Friday, March 18, 2011

နျူကလီးယား အိပ်မက်ဆိုးက မနိုးသေးတဲ့ ဂျပန်



အချိန် က ၁၉၄၅ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ဖြစ်သည်။ အမေရိကန် လေ တပ်မတော် အမှတ် (၅၀၉) လေယာဉ် မျိုးစုံ အုပ်စု၏ အုပ်မှူးဗိုလ်မှူးကြီး ပေါလ်တစ်ဘက်စ်မောင်းနှင် သည့် ဘီ-၂၉ ဗုံးကြဲ လေယာဉ် Enola Gay သည် အခြားသော ဘီ-၂၉ ဗုံးကြဲလေယာဉ် (၂) စင်း၏ ခြံရံမှုကို ရယူ ကာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းရှိ တီနီယန်ကျွန်းမှ ပျံသန်း ထွက်ခွာ လာခဲ့ သည်။ ၎င်းလေယာဉ်တို့၏ ဦးတည်ရာ အရပ်မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ဖြစ်ပြီး ၎င်းတို့ ၏ တာဝန်မှာ Little Boy (ကောင်လေး) ဟု အမည်ရသော လက်နက်ဆန်းတစ်ခုကို မြို့ ကောင်းကင်ယံ ထက်မှ ကြဲချရန်ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဓာတ်ပုံမှတ်တမ်း တင်ရန် လေယာဉ် ပျံငယ် တစ်စင်းလည်း ပါဝင်ခဲ့ပြီး အဆိုပါလေယာဉ်၏ ဓာတ်ပုံ မှတ်တမ်း များကြောင့် ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့မှာ ကမ္ဘာ့ သမိုင်းတွင် အထင်အရှား ဖြစ်ကျန်ရစ် ခဲ့သည်။ အဆိုပါနေ့သည် နျူကလီး ယားဗုံးကို ကမ္ဘာ့ ပထမဆုံးအကြိမ် အဖြစ် လက်တွေ့ သုံးစွဲသော နေ့ဖြစ်သည်။

မန်ဟက်တန်စီမံကိန်း

ဒုတိယ ကမ္ဘာစစ် ကာလလယ် အထိ မိစ္ဆာဝင်ရိုးတန်း နိုင်ငံများ ဖြစ်ကြသော ဂျပန်၊ ဂျာမနီတို့က အားသာ လျက်ရှိကြသည်။ ထို့အပြင် ရေရှည် စစ်ဆင်နွှဲပါက လူအသေ အပျောက် အလွန်များလာမည် ဖြစ်သဖြင့် စစ်ပွဲကို အမြန်ဆုံး အပြီးသတ်နိုင်ရန် မဟာမိတ် တို့ ဘက်က မျိုးစုံကြံဆခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့ ပူးပေါင်းကာ မန်ဟက်တန် စီမံကိန်းဟူ၍ အကောင်အထည် ဖော်ခဲ့သော ပရောဂျက်တစ်ခုသည် အက်တမ် ဗုံးများကို မွေးထုတ် ပေးခဲ့သည်။ ဟီရိုရှီးမားမြို့ ပေါ်သို့ကြဲချခဲ့သော ဗုံးသည် အမေရိကန် ပြည်ထောင်စု၊ တင်နက်ဆီ ပြည်နယ်ရှိ စက်ရုံကြီးများမှ ထုတ်လုပ်သော ယူရေနီယမ် (၂၃၅) ကို အသုံးပြု သည့် ဗုံးအမျိုးအစားဖြစ်သည်။ ကမ္ဘာ့ပထမဆုံး အက်တမ်ဗုံးကို (၁၉၄၅) ခုနှစ် ဇူလိုင် လ (၁၆) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ် အလာမိုဂေါ်ဒိုမြို့အနီး စမ်းသပ် ခဲ့ပြီး အဆိုပါဗုံးသည် ဝါရှင်တန်ပြည်နယ်မှ ထုတ်လုပ်သည့် ပလူတိုနီယမ် (၂၃၉) ကို အသုံးပြုခဲ့သည်။ မူလက အက်တမ်ဗုံးများကို ဂျာမနီနိုင်ငံအား ဦးတည်သုံးစွဲရန် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သော် လည်း ဂျာမနီနိုင်ငံက ဂျပန်နိုင်ငံထက် စော၍လက်နက်ချသွားခဲ့သဖြင့် ဂျပန်တို့အပေါ် လက်တည့်စမ်း သုံးစွဲရန် အကြောင်းဖန်လာခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာပေါ်တွင် လူသား တစ်ဦး တစ်ယောက်ကိုမျှ ဦးတည်သုံးစွဲခဲ့ခြင်း မရှိသေးသော လက်နက် အသစ်အဆန်း၏ စွမ်းပကားကို ဂျပန်တို့ ဦးစွာခံစားခဲ့ကြရ ခြင်းဖြစ်သည်။

ကြမ္မာငင်ခြင်း

၁၉၄၅ ခုနှစ်၊ မေလ (၁၀) ရက် နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့သော အက်တမ်ဗုံးပစ်မှတ်ရှာဖွေရေး ကော်မတီ အစည်းအဝေးတွင် ကျိုတိုမြို့၊ နီဂါတာမြို့၊ ဟီရိုရှီးမားမြို့၊ ယိုကိုဟားမားမြို့နှင့် ကိုကူရာလက်နက် တိုက်တို့ကို ပစ်မှတ်ထားဗုံးကြဲရန် ရွေးချယ်ခဲ့သည်။ ရွေးချယ်မှုကို အောက်ပါအချက် (၃) ချက်ပေါ်တွင် မူတည်ခဲ့သည်။ “(၁) ပစ်မှတ်သည် အချင်း (၃) မိုင်အထက် ရှိရမည်ဖြစ်ပြီး မြို့ပြဧရိယာ ကြီးကြီးမားမား ရှိရမည်။ (၂) ဗုံးပေါက်ကွဲမှုကြောင့် ထိရောက် စွာပျက်စီးရမည်။ (၃) ဩဂုတ်လ မတိုင်မီ တိုက်ခိုက်ရန် အကြောင်းမရှိ သေးသောနေရာ ဖြစ်ရမည်”ဟူ၍ဖြစ်သည်။ အမှတ် (၃) အချက်သည် အက်တမ်ဗုံး၏ ပကတိသက်ရောက်မှုကို သိရှိလို၍ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်ကတည်းက ဗုံးဒဏ်သင့်ပြီးသား နေရာဖြစ်ပါက လက်နက်၏ ထိရောက်မှုကို ဆန်းစစ်ရာတွင် ရှုပ်ထွေးမှုများ ရှိလာမည်စိုးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အထက်ပါမြို့ ကြီးများကို အမေရိကန် လေတပ်က တမင်တကာ ဗုံးမကြဲဘဲ“လွှတ်”ထား ခဲ့သည်။

နျူကလီးယားဆိုးကျိုး

ဟီရိုရှီးမားမြို့သည် စက်မှုမြို့ ကြီးတစ်မြို့ ဖြစ်ပြီး စစ်ရေးအရလည်း အရေးပါသည်။ ဂျပန်နိုင်ငံ တောင်ပိုင်း၏ ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်အားလုံး၏ သေနာပတိချုပ် ရွှန်းရော့ခုဟတ ၏ ရုံးချုပ်တည်ရှိရာ မြို့လည်းဖြစ်သည်။ အဆောက်အအုံ အများစုသည် သစ်သားအခြေစိုက် အိမ်များဖြစ်၍ မီးဘေးအန္တရာယ်ကို စိုးရွံ့နေရသောမြို့ လည်းဖြစ်သည်။ စစ်ကြိုခေတ်က ဟီရိုရှီးမားလူဦးရေသည် (၃၈၁,ဝ၀ဝ) ရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် လူဦးရေလျော့ ပါးလာသဖြင့် တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် လူ (၃၅၀,ဝ၀ဝ) ဝန်းကျင်သာ ကျန်ရှိတော့ကြောင်းသိရသည်။ ဟီရိုရှီးမား စံတော်ချိန် နံနက် (၈) နာရီ (၁၅) မိနစ်တွင် ပေါင် (၁၃၀) အလေးချိန်ရှိသော Little Boy ကို ပေ (၃၁၀၆၀) အမြင့်မှ ကြဲချခဲ့သည်။ မြို့အပေါ် ပေ (၁၉၀ဝ) အမြင့်တွင် ဗုံး ကို ဖောက်ခွဲခဲ့သည်။

အီနိုလာဂေး လေယာဉ်ပျံသည် နျူကလီးယား ပေါက်ကွဲမှု သိမ့်လှိုင်းကိုခံစားမိသည့် အချိန်တွင် ပစ်မှတ်မှ (၁၁ .၅) မိုင်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ ဟီရိုရှီးမားမြို့၏ (၄ .၇) စတုရန်းမိုင် ဧရိယာခန့် လုံးဝပျက်စီးသွားခဲ့ပြီး မြို့အဆောက်အအုံ၏ (၆၉) ရာခိုင်နှုန်းပျက်စီးသွားခဲ့ သည်။ မြို့နေလူဦးရေ၏ (၃၀) ရာခိုင်နှုန်းထိရှိသော လူဦးရေ (၇၀ဝ၀ဝ) မှ (၈၀ဝ၀ဝ) အကြား ချက်ချင်းသေဆုံး ခဲ့ပြီး လူ (၇၀ဝ၀ဝ) ကျော် ဒဏ်ရာရရှိ ခဲ့သည်။ ဗုံးပေါက်ကွဲသည့် နေရာမှာမြို့ လယ်ကောင်ဖြစ်သောကြောင့် ဆရာဝန် (၉၀) ရာခိုင်နှုန်း၊ သူနာပြု (၉၃) ရာ ခိုင်နှုန်း သေဆုံးသွားခဲ့သောကြောင့် ပေါက်ကွဲမှုအပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် များစွာအခက်တွေ့ ခဲ့ရသည်။ ဗုံးကြဲလိမ့်မည်ဟု ဂျပန်မြို့ ကြီးများပေါ်တွင် အမေရိကန်တို့က ဝါဒဖြန့်စာများ ကြဲချခဲ့သော်လည်း အက်တမ်ဗုံးကြဲ ချလိမ့်မည်ဟူ၍ မည်သည့်အခါတွင်မျှ ထုတ်ဖော်ပြောဆို ခြင်းမရှိသည့်အတွက် နောက်ကျောကို ဓားနှင့်ထိုးခဲ့ခြင်း ဖြစ်သည်ဟု စစ်မှုရေးရာ လေ့လာသူများက အမေရိကန်တို့ကို ဝေဖန်ခဲ့သည်။

ဟီရိုရှီးမား ကို ဗုံးကြဲအပြီး နောက် (၃) ရက်အကြာတွင် အခြားစက်မှုမြို့ ကြီးတစ်မြို့ ဖြစ်သော နာဂါစကီမြို့ကိုပါ Fat Man (ဝတုတ်) အမည်ရသော အက်တမ်ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ သောကြောင့် မြို့နေလူဦးရေ (၈၀ဝ၀ဝ) ခန့် ချက်ချင်းသေဆုံးခဲ့ရသည်။ Fat Man သည် မြေပြင်မှ (၁,၅၄၀) ပေအကွာတွင် ပေါက်ကွဲခဲ့ပြီး အပူချိန် (၃၉၀ဝ) ဒီဂရီစင်တီဂရိတ် အထိ အပူရှိန်များ ထွက်ပေါ်လာခဲ့သည်။ လေထုတွင်း ရုတ်တရက် အပူချိန်မြင့်တက် ခြင်းကြောင့် တစ်နာရီလျှင် (၆၂၄) မိုင် နှုန်းရှိသော လေပြင်းများ တိုက်ခတ်ခဲ့သည်။ ဟီရိုရှီးမားမြို့တွင်ရော နာဂါ စကီမြို့တွင်ပါ ဗုံးကျရာနေရာများ၌ အထိမ်းအမှတ် ရုပ်တုများပြုလုပ်ကာ နှစ်စဉ် ဆုတောင်းပွဲများပြုလုပ်ပြီး နျူကလီးယား ဆန့်ကျင်ရေး လှုပ်ရှားလာ ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

ငြိမ်းချမ်းစွာအသုံးပြုသူများ

နျူကလီးယားလက်နက်များကို အဖျက်သက်သက်သာ သုံးစွဲနိုင်သည်မဟုတ်ဘဲ ငြိမ်းချမ်းသောရည်ရွယ်ချက် များတွင်လည်း အကျိုးရှိစွာ သုံးစွဲနိုင်သည်။ အထူးသဖြင့် နျူကလီးယား ကွဲပွားမှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်သည် ကမ္ဘာပေါ်တွင် အင်အားအပြင်းထန်ဆုံး စွမ်းအင်ဖြစ်သောကြောင့် နှစ်ပေါင်းများစွာ သုံးစွဲ၍ရနိုင်သည်။ နျူကလီးယား လောင်စာကို အသုံးပြု၍ ရနိုင်သောစွမ်းအင်သည် ဓာတု လောင်စာများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လောင်ကျွမ်း၍ရသော စွမ်းအင်ထက်အဆ သန်းချီ၍ပိုမို သောကြောင့် ထိန်းချုပ်ရန်ခက်ခဲသော စွမ်းအင်လည်းဖြစ်သည်။ နျူကလီးယား ကွဲပွားမှုဖြစ်ရန် အထူးတလည် စီစဉ်ရခြင်းမျိုး ရှိသော်လည်း ရေဒီယို သတ္တိကြွ ဒြပ်စင်များဖြစ်ကြသော ယူရေနီယမ် (၂၃၅)၊ ပလူတိုနီယမ် (၂၃၉) တို့သည် သဘာဝအလျောက် ပြိုကွဲခြင်းဖြစ်တတ်သည်။ ယူရေနီ ယမ်ဒြပ်စင်တစ်ခု ပြိုကွဲတိုင်း စွမ်းအင် (၂၀ဝ) မီဂါဗို့ထွက်ရှိပြီး အဆိုပါပမာဏ သည် မြို့ကြီးတစ်ခုလုံးကို လျှပ်စစ် ဓာတ်အား ပေးထားနိုင်စွမ်းရှိသည်။ ဤမျှလောက်ပြင်းထန်သော စွမ်းအင်မျိုးဖြစ်သောကြောင့် ဓာတ်ပေါင်းဖိုဟု ခေါ်သော အထူးအဆောက်အအုံများ တည်ဆောက်ကာ နျူကလီးယား လောင်စာများကို ထိန်းသိမ်းထားရှိရသည်။

စွမ်းအင်လှောင်ကန်ကြီးများ

နျူကလီးယား ဓာတ်ပေါင်းဖိုများသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး အင်ဂျင်နီယာ နည်းပညာသုံး အဆောက်အအုံ များဖြစ်ပြီး လုံးဝအမှား မခံသော စွမ်းအင် လှောင်ကန်ကြီးများဖြစ်သည်။ အဓိကအားဖြင့် နျူကလီးယား လောင်စာတောင့်များကို စက်ရုံလည်ပတ် ရေးအတွက် အသုံးပြုရသည်။ ယူရေနီယမ်ဒြပ်စင်သည် ကမ္ဘာပေါ်တွင် သဘာဝအလျောက် တွေ့ရှိရသော်လည်း ဓာတ်ပေါင်းဖိုများတွင် သုံးစွဲနိုင်သော အဆင့်သို့ရောက်အောင် အဆင့်ဆင့်သန့်စင်ပေးရသည်။ ဗဟိုခွာ အားသုံး Centrifuge စက်များတွင် ယူရေနီယမ်ဒြပ်စင်ကို ထည့်ကာ အကြိမ်ပေါင်းများစွာလှည့်၍ သန့်စင်ပေးရသည်။ Centrifuge စက်အလုံးပေါင်း သောင်းနဲ့ချီပြီး အသုံးပြုရပြီး နှစ်နှင့်ချီသန့်စင်ပါမှ စက်ရုံသုံးအဆင့် ယူရေနီယမ် အနည်းငယ်သာရရှိနိုင် သောကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေး လုပ်ငန်းသည် အချိန်များစွာယူရသော လုပ်ငန်းဖြစ်သည်။

နောက်ဆုံးပေါ် နည်းပညာဖြစ်သော်လည်း နျူကလီး ယားဓာတ်ပေါင်းဖိုများသည် စက်မှု ခေတ်ဦး နည်းပညာဖြစ်သော ရေနွေး ငွေ့ဖိအားကို အဓိကသုံးစွဲသည်။ ယူ ရေနီယမ်အချောင်းများမှ ထွက်ရှိ သော အပူရှိန်သည် နျူကလီးယား ကွဲပွားမှုမှလည်းကောင်း၊ ဂမ်မာရောင်ခြည် ထွက်ရှိမှုမှလည်းကောင်း၊ ရေဒီယိုသတ္တိကြွမှုမှ လည်းကောင်း ထွက်ရှိခြင်းဖြစ်ပြီး အလေးချိန်ချင်းတူပါက ယူရေနီယမ် (၂၃၅) မှထွက်သော အပူချိန်သည် ကျောက်မီးသွေးမှထွက်သော အပူချိန်ထက် အဆ (၃) သန်းပိုသည်။ ဤမျှလောက်များပြားသော အပူချိန်ကို ဓာတ်ပေါင်းဖို အအေးခံအရည်နှင့် ထိန်းချုပ်ပြီး ရေ (သို့မဟုတ်) သတ္တုရည် (သို့မဟုတ်) ဆားပျော်ရည် တို့ဖြစ်တတ်သည်။

ယူရေနီယမ်အချောင်းများကို အအေးခံရည်ထဲ နှစ်ထားပြီး ပြင်ပမှ အကာအကွယ် တစ်ခုခုဖြင့် ထပ်မံဖုံးအုပ်သည်။ အဆိုပါ အကာအကွယ်၏ အပြင်ဘက်တွင် နောက်ထပ် ရေလှောင်ကန် တစ်ထပ် ရှိပြီး ပင်မအူတိုင်၏ အပူရှိန်ကြောင့် အဆိုပါ ရေလှောင်ကန် အတွင်းရှိရေများကို ဆူပွက်စေသည်။ အဆိုပါ ရေနွေးငွေ့များသည် ပိုက်လိုင်းသွယ်တန်းမှု များမှတစ်ဆင့် တာဘိုင်ဒ လက်များရှိ ရာသို့ရောက်ရှိပြီး စက်မှုစွမ်းအင်ကို ထုတ်ပေးသည်။

အလုံပိတ်စနစ်

ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် အရေးအကြီးဆုံး အချက် (၂) ချက်ရှိသည်။ နံပါတ် (၁) အချက်မှာ ယူရေနီယမ်အချောင်းများ၏ နျူကလီးယားကွဲပွားမှုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်း ထားရေးဖြစ်ပြီး နံပါတ် (၂) အချက်မှာ ဓာတ်ရောင်ခြည်ဖြာထွက် မှုကို အနည်းပါးဆုံးဖြစ်အောင် ထိန်းသိမ်းရေးတို့ဖြစ်သည်။ ယူရေနီယမ် ချောင်းများသည် ပုံမှန်နှုန်းထားအတိုင်း နျူကလီးယား ကွဲပွား မှုဖြစ်ပါက စိုးရိမ်ရန် မရှိသော်လည်း ကွဲပွားမှုနှုန်း မြန်ဆန်လာပါက ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည်။

ဓာတ်ပေါင်းဖိုသုံး လောင်စာတောင့်များသည် ဗုံးပြုလုပ်သော ယူရေနီယမ်လောက်ဓာတ် သတ္တိကြွခြင်း မရှိသော်လည်း အပူရှိန် အလွန်မြင့်တက်ပြီး အပြင်းအထန် လောင်ကျွမ်းနိုင်သော ပြဿနာ၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု အလွန်မြင့်တက်လာသော ပြဿနာတို့ရှိတတ်သည်။ ယူရေနီယမ်လောင်စာချောင်း များအကြား ထိန်းချုပ်ရေးအချောင်း (Control Rod) များထည့်ပြီး နျူကလီးယား ကွဲပွားမှုကို နှောင့်နှေးစေနိုင်သည်။ Control Rod သိများကို Neutron စုပ်ယူနိုင်သော အရာဝတ္ထု ဖြင့်ပြုလုပ်ပြီး ဓာတ်ပေါင်းဖိုအတွင်း ဓာတ်ပြုမှုအလွန် မြင့်တက်လာသောအခါ ယူရေနီယမ် ပင်မ အူတိုင်အတွင်း အလိုအလျောက် သက်ဆင်းသွားရန် အတွက်လည်းကောင်း၊ ပင်မထိန်းချုပ် စနစ်ဖြင့် ထည့်ပေးရန်အတွက်လည်းကောင်း အစီအစဉ် ဆွဲထားသည်။ ယူရေနီယမ် လောင်စာ ချောင်းများမှ ဓာတ်ရောင်ခြည် သုံးမျိုးထွက်ရှိသည်။

ဂမ်မာရောင်ခြည်သည် အဆိုပါရောင်ခြည် (၃) မျိုးအနက် အပြင်းထန်ဆုံး ဖြစ်ပြီး မည်သည့်အရာကိုမဆို ဖောက်ထွင်းသွားနိုင်စွမ်းရှိသည်။ ဂမ်မာရောင်ခြည်ကို ခဲသတ္တုကသာ အနည်းငယ်ကာဆီးနိုင်သောကြောင့် ဓာတ်ပေါင်းဖိုအပြင်ဘက်တွင် ခဲများ နှင့် ကာရံထားလေ့ရှိသည်။ ဓာတ်ရောင်ခြည်သင့်မှုသည် အလွန်ပြင်း ထန်သောကြောင့် စက်ရုံအတွင်း ရောင်ခြည်ပမာဏ မည်မျှရှိသည်ကို စဉ်ဆက်မပြတ် တိုင်းတာနေရလေ့ရှိသည်။ ဓာတ်ရောင်ခြည် သင့်မှုပမာဏ ကို Roentgen Unit နှင့် တိုင်းတာပြီး (၅) နာရီအတွင်း ဓာတ်ရောင်ခြည် ပမာဏ (500 Roentgen) အသင့် ခံရပါက လူသားတစ်ဦး ချက်ချင်း သေဆုံးသွားနိုင်သည်ဟု ဆိုသည်။ ဓာတ်ပေါင်းဖို၏ ပင်မအူတိုင်တွင် (30000 Roentgen) အထိ ရှိသည်ဟုဆို သောကြောင့် မည်မျှအန္တရာယ်များသည်ကို မှန်းဆကြည့်နိုင်သည်။ ဓာတ်ပေါင်းဖို အအေးခံရန် အသုံးပြုသော ရေတွင်ပင် (10 - 25) Roentgen အထိရှိသောကြောင့် အအေးခံရေများကို ပြင်ပသို့ မစွန့်ပစ်ဘဲ အဖန်ဖန်ပြန်သုံးခြင်းဖြင့် သဘာဝဘေး အန္တရာယ်ကို ကာကွယ်ပေးသည်။ ဓာတ်ပေါင်းဖိုအတွင်း သုံးစွဲသမျှ အရာများအားလုံးကို အဖန်ဖန်ပြန်သုံးခြင်းဖြင့် အလုံပိတ်စနစ်တစ်ခု ဖြစ်သွားစေခဲ့ပြီး တတ်နိုင်သမျှ ပြင်ပနှင့် စည်းခြားထားသည်။

စက်ရုံကိုကွပ်ကဲသော ဝန်ထမ်းဦးရေ ထောင်နှင့်ချီ၍ရှိလျှင်တောင်မှ တစ်ချိန်တည်းတွင် ဝန်ထမ်း အနည်းငယ်ကိုသာ တာဝန်ချထားပြီး စောင့်ကြည့်ရေး စနစ်ဟူသမျှကို အလိုအလျောက် စက်ကရိယာများနှင့်သာ ဆောင်ရွက်သည်။ တာဝန်ချိန်ကိုလည်း ခေတ္တမျှသာ တာဝန်ထမ်းဆောင်စေပြီး (၂) ပတ်တစ်ခါ၊ (၃) ပတ်တစ် ခါမျှအထိ လူလဲလှယ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ဓာတ်ရောင်ခြည်သင့်မှုကြောင့် လူ့ကျန်းမာရေး ထိခိုက်မည် စိုးသောကြောင့်ဖြစ်သည်။

နျူအဆိပ်သင့်ခြင်း

ဓာတ်ရောင်ခြည်သင့်မှုကို ရေရှည်ခံစားရပါက ကျန်းမာရေးပြဿနာ အမျိုးမျိုး ပေါ်ပေါက်လာတတ်သည်။ အပေါ်ယံ အရေပြားလောက်ကို ရောင်ခြည်သင့်လျှင်ပင် မအီမသာဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်သည်။ ရိုးတွင်းခြင်ဆီအထိ ဓာတ်ရောင်ခြည်သင့်ပါက လက်ငင်းဝေဒနာများအဖြစ် ဝမ်းလျှောခြင်း၊ သွေးဝမ်းပါခြင်း၊ ခန္ဓာကိုယ်တွင်း သွေးယိုခြင်းများဖြစ်နိုင်ပြီး သွေးကင်ဆာ ရောဂါအထိ ဖြစ်ပွားနိုင်သည်။ အစာအိမ်အူလမ်းကြောင်း၊ အာရုံကြောစနစ်တို့ကိုပါ ထိခိုက်နိုင်ပြီး မျိုးပွားစနစ်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ ဂျပန်နိုင်ငံ ဟီရိုရှီးမား၊ နာဂါစကီ ဗုံးကြဲစဉ်က လူမမယ် ကလေးငယ် အရွယ်ရှိသော အမျိုးသမီးများသည် ၎င်းတို့၏ သားအိမ်အတွင်း ဓာတ်ရောင်ခြည် ဝင်သွားသောကြောင့် သားပျက် သားလျှောခြင်း၊ သားအိမ်ကင်ဆာဖြစ်ခြင်း၊ ရုပ်ပျက်ဆင်းပျက် ကလေးငယ်များ မွေးဖွားခြင်း အစရှိသည့် အနိဋ္ဌာရုံများကို အရွယ်ရောက်စဉ်ကာလတွင် တွေ့ကြုံခဲ့ရသည်။

ရေရှည် သက်ရောက်မှုများအဖြစ် အတွင်းတိမ်စွဲခြင်း၊ ကင်ဆာဖြစ်ပွားခြင်း အခြားသော အသည်းရောင်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ပိုလီယိုရောဂါ၊ အဆုတ်ရောင်ရောဂါတို့ကို ရေရှည်ခံစား နေရသူ အများအပြားလည်းရှိသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံး နျူကလီးယား တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသော နိုင်ငံဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုများကို လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုအတွက် အကြီးအကျယ်သုံးစွဲ နေသောနိုင်ငံလည်းဖြစ်သည်။ နိုင်ငံ လျှပ်စစ်စွမ်းအင် လိုအပ်ချက်၏ (၃၄ .၅) ရာခိုင်နှုန်းကို နျူကလီးယား ဓာတ်ပေါင်းဖိုများမှ ရရှိသောကြောင့် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံတစ်ခုလည်းဖြစ်သည်။

ယူရေနီယမ်ဒြပ်စင်ကို သိုလှောင်ထားရာ ဓာတ်ပေါင်းဖိုများသည် အမှားမခံသောကြောင့် အထူးဂရု စိုက်ထားခဲ့ရာမှ ၂၀၁၁ ခုနှစ် မတ်လ (၁၁) ရက်နေ့ တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နိုင်ငံ့အရှေ့မြောက်ပိုင်းတွင် ရှိသော ဖုကုရှီးမားအမှတ် (၁) နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ ဓာတ်ပေါင်းဖို (၂) လုံး လက်ငင်းပျက်စီးခဲ့ပြီး ဆင့်ပွားငလျင် ငယ်များကြောင့် အခြား ဓာတ်ပေါင်းဖို (၁) လုံးပါ ပျက်စီးခဲ့ရပြီး ဖြစ်ရာ စုစုပေါင်း ဓာတ်ပေါင်းဖို (၆) လုံးရှိသည့် အဆိုပါစက်ရုံ၏ အနေအထား မှာ စိုးရိမ်ဖွယ်ရာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု (၄၆၉၆) မီဂါဝပ်ရှိသော အဆို ပါစက်ရုံ၏ နျူကလီးယားယိုစိမ့်မှုကို ထိန်းချုပ်ရန် အင်ဂျင်နီယာများက ကြိုးပမ်းလျက်ရှိသော်လည်း ဓာတ်ရောင်ခြည်သင့်မှု ပမာဏသည် အစမတန်မြင့်တက် နေသောကြောင့် ရှေ့မတိုးနိုင်ဖြစ်နေရသည်။ ငလျင်ဒဏ်ကြောင့် လောင်စာကန်များကွဲအက် သွားခဲ့ရာ လောင်စာချောင်းများကို မြင်နေရသည့် အနေအထားသို့ရောက် ရှိနေကြောင်း နောက်ဆုံးရသတင်း များအရသိရသည်။ ကမ္ဘာတစ်လွှား သာမက မြန်မာနိုင်ငံ အထိပါတုန်လှုပ် သွားစေခဲ့သော ဂျပန်ငလျင် အကျိုးဆက်ကြောင့် ဂျပန်နိုင်ငံသည် နောက်ထပ် နျူကလီးယား အကျပ်အတည်း နှင့်ကြုံတွေ့နေရပြီဖြစ်ရာ နျူကလီးယား အိပ်မက်ဆိုးမှမနိုးနိုင်သော ဂျပန် ဟူ၍သာ ခေါ်လိုက်ချင်ပါတော့သည်။

နိုင်ဇေယျ

No comments:

Post a Comment