဆိုတော့ သဇင်အားတက်မိတာပေါ့။'
ဒီလိုနဲ့ဘဲ သူမဘ၀ရဲ့ ကျွန်တော် မသိခဲ့၊ မသိလိုက်ရတဲ့ တစ်ခြားဘက်ခြမ်းကို သိခွင့်ရလိုက်သည်။ စောစောက မာနနဲ့ ခံပြင်းစိတ်တို့က လွင့်စင်ပျောက်ကုန်သည်။ သဇင်ခံစားနေရသည်က မျက်နှာတွေကို မခွဲခြားနိုင်သော ရောဂါ။ 'မျက်နှာ မမြင်နိုင်ခြင်း' လို့ပြောရင် ပိုမှန်မည်။ တွေးမိတိုင်း အသည်းတစ်ဆစ်ဆစ် နာကျင်ရသည်။ တစ်ကမ္ဘာလုံး၏ ၂ ရာခိုင်နှုန်းသာ ခံစားရသော ရောဂါ.. ဘာကြောင့် ဖြူစင်သော သူမဆီမှ လမ်းမှား၍ ရောက်လာရသနည်း။
ဤ Prosopagnosia ခေါ်သော ရောဂါရှင်များမှာ သူငယ်ချင်း၊ မိတ်ဆွေများကို ဘယ်သူ၊ ဘယ်ဝါ ခွဲခြားနိုင်စွမ်းမရှိကြ။ မျက်နှာများကို မှတ်သားနိုင်သော ဦးနှောက်၏ မှတ်ဥာဏ် အစိတ်အပိုင်းတစ်ခု ချို့ယွင်းသွား၍ဖြစ်စေ၊ မျိုးရိုးလိုက်၍ဖြစ်စေ face blindness ဆိုသည်ကို ဖြစ်ပေါ်စေသည်။ ရောဂါအခြေအနေပေါ်မူတည်၍ ကိုယ်နှင့်အနေများသူတို့ကို မှတ်မိသူလည်းရှိသည်။ တစ်ချို့က သူငယ်ချင်းအသစ်တွေကိုသာ မမှတ်မိနိုင်ကြ။ သဇင်တို့လို အခြေအနေရောက်သူတို့ကတော့ ဘယ်သူ့ကိုမှ မှတ်မိ နိုင်မည်မဟုတ်။ ပညာရပ်များလေ့လာလိုက်စားလျှင်လည်း မှတ်ဥာဏ်အသစ်များကို ဖြစ်ပေါ်စေသော ဦးနှောက်အစိတ်အပိုင်းက သိပ်မစွမ်းဆောင်နိုင်တော့ပေ။ အခြေနေအမျိုးမျိုး၊ အစားစား ကွဲပြားကြသည်။
ဤရောဂါရှင်များအတွက် သူငယ်ချင်းအသစ်ရရန်လည်း ခဲယဉ်းသည်။ လမ်းမှာတွေ့လျှင် တစ်ဖက်က နှုတ်ဆက်သော်လည်း ကိုယ်က မည်သူမည်ဝါ မမှတ်မိတော့ ခက်သည်။ ရိုင်းသလိုဖြစ်သွားနိုင်သည်။ ကျွန်တော် မှတ်သားဖူးသော ရောဂါရှင်တစ်ယောက်အကြောင်း သတိရမိ၏။ သူကတော့ မျက်နှာ မမှတ်မိသည်က လွဲ၍ ကျန်မှတ်ဥာဏ်ပိုင်းက အလွန်ကောင်းသည်။ သူ့အလုပ်အင်တာဗျူးမှာတော့ မေးမြန်းသူက အနောက်တိုင်းဝတ်စုံ အနက်ရောင် ၀တ်ဆင်ထားသည်။ ထို့နောက် ခဏအပြင်ထွက်သွားသည်။ အနောက်တိုင်းဝတ်စုံ အနက်ရောင်နှင့် လူပြန်ဝင်လာတော့ သူက ခုန ပြောလက်စ စကားကို ဆက်ပြောသည်။ ထိုအလုပ်ကို သူမရခဲ့ပါချေ။ သူမှတ်မိသည်က အနက်ရောင် ၀တ်စုံသာ။ ပြန်ဝင်လာသည်က နောက်ထပ်စစ်ဆေးမေးမြန်းသူတစ်ဦးဖြစ်နေတော့သည်။ ကျွန်တော်ကိုယ်တိုင်ပင် ချစ်ရသူကို မှားယွင်းစွပ်စွဲမိပြီ...။
'သဇင်က ဆေးကျောင်းသူဟောင်းတစ်ဦးဆိုတော့ ဆရာအားနာစရာ မလိုပါဘူး။ ဒီရောဂါဟာ ဆေးပညာအတွက် အဖြေရှာစရာတစ်ခုဖြစ်နေဆဲ ဆိုတာ သဇင်နားလည်ပါတယ်။'
သဇင်ရဲ့ရောဂါအခြေနေ သိပြီဆိုတော့ ဆေးမှတ်တမ်းရေးပြီး သူ့ကို ကျွန်တော် ရက်ချိန်းပေးပြီး ပြန်လွှတ်လိုက်ရ၏။ သူ့ရဲ့ ကိစ္စမှာတော့ ငယ်စဉ်ကတည်းက ဖြစ်တည်လာသည့် developmental ဖြစ်ဖို့များသည်။ မတော်တဆမှူကြောင့် ရောဂါခံစားရသူတွေလည်း ရှိပြန်သည်၊ သူတို့ကတော့ အရင်က မျက်နှာခွဲခြားနိုင်စွမ်းရှိခဲ့သည်မို့ ချက်ချင်း မျက်နှာခွဲခြားနိုင်စွမ်း လျော့ကျသွားမှန်း သိကြသည်။ တစ်ချို့ developmental ရောဂါရှင်တွေဆိုလျှင် ရောဂါရှိမှန်းပင် မသိကြ။ ရုပ်ရှင်၊ မဂ္ဂဇင်းတို့တွင် ထိုရောဂါ အကြောင်းဖတ်မိမှ သိကာ စမ်းသပ်သိရှိကြသည်၊ ငိုယိုစိတ်ဆင်းရဲကြရသည်။
သြော်.. သဇင်ရယ်။ သူမ ပြောတာမှန်သည်။ မျက်နှာ မမြင်နိုင်သော ရောဂါသည် ယနေ့ဆေးလောကအတွက် စိန်ခေါ်မှူတစ်ရပ် အဖြစ် ကျန်ရှိနေဆဲ။ ဟားဗတ်ကဲ့သို့သော တက္ကသိုလ်ကြီးများမှာ ပုစ္ဆာတစ်ခုအဖြစ် သုတေသနပြု၊ အဖြေရှာနေဆဲ ဖြစ်သည်။ ဆေးနည်းဖြင့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်သေး။ မျက်နှာကို မမှတ်မိနိုင်ကြတော့ ရရာနည်းလမ်းကို အသုံးပြုကြရသည်။ နေထိုင်ရာ ပတ်ဝန်းကျင်တွင် အဆင်ပြေစေဖို့သာ မိမိနှင့်ပတ်သက်သူများ၏ ဓာတ်ပုံများပါသော ကင်မရာတစ်လုံး လည်တွင် ချိတ်ဆွဲစေသော နည်းကို လတ်တလောကမှ တီထွင်ခဲ့ကြသည်။ မိမိနှင့် အတူရှိနေသည့် အချိန်တိုင်းကို ဓာတ်ပုံရိုက်ထားကာ နောက်တစ်ခါထိုသူနှင့် ပြန်တွေ့လျှင် ကင်မရာမှ ဓာတ်ပုံများနှင့် တိုက်ကြည့်၍ မိမိတို့ ဘာတွေလုပ်ခဲ့ကြသည်၊ ဘယ်သွားခဲ့ကြသည် စသည်တွေးကြည့်ကာ အမည်တပ်၊ နာမည်ဖေါ်ရသည်။ သူတို့ရဲ့ဘ၀တွေဟာ ကိုယ့်ဘ၀မှာ ကိုယ်က သူစိမ်းတစ်ယောက်ပြန်ဖြစ်နေရသည်။
တစ်ချိန်က ကျွန်တော့်ရဲ့ ပဟေဠိလည်း အဖြေပေါ်ပြီ။ သဇင့်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောပေါက်သွားသည်။ သဇင်က အသိအမြင်ရှိတဲ့ ဆေးကျောင်းသူလေး တစ်ဦး။ ဒီတော့ သူဖြစ်နေတာတွေကို တစ်နည်းနည်းနဲ့ ရှာဖွေတွေ့သွားခြင်းဖြစ်မည်။ သဇင်ပြောခဲ့သော စကားများကို ပြန်ကြားယောင်မိ၏။ 'သဇင့်မှာ ချို့ယွင်းချက်တွေ ရှိနေရင်လည်း မောင်က လက်ခံမှာဘဲ။' သဇင်တို့မှာ မိသားစုတစ်ခုတည်ထောင်နိုင်မယ့် အခွင့်အရေးလည်း မရှိဘူး။' ဒီရောဂါအကြောင်းကို ဟိုတုန်းထဲက သူအတော်အတန်သိပြီးပုံရသည်။ ဆေးတွေ့ရှိချက်အရ မျက်နှာ မမြင်နိုင်သော ရောဂါသည် မျိုးရိုးလိုက်ဖို့ ရာခိုင်နှုန်း ငါးဆယ်နီးပါးရှိသည်။ မစွန့်စားလိုသော သဇင်က ကျွန်တော့်ကို ဒီဒုက္ခတွေထဲ ဆွဲသွင်းဖို့ မလိုလားလို့ သူသာ အရာရာ အနစ်နာခံလိုက်သည်။ ကျွန်တော်ထက်၍ ကြေကွဲရသည်။
မျက်နှာ မမြင်နိုင်သော လူနာရှင်တစ်ယောက် အတိတ်က အသံ၊ဟန် သို့ အကြောင်းအရာ၊ အဖြစ်အပျက်တစ်ခုကိုပါ မှတ်မိနိုင်စွမ်း ရှိမရှိဆိုတာ ဦးနှောက်နှင့် အာရုံကြော ဆရာဝန် ကိုယ်သာ ကောင်းကောင်းကြီးသိတယ်။ သဇင်က ကိုယ့်ကို ဘ၀မှာ သက်သက်သာသာ အောင်မြင်နေတာကိုသာ မြင်နေချင်တာကိုး။ သဇင့်ဆုံးဖြတ်ချက်အတိုင်း ကိုယ်နေမှာပါ... မမှတ်မိနိုင်တဲ့.. ဒါမှမဟုတ်... မမှတ်မိချင်တော့တဲ့ သဇင့်ဆီလာပြီး တစ်ချိန်တုန်းက မောင်ကို မမှတ်မိနိုင်တော့ဘူးလား ဆိုပြီး စိတ်ဆင်းရဲ၊ အနှောင့်အယှက်ဖြစ်အောင် မလုပ်ပါဘူး။ ဒါပေမဲ့.. သဇင်ရယ်... ပန်းမြတ်တွေဟာ ဆယ့်နှစ်ရာသီမှာ တစ်ခါစီ ပွင့်တတ်ကြတယ်။ ကိုယ့် ရင်ကပန်း ကတော့ တစ်သက်မှာ တစ်ခါသာပွင့်ပြီး ဘယ်တော့မှ မညှိုးသွားပါဘူး။ ဤစကားတွေကို ကျောခိုင်းထွက်ခွာသွားသော သဇင့်ကို ကြည့်ရင်း စိတ်ထဲ ပြောမိသည်။ ကျွန်တော့်အတွက် ဘာလုပ်ရမည်ကတော့ ရှင်းသည်။ သူမ လက်ရှိ နေထိုင်ရာ ပတ်ဝန်းကျင်မှာ အကောင်းဆုံး နေထိုင်နိုင်အောင်သာ လမ်းပြကူညီရလိမ့်မည်။ ကျွန်တော့ရဲ့အပြုံးပိုင်ရှင် သဇင်။ မနက်လင်း မျက်နှာသစ်တိုင်း အပြုံးချိုချိုနဲ့ ကျက်သရေရှိ၊ လှပတဲ့ မိန်းမပျိုတစ်ယောက်ကို မှန်ထဲမှာ သဇင်တွေ့မယ်။ ဘယ်သူမှန်းတော့ သဇင် သိနိုင်မယ်မထင်ဘူး။ ဒါပေမဲ့လေ... မနက်တိုင်း အဲ့ဒီထာဝစဉ် ပြုံးရွှင်နေတဲ့ မိန်းကလေးတစ်ယောက်ကိုသာ တွေ့မြင်နိုင်ပါစေ... သဇင်... ။ ကိုယ်ကတော့ သူစိမ်းတစ်ယောက်ပါပဲလေ... ။။။
~~~~~~~~
ဆောင်းနှင်း