Wednesday, October 13, 2010

တိမ်ကွဲဆည်းဆာ

နှင်းဆီ ပန်းများ အားလုံး သူ့ အဆင်း၊ သူ့ရနံ့ ဖြင့် သင်းမြ မြပျံ့ မွှေးကြ သည်။ သူ့ဘဝ၊ သူ့ အလှ ဖြင့် လှပ ထည်ဝါ ကြသည်။

ကျွန်တော် တစ်ဦး တည်း အတွက် တော့ နှင်းဆီ ပန်းများ အားလုံး ထဲတွင် တနင်္လာ နှင်းဆီ တစ်ပွင့် သာ မွှေးမြ လှပဆုံး ဖြစ်ပါသည်။

ထို့နေ့က မိုးမရွာသော နေ့တစ်နေ့ ဖြစ်ခဲ့သလို တနင်္လာနေ့ ညနေခင်း တစ်ခုလည်း ဖြစ်ခဲ့သည်။ ရတနာပုံ တက္ကသိုလ်၏ ကျောင်းဆင်းချိန် ညနေခင်းသည် လွင်ပြင်ကျယ်ကြီး တစ်ခုထဲသို့ နှင်းဆီပွင့်တွေ လွင့်ကျဲ လိုက်သလို လှပလွန်းပါသည်။ ကျွန်တော့်လို နောက်ဆုံးနှစ် ကျောင်းသား တစ်ယောက်အတွက် မဆန်းလှသော မြင်ကွင်း ဖြစ်သော်လည်း ဘယ်တော့မှ ရိုးမသွားသော မြင်ကွင်း တစ်ခုလည်း ဖြစ်သည်။

အလှတရား ဆိုသည်မှာ ခံစားတတ်သူအဖို့တော့ သဘာဝက ပေးသော ဆုလာဒ် တစ်ပါးပင်။ ထို့ကြောင့်လည်း ကျောင်းဆင်းပြီး ညနေခင်းတိုင်းလိုလို အဆောင်မှာ ခဏနားပြီးသည်နှင့် ဦးပိန် တံတားပေါ် လမ်းလျှောက် ဖြစ်သည်။ ထိုသို့ဖြင့် ဦးပိန်တံတား ပေါ်တွင်ပွင့်သော တနင်္လာ နှင်းဆီပွင့်လေးကို ကျွန်တော် သတိထားမိ ခဲ့သည်။

တံတား အလယ် နားခို ဇရပ်လေးတွင် ထိုင်ရင်း အဝေးသို့ ငေးနေတတ်သော ထိုကောင်မလေးသည် ကျောင်းသူ တစ်ယောက် ဖြစ်တာတော့ သေချာသည်။ အကြိမ်များစွာ တိုက်ဆိုင် တွေ့ခဲ့ပြီးချိန်၌ ကျွန်တော့်လို အလှတရားကို ခံစားဖို့ တံတားပေါ် ရောက်လာခြင်း မဟုတ်တာလည်း သေချာခဲ့သည်။ မှိုင်းရီနေသော သူ့မျက်ဝန်းတွေဟာ ကျွန်တော့်ကို ပဟေဠိများစွာ ပေးခဲ့သည်။ ကျွန်တော်ကိုယ်တိုင် သတိမထား မိသေးသော အချိန်အတွင်းမှာပဲ ထိုမျက်ဝန်းလေးတွေက အိပ်မက်ထဲထိ ရောက်ရှိနေခဲ့ပြီ။

ကောင်မလေးရေ..။ မင်းဟာ ဘယ်လို နက္ခတ်တွေနဲ့ ပွင့်တဲ့ ပန်းတစ်ပွင့်လဲ။ အခုငါ့ရင်ထဲမှာ အလင်းတွေ တဖွဲဖွဲ ကြွေကျ နေပေါ့။ မင်းမရှိတော့တဲ့ နေဝင် သွားချိန် ညနေခင်းတွေမှာ ငါ့ရင်ထဲက အလွမ်းကြယ်စင်တွေ လင်းမြလို့..။

‘မင်း တကယ် ချစ်နေပြီ ဆိုလည်း ဖွင့်ပြော လိုက်ပေါ့ကွာ’

လမင်းကျော် ပြောတဲ့ စကားကို မကြားသလိုပဲ ကျွန်တော်အဝေးကို ငေးနေမိသည်။ အချစ်တစ်ခု၏ ပွဲတက် အခမ်းအနားသည် အဲ့သလောက် လွယ်ကူမည် ဟုတော့ မထင်ပါ။

‘ကျောင်းထဲမှာလိုက်ရှာတာလည်း ဒီလောက် ကြာနေပြီ။ ဘာမှ မထူးခြားဘူး။ တံတားပေါ် သွားစောင့် တော့လည်း တနင်္လာနေ့က လွဲပြီး ကျန်တဲ့နေ့ဆို သူမလာဘူး။ မင်း ဇာတ်လမ်းက စ ကတည်းက တလွဲချည်းပဲ’

‘မင်းလို ပထမနှစ် ကောင်းမလေးကို မုန့်ပေးကြိုက်တာ လောက်တော့ ဘယ်လွယ်မလဲ’ မိုသျှန်းရဲ့ စကားကြောင့် လမင်းကျော်က ဝင်ခွပ်သည်။ ကျွန်တော်ကတော့ တနင်္လာပုံပြင်မှာ အတွေးတွေနဲ့ ငြိမ်သက်နေမိသည်။

‘မင်းဘာလုပ်မလည်းလက်ရုံး’

ထိုမေးခွန်း၏ အဖြေကို ကျွန်တော် ကိုယ်တိုင်လည်း သိချင်နေခဲ့တာ ပါပဲလေ။ ကျွန်တော် ဘာလုပ်ရမှာလဲ။ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသော အရိပ်ကို ဖမ်းမိဖို့ နည်းပညာ ကျွန်တော့်မှာ မရှိပါ။

ထိုသို့ဖြင့် နေ့ရက်တို့ ရင့်ရှည် လာခဲ့ရသည်။ တနင်္လာနေ့ ညနေခင်းပေါင်း ဘယ်လောက်ထိ ကုန်ဆုံး ကျော်လွန်ခဲ့ပြီလည်း ကျွန်တော် မမှတ်မိတော့။ သူ့မျက်နှာလေးကို အဝေးကငေးပြီး သူ့ဆံနွယ် ရနံ့လေးများကို လေပြည်မှာ လိုက်ရှာနေခဲ့မိသော အချိန်များမှာ ကျွန်တော်၏ ရူးသွပ်နေသော ညနေခင်းများသာ ဖြစ်ခဲ့ပါသည်။

အလွမ်းဖြင့် လည်ပတ်နေသော နာရီတစ်လုံးအဖို့ အချိန်တွေက ကုန်လွန် ခဲလှသည်။ သူငယ်ချင်းများ အလယ်၌ သူရဲဘောကြောင်သူ တစ်ယောက်လို မျက်နှာငယ် ခဲ့ရသော ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ တွက်ရခက်ခဲသော သင်္ချာတစ်ပုဒ်သာ ဖြစ်ခဲ့ပါသည်။ ဂစ်တာသံများနှင့် ရောနှော လွှတ်တင်ခဲ့သော ကျွန်တော့်ချစ် ခြင်းတွေကို သူကြားမည် မဟုတ်ပါ။ မိုးစက်ပွင့်များနှင့် ရောနှော စီးဆင်းခဲ့သော ကျွန်တော့် အလွမ်းတွေကို သူမြင်မည် မဟုတ်ပါ။ ကျောင်းဆင်း ခေါင်းလောင်းသံနှင့် အတူ ရှင်သန်ခဲ့ရသော ကျွန်တော့် မျှော်လင့်ခြင်း များကိုလည်း သူသိမည် မဟုတ်တာ သေချာပါသည်။

မသေချာခြင်းများနှင့်လည်ပတ်နေသော လောကအလယ်၌ ကျွန်တော် သူ့ကို သိပ်ချစ်ကြောင်း ကတော့ သေချာခဲ့ပါသည်။ ထိုသေချာမှုတစ်ခုနှင့်ပင် မြစ်ကိုဖြတ်ကူးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတောအုပ် ဘယ်လောက်ပဲ နက်နေပါစေ တနင်္လာ နှင်းဆီပန်းလေး ရှိရာ ကျွန်တော်အရောက် သွားမည်။

ထိုသို့ဖြင့်....။

စက်တင်ဘာလ၏ တနင်္လာနေ့ခင်းသည် မှုန်ဆန်စွာပဲ ပြာလဲ့နေသည်။ အရာရာသည် အလင်း ဖျော့ဖျော့ဖြင့် လင်းမြ လှပနေသလို ထင်ရ၏။ လက်ထဲတွင် ဆုပ်ကိုင်လာသော နှင်းဆီပန်းစည်းကို ကြည့်မိတော့ မျှော်လင့်ခြင်းတို့ဖြင့် ပိုမိုမွှေးမြနေသည်။

ကောင်မလေးရေ...

အနီရောင် နှင်းဆီပွင့်တွေက မင်းအတွက် ငါ့ချစ်ခြင်းရဲ့ ရဲရင့်ခြင်းပေါ့။ ငါ့ကမ္ဘာမှာ လရောင်ဖြာဖို့၊ မင်း ကမ္ဘာမှာ ကြယ်သီချင်းတွေ တိုးညင်းဖို့ မင်းရှိရာ အရောက်လာခဲ့ပြီ။

ထိုင်နေကျ နေရာလေးမှာပဲ ငေးနေကျ အကြည့်လေးတွေနဲ့အတူ သူ့ကိုတွေ့ရသည်။ တောင်သမန်ရေပြင်ကို ဖြတ်တိုက်လာသော လေပြည်မှာ နက်မှောင်သော ဆံနွယ်တွေက တလွင့်လွင့် ဝဲနေကြသည်။ ဒါ ကျွန်တော့် ကဗျာလေးပေါ့။ ကျွန်တော့်အနာဂတ်ရဲ့ အသက်ဓာတ်။သူ့အနားကို ကျွန်တော် ရောက်သွားတော့ မျက်ဝန်းလေး တစ်ချက်ပင့်ကြည့်သည်။ နှင်းဆီပန်းတွေ ပေးတော့လည်း အပြုံးလေးတစ်ပွင့်ဖြင့် အသာအယာ လှမ်းယူသည်။ ကျွန်တော့် ရင်ခုန်သံတွေက စကားလုံးတွေကို ဖိထား၏။ ရင်ဖွင့်ပွဲအတွက် လေးညှို့ကို ကျွန်တော် မငင်နိုင်သေး။

‘နှင်းဆီပန်းတွေ မပေးတာ ကြာပြီနော်... ကို။ မိုး ဒီနေရာလေးကနေ ကို..ပေးမယ့် နှင်းဆီနီတွေကို မျှော်နေမှာ မသိဘူးလား’

သူ့စကားတွေက တွက်ရခက်သော သင်္ချာတစ်ပုဒ်ကို မေးခွန်း ထပ်ထုတ် လိုက်သလိုပါပဲ။ သူကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်ပြောနေသည်။ ‘မိုးကတော့လေ၊ ဘယ်သူတွေ ဘာပြောပြော ကို.. တကယ်ရောက်လာမှာ သိနေတယ်။ မိုးကိုဘယ်တော့မှ ခွဲမသွားဘူးလို့ ကတိပေးထားတဲ့ ကို.. ဟာ မိုးဆီကို ပြန်လာမယ်လို့ မိုး ယုံတယ်’

တစ်စုံတစ်ရာ လွဲမှားနေပြီဆိုတာ သိလိုက်သော်လည်း ထိုတစ်စုံတစ်ရာမှာ ဘာဟုတော့ ကျွန်တော် မသိပါ။ တစ်ခုခုတော့ ပြောမှ ဖြစ်တော့မည်ဟု ဆုံးဖြတ် လိုက်မိချိန်၌ ကျွန်တော့် ပုခုံးကို လှမ်းတို့လိုက် သောကြောင့် လှည့်ကြည့် လိုက်မိသည်။ အဘိုးအို တစ်ယောက်..။

‘လူကလေးက မိုးသူငယ်ချင်းလား’

‘မဟုတ်ပါဘူး အဘိုး’

ကျွန်တော့်အဖြေကို ကြားတော့ အဘိုးအိုက ဪ.....ဟုဆိုကာ မိုးနှင့်အတန်ငယ်ဝေးသည့် နေရာသို့ ရောက်အောင်ဆွဲခေါ်သွားသည်။

‘မိုးက အဘိုးရဲ့မြေးပါ။ လူလေးတို့လိုပဲ တက္ကသိုလ် ကျောင်းသူပေါ့။ တိုတိုပြောရရင်ကွယ် မြေးလေးမှာ ချစ်သူရှိတယ်။ မိဘချင်းကလည်း သဘောတူ ထားတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက သူတို့နှစ်ယောက် လျှောက်လည်ကြရင်း ဆိုင်ကယ်မှောက်လို့ ကောင်လေး သေသွားတယ်။ မြေးလေးကတော့ မှတ်ဥဏ်တွေ ပျောက်ဆုံးသွားတယ်။ မြေးလေး မှတ်မိတာဆိုလို့ သူ့ချစ်သူ အကြောင်းပဲ။ အဘိုးမြေးကို လူလေး မေတ္တာရှိနေမှန်း ရိပ်မိနေတာ ကြာပါပြီ။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို ရှေ့ဆက် မတိုးချင်ပါနဲ့ကွယ်’

စိတ်ကူးယဉ်အိပ်မက်တို့ လေထဲမှာ လွင့်ပါသွားကြသည်။ မိုးကတော့ နှင်းဆီနီတွေကို ပွေ့ပိုက်ထားရင်း အဝေးကို မျှော်ငေးနေပြန်၏။ အချစ်သည် တစ်ခါတရံမှာ ထိုသို့ ကျီစယ် တတ်ပါသလား။ အင်းရေပြင်မှာ လှိုင်းကြက်ခွပ်လေး တွေတရိပ်ရိပ် ပြေးသွားတာမြင်ရ၏။ ခဏကြာတော့လှိုင်းလေးတွေ မရှိတော့။ သို့သော်ကျွန်တော့် ရင်ထဲမှ တနင်္လာ နှင်းဆီပွင့်လေးကတော့ ကျွန်တော့်နောက်ဆုံး ထွက်သက်အထိ မပျောက်မကွယ်ဘဲ ရှိနေတော့မှာ သေချာခဲ့ပါသည်။

ယနေ့သည် တနင်္လာနေ့ မဟုတ်ပါ။ ညနေခင်းသည်လည်း တနင်္လာနေ့ ညနေခင်းမဟုတ်ပါ။

အရာရာသည် တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့ပြီ။ နားလည်ရခက်သော ပဟေဠိတစ်ခု၏ အဖြေကို သိရသောအခါ သင်ဘယ်လို ခံစားမှုမျိုးကို ပိုင်ဆိုင်ရပါသလဲ။

တံတားပေါ်မှနေ၍ အနောက်ဖက် ကောင်းကင်ကို လှမ်းမျှော်ကြည့်ပါက ဝင်လုဆဲနေခြည်ကို ဖုံးကွယ်ထားသော တိမ်တောင်တို့ ပြိုကွဲစပြုလာသည်ကို မြင်ရ၏။ တိမ်တိုက်များကြားမှ တိုးရှဲ ထွက်ပေါ်လာသော အလင်းဖျော့နေရောင် ၏ အလှသည် ဘယ်လောက် ကြည်နူးရင်ခုန်ဖွယ် ကောင်းလိုက်သလဲ။

ဆည်းဆာတစ်ခု၏ ကဗျာဆန် သောအလှတရားကို ခံစားခွင့်ရသည်မှာ သဘာဝက ပေးသော ဆုလာဒ် တစ်ခုသာဖြစ်သည်။

သို့သော်...

မကြာမီ နေဝင်သွားတော့မည်။

No comments:

Post a Comment