Monday, March 28, 2011

မျောက်မြီးနဲ့ မျောက် ကိုပြန်ချည်ခြင်း ---ဦးဝင်းဖေ


မျောက်မြီးနဲ့ မျောက်ကိုပြန်ချည်တယ် ဆိုတဲ့ စကားပုံကို လူတိုင်းကြားဖူးကြမှာပါ။အဲဒီစကားပုံ ဘယ်လို ဆင်းသက်လာတာလဲ ဆိုတာကို လူကြီးတွေ မေးကြည့်တော့ ဘာမှ ပြန်မဖြေ ကြပါဘူး။ အငေါက်ခံရတာပဲ အဖတ်တင်ပါတယ်။ အသက် နည်းနည်း လေး ရလာတဲ့ အချိန်ကျတော့မှ မျောက်မြီးနဲ့ မျောက်ကို ပြန်ချည်တဲ့ အဖြစ်မျိုး တော်တော်များများတွေ့ လာရပါတယ်။ မူရင်း ပုံပြင်မဟုတ်ပေမယ့် အဲလိုပုံပြင် ဇာတ်လမ်းလေးပြောပြဝေမျှပါရစေ။

တခါက ဟိုးမြန်မာပြည်မြောက်ဖျားက နမ်းခမ်းဘက်က ကိုစံရှားနဲ့ မသီတာ ဆိုတဲ့ ကုန်သည်လင်မယားနှစ် ယောက် ဟာ ကိုယ်ပိုင် ကားကလေးကိုမောင်းပြီး ရန်ကုန်ကို ဆင်းလာခဲ့ကြသတဲ့။အေးအေးလူလူ မောင်းလာ ခဲ့ကြတာ မေမြို့ရောက်တာ့ အတော်လေး မှောင် ပြီးညနေစောင်းနေဲပီမို့ ဟိုတယ် တခုမှာရေမိုးချိုး၊ အနားယူ၊ ညစာ စားပြီး မောမောပန်းပန်း နဲ့ အိပ်လိုက်ကြသတဲ့။

မနက်မိုးလင်ေးတာ့ မနက်စာ မှာစားပြီးတော့ ခရီးဆက်ကြဖို့တည်းခိုခပေးဖို့ ဘေလ် တောင်းလိုက်တော့ တစ် သိန်း နှစ်သောင်းတဲ့ဗျာ။“ ဘယ်လိုဖြစ်တာလဲပေါ့” တညအိပ်ရုံလေး အိပ်တာပဲ တန်လှ ၃ သောင်းလောက်ပေါ့ လို့ပြောတော့ မန်နေဂျာကိုယ်တိုင် ရောက်လာတယ်။

ကိုစံရှားတို့က ဟိုတယ် တည်းခိုခ သိပ်များနေပါတယ်။ တည အိပ်ရုံလေး ၀င်အိပ်တာပါဗျာလို့ ပြောတော့ “သူတို့ ဟိုတယ်မှာ ဖော်ဖြေ ဧည့်ခံပွဲ အစီအစီတွေ ၃ နရာမှာတောင် စီစဉ်ထားပါတယ်။”တဲ့။

ကိုစံရှားတို့ကလည်း သူတို့ အနေနဲ့ ခရီးပန်းလာလို့ ဘာဖျော်ဖြေရေးမှ မကြည့်နိုင်ပါကြောင်းပြောတော့ မန်နေ ဂျာက `“မကြည့်တာ ကတော့ ကိုစံရှားတို့ သဘောသာဖြစ်ကြောင်း၊ သူတို့ကတော့ အကုန်အကျခံပြီး စီစဉ်ထား ရတာ ဖြစ်တဲ့ အကြာင်း ၊နောက်အစည်း အဝေး ခန်းမဆောင် ၃ ခုလည်း စီစဉ်ထားရတာ ရှိကြောင်း ပြောပြန် ပါတယ်။

ကိုစံရှားတို့ကလည်း မိမိတို့ မှာ ဘာအစည်းအဝေးမှလုပ်ဖို့ အစီအစဉ် မရှိပါကြောင်း ပြန်ပြောတော့“ဒါကလည်း ကိုစံရှားတို့ သဘောသာ ဖြစ်တဲ့အကြောင်း ၊ဟော်တယ်အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံထားရတာဖြစ်တဲ့အကြောင်း ရှင်းပြရင်း ရေကူးကန် အကောင်းစားကြီး တခု လည်းရှိကြောင်းပြောပြန်ပါသတဲ့။

ဒီတော့လည်း ကိုစံရှားတို့က မိမိတို့ ရေကူးဖို့ နေနေသာသာ မိမိတို့ ရေကူးကန် ဘယ်နားမှာရှိမှန်းတောင် မသိ ပါကြောင်း ပြန်ပြောပါသတဲ့။

မန်နေဂျာကြီးကလည်းကိုစံရှားတို့ ရေဆင်း မကူးချင်တာကတော့ ကိုစံရှားတို့ ဘက်ကအပိုင်း ဖြစ်ပြီးတော့ ဟို တယ် အနေနဲ့ကတော့ အကုန်အကျ ခံထားရပြီဖြစ်တဲ့အတွက် ကျသင့်ငွေကို ပေးချေဖို့ တောင်းဆိုနေပါ တော့ တယ်။

ကိုစံရှားတို့လည်း နောက်ဆုံးဘာမှ ပြောလို့ မရတော့တာနဲ့ ငွေထုတ်ပေးလိုက်ရပါတယ်။ ဒါပေမယ့်မန်နေဂျာကြီးကေ ငွေတွေကို ရေတွက်ကြည့်တဲ့အခါမှာ ၃ သောင်း ၅ ထောင်ပဲ ဖြစ်နေလို့ ရှစ်သောင်း ခွဲ လိုနေသေးကြောင်းပြောတဲ့ အခါမှာ ကိုစံရှားက“အဲဒီ ရှစ်သောင်းခွဲက ခင်ဗျား ကျုပ်မိန်းမကို မွှေးမွှေးပေးခ လေ”လို့ ဖြေပါသတဲ့။

ဒီတော့ မန်နေဂျာကြီးက အလန့်တကြားနဲ့ `“ ဟာဗျာ ။ခင်ဗျား မိန်းမကို ကျုပ်မနမ်းပါဘူးး၊ ကျုပ်ဘယ်တုန်းက ခင်မိန်းမကို နမ်းလို့ လဲ” ကဗျာ ကရာ ဖြေသတဲ့။

`“ဒီတော့ နမ်းတာ ၊မနမ်းတာကတော့ ခင်ဗျား သဘောပဲလေ၊ ကျုပ်မိန်းမက ဒီမှာ တညလုံး ရှိနေတာပဲ ”လို့ဖြေပြီး ဟိုတယ်ကနေ ကားမောင်းထွက်ခွါခဲ့ပါတော့သတဲ့။

Sunday, March 20, 2011

ကျွန်ုပ်တို့ရွာ ဘုန်းကြီးကျောင်းနှင့် ကျွန်ုပ်တို့အိမ် အလွမ်းပြေ

အင်တာနက်၏အစ

1957 ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ကနေ့ခေတ် နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ကမ္ဘာ့ပထမဦးဆုံးဂြိုဟ်တုဖြစ်တဲ့ စပွတ်နစ် () ကို လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကိုပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာပတ်လမ်းကြောင်း ပေါ်ကို ဂြိုဟ်တုလွှတ်တင်နိုင်ဖို့ ပြင်ဆင်နေဆဲအချိန်မှာပဲ သူတို့ရဲ့ အဓိကပြိုင်ဘက်က အရင်လွှတ်တင်နိုင်ခဲ့တဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။


ဒီအဖြစ်အပျက်ကြောင့် ARPA (the Advanced Research Project Agency) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာသစ်၊ စိတ်ကူးသစ်တွေကို သုတေသနလုပ်နိုင်ရန် ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနက စတင်ဖွဲ့စည်းခဲ့ပါတော့တယ်။ အဲ့ဒီအဖွဲ့ရဲ့ အကျော်ကြားဆုံးဖန်းတီးမှု့ကတော့ ကနေ့နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေတဲ့ အင်တာနက်ပဲ ဖြစ်ပါတယ်။


၁၉၆၀ ပြည့်နှစ်မှာတော့ Joseph Licklider လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်က Man-Computer Symbiosis လို့အမည်ပေးထားတဲ့ စာတမ်းတစ်စောင်ကို တင်ပြလာပါတယ်။ အဲ့ဒီစာတမ်းဟာ နက်ဝပ်ကွန်ပျူတာတွေ တည်ဆောက်ဖို့အတွက် စိတ်ကူးအခြေခံတစ်ခု ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Joseph Licklider ဟာ ARPA ရဲ့ Information Process Office ဥက္ကဌအဖြစ်နဲ့ သုတေသနအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့စိတ်ကူးကို အကောင်အထည်မဖော်ဖြစ်ခင်မှာပဲ အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။


၁၉၆၇ ခုနှစ် အောက်တိုဘာလမှာ ARPANET လို့အမည်ပေးထားတဲ့ ကွန်ပျူတာနက်ဝပ်အစီအစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ပထမဦးဆုံး ကွန်ပျူတာနက်ဝပ် လေးခုကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပထမဆုံး နက်ဝပ်တွေမှာသုံးခဲ့တဲ့ packets switching နည်းစနစ်ဟာ ကနေ့ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။

ARPANET ရဲ့ packets switching နည်းစနစ်ကို ဗြိတိန်တက္ကသိုလ်တွေစုပေါင်းထားတဲ့ နက်ဝပ်တစ်ခုဖြစ်တဲ့ JANET နဲ့ အများသုံးနက်ဝပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ CompuServe အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း အသုံးပြုလာကြပါတယ်။ အဲ့ဒီနက်ဝပ်တွေဟာ ကနေ့ခေတ်နဲ့နှိုင်းယှဉ်ရင် Private Network သာသာမျှသာဖြစ်ပါတယ်။


အ  ခြေခံနည်းစနစ် တူပေမယ့် ကွဲပြားခြားနားတဲ့ ဖွဲ့စည်းပုံတွေကြောင့် အဲ့ဒီနက်ဝပ်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာတော့ အခက်အခဲတွေ ကြုံလာရပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ARPA ရဲ့ Satellite Network Packets Project မှာလုပ်နေတဲ့ Robert Kahn နဲ့ စတန်းဖို့တက္ကသိုလ်က Vinton Cerf တို့ပူးပေါင်းပြီး မတူညီတဲ့ နက်ဝပ်စနစ်တွေအတွက် ကြားခံ Mask တစ်ခုအနေနဲ့ဆောင်ရွက်ပေးနိုင်တဲProtocol တစ်ခုကို ဖန်းတီးပေးခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖော်ထုပ်ခဲ့တဲ့ အဲ့ဒီနည်းပညာကို "Internet Transmission Control Program” လို့ ခေါ်ခဲ့ပါတယ်။


အဲ့ဒီ Protocol က နက်ဝပ်ရဲ့လုပ်ဆောင်ချက်တွေကို လျှော့ချပြီး ကွန်ပျူတာကို အဓိက အလုပ်လုပ်ခိုင်းလိုက်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်ကတော့ နက်ဝပ်တွေအားလုံးကို ချိတ်ဆက်မယ်ဆိုရင်တောင် ချိတ်ဆက်နိုင်တဲ့ နည်ပညာတစ်ခု ဖြစ်လာတာပါပဲ။ ARPA က လိုအပ်တဲ့ Software တွေကိုပါ တည်ဆောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာတော့ မတူကွဲပြားတဲ့ နက်ဝပ်သုံးခုကို အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ Protocol ကို လက်စသတ်နိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ အဲ့ဒီ Protocol “TCP/IP” ကို အခြားအဖွဲ့အစည်းတွေကပါ စတင်အသုံးပြုလာကြပါတယ်။ အင်တာနက်ဆိုတာ အဲ့ဒီအချိန်မှာ အစပြုခဲ့ပြီပဲဖြစ်ပါတယ်။


World Wide Web

၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ Gopher လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြုလာကြပါတယ်။ အဲ့ဒီစနစ်ဟာ အချက်အလက်တွေကို ရှာဖွေ၊ ဖြန့်ဝေပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုလုံးရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာပဲ စုထားနိုင်ပြီး Gopher စနစ်နဲ့ အခြားကွန်ပျူတာတွေက ဆက်သွယ်ရယူနိုင်ပါတယ်။


Gopher ကို မင်နီဆိုးတာတက္ကသိုလ်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီမှာ အ ခြေအနေတွေကို ပြောင်းလဲသွားစေနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မင်နီဆိုးတာ တက္ကသိုလ်က ချမှတ်ခဲ့ပါတယ်။ Gopher နည်းပညာကို အသုံးပြုနေသူတွေက အသုံးပြုခ ပေးရမယ်လို့ ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Gopher အသုံးပြုနေသူတွေက အခြားနည်းပညာတစ်ခုခုကို ပြောင်းသုံးဖို့ စဉ်းစားလာကြပါတော့တယ်။


ဆွစ်ဇာလန်နိုင်ငံမှာ အ  ခြေစိုက်ထားတဲ့ CERN (The European Council of Nuclear Research Center) ဆိုတဲ့ အဖွဲ့အစည်းမှာလည်း Gopher ကို အစားထိုးနိုင်တဲ့ နည်းပညာတစ်ခုက ရှိနေပါတယ်။ အဲ့ဒီအဖွဲ့ကTim Berners-Lee ဆိုတဲ့ပညာရှင်က Document တွေအတွင်းမှာ အခြား Document တွေကို Reference လုပ်ထားတဲ့ Link တွေ ထည့်သွင်းနိုင်တဲ့ နည်းပညာတစ်ရပ်ကို ဖန်တီးနေပါတယ် (အဲ့ဒီ Document တွေကို သူက Hypertext Document လို့ ခေါ်ပါတယ်)။ လက်တွေ့အနေနဲ့ Document တွေကို Server တစ်လုံးထဲမှာ စုစည်းထားပြီး ဖြန့်ဝေပေးနိုင်တဲ့ Server Software တစ်ခုနဲ့ အဲ့ဒီ Document တွေကိုဖတ်နိုင်တဲ့ Program တစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ ဖန်တီးမှုအားလုံးကိုစုပေါင်းပြီ"WorldWideWeb” လို့ အမည်ပေးခဲ့ပါတယ်။ WorldWideWeb စနစ်ကို ၁၉၉၁ ခုနှစ်မှာ ဖန်းတီးခဲ့တာဖြစ်ပေမယ့် လူသုံးများတဲ့ စနစ်တစ်ခုရယ်လို့ ဖြစ်လာဖို့ အချိန်အတိုင်းအတာတစ်ခု စောင့်ခဲ့ရပါတယ်။


၁၉၉၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ WorldWideWeb နည်းပညာရဲ့ Source Code ကို အများကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီနည်းပညာကို မည်သူမဆို (အခမဲ့) အသုံးပြုခွင့်ရလာပါတယ်။ ဒါဟာလည်း ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်စေတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။


အဲ့ဒီနှစ်ထဲမှာပဲ NCSA (National Center of Supercomputing Applications) က Web Browser နဲ့ Gopher Client ကိုပေါင်းစပ်ထားတဲ့ Program တစ်ခုကို ဖန်တီးဖော်ထုပ်ခဲ့ပါတယ်။ Mosaic လို့ ခေါ်ပါတယ်။ အစပိုင်းမှာတော့ Unix Operating System တွေအတွက် ဖန်းတီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၃ ခုနှစ် ဒီဇင်ဘာလမှာ Mac နဲ့ Windows အတွက်ပါ သီးခြား Version တွေ ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Mosaic နဲ့ WorldWideWeb ဟာ အလျှင်အမြန် ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။


Web Browser တွေလည်း တစ်ခုပြီးတစ်ခု (မယုံနိုင်လောက်အောင်) များပြားစွာ ပေါ်ပေါက်လာပါတယ်။ အများစုကတော့ တက္ကသိုလ်တွေ၊ ကော်ပိုရိတ်တွေရဲ့ သုတေသနပရောဂျက်တွေ အနေနဲ့  ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။


Browser War

Web နည်းပညာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုက ဒီနည်းပညာအပေါ် စီးပွားရေးဆိုင်ရာစိတ်ဝင်စားမှုကို တိုးလာစေခဲ့ပါတယ်။ Marc Andreessen နဲ့ Jim Clark တို့နှစ်ယောက်က NCSA က ထွက်ပြီး Mosaic Communications ဆိုတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Netscape Communications Corporation လို့ အမည်ပြောင်းပြီး Netscape Navigator ဆိုတဲ့ Web Browser ကို ဖန်တီးခဲ့ကြပါတယ်။ Netscape Navigator ရဲ့ Version 1.0 ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ကြေငြာခဲ့ပါတယ်။


NCSA ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Sypglass Inc. က Mosaic Browser ရဲ့ လိုင်စင်ကို Microsoft ကို ပေးလိုက်ပါတယ်။ ၁၉၉၅ ခုနှစ် ဩဂုတ်လမှာ Mosaic Browser ကိုအခြေခံထားတဲ့ Microsoft Internet Explorer စတင်ပေါ်ပေါက်လာပါတယ်။


နော်ဝေး ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Telenor ကလည်း Opera Web Browser ရဲ့ ပထမဆုံး Version ကို ၁၉၉၄ ခုနှစ်မှာပဲ စမ်းသပ်ထုပ်လုပ်ခဲ့ပါတယ်။


အဲ့ဒီအချိန်ကစပြီး အသုံးပြုသူတွေနဲ့ Web Developer တွေကို ဆွဲဆောင်ဖို့ Web Browser တွေက သူ့ထက်ငါကောင်းဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်း Browser War ဆိုတာ စတင်ပေါ်ပေါက်လာပါတယ်။


Web Standards လိုအပ်လာခြင်း

Microsoft ရော Netscape ရဲ့ အဓိကဦးတည်ချက်က သူတို့ရဲ့ Web Browser မှာ လုပ်ဆောင်ချက်အသစ်တွေ အခြားသူထက်သာအောင် ထပ်ထည့်ဖို့ပဲဖြစ်ပါတယ်။ တစ်ဦးထက် တစ်ဦးကသာဖို့ အဓိက ဦးတည်နေတဲ့အတွက် တူညီတဲ့ စံ တစ်ခုရ အောင် ညှိနှိုင်းဖို့ဆိုတာမျိုးကို လုံးဝ မစဉ်းစားကြပါဘူး။


အဲ့ဒီအချိန်ကာလ တွေဟာ Web Developer တွေအတွက် စိတ်အညစ်ရဆုံးအချိန်တွေဖြစ်ပါတယ်။ Web Document တစ်ခု တည်ဆောက်ချင်ရင် Document တစ်ခုတည်းကိုပဲ နှစ်မျိုးခွဲပြီး တည်ဆောက်ပေးရလေ့ရှိပါတယ်။ ဒါမှ အဓိက Web Browser နှစ်ခုစလုံးမှာ ကြည့်လို့ရမှာပါ။ တစ်ခါတစ်ရံတော့လည်း Web Browser တစ်ခုတည်းအတွက်ကိုပဲ ရည်ရွယ်တည်ဆောက်ပြီး အခြား Browser နဲ့မကြည့်ရလို့ သတ်မှတ်ရတာတွေ ဖြစ်လာပါတယ်။


W3C ဖြစ်ပေါ်လာပုံ

၁၉၉၄ ခုနှစ်မှာ Tim Berners-Lee က World Wide Web Consortium (W3C) ကို တည်ထောင်ခဲ့ပါတယ်။ CERN နဲ့ DARPA လိုအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ MIT (မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်) အတွင်းမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ (မှတ်ချက် - ARPA က အဖွဲ့အစည်းရဲ့အမည်ကို DARPA လို့ ပြောင်းလဲမှည့်ခေါ်နေပြီဖြစ်ပါတယ်)


W3C ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Web နည်းပညာနဲ့ပက်သက်တဲ့ Protocol တွေ စံနှုန်းတွေ သတ်မှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သတ်မှတ်စံနှုန်းတွေကို တစ်ညီတစ်ညွတ်တည်း လိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခါ Web နည်းပညာက ကမ္ဘာအနှံ့ ပိုမို ပြန့်နှံ့ တွင်ကျယ် လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။


နောက်နှစ်အချို့အတွင်းမှာ HTML, PNG, CSS အစရှိတဲ့ စံ အချို့ကို သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။


W3C ဟာ စံသတ်မှတ်ချက်ကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ပါတယ်။ အဲ့ဒီ စံတွေကို လက်တွေ့လိုက်နာရမှာက Browser ထုပ်လုပ်သူတွေနဲ့ Web နည်းပညာကို အသုံးပြုနေသူတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် Web နည်းပညာကသာ ကျယ်ပြန့်လာပါတယ်၊ W3C နဲ့ သူ့ရဲ့ သတ်မှတ်ချက်တွေကို သိရှိလိုက်နာနိုင်သူ နည်းနေသေးတဲ့အတွက် အစောပိုင်းမှာ Browser War က ဆက်လက်တည်ရှိနေခဲ့ပါတယ်။ အမှန်တော့ ကနေ့ထိလည်း ရှိနေဆဲဖြစ်ပါတယ်။


Web Standards Project အဖွဲ့

၁၉၉၈ ခုနှစ်အထိ အဓိက Web Browser တွေအနေနဲ့ Microsoft Internet Explorer 4 နဲ့ Netscape Navigator 4 ဆိုပြီး နှစ်ခု ရှိနေပါတယ်။ Internet Explorer 5 Beta ထွက်လာချိန်မှာတော့ သူ့မှာ DHTML ဆိုတဲ့ သီးခြားနည်းပညာတစ်ခု ပါလာပါတယ်။ အဓိပ္ပါယ်က Web Developer တွေအနေနဲ့ JavaScript တွေရေးဖို့ မတူကွဲပြားတဲ့ နည်းလမ်း () မျိုးလောက် သိထားဖို့ လိုအပ်လာတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။


Web Standards Project” (WaSP) လို့ခေါ်တဲ့ Professional Web Developer တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်ကMicrosoft နဲ့ Netscape တို့ကို W3C သတ်မှတ်ချက်တွေအတိုင်း လိုက်နာဖို့ တွန်းအားပေးနိုင်ရန် ဖြစ်ပါတယ်။


အဲ့ဒီအဖွဲ့ရဲ့ပထမဆုံးလုပ်ဆောင်ချက်ကတော့ Web Standard နဲ့ပက်သက်တဲ့ ကြော်ငြာတွေကို Web Site တွေမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ထည့်သွင်းကြခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီကာလက ဘယ် Site ကိုပဲ ကြည့်ကြည့် Web Standards အကြောင်းကို တွေ့နေရမှာဖြစ်ပါတယ်။ သူတို့ရေးသားတဲ့ Web Standards နဲ့ပက်သက်တဲ့ စာတွေဟာ builder.com တို့ Wired Online တို့လို Site တွေကနေ နေရာအနှံ့ကို အလျှင်အမြန် ပျံ့နှံ့သွားပါတယ်။


ဒုတိယနည်းလမ်းက သိပ်မကောင်းပေမယ့်လည်း အောင်မြင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ စံနှုန်းကို မလိုက်နာတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ Browser တွေကို ရှုတ်ချခြင်းပဲ ဖြစ်ပါတယ်။ W3C မှာ အမြဲတမ်းဝန်ထမ်းက နည်းနည်းပဲ ရှိပါတယ်။ စံနှုန်းတွေသတ်မှတ်ဖို့ Microsoft, Opera, Apple, Google, IBM, Mozilla, Adobe စတဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေက  စေတနာ့ဝန်ထမ်း ဝိုင်းဝန်းကူညီပေးနေတာဖြစ်ပါတယ်WaSP က W3C မှာ ပါဝင်နေပြီး W3C သတ်မှတ်ချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို အဓိကထား ရှုတ်ချလှောင်ပြောင်တာဖြစ်ပါတယ်


ဒါမကောင်းဘူးလို့ ပြောရင်ရပေမယ့် သူတို့က ပြောယုံပြောနေတာမဟုတ်ပါဘူး။ လက်တွေ့အကောင်းအထည်ဖော်ပြီးတော့လည်း Web Standards ကို ကူညီပေးပါတယ်။


Web Standards ၏အခန်းကဏ္ဍတိုးတက်လာခြင်း

၂၀၀၀ ပြည့်နှစ်မှာ Microsoft က Mac အတွက် Internet Explorer 5 ကို စတင်ဖြန့်ချီခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ကာလတစ်ခုဖြစ်ပြီး Internet Explorer က Web Standards ကို သင့်တင့်တဲ့ အတိုင်းအတာတစ်ခုထိ လိုက်နာလာခဲ့ပြီဖြစ်ပါတယ်။


WaSP အဖွဲ့က Netscape ရဲ့ Navigator 5 ကို မဖြန့်သေးပဲ Web Standards ကို အတိုင်းအတာတစ်ခုထိ လိုက်နာနိုင်ပြီဆိုမှဖြန့်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က လက်ရှိ Popular Browser တစ်ခုဖြစ်တဲ့ Firefox ပေါ်ပေါက်လာခြင်းရဲ့အစပဲဖြစ်ပါတယ်။


၂၀၀၁ ခုနစ်မှာတော့ ကျော်ကြားတဲ့ Web Development Site တစ်ခုဖြစ်တဲ့ "A List Apart” က ဒီလိုပြောလာခဲ့ပါတယ်။


ခြောက်လကနေ အလွန်ဆုံး () နှစ်အတွင်းမှာ Web Site တွေအားလုံးဟာ Web Standards နဲ့အညီ ပြောင်းလဲ တည်ဆောက်လာကြလိမ့်မယ် […] ဒါကြောင့် ကျွန်တော်တို့က စံနှုန်းတွေကို အသေအချာ စတင်လေ့လာရတော့မယ်။


ဒါ နည်းနည်းတော့ အကောင်းမြင်လွန်းရာကျပါတယ်။ ၂၀၀၈ ခုနှစ်လောက်ရောက်တဲ့အထိ Web Site အားလုံးက စံနှုန်းတွေကို တိတိကျကျ လိုက်နာနိုင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူအများစုက လက်ခံကြပါတယ်။ စံနှုန်းတွေကို မလိုက်နာတဲ့ Browser အဟောင်းတွေကို အသုံးမပြုကြတော့ပါဘူး။ အရေးအကြီးဆုံး Web Site နှစ်ခုကလည်း စံနှုန်းတွေနဲ့အညီ ပြောင်းလဲ တည်ဆောက်လာခဲ့ပါတယ်။ Wired မဂ္ဂဇင်း နဲ့ ESPN တို့ပဲ ဖြစ်ပါတယ်။


၂၀၀၃ ခုနှစ်မှာတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ Web Site တစ်ခု ပေါ်ပေါက်လာပါတယ်။ CSS Zen Garden ဖြစ်ပါတယ်။ အဲ့ဒီ Site က CSS Style ကိုပြောင်းလိုက်ယုံနဲ့ (Content ကို ထိစရာမလိုပဲ) Site တစ်ခုလုံးရဲ့ Design ကို အမျိုးမျိုးပြောင်းနိုင်တယ်ဆိုတာကို လုပ်ပြခဲ့ပါတယ်။ Professional Web Developer တွေအားလုံး ဒီရလဒ်ကိုကြည့်ပြီး စိတ်လှုပ်ရှားကုန်ပါတယ်။


အဲ့ဒီနောက်ပိုင်းကစပြီး Web Standards သည်သာလျှင် Web Site တွေတည်ဆောက်ဖို့အတွက် အထိရောက်ဆုံးနဲ့ တစ်ခုတည်း သောနည်းလမ်းအဖြစ် နားလည်လက်ခံ လာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်။

Friday, March 18, 2011

နျူကလီးယား အိပ်မက်ဆိုးက မနိုးသေးတဲ့ ဂျပန်



အချိန် က ၁၉၄၅ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ဖြစ်သည်။ အမေရိကန် လေ တပ်မတော် အမှတ် (၅၀၉) လေယာဉ် မျိုးစုံ အုပ်စု၏ အုပ်မှူးဗိုလ်မှူးကြီး ပေါလ်တစ်ဘက်စ်မောင်းနှင် သည့် ဘီ-၂၉ ဗုံးကြဲ လေယာဉ် Enola Gay သည် အခြားသော ဘီ-၂၉ ဗုံးကြဲလေယာဉ် (၂) စင်း၏ ခြံရံမှုကို ရယူ ကာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းရှိ တီနီယန်ကျွန်းမှ ပျံသန်း ထွက်ခွာ လာခဲ့ သည်။ ၎င်းလေယာဉ်တို့၏ ဦးတည်ရာ အရပ်မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ဖြစ်ပြီး ၎င်းတို့ ၏ တာဝန်မှာ Little Boy (ကောင်လေး) ဟု အမည်ရသော လက်နက်ဆန်းတစ်ခုကို မြို့ ကောင်းကင်ယံ ထက်မှ ကြဲချရန်ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဓာတ်ပုံမှတ်တမ်း တင်ရန် လေယာဉ် ပျံငယ် တစ်စင်းလည်း ပါဝင်ခဲ့ပြီး အဆိုပါလေယာဉ်၏ ဓာတ်ပုံ မှတ်တမ်း များကြောင့် ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့မှာ ကမ္ဘာ့ သမိုင်းတွင် အထင်အရှား ဖြစ်ကျန်ရစ် ခဲ့သည်။ အဆိုပါနေ့သည် နျူကလီး ယားဗုံးကို ကမ္ဘာ့ ပထမဆုံးအကြိမ် အဖြစ် လက်တွေ့ သုံးစွဲသော နေ့ဖြစ်သည်။

မန်ဟက်တန်စီမံကိန်း

ဒုတိယ ကမ္ဘာစစ် ကာလလယ် အထိ မိစ္ဆာဝင်ရိုးတန်း နိုင်ငံများ ဖြစ်ကြသော ဂျပန်၊ ဂျာမနီတို့က အားသာ လျက်ရှိကြသည်။ ထို့အပြင် ရေရှည် စစ်ဆင်နွှဲပါက လူအသေ အပျောက် အလွန်များလာမည် ဖြစ်သဖြင့် စစ်ပွဲကို အမြန်ဆုံး အပြီးသတ်နိုင်ရန် မဟာမိတ် တို့ ဘက်က မျိုးစုံကြံဆခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့ ပူးပေါင်းကာ မန်ဟက်တန် စီမံကိန်းဟူ၍ အကောင်အထည် ဖော်ခဲ့သော ပရောဂျက်တစ်ခုသည် အက်တမ် ဗုံးများကို မွေးထုတ် ပေးခဲ့သည်။ ဟီရိုရှီးမားမြို့ ပေါ်သို့ကြဲချခဲ့သော ဗုံးသည် အမေရိကန် ပြည်ထောင်စု၊ တင်နက်ဆီ ပြည်နယ်ရှိ စက်ရုံကြီးများမှ ထုတ်လုပ်သော ယူရေနီယမ် (၂၃၅) ကို အသုံးပြု သည့် ဗုံးအမျိုးအစားဖြစ်သည်။ ကမ္ဘာ့ပထမဆုံး အက်တမ်ဗုံးကို (၁၉၄၅) ခုနှစ် ဇူလိုင် လ (၁၆) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ် အလာမိုဂေါ်ဒိုမြို့အနီး စမ်းသပ် ခဲ့ပြီး အဆိုပါဗုံးသည် ဝါရှင်တန်ပြည်နယ်မှ ထုတ်လုပ်သည့် ပလူတိုနီယမ် (၂၃၉) ကို အသုံးပြုခဲ့သည်။ မူလက အက်တမ်ဗုံးများကို ဂျာမနီနိုင်ငံအား ဦးတည်သုံးစွဲရန် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သော် လည်း ဂျာမနီနိုင်ငံက ဂျပန်နိုင်ငံထက် စော၍လက်နက်ချသွားခဲ့သဖြင့် ဂျပန်တို့အပေါ် လက်တည့်စမ်း သုံးစွဲရန် အကြောင်းဖန်လာခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာပေါ်တွင် လူသား တစ်ဦး တစ်ယောက်ကိုမျှ ဦးတည်သုံးစွဲခဲ့ခြင်း မရှိသေးသော လက်နက် အသစ်အဆန်း၏ စွမ်းပကားကို ဂျပန်တို့ ဦးစွာခံစားခဲ့ကြရ ခြင်းဖြစ်သည်။

ကြမ္မာငင်ခြင်း

၁၉၄၅ ခုနှစ်၊ မေလ (၁၀) ရက် နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့သော အက်တမ်ဗုံးပစ်မှတ်ရှာဖွေရေး ကော်မတီ အစည်းအဝေးတွင် ကျိုတိုမြို့၊ နီဂါတာမြို့၊ ဟီရိုရှီးမားမြို့၊ ယိုကိုဟားမားမြို့နှင့် ကိုကူရာလက်နက် တိုက်တို့ကို ပစ်မှတ်ထားဗုံးကြဲရန် ရွေးချယ်ခဲ့သည်။ ရွေးချယ်မှုကို အောက်ပါအချက် (၃) ချက်ပေါ်တွင် မူတည်ခဲ့သည်။ “(၁) ပစ်မှတ်သည် အချင်း (၃) မိုင်အထက် ရှိရမည်ဖြစ်ပြီး မြို့ပြဧရိယာ ကြီးကြီးမားမား ရှိရမည်။ (၂) ဗုံးပေါက်ကွဲမှုကြောင့် ထိရောက် စွာပျက်စီးရမည်။ (၃) ဩဂုတ်လ မတိုင်မီ တိုက်ခိုက်ရန် အကြောင်းမရှိ သေးသောနေရာ ဖြစ်ရမည်”ဟူ၍ဖြစ်သည်။ အမှတ် (၃) အချက်သည် အက်တမ်ဗုံး၏ ပကတိသက်ရောက်မှုကို သိရှိလို၍ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်ကတည်းက ဗုံးဒဏ်သင့်ပြီးသား နေရာဖြစ်ပါက လက်နက်၏ ထိရောက်မှုကို ဆန်းစစ်ရာတွင် ရှုပ်ထွေးမှုများ ရှိလာမည်စိုးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အထက်ပါမြို့ ကြီးများကို အမေရိကန် လေတပ်က တမင်တကာ ဗုံးမကြဲဘဲ“လွှတ်”ထား ခဲ့သည်။

နျူကလီးယားဆိုးကျိုး

ဟီရိုရှီးမားမြို့သည် စက်မှုမြို့ ကြီးတစ်မြို့ ဖြစ်ပြီး စစ်ရေးအရလည်း အရေးပါသည်။ ဂျပန်နိုင်ငံ တောင်ပိုင်း၏ ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်အားလုံး၏ သေနာပတိချုပ် ရွှန်းရော့ခုဟတ ၏ ရုံးချုပ်တည်ရှိရာ မြို့လည်းဖြစ်သည်။ အဆောက်အအုံ အများစုသည် သစ်သားအခြေစိုက် အိမ်များဖြစ်၍ မီးဘေးအန္တရာယ်ကို စိုးရွံ့နေရသောမြို့ လည်းဖြစ်သည်။ စစ်ကြိုခေတ်က ဟီရိုရှီးမားလူဦးရေသည် (၃၈၁,ဝ၀ဝ) ရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် လူဦးရေလျော့ ပါးလာသဖြင့် တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် လူ (၃၅၀,ဝ၀ဝ) ဝန်းကျင်သာ ကျန်ရှိတော့ကြောင်းသိရသည်။ ဟီရိုရှီးမား စံတော်ချိန် နံနက် (၈) နာရီ (၁၅) မိနစ်တွင် ပေါင် (၁၃၀) အလေးချိန်ရှိသော Little Boy ကို ပေ (၃၁၀၆၀) အမြင့်မှ ကြဲချခဲ့သည်။ မြို့အပေါ် ပေ (၁၉၀ဝ) အမြင့်တွင် ဗုံး ကို ဖောက်ခွဲခဲ့သည်။

အီနိုလာဂေး လေယာဉ်ပျံသည် နျူကလီးယား ပေါက်ကွဲမှု သိမ့်လှိုင်းကိုခံစားမိသည့် အချိန်တွင် ပစ်မှတ်မှ (၁၁ .၅) မိုင်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ ဟီရိုရှီးမားမြို့၏ (၄ .၇) စတုရန်းမိုင် ဧရိယာခန့် လုံးဝပျက်စီးသွားခဲ့ပြီး မြို့အဆောက်အအုံ၏ (၆၉) ရာခိုင်နှုန်းပျက်စီးသွားခဲ့ သည်။ မြို့နေလူဦးရေ၏ (၃၀) ရာခိုင်နှုန်းထိရှိသော လူဦးရေ (၇၀ဝ၀ဝ) မှ (၈၀ဝ၀ဝ) အကြား ချက်ချင်းသေဆုံး ခဲ့ပြီး လူ (၇၀ဝ၀ဝ) ကျော် ဒဏ်ရာရရှိ ခဲ့သည်။ ဗုံးပေါက်ကွဲသည့် နေရာမှာမြို့ လယ်ကောင်ဖြစ်သောကြောင့် ဆရာဝန် (၉၀) ရာခိုင်နှုန်း၊ သူနာပြု (၉၃) ရာ ခိုင်နှုန်း သေဆုံးသွားခဲ့သောကြောင့် ပေါက်ကွဲမှုအပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် များစွာအခက်တွေ့ ခဲ့ရသည်။ ဗုံးကြဲလိမ့်မည်ဟု ဂျပန်မြို့ ကြီးများပေါ်တွင် အမေရိကန်တို့က ဝါဒဖြန့်စာများ ကြဲချခဲ့သော်လည်း အက်တမ်ဗုံးကြဲ ချလိမ့်မည်ဟူ၍ မည်သည့်အခါတွင်မျှ ထုတ်ဖော်ပြောဆို ခြင်းမရှိသည့်အတွက် နောက်ကျောကို ဓားနှင့်ထိုးခဲ့ခြင်း ဖြစ်သည်ဟု စစ်မှုရေးရာ လေ့လာသူများက အမေရိကန်တို့ကို ဝေဖန်ခဲ့သည်။

ဟီရိုရှီးမား ကို ဗုံးကြဲအပြီး နောက် (၃) ရက်အကြာတွင် အခြားစက်မှုမြို့ ကြီးတစ်မြို့ ဖြစ်သော နာဂါစကီမြို့ကိုပါ Fat Man (ဝတုတ်) အမည်ရသော အက်တမ်ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ သောကြောင့် မြို့နေလူဦးရေ (၈၀ဝ၀ဝ) ခန့် ချက်ချင်းသေဆုံးခဲ့ရသည်။ Fat Man သည် မြေပြင်မှ (၁,၅၄၀) ပေအကွာတွင် ပေါက်ကွဲခဲ့ပြီး အပူချိန် (၃၉၀ဝ) ဒီဂရီစင်တီဂရိတ် အထိ အပူရှိန်များ ထွက်ပေါ်လာခဲ့သည်။ လေထုတွင်း ရုတ်တရက် အပူချိန်မြင့်တက် ခြင်းကြောင့် တစ်နာရီလျှင် (၆၂၄) မိုင် နှုန်းရှိသော လေပြင်းများ တိုက်ခတ်ခဲ့သည်။ ဟီရိုရှီးမားမြို့တွင်ရော နာဂါ စကီမြို့တွင်ပါ ဗုံးကျရာနေရာများ၌ အထိမ်းအမှတ် ရုပ်တုများပြုလုပ်ကာ နှစ်စဉ် ဆုတောင်းပွဲများပြုလုပ်ပြီး နျူကလီးယား ဆန့်ကျင်ရေး လှုပ်ရှားလာ ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

ငြိမ်းချမ်းစွာအသုံးပြုသူများ

နျူကလီးယားလက်နက်များကို အဖျက်သက်သက်သာ သုံးစွဲနိုင်သည်မဟုတ်ဘဲ ငြိမ်းချမ်းသောရည်ရွယ်ချက် များတွင်လည်း အကျိုးရှိစွာ သုံးစွဲနိုင်သည်။ အထူးသဖြင့် နျူကလီးယား ကွဲပွားမှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်သည် ကမ္ဘာပေါ်တွင် အင်အားအပြင်းထန်ဆုံး စွမ်းအင်ဖြစ်သောကြောင့် နှစ်ပေါင်းများစွာ သုံးစွဲ၍ရနိုင်သည်။ နျူကလီးယား လောင်စာကို အသုံးပြု၍ ရနိုင်သောစွမ်းအင်သည် ဓာတု လောင်စာများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လောင်ကျွမ်း၍ရသော စွမ်းအင်ထက်အဆ သန်းချီ၍ပိုမို သောကြောင့် ထိန်းချုပ်ရန်ခက်ခဲသော စွမ်းအင်လည်းဖြစ်သည်။ နျူကလီးယား ကွဲပွားမှုဖြစ်ရန် အထူးတလည် စီစဉ်ရခြင်းမျိုး ရှိသော်လည်း ရေဒီယို သတ္တိကြွ ဒြပ်စင်များဖြစ်ကြသော ယူရေနီယမ် (၂၃၅)၊ ပလူတိုနီယမ် (၂၃၉) တို့သည် သဘာဝအလျောက် ပြိုကွဲခြင်းဖြစ်တတ်သည်။ ယူရေနီ ယမ်ဒြပ်စင်တစ်ခု ပြိုကွဲတိုင်း စွမ်းအင် (၂၀ဝ) မီဂါဗို့ထွက်ရှိပြီး အဆိုပါပမာဏ သည် မြို့ကြီးတစ်ခုလုံးကို လျှပ်စစ် ဓာတ်အား ပေးထားနိုင်စွမ်းရှိသည်။ ဤမျှလောက်ပြင်းထန်သော စွမ်းအင်မျိုးဖြစ်သောကြောင့် ဓာတ်ပေါင်းဖိုဟု ခေါ်သော အထူးအဆောက်အအုံများ တည်ဆောက်ကာ နျူကလီးယား လောင်စာများကို ထိန်းသိမ်းထားရှိရသည်။

စွမ်းအင်လှောင်ကန်ကြီးများ

နျူကလီးယား ဓာတ်ပေါင်းဖိုများသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး အင်ဂျင်နီယာ နည်းပညာသုံး အဆောက်အအုံ များဖြစ်ပြီး လုံးဝအမှား မခံသော စွမ်းအင် လှောင်ကန်ကြီးများဖြစ်သည်။ အဓိကအားဖြင့် နျူကလီးယား လောင်စာတောင့်များကို စက်ရုံလည်ပတ် ရေးအတွက် အသုံးပြုရသည်။ ယူရေနီယမ်ဒြပ်စင်သည် ကမ္ဘာပေါ်တွင် သဘာဝအလျောက် တွေ့ရှိရသော်လည်း ဓာတ်ပေါင်းဖိုများတွင် သုံးစွဲနိုင်သော အဆင့်သို့ရောက်အောင် အဆင့်ဆင့်သန့်စင်ပေးရသည်။ ဗဟိုခွာ အားသုံး Centrifuge စက်များတွင် ယူရေနီယမ်ဒြပ်စင်ကို ထည့်ကာ အကြိမ်ပေါင်းများစွာလှည့်၍ သန့်စင်ပေးရသည်။ Centrifuge စက်အလုံးပေါင်း သောင်းနဲ့ချီပြီး အသုံးပြုရပြီး နှစ်နှင့်ချီသန့်စင်ပါမှ စက်ရုံသုံးအဆင့် ယူရေနီယမ် အနည်းငယ်သာရရှိနိုင် သောကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေး လုပ်ငန်းသည် အချိန်များစွာယူရသော လုပ်ငန်းဖြစ်သည်။

နောက်ဆုံးပေါ် နည်းပညာဖြစ်သော်လည်း နျူကလီး ယားဓာတ်ပေါင်းဖိုများသည် စက်မှု ခေတ်ဦး နည်းပညာဖြစ်သော ရေနွေး ငွေ့ဖိအားကို အဓိကသုံးစွဲသည်။ ယူ ရေနီယမ်အချောင်းများမှ ထွက်ရှိ သော အပူရှိန်သည် နျူကလီးယား ကွဲပွားမှုမှလည်းကောင်း၊ ဂမ်မာရောင်ခြည် ထွက်ရှိမှုမှလည်းကောင်း၊ ရေဒီယိုသတ္တိကြွမှုမှ လည်းကောင်း ထွက်ရှိခြင်းဖြစ်ပြီး အလေးချိန်ချင်းတူပါက ယူရေနီယမ် (၂၃၅) မှထွက်သော အပူချိန်သည် ကျောက်မီးသွေးမှထွက်သော အပူချိန်ထက် အဆ (၃) သန်းပိုသည်။ ဤမျှလောက်များပြားသော အပူချိန်ကို ဓာတ်ပေါင်းဖို အအေးခံအရည်နှင့် ထိန်းချုပ်ပြီး ရေ (သို့မဟုတ်) သတ္တုရည် (သို့မဟုတ်) ဆားပျော်ရည် တို့ဖြစ်တတ်သည်။

ယူရေနီယမ်အချောင်းများကို အအေးခံရည်ထဲ နှစ်ထားပြီး ပြင်ပမှ အကာအကွယ် တစ်ခုခုဖြင့် ထပ်မံဖုံးအုပ်သည်။ အဆိုပါ အကာအကွယ်၏ အပြင်ဘက်တွင် နောက်ထပ် ရေလှောင်ကန် တစ်ထပ် ရှိပြီး ပင်မအူတိုင်၏ အပူရှိန်ကြောင့် အဆိုပါ ရေလှောင်ကန် အတွင်းရှိရေများကို ဆူပွက်စေသည်။ အဆိုပါ ရေနွေးငွေ့များသည် ပိုက်လိုင်းသွယ်တန်းမှု များမှတစ်ဆင့် တာဘိုင်ဒ လက်များရှိ ရာသို့ရောက်ရှိပြီး စက်မှုစွမ်းအင်ကို ထုတ်ပေးသည်။

အလုံပိတ်စနစ်

ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် အရေးအကြီးဆုံး အချက် (၂) ချက်ရှိသည်။ နံပါတ် (၁) အချက်မှာ ယူရေနီယမ်အချောင်းများ၏ နျူကလီးယားကွဲပွားမှုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်း ထားရေးဖြစ်ပြီး နံပါတ် (၂) အချက်မှာ ဓာတ်ရောင်ခြည်ဖြာထွက် မှုကို အနည်းပါးဆုံးဖြစ်အောင် ထိန်းသိမ်းရေးတို့ဖြစ်သည်။ ယူရေနီယမ် ချောင်းများသည် ပုံမှန်နှုန်းထားအတိုင်း နျူကလီးယား ကွဲပွား မှုဖြစ်ပါက စိုးရိမ်ရန် မရှိသော်လည်း ကွဲပွားမှုနှုန်း မြန်ဆန်လာပါက ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည်။

ဓာတ်ပေါင်းဖိုသုံး လောင်စာတောင့်များသည် ဗုံးပြုလုပ်သော ယူရေနီယမ်လောက်ဓာတ် သတ္တိကြွခြင်း မရှိသော်လည်း အပူရှိန် အလွန်မြင့်တက်ပြီး အပြင်းအထန် လောင်ကျွမ်းနိုင်သော ပြဿနာ၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု အလွန်မြင့်တက်လာသော ပြဿနာတို့ရှိတတ်သည်။ ယူရေနီယမ်လောင်စာချောင်း များအကြား ထိန်းချုပ်ရေးအချောင်း (Control Rod) များထည့်ပြီး နျူကလီးယား ကွဲပွားမှုကို နှောင့်နှေးစေနိုင်သည်။ Control Rod သိများကို Neutron စုပ်ယူနိုင်သော အရာဝတ္ထု ဖြင့်ပြုလုပ်ပြီး ဓာတ်ပေါင်းဖိုအတွင်း ဓာတ်ပြုမှုအလွန် မြင့်တက်လာသောအခါ ယူရေနီယမ် ပင်မ အူတိုင်အတွင်း အလိုအလျောက် သက်ဆင်းသွားရန် အတွက်လည်းကောင်း၊ ပင်မထိန်းချုပ် စနစ်ဖြင့် ထည့်ပေးရန်အတွက်လည်းကောင်း အစီအစဉ် ဆွဲထားသည်။ ယူရေနီယမ် လောင်စာ ချောင်းများမှ ဓာတ်ရောင်ခြည် သုံးမျိုးထွက်ရှိသည်။

ဂမ်မာရောင်ခြည်သည် အဆိုပါရောင်ခြည် (၃) မျိုးအနက် အပြင်းထန်ဆုံး ဖြစ်ပြီး မည်သည့်အရာကိုမဆို ဖောက်ထွင်းသွားနိုင်စွမ်းရှိသည်။ ဂမ်မာရောင်ခြည်ကို ခဲသတ္တုကသာ အနည်းငယ်ကာဆီးနိုင်သောကြောင့် ဓာတ်ပေါင်းဖိုအပြင်ဘက်တွင် ခဲများ နှင့် ကာရံထားလေ့ရှိသည်။ ဓာတ်ရောင်ခြည်သင့်မှုသည် အလွန်ပြင်း ထန်သောကြောင့် စက်ရုံအတွင်း ရောင်ခြည်ပမာဏ မည်မျှရှိသည်ကို စဉ်ဆက်မပြတ် တိုင်းတာနေရလေ့ရှိသည်။ ဓာတ်ရောင်ခြည် သင့်မှုပမာဏ ကို Roentgen Unit နှင့် တိုင်းတာပြီး (၅) နာရီအတွင်း ဓာတ်ရောင်ခြည် ပမာဏ (500 Roentgen) အသင့် ခံရပါက လူသားတစ်ဦး ချက်ချင်း သေဆုံးသွားနိုင်သည်ဟု ဆိုသည်။ ဓာတ်ပေါင်းဖို၏ ပင်မအူတိုင်တွင် (30000 Roentgen) အထိ ရှိသည်ဟုဆို သောကြောင့် မည်မျှအန္တရာယ်များသည်ကို မှန်းဆကြည့်နိုင်သည်။ ဓာတ်ပေါင်းဖို အအေးခံရန် အသုံးပြုသော ရေတွင်ပင် (10 - 25) Roentgen အထိရှိသောကြောင့် အအေးခံရေများကို ပြင်ပသို့ မစွန့်ပစ်ဘဲ အဖန်ဖန်ပြန်သုံးခြင်းဖြင့် သဘာဝဘေး အန္တရာယ်ကို ကာကွယ်ပေးသည်။ ဓာတ်ပေါင်းဖိုအတွင်း သုံးစွဲသမျှ အရာများအားလုံးကို အဖန်ဖန်ပြန်သုံးခြင်းဖြင့် အလုံပိတ်စနစ်တစ်ခု ဖြစ်သွားစေခဲ့ပြီး တတ်နိုင်သမျှ ပြင်ပနှင့် စည်းခြားထားသည်။

စက်ရုံကိုကွပ်ကဲသော ဝန်ထမ်းဦးရေ ထောင်နှင့်ချီ၍ရှိလျှင်တောင်မှ တစ်ချိန်တည်းတွင် ဝန်ထမ်း အနည်းငယ်ကိုသာ တာဝန်ချထားပြီး စောင့်ကြည့်ရေး စနစ်ဟူသမျှကို အလိုအလျောက် စက်ကရိယာများနှင့်သာ ဆောင်ရွက်သည်။ တာဝန်ချိန်ကိုလည်း ခေတ္တမျှသာ တာဝန်ထမ်းဆောင်စေပြီး (၂) ပတ်တစ်ခါ၊ (၃) ပတ်တစ် ခါမျှအထိ လူလဲလှယ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ဓာတ်ရောင်ခြည်သင့်မှုကြောင့် လူ့ကျန်းမာရေး ထိခိုက်မည် စိုးသောကြောင့်ဖြစ်သည်။

နျူအဆိပ်သင့်ခြင်း

ဓာတ်ရောင်ခြည်သင့်မှုကို ရေရှည်ခံစားရပါက ကျန်းမာရေးပြဿနာ အမျိုးမျိုး ပေါ်ပေါက်လာတတ်သည်။ အပေါ်ယံ အရေပြားလောက်ကို ရောင်ခြည်သင့်လျှင်ပင် မအီမသာဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်သည်။ ရိုးတွင်းခြင်ဆီအထိ ဓာတ်ရောင်ခြည်သင့်ပါက လက်ငင်းဝေဒနာများအဖြစ် ဝမ်းလျှောခြင်း၊ သွေးဝမ်းပါခြင်း၊ ခန္ဓာကိုယ်တွင်း သွေးယိုခြင်းများဖြစ်နိုင်ပြီး သွေးကင်ဆာ ရောဂါအထိ ဖြစ်ပွားနိုင်သည်။ အစာအိမ်အူလမ်းကြောင်း၊ အာရုံကြောစနစ်တို့ကိုပါ ထိခိုက်နိုင်ပြီး မျိုးပွားစနစ်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ ဂျပန်နိုင်ငံ ဟီရိုရှီးမား၊ နာဂါစကီ ဗုံးကြဲစဉ်က လူမမယ် ကလေးငယ် အရွယ်ရှိသော အမျိုးသမီးများသည် ၎င်းတို့၏ သားအိမ်အတွင်း ဓာတ်ရောင်ခြည် ဝင်သွားသောကြောင့် သားပျက် သားလျှောခြင်း၊ သားအိမ်ကင်ဆာဖြစ်ခြင်း၊ ရုပ်ပျက်ဆင်းပျက် ကလေးငယ်များ မွေးဖွားခြင်း အစရှိသည့် အနိဋ္ဌာရုံများကို အရွယ်ရောက်စဉ်ကာလတွင် တွေ့ကြုံခဲ့ရသည်။

ရေရှည် သက်ရောက်မှုများအဖြစ် အတွင်းတိမ်စွဲခြင်း၊ ကင်ဆာဖြစ်ပွားခြင်း အခြားသော အသည်းရောင်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ပိုလီယိုရောဂါ၊ အဆုတ်ရောင်ရောဂါတို့ကို ရေရှည်ခံစား နေရသူ အများအပြားလည်းရှိသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံး နျူကလီးယား တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသော နိုင်ငံဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုများကို လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုအတွက် အကြီးအကျယ်သုံးစွဲ နေသောနိုင်ငံလည်းဖြစ်သည်။ နိုင်ငံ လျှပ်စစ်စွမ်းအင် လိုအပ်ချက်၏ (၃၄ .၅) ရာခိုင်နှုန်းကို နျူကလီးယား ဓာတ်ပေါင်းဖိုများမှ ရရှိသောကြောင့် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံတစ်ခုလည်းဖြစ်သည်။

ယူရေနီယမ်ဒြပ်စင်ကို သိုလှောင်ထားရာ ဓာတ်ပေါင်းဖိုများသည် အမှားမခံသောကြောင့် အထူးဂရု စိုက်ထားခဲ့ရာမှ ၂၀၁၁ ခုနှစ် မတ်လ (၁၁) ရက်နေ့ တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နိုင်ငံ့အရှေ့မြောက်ပိုင်းတွင် ရှိသော ဖုကုရှီးမားအမှတ် (၁) နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ ဓာတ်ပေါင်းဖို (၂) လုံး လက်ငင်းပျက်စီးခဲ့ပြီး ဆင့်ပွားငလျင် ငယ်များကြောင့် အခြား ဓာတ်ပေါင်းဖို (၁) လုံးပါ ပျက်စီးခဲ့ရပြီး ဖြစ်ရာ စုစုပေါင်း ဓာတ်ပေါင်းဖို (၆) လုံးရှိသည့် အဆိုပါစက်ရုံ၏ အနေအထား မှာ စိုးရိမ်ဖွယ်ရာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု (၄၆၉၆) မီဂါဝပ်ရှိသော အဆို ပါစက်ရုံ၏ နျူကလီးယားယိုစိမ့်မှုကို ထိန်းချုပ်ရန် အင်ဂျင်နီယာများက ကြိုးပမ်းလျက်ရှိသော်လည်း ဓာတ်ရောင်ခြည်သင့်မှု ပမာဏသည် အစမတန်မြင့်တက် နေသောကြောင့် ရှေ့မတိုးနိုင်ဖြစ်နေရသည်။ ငလျင်ဒဏ်ကြောင့် လောင်စာကန်များကွဲအက် သွားခဲ့ရာ လောင်စာချောင်းများကို မြင်နေရသည့် အနေအထားသို့ရောက် ရှိနေကြောင်း နောက်ဆုံးရသတင်း များအရသိရသည်။ ကမ္ဘာတစ်လွှား သာမက မြန်မာနိုင်ငံ အထိပါတုန်လှုပ် သွားစေခဲ့သော ဂျပန်ငလျင် အကျိုးဆက်ကြောင့် ဂျပန်နိုင်ငံသည် နောက်ထပ် နျူကလီးယား အကျပ်အတည်း နှင့်ကြုံတွေ့နေရပြီဖြစ်ရာ နျူကလီးယား အိပ်မက်ဆိုးမှမနိုးနိုင်သော ဂျပန် ဟူ၍သာ ခေါ်လိုက်ချင်ပါတော့သည်။

နိုင်ဇေယျ